ဒူးတင်ပေါင်တင်ရပ်ကွက်သတင်း
(^_^) (^_^) (^_^) (^_^) (^_^) (^_^)
``ကျွန်တော်တို့ ထင်ရာစိုင်းတိုင်းဒေသကြီး
မဟုတ်တရုတ်မြို့နယ် ဒူးတင်ပေါင်တင်ရပ်ကွက် အုပ်ချုပ်ရေးမှူး
သစ်အဖြစ် ဦးရှင်လူကို အများဆန္ဒနဲ့အညီ
ရွေးချယ်တင်မြှောက်လိုက်ပါတယ်ခင်ဗျာ။´´
ဖြောင်း ..ဖြောင်း...ဖြောင်း...ဖြောင်း....
ရပ်ကွက်သူရပ်ကွက်သားတို့ရဲ့ လက်ခုပ်သံ
အဆုံးမှာရှင်လူကဝမ်းသာပီတိမျက်နှာကြီးကို မျက်နှာပိုးသတ်လိုက်ရင်း စတိတ်ပေါ်
တက်လာပြီးပိတ်သတ်ကြီးကို သုံးကြိမ်
တိုင်ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။
``အဟမ်း အဟမ်း ..ကတောက်..ကတောက်´´
ဦးစွာပဋ္ဌမ ရှင်လူက လည်ချောင်းဟန့်လိုက်ရင်း မိုက်ကို လက်ညိုးလေးနဲ့တောက်ကာစမ်းသပ်လိုက်ပါတယ်။
``ကျနော်တို့ ..အင်း ပေါ့လေ၊အဲ...
ရေခံမြေခံကောင်းလှတဲ့ ဟောဒီ ဒူးတင်ပေါင်တင်ရပ်ကွက်သားများက ..အဲ
ကျနော့ကို ယုံကြည်စွာ..အဲ.. ..တညီတညွတ်တည်း
မဲပေးရွေးချယ်ပြီးရပ်ကွက်ရဲ့..အဲ..ပေါ့လေ တာဝန်အဝဝကို အပ်နှင်းလိုက်တဲ့အတွက်
ဝမ်းမြောက် ဂုဏ်ယူမိပါကြောင်း ဦးစွာပဋ္ဌမ
ကျေးဇူးတင်စကားကို ပြောကြားပရစေ..´´
``အသံ သြဇာကတော့ တွံတေးသိန်းတန်
အတိုင်းပဲ´´
``ဦးနေဝင်းလေပေါက်ပါကွာ´´
``ဟ..တအဲအဲ နဲ့ မကြားဖူးလား´´
``ပေါ့လေ..ပေါ့လေနဲ့ပါကွ..´´
``ကျေးဇူးပြုပြီး ပေါ့လေ စကားမပြောကြ
ပါနဲ့ဗျာ..အဲ..ကျနော်က ခုအရေးကြီးတဲ့
အကြောင်းတွေ ပြောတော့မှာမို့ပါ။
အကြောင်းက ဒီလိုပါ ..အဲ..ပေါ့လေ..
ကျနော် ဟာ ဒီ ဒူးတင်ပေါင်တင် ရပ်ကွက်မှာပဲ နှစ်ပေါင်းသုံးဆယ်ကျော်နေထိုင်လာခဲ့သူမို့
ဒီရပ်ကွက်ဟာ ကျနော့ဇာတိဆိုလဲ..အဲ..
ပေါ့လေ..မမှားပါဘူး။ဒါကြောင့် ရပ်ကွက်
အထာတွေ ကျနော်မသိတာမရှိပါဘူး။
အဲတော့ရပ်ကွက်ကြီးဖွံ့ဖြိုးတိုးတက်လာ
အောင်ဘာတွေလုပ်ရမယ်ဆိုတာ ကျနော်
ကောင်းကောင်းကြီး နားလည်ပါတယ်။
ဒီတော့ဦးစွာကျနော်ပြောလိုတာကလူသွားလမ်းပေါ်မှာ
ခြင်းလုံးခတ်ကစားတတ်ကြတဲ့..အဲ..အရင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနဲ့တကွ
ဆွမ်းလောင်းသင်းက လူကြီးမင်းများ။
ရှင်လူ့စကားကြောင့်ပိတ်သတ်ကြီးလှုပ်လှုပ်ရွရွဖြစ်သွား
ပြီးနောက်ဆုံးတန်းကအုပ်ချုပ်ရေးမှူးဟောင်းနဲ့လူတချို့ထပြန်သွားကြပါတယ်။ဒီလိုနဲ့ရှင်လူလည်းပြောစရာရှိတာတွေဆက်ပြောရင်း
``နောက်တခုက လမ်းပေါ်မှာ ခုံတွေချပြီး
စျေးရောင်းထီးကြီးဖွင့် စျေးရောင်းသူများ´´
``မသာ..စလာပြီ´´လူအုပ်ညာဘက်ထောင့်ကရေရွတ်သံတသံထွက်လာပြီး မဲမဲဝဝ မိန်းမကြီးနဲ့အတူအမျိုးသမီးသုံးယောက်
လောက် ထထွက်သွားကြပြန်ပါတယ်။
``ပြီးတော့..လမ်းပေါ်မှာခိုစာခွေးစာကြွေးတဲ့ကိစ္စ၊ အဲဒါ လမ်းသွားလမ်းလာတွေကို စိတ်
အနှောင့်အယှက်ဖြစ်စေပြီး၊စားကြွင်း
စားကျန်တွေကြောင့် ကြွက်တွေယင်တွေ
တလောင်းလောင်း..ကွန်ကရစ်
လမ်းကိုကြွက်တွေဖောက်.....အဲ...´´
အလယ်တန်းက တတန်းလုံးနီးပါး ထပြန်ကြပါတယ်။
``နောက် ..လမ်းပေါ်မှာဝိုင်းအုံပြီး ဘင်ဂိုကတ်မဲဖောက်တဲ့ ကိစ္စ...အဲ..ပေါ့လေ´´
ရှေ့တန်းကအတော်များများထပြန်သွားကြ
ပြန်ပါတယ်။
ခွပ် ...ကလောက် ကလောက် ဂွပ်♪ ♬
(ရှင်လူ ရင်ပူ အာခြောက်တာနဲ့ ရေသန့်ပုလင်းယူ ဖန်ခွက်ထဲလောင်းထည့်
ပြီး ကမန်းကတမ်း မော့ချလိုက်သံပါ)
``အင်း..အဲ..နောက်တခုကတော့..အဲ..
ပေါ့လေ..လမ်းပိတ် ကြိုးတားပြီး ပိုက်ကျော်ခြင်းခတ်ကြတဲ့ လူမငယ့်တငယ်
များ´´
``ဒုန်း´´
(ရေသန့်ပုလင်းတခု စတင်းကိုလာမှန်တဲ့
အသံ)
``နောက် တစ်လုံးနှစ်လုံးသုံးလုံး ချဲဒိုင်များက
ဥပဒေ အပိုင်းလေးကိုအသုံးချပြီးMicrဝfinanceတွေလို
ရုတ်ရုတ်သည်းသည်းရဲတင်းနေတဲ့..ကိစ္စ´´
တံခါးဝက မတ်တပ်ရပ်နားထောင်နေတဲ့
ချဲဒိုင်က ရှင်လူ့ကို ခါးထောက်မျက်စောင်းထိုးပြီးချာခနဲလှည့်ထွက်သွားပြန်ပါတယ်။
``အဲ ..ပေါ့လေ..နောက်တခုက ..လော်ဥပဒေကို မလိုက်နာပဲ တလမ်းဝင်တလမ်းထွက် လူအုပ်ကြီးတရုန်းရုန်းနဲ့ ကာယကံ ဝစီကံ
မနောကံ ကံသုံးပါးလုံးနဲ့ ဆူပူသောင်းကျန်းနေကြ...အဲ..အဲ...
ဗျို့ ဦးဆံပု တို့အဖွဲ့ ဘယ်သွားကြမလို့လဲ၊
နေ..နေကြအုံးလေ..´´
ရှင်လူ စင်ပေါ်က မိုက်နဲ့လှမ်းတားတာတောင်မရ။ ရှင်လူ့မိတ်ဆွေ ဓမ္မာရုံဥက္ကဋ္ဌ နဲ့အဖွဲ့က
ရှင်လူ့ကို စိတ်ပျက်လက်ပျက် မျှော်လင့်ချက်မဲ့မျက်လုံးများနဲ့စိုက်ကြည့်ကာ ကျောခိုင်းထွက်ခွာသွားကြပြန်တယ်။
လမ်းပေါ်ပိတ်ရပ်ထားတဲ့ကားများ၊ဆိုက္ကား
များ စတဲ့ ပြောစရာစကားတွေကရှင်လူ့မှာ
အများကြီးကျန်နေသေးပေမယ့်၊တရပ်ကွက်လုံးကစိတ်မဝင်စားလို့မတက်ကြတဲ့ အုပ်ချုပ်ရေးမှုးသစ် ရွေးချယ် ပွဲကြီးကို
တခုခုမျှော်ကိုးပြီးတက်ရောက်လာကြသူ
ပိတ်သတ်တွေ တယောက်မှ မကျန်တဲ့ခါ
တယောက်ထဲကျန်ခဲ့တဲ့ ဒူးတင်ပေါင်တင်
ရပ်ကွက် အုပ်မှူးသစ်ရှင်လူလည်း စတင်းထဲအသင့်ထည့်ထားတဲ့ ပုလင်းနှစ်လုံးထဲက ဝီစကီပုလင်းကိုသာ
ကောက်ဖွင့်လိုက်ရပါကြောင်း....
(ဂယ်ကြီးမထင်ကြနဲ့ ရှင်လူမနေ့ညက
အိပ်မက်ကိုပြန်ရေးထားဒါ)
story#observation#shinlhu