Tuesday, December 23, 2025

story

Today crisis
(ဒီယနေ့ အကြပ်အတည်း)

💻👿💻😖💻👿💻😖
မနေ့ညနေက ရှင်လူကြီး ညနေဘက် အလုပ်သွားဖို့ စက်ဘီးစီးမယ်ကြံတော့ စီးလို့မဖြစ်နိုင်တော့။ လူက ဆီးစပ်တွေနာကျင်နေပြီး လိပ်ခေါင်းကယောင်နေတာ ကွတကြီးဖြစ်နေတယ်။ဒါနဲ့ ကျောပိုးအိတ်ကောက်လွယ်ပြီး ဘတ်စ်ကားနဲ့ပဲလစ်ခဲ့ရတယ်။ ဒီလိပ်ခေါင်းက ခုမှ ဘာလို့ထဖောက်ရသလဲ စဥ်းစားလိုက်မှ အဖြေကပေါ်တယ်။ ပြီးခဲ့တဲ့အပတ်က
One Stop Mart သွားရင်း အရက်ပုလင်းတွေကြည့်မိတော့ Mandalay Rum Export Quality သွားတွေ့တယ်။တလောက fb ပေါ်မှာထင်တာပဲ
ညနေတိုင်းရမ်သုံးပက်သောက်တယ်ဆိုတဲ့ နွေလယ်နေပြော
ခဲ့တာ Mondaly Rum Export Quality ကောင်းတယ်ဆိုပဲ။
ဒါနဲ့ စမ်းကြည့်ဖို့ တပုလင်းသုံးထောင်နဲ့ ဝယ်ခဲ့တယ်။အဲဒါ
အိမ်ရောက်တော့ ပဲ​ခြမ်းကြော်နဲ့ခရမ်းချဥ်သီးသုပ်ပြီး ရမ်နဲ့မြည်းပေါ့။များများမဟုတ်ပါဘူး နှစ်ပက်လောက်ပါ။အဲနေ့က နေ့လယ်စာစားပြီးလှဲလိုက်တာ အိပ်ပျော်သွားတယ်။မွန်းလွဲပိုင်းတရေးနိုးလာတော့
လန်းလန်းဆန်းဆန်း ၊ခေါင်းလည်းကြည်တယ်။အမ်မာ..
အိတ်စပို့ ရမ်မဆိုးဘူးပဲ။ရှင်လူကအရက်နဲ့တည့်ပုံမရဘူး။တခြားအရက်တွေဆို နည်းနည်းသောက်မိတာနဲ့ ခေါင်းကိုက်ကရော။ဘီယာတောင် နှစ်ခွက်ကသုံးခွက်သောက်မိရင် ခေါင်းအုံတတ်တာ။
ဒီလိုနဲ့ မန္တလေးရမ်လေးကို
တနေ့နည်းနည်းစီကစ်လာလိုက်တာ ပုလင်းဖင်ကပ်လည်းရောက်ရော လိပ်ခေါင်းလည်းထွက်လာပါလေရော။တေဇော ဝါယော အားလွန်သွားပြီလေ။အဲဒါ ဒီမနက် အလုပ်ကအိမ်ပြန်ရောက်တော့ ဖွေးဖွေးသိမ့်တို့အခန်းမှာ အိမ်သော့သွားယူရင်း စာရေးနေတဲ့ဖွေးကိုတွေ့လို့"အား..ကျွတ်ကျွတ်..သမီးလေး ရှင်လူလိပ်ခေါင်းအရမ်းနာနေပြီ ၊ဆေးသွေးပေးအုံး"ဆိုတော့ ဖွေးကစာရေးနေရင်း
"နေအုံး သွေးပေးမယ်"ဆိုပြီးသူ့စာကိုဆက်ရေးနေတယ်။
ရှင်လူ့ဆီမှာ အေးချမ်းမေက
ဇီဝိတဒါန လှူထားတဲ့လိပ်ခေါင်းဆေးမြစ်ရှိတယ်။ရန်ကင်းမှာသွားယူထားရတာ။အဲဒါ ဆေးမြစ်ရရချင်းကတည်းက ဖွေးအမေငမိုးရိပ်ပေးထားတဲ့ကျောက်ပြင်သေးသေးလေးနဲ့ ဖွေးသွေးပေးဖူးတာကိုး။ခုလည်းဖွေးက သူ့စာရေးပြီးပြီးချင်း ရှင်လူ့အတွက်ဆေးမြစ်သွေးပေးရှာတယ်။ဆေးလူးပြီးကွတကွတနဲ့ထွက်လာတုန်း အပေါ်ထပ်ကရူပါက ရှင်လူ့ကိုတွေ့တော့ သူ့သားအောင်ညာဏ်ဖြိုးကိုရှင်လူ့ရင်ခွင်ထဲထိုးထည့်ရင်း"ရှင်လူ အောင်ညာဏ်ဖြိုး ခနခေါ်ထားအုံး လုပ်စရာရှိလို့"ဆိုပြီးအပေါ်ပြန်တက်သွားတယ်။အဲဒါနဲ့အောင်ညာဏ်ဖြိုးကိုချီပြီးဖွေးတို့အခန်းထဲကပလပ်စတစ်ခုံပေါ်မှာဖင်တစောင်းထိုင်နေရတယ်။အဲဒါအောင်ညာဏ်ဖြိုးဆိုတဲ့ကိုယ်တော်လေးကအငြိမ်မနေဘူး။ဘယ်နေမလဲကြမ်းပေါ်မှာ ဖွေးက ရာဘာနဲ့ထွင်းထားတဲ့မြန်မာပြည်မြေပုံကိုချ။တိုင်းဒေသတွေကို စားသောက်ဆိုင်သုံးဝါးတူနှစ်ချောင်းနဲ့ညှပ်ပြီးနေရာချနေတယ်။"သမီး..အဲ့ဒါမဟုတ်ဘူး၊ရှမ်းပြည်က ဟိုအချွန်အကွေးလေးထဲမှာ"ဆိုတာကို"ဟင်း..လာမပြောနဲ့"ဆိုပြီးရှင်လူ့ကိုငေါက်တယ်။ရှင်လူတို့ဖယ်ဒရယ်ပြည်ထောင်စုလည်းရက်စတောရင့်ကမီးနူးလို ဝါးတူနဲ့အညှပ်ခံနေရတယ်။အဲဒါကိုမြင်တဲ့ ရှင်လူ့အပေါ်ကအဖျက်သမား အောင်ညာဏ်ဖြိုး ကလူးလွန့်ရုန်းကန်ရင်းလှိမ့်ချလိုက်တော့"အား..အမလေးသေပါပြီ၊ငါ့လိပ်ခေါင်းတော့"ရှင်လူလည်း အော်ရင်းဟစ်ရင်း အောင်ညာဏ်ဖြိုး ကိုအင်းကျီစကလှမ်းဆွဲထားရတယ်။ဒါတောင် တနှစ်မပြည့်သေးတဲ့ဒီကောင်က
အောင်လအင်ဆန်းလိုမြန်လွန်းသန်လွန်းတော့ သူ့လက်ထဲတနင်းသာရီပါသွားတယ်။အဲဒါဖွေးကအတင်းပြန်လုရင်းတွန်းထုတ်နေလို့ သူတို့ နှစ်ယောက်စစ်ပွဲကြားမှာ လိပ်ခေါင်း..အနာနဲ့ရှင်လူ့ခမျာဖင်ဒရွတ်.ဆွဲရင်းဆွဲရ ကာရဖြန်ဖြေရနဲ့ဒီယနေ့ရင်ဆိုင်ခဲ့ရတဲ့အကြပ်အတည်းဟာ အင်တာနေရှင်နယ်နဲ့တော့ဆိုင်ချင်မှဆိုင်လိမ့်မယ်။ခံစားရတဲ့ ရှင်လူ့ခမျာတော့
ဖင်တခုလုံးပွင့်ထွက်တော့မလားဘဲ..
story#observation#shinlhu


Sunday, December 21, 2025

story

ခေါ်​တွေ့တဲ့အထဲမပါတာ ကံ​ကောင်းတယ်​
d(^o^)b¸¸♬·¯·♩¸¸♪·¯·♫¸(◑_◑)(︺︹︺)

ဒီမနက်​ Voice သတင်းစာကို ​ကောက်​ကြည့်လိုက်​​တော့ ``​ဆေးလိပ်​၊
အရက်​ ​သောက်​မည့်အစား စာများများဖတ်​ရန်​ ​ဒေါ်​အောင်​ဆန်းစုကြည်​
တိုက်​တွန်း´´ဆိုတဲ့သတင်းတပုဒ်​ ​တွေ့ရတယ်​။ Daily Eleven ​ကောက်​လှန်​လိုက်​​တော့လည်း အလယ်​
စာမျက်​နှာ၁၆မှာသတင်းအပြည့်အစုံကို
​တွေ့ရတယ်​။ ​နေပြည်​​တော်​ အပြည်​ပြည်​ဆိုင်​ရာ ကွန်​ဗင်းရှင်း ဗဟိုဌာန
(၂)မှာ ``စာတတ်​သူတိုင်း စာဖတ်​​ရေး´´လှုပ်​ရှားမှု အခမ်းအနားမှာ
​ဒေါ်စု အဖွင့်အမှာစကား ​ပြောသွားတာ။
​ဒေါ်စုက​ဆေးလိပ်​၊အရက်​နဲ့ကွမ်းစားတာ
ကိုမကြိုက်​​ကြောင်း​ပြောသွား​တော့ ရှင်​လူကြီးပြုံးမိတယ်​။ ​ဒေါ်စုမကြိုက်​သလို
ဒီအစွဲ​တွေကိုရှင်​လူကြီးလည်းမကြိုက်​ပါ
ဘူး။ ​ကောင်းမှမ​ကောင်းတာပဲ။ ဒါ​ပေမယ့်
​ဆေးလိပ်​၊အရက်​ နဲ့ ကွမ်း သုံးမျိုးလုံး ရှင်​လူကြီး သုံးပါတယ်​။အရက်​က​တော့
နည်းနည်းများသွားရင်​ ​ခေါင်းကိုက်​တတ်​လို့
မစွဲပါဘူး။ ခါတရံ အ​ပေါင်းအသင်း​တွေဆုံရင်​ ​သောက်​ဖြစ်​ပါတယ်​။ စီးကရက်​နဲ့ ကွမ်းက​တော့ တမျိုးနား တမျိုး​ပြောင်းသုံးအဆင့်ပါ။ လွန်​ခဲ့တဲ့ 
၉ နှစ်​​ကျော်​ က ရှင်​လူကြီး TB ဖြစ်​လို့
​ဆေး ၆ လ​သောက်​ခဲ့ရတာ​တောင်​ ​ဆေးလိပ်​ကတရက်​မှမပြတ်​ခဲ့ပါ။(​ဆေးအလကား​ပေးတဲ့ ကုလ မဖတ်​ရ) ​ဆေးလိပ်​အ​ကြောင်း​ပြောရင်း NLD ဗဟို ​ရွှေဂုံတိုင်​ကအခမ်းအနားတခုကို ပြန်​အမှတ်​ရမိပါတယ်​။အဲ့တုန်းက လွတ်​လပ်​​ရေး​နေ့လားပြည်​​ထောင်​စု​နေ့လား​တော့ မမှတ်​မိပါ။ အခမ်းအနားလုပ်​မယ့် ​အမိုးအကာခင်းကျင်းထားတဲ့​နေရာကိုရှင်​လူကြီး
အ​စောကြီး​ရောက်​​နေပါတယ်​။
ဒီလိုပဲ ကြမ်းခင်း​ပေါ်မှာထိုင်​ရင်း ဟို​ငေး
ဒီ​ငေးလုပ်​​နေရာက စီးကရက်​​သောက်​ချင်​လာတာနဲ့ မိုးကာဂျာကင်​ထဲက စီးကရက်​ဘူးကို ​လျောကနဲ ဆွဲထုတ်​လိုက်​ပါတယ်​။ ဒီအချိန်​မှာပဲ ရှင်​လူ့မျက်​လုံးက ဘယ်​ဖက်​ကို​ဝေ့ကြည့်လိုက်​မိ​တော့ မလှမ်းမကမ်း ၇​ပေ​လောက်​အကွာ တန်းလျား​ပေါ်မှာထိုင်​ရင်း ​ခပ်​ရွယ်​ရွယ်​
လူငယ်​တ​ယောက်​နဲ့ စကား​ပြော​နေတဲ့ 
​ဒေါ်စုမျက်​လုံးကရှင်​လူ့စီးကရက်​ဘူးကိုဖြတ်​ခနဲ
စိုက်​ကြည့်လိုက်​ပါတယ်​။ ရှင်​လူကလည်း​ဆေးလိပ်​​သောက်​မယ်​ကြံတိုင်း ​ဘေးဘီမှာ ကိုယ့်​ဆေးလိပ်​​ကြောင့် 
အ​နှောင့်အယှက်​ဖြစ်​မယ့်သူရှိမရှိကြည့်
​နေကျဆို​တော့စီးကရက်​ဘူးကိုအသာ​လေး
မိုးကာဂျာကင်​အိတ်​ထဲပြန်​ထည့်လိုက်​ပါတယ်​။ ကံ​ကောင်းသွားတယ်​ဆိုရမှာပါပဲ။
အဲ့အချိန်​က ရှင်​လူသာ စီးကရက်​​သောက်​မိရင်​ ​ဒေါ်စုနဲ့​တော့ လှလှကြီး​တွေ့မှာအ​သေအချာပါ။ဘာလို့ဒီလို ​သေချာ​ပေါက်​​ပြောနိုင်​သလဲဆို​တော့
​ဒေါ်စုနဲ့ ရှင်​လူ တခါဘူးမျှ မျက်​နှာချင်းဆိုင်​စကားမ​ပြောခဲ့ဘူး​ပေမယ့်
​ဒေါ်စုအ​ကြောင်း​တွေကို​တော့ နီးနီးကပ်​ကပ်​ သိ​နေခဲ့ပါတယ်​။ အဲ့ အချိန်​​တွေက ​ဒေါ်စု သာမညသွားတဲ့
ဗွီဒီယိုအ​ခွေ၊ထန်းတပင်​မှာအတားအဆီးခံထားရတုန်း
ရိုက်​ထားတဲ့အ​ခွေကအစ အ​တော်​များများရှင်​လူကြည့်ခဲ့ရပါတယ်​။ထန်းတပင်​ အ​ခွေဆို မသိသူများက ဂြိုဟ်​တုကရိုက်​တယ်​ထင်​ကြတယ်​။အမှန်​
​တော့ ကိုသစ္စာ(သစ္စာ လှ​ထွေး) ​နောင်​
နိုင်​ငံခြာသတင်း​ထောက်​အသင်း ဥက္ကဋ္ဌ
(ထင်​ရဲ့)ရိုက်​ခဲ့တာပါ။ အဲ့ ပုံ​ကြောင့်
ကိုသစ္စာ ဂျပန်​နိုင်​ငံက JNN AWARD ​တောင်​ရခဲ့တာပါ။ အဲ့ကာလ​တွေတုန်းက
NLD ရန်​ကုန်​တိုင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်​အမှု​ဆောင်​၊ ​တောင်​ဥက္ကလာပမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​
သ္ခင်​စိုးမြင့်အိမ်​မှာ ရှင်​လူနဲ့ ကိုသစ္စာ ည​နေတိုင်းလိုလိုဆုံဖြစ်​ပါတယ်​။
သာမညသွား​တော့ ​ဒေါ်စုက မယ်​​တော်​ကြီးရုပ်​တုကိုပုဝါဆက်​ပါတယ်​။
``အင်း..လာပြန်​ပြီ တ​ယောက်​´´လို့ရှင်​လူကြီးနှုတ်​ကထုတ်​ညည်းမိ​တော့ အန်​ကယ်​ဦးစိုးမြင့်က
``အဲဒါ သာမညဆရာ​တော်​ကြီးရဲ့မယ်​​တော်​ပုံ​
လေ´´တဲ့။
``​သြော်​´´ရှင်​လူနားလည်​လိုက်​ပါတယ်​။
ရှင်​လူက နိုင်​ငံ့​ခေါင်း​ဆောင်​​တွေ ဓာတ်​​ယောင်​​ယောင်​ နတ်​​ယောင်​​ယောင်​ဆို
အရမ်းစိတ်​ပျက်​ပါတယ်​။
​ဒေါ်စုက တခါတရံ နိုင်​ငံ​ရေးသမားကြီး​တွေနဲ့ အစည်းအ​ဝေးကိစ္စဖြစ်​ဖြစ်​                 ္ဆတခြားကိစ္စဖြစ်​ဖြစ်​ ချိန်းဆိုထားရင်​
မွန်းလွဲ ၂နာရီဆို ၂နာရီတိတိမှ ထွက်​လာ​လေ့ရှိတယ်​ တဲ့။ မြန်​မာ့ထုံးစံအတိုင်း နာရီဝက်​ တနာရီကြို​ရောက်​​နေကြလည်း ​ဒေါ်စုက
အချိန်မ​စေ့မချင်းသူ့အလုပ်​သူလုပ်​​​နေတာပဲ
လို့သိရတယ်​။ ​ဒေါ်စုနဲ့ပတ်​သက်​လို့ 
ကွမ်းစားတဲ့ကိစ္စတခုလည်း သွားသတိရမိပြန်​တယ်​။ တခါက အထက်​ဘက်​ကို နိုင်​ငံ​ရေးကိစ္စနဲ့ခရီးသွားကြ​တော့ ပါတီ က
အရာရှိ​တွေ ​ရော ​ဒေါ်စုပါ ​ရှေ့​နောက်​ကားတန်းကြီးနဲ့ခရီးသွားကြသတဲ့။ အဲဒါ.​ဒေါ်စုကားရဲ့ ​ရှေ့ကသွားတဲ့ကား​ပေါ်က လူကြီးတ​ယောက်​က ကား​ပေါ်က​နေပြီး
ကွမ်းတံ​တွေး ​ထွေးချလိုက်​တာကို ​နောက်​ကားက​ဒေါ်စုမြင်​သွားပြီး ခရီးတ​ထောက်​နားတဲ့​နေရာ​ရောက်​​တော့
​ဒေါ်စုက ဒိုးဒိုး​ဒေါက်​​ဒေါက် အပြစ်​တင်​သတဲ့။ ​ဒေါ်စုခိုင်းနှိုင်းတဲ့စကားကို ဒီ​နေရာမှာမလိုအပ်​လို့ ရှင်​လူသိတဲ့အတိုင်း​ရေးမပြ​တော့ပါဘူး။
တကယ်​​တော့ သတင်းထဲမှာ ​ဒေါ်စု​ပြောထားတဲ့အမြင်​​တွေဟာ အမှန်​​တွေချည်းပါပဲ။ ရှင်​လူဆို သတင်းကြား​တွေနဲ့တင်​ ​ဒေါ်စုနဲ့ နီးနီးကပ်​ကပ်​မ​နေလိုပါ။ ဘာလို့လည်းဆို​တော့ ရှင်​လူတို့က အမှား​ပေါင်းအသ​င်္ချေနဲ့ အသားကျ​နေပါပြီ။
မှတ်​​ကျောက်​အတင်​မခံနိုင်​​လောက်​​အောင်​
​ရွှေရည်​ကညံ့​နေပါပြီ။ဒါ​ကြောင့်လည်း
​ဒေါ်စုက လူငယ်​​တွေကိုရည်​ရွယ်​ပြီး ​ပြော​နေတာဖြစ်​ပါတယ်​။ ရှင်​လူတို့တင်​မက
​နောင်​​တော်​ကြီးမိုက်​ကယ်​အဲရစ်​ အ​ကြောင်းရိုက်​ထားတဲ့ ရုပ်​ရှင်​​တွေထဲမှာလည်း မိုက်​ကယ်​က စီးကရက်​တလိပ်​မီး​သေရင်​ ​နောက်​တလိပ်​ထပ်​မီးညှိတတ်​တဲ့အကျင့်စွဲ​နေပုံရပါတယ်​။ သူ့ရင်​ထဲမှာ ဗ​လောင်​ဆူ​နေ
တာကို မခံမရပ်​နိုင်​လွန်းလို့ စီးကရက်​ကို
ဆွဲမိဆွဲရာအားကိုးမိ​ကြောင်း ကိုယ်​ချင်းစာမိပါတယ်​။ ဒီ​နေရာမှာရှင်​လူ့အထင်​​ပြောရရင်​​တော့
လူ​တွေဟာ ဟိတ်​အမျိုးမျိုးရှိကြပါတယ်​။
မ​ကောင်းမှန်းသိလို့ ဖြတ်​နိုင်​တဲ့လူမျိုးနဲ့
မ​ကောင်းမှန်းသိ​ပေမယ့် ခနခနဖြတ်​​နေရတဲ့ ပြန်​ဆက်​ (ရှင်​လူတို့လို)
စိတ်​နုသူ​တွေကအများစုပါ။ တရားချလို့မရသူ(​ဒေါစုစကားနဲ့ဆို သင်​လို့မရတဲ့သူ)​တွေပါ။ ထိထိ​ရောက်​​ရောက်​ လုပ်​နိုင်​တာတခုရှိပါတယ်​ ​နေရာအနှံ့မှာ
​ဆေးလိပ်​ကင်းမဲ့ဇုံ​တွေ လုပ်​​ပေးပါ။
အဲ့ ကျင့်ဝတ်​ကို ရှင်​လူလည်းလိုက်​နာပါမယ်​။တကယ်​​တော့
ရှင်​လူလည်း စီးကရက်​​သောက်​တဲ့အခါတိုင်း NLD ဗဟို
(​ရွှေဂုံတိုင်​)ရုံးထဲက သတ်ိ​ပေးစာတန်း​လေး​တွေကို အမြဲသတိရလို့​နေပါတယ်
#များများ​သောက်​ မြန်​မြန်​​သေ#တဲ့
story#observation#shinlhu

Monday, December 15, 2025

story

           မင်းဘာကောင်လဲရှင်လူ🤕☃️🎃👻
             မနေ့ညက ပွဲစဉ်က ကြမ်းတော့ ဒီနေ့တနေ့လုံး ရှင်လူကြီး ကိုယ်လက်တွေတအားနာနေပေါ့။
             ဘယ့်နှယ် ပြီးခဲ့တဲ့ နိုဝင်္ဘာ ၂၉ ကမှ ၇၂ နှစ်တင်းတင်းပြည့်ခဲ့တဲ့ အဖိုးကြီးရှင်လူက ပွဲစဉ်ကြမ်းရတယ်လို့။
              အင်း အမှန်တော့ ရှင်လူက အောင်လအင်ဆန်းတို့ ဂျိုရှုဝါဗန်တို့ ဘရော်နီကာတို့ ရဲ့ ဖိုက်တင်ပွဲတွေကိုဝါသနာပါလေ့မရှိပါ။ဒါကြောင့် စိန်ခေါ်ပွဲတွေ ဘာတွေလည်း စောင့်ကြည့်လေ့မရှိ။ပွဲပြီးသွားပြီဆိုမှ ဘယ်လိုနိုင်သွားတာလဲ ...
သိချင်လို့ သတင်းဗွီဒီယိုလေးတွေကြည့်ဖြစ်တယ်။ဒါတောင် တိုက်ကြခိုက်ကြ အလဲလဲအကွဲကွဲမြင်ရရင်စိတ်ထဲမကောင်း။ဪ...
ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ရော အသက်နဲ့ပါလောင်းကြေးထပ်ရတဲ့ အားကစားဆိုတာကြီးကိုရှင်လူ့ Conscious Mind ဆိုတဲ့ အသိကလက်မခံ။ယုတ်စွအဆုံး လတ်တလောဖြစ်နေတဲ့ ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်စစ်ပွဲတွေတောင် ဘာမဟုတ်တဲ့ နယ်မြေအငြင်းပွားမှုကလေးကို လူ့အသက်ခန္ဓာတွေရင်းပြီးတိုက်ခိုက်နေကြတာမထိုက် တန်လို့ထင်တယ်။တကယ်ပါပဲ ဟောဒီကမ္ဘာကြီးဟာ နှစ်ပေါင်း (၃၀၀၀) အတွင်း စစ်ပွဲပေါင်း (၅၀၀၀) ဖြစ်ပွားခဲ့ရတယ်တဲ့။ဒါလည်း ခုထိငြိမ်းငြိမ်းချမ်းချမ်းနေကြဖို့ နည်းလမ်းရှာမတွေ့နိုင်သေးဘူး။စစ်ပွဲတွေထဲ ပါဝင်တိုက်ခိုက်ရင်း သေကြေဒဏ်ရာရခဲ့သူတွေခမျာ ဘာအကျိုးအမြတ်မှမရတဲ့အပြင် ကျန်ခဲ့တဲ့မိသားစုတွေပါ ဘဝတွေကသောင်းကနင်းဖြစ်၊ မျက်ရည်ပင်လယ်ဝေခဲ့တယ်။ဒီဆိုးကျိုးတွေကြောင့် ရှင်လူကြီးဟာ လူ့သမိုင်းထဲကအရိုင်းစိတ်(တိရိစ္ဆာန်စိတ်)ရဲ့အမွေအနှစ်ဖြစ်တဲ့ အကြမ်းပတမ်း စစ်ပွဲတွေကိုမုန်းပါတယ်။ဒါပေမယ့် ကံဆိုးတာက ရှင်လူကြီး ကွကိုယ်မသိနိုင်တဲ့ Unconscious Mind ခေါ်တဲ့မသိစိတ်ပါပဲ။ညက အိပ်နေရင်း နောက်စေ့နဲ့သံမံတလင်းဒိုင်းခနဲ ဖြစ်သွားမှ လူးလဲထလိုက်တော့ ခြင်ထောင်ပြင်ရောက်နေမှန်းသိလိုက်တယ်။မူးသွားတဲ့နောက်စေ့ကိုလက်နဲ့အသာပွတ်လိုက်ရင်း ဘယ်ဘက်တင်ပါးတခြမ်းလည်းအောင့်နေတာသတိထားမိတယ်။ဒီလိုပါပဲ အိမ်မက်ထဲမှာရန်ဖြစ်ပြီး ဖိုက်တင်ပွဲတွေခဏခဏနွှဲတတ်တာရှင်လူကြီးမှတ်မိသမျှဆိုနှစ်ပေါင်းသုံးလေးဆယ်မကတော့ပါဘူး။ရှင်လူကြီးက စာလေးပေလေးလည်းရေးတတ်တော့ လောကအကြောင်း လူတွေအကြောင်းသိချင်ပါတယ်။
ဒါပေမယ့် တကယ့်တကယ်ကျ ကိုယ့်အကြောင်းတောင်ကိုယ်မသိပါလား။အင်း...သေချာတာတခုကတော့ လူတွေမှာ တိရိစ္ဆာန်စိတ်(အရိုင်းစိတ်)ဟာ မသိစိတ် Unconscious Mind ထဲမှာခိုအောင်းနေနိုင်တယ်ဆိုတာပါပဲ။
story#observation#shinlhu

       


 

Saturday, December 6, 2025

story

ဖွေးဖွေးသိမ့် စာတတ်ပြီ
          👧👧👧👧👧👧
       ခုတလော ရှင်လူ ကြီး စာရေးချင်စိတ်သိတ်မရှိ။ ဒါမျိုး မဆလ ခေတ်နဲ့ နောက်ပိုင်း
နဝတ/နအဖ ခေတ်တွေတုန်းကလည်း မ ကြာ
မ ကြာ ဖြစ်ခဲ့ဖူးတယ်။ အမှန်တော့ Freedom of expression ပဲ။လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့် မရှိပဲ ဟိုရှောင် ဒီကွေ့
အမရာဝိ ‌က္ခေပ (အမရာ ငါးလို လိမ်ဖယ်ဖယ်)အဖမ်းခက်အောင် ရှောင်ရေးနေရတာ 
အဂတိ တရားမို့ မရေးတာကမှ အကုသိုလ်ကင်းတယ်ထင်မိတယ်။ တခါ သခင် ခင်ညွန့် ‌မြေးမင်္ဂလာဆောင် မှာ မောင်မောက်-ဥက္ကလာ (ကွယ်လွန်)နဲ့အမှတ်မထင်ဆုံမိ ကြတော့ "ဘယ်လိုလဲ ၊ဒီမိုကရေစီ ရမှ စာရေးမှာလား"လို့ အားမလိုအားမရ ထေ့သွားခဲ့ဖူးတယ်။
         ၁၆ နှစ်သားက ကဗျာစရေးခဲ့ ပေမယ့်
သက္ကရာဇ် ၂၀၁၅ လောက်ရောက်မှ fB နဲ့
ကိုယ်ပိုင် Blog ပေါ်မှာ ကဗျာနဲ့ စာအတိုအထွာ အတန်အသင့် ရေး ဖြစ်ခဲ့တယ်။ ဒါတောင်
ဆန္ဒ  ‌ဒေါသ  မောဟ ဘယာစွဲ ‌တွေ နည်းနိုင်သမျှနည်းအောင် သတိထားရေးခဲ့တယ်။
မိမိက ရဟန္တာမဟုတ်တော့ အားလုံး အ ပြစ်ကင်းတယ်တော့ မဆိုသာ။
          မိမိ စိတ်ပျက် ပြီးစာမရေးဘဲ နေ ပြန်တော့လည်း အနားက ကလေးတွေ ရဲ့ ချစ်စရာ
အ ပြုအမူလေးတွေ‌က လှုံ့ဆော်လာလို့ ထရေးမိ ပြန်တယ်။ မနေ့က ဖွေးဖွေးသိမ့် ဖုန်းပွတ်နေတဲ့အနား သွားကပ်မိတော့ ဖွေးက စိပ်ရှုပ် ပြီးရှင်လူ့ကို "သွား...လာမရှုပ်နဲ့"ဆို ပြီးအော်ထုတ်တယ်။ ဒါနဲ့ရှင်လူ လည်း "အေး ငါက
ချစ်လို့ အနားလာတာကို အော်ချက်ထုတ်တယ်၊
တော် ပြီ နင့်ကို မချစ်တော့ဘူး ၊ဘဒိတ် ‌မောက် ပြီ"ဆို ပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့တယ်။ ဖွေး ၂ နှစ်သမီးလောက်ကတည်းက ရှင်လူ ‌ပြောတဲ့ "သပိတ်မှောက်"ဆိုတဲ့ စကားကို
ဖွေးက သူ့နား အမှတ်မှားတဲ့အတိုင်း "ဘဒိတ်မှောက်"ဆို ပြီး မှတ်ထားလို့ ခုထိ ဖွေးရော
ရှင်လူပါ "သပိတ်မှောက်"ကို "ဘဒိတ်မှောက်"လို့ပဲ ဆက်သုံးနေ ကြတာ။ အဲဒါ ရှင်လူ ကြီး ဖွေး ကို ပညာပေးချင်တာနဲ့ ကပ်ပြားတခုမှာ "ဖွေးဖွေး ကို ဘဒိတ်မှောက် P" လို့ရေး ပြီး သူ့ကို ထောင် ပြလိုက်တယ်။သူကတချက်လှည့် ကြည့် ပြီး ဂရုမစိုက်သလို မျက်နှာလွှဲသွားတယ်။
          မနေ့က သူ့အိမ်ဖုန်းကို ဆက်တော့ ထင်တဲ့အတိုင်းပဲ ဖွေးကဖုန်းကိုင်တယ်။
          "ဟယို..."ဆိုတဲ့ ဖွေးအသံ ကြားတာနဲ့"
          "အေး နင်နဲ့ဆို မ‌ပြောတော့ဘူး" ဆိုတော့ ပါးနပ်တဲ့ဖွေးက
           "မှားပါတယ် ဆရာရယ်"တဲ့။
           "အေး မှားပါတယ်ဆို ခွင့်လွှတ်လိုက် ပြီ"
            ရှင်လူနဲ့ ဖွေး နားလည်မှုယူထားတဲ့အတိုင်း မှားတဲ့လူက "မှားပါတယ်ဆရာရယ်"ဆိုရင် ချက်ချင်း ခွင့်လွှတ်ရတယ်။
             အဲဒါ ဒီမနက် ဖွေးတယောက် ရှင်လူ့အခန်း ဘက်လာ ပြီး ဟိုရှာ ဒီရှာ လုပ်နေတာတွေ့လို့ ရှင်လူက ရိမ်မိ ပြီး
              "နင် ဘာရှာနေတာလဲ"ဆိုတော့
              "ရှင်လူ့ကပ် ပြား"တဲ့။ 
              ဒါနဲ့ရှင်လူလည်း မဂ္ဂဇင်းအထူ ကြီးတွေအောက်ဖိထားတဲ့ ဘဒိတ်မှောက် ကပ်ပြား ယူပေးလိုက်တယ်။ ဖွေးက ကပ် ပြားရတော့ ပြုံးစေ့ စေ့ လုပ်ပြီး ကပ်ပြားကို သူ့အခန်းဘက်ယူသွားတယ်။ ခဏ နေတော့ သူ့ဗလာစာအုပ်ပါယူလာ ပြီး ခုံပေါ်မှာ ရေးနေတယ်။
            "ဒဏ် ကို ဘယ်လို‌ရေးသလဲ"
            "ဒန်အိုး ဒန်ခွက်လား ၊ပြစ်ဒဏ်လား"
            "ဒဏ်ပေးတာ....."
            "အဲဒါ ဆိုရင်တော့ ဒဒွေး ဏ ကြီးသတ် ဒဏ် ပဲ"
            ဖွေး ကအ ပြီးသတ်ရေး ပြီး သူ့စာရွက်ကို ရှင်လူ့အခန်းရှေ့စက္ကူပန်းကိုင်းမှာ ဖောက် ပြီး ချိတ်ထားလိုက်တယ်။ ထွက်ဖတ်လိုက်တော့ "ရှင်လူ့ကို ဘဒိတ်မှောက် P" တဲ့။
           အမ်မယ် အောက်က တ‌ကြောင်းပိုလိုက်သေးတယ်။
           ဦးရှင်လူ ဘဒိတ်မှောက်တယ် 
            လူဒေ/ ဒဏ်ငွေ ငါးထောင် ဆိုပဲ
story#observation#shinlhu

ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲရဲ့ "တကမ္ဘာမခြားသေးပါဘူးကွယ်"



         ရှင်လူ့မိတ်ဆွေတွေထဲမှာ သူ့ကို ရှင်လူ အထူးကြောက်ရပါတယ်။လူဆိုးလူမိုက်ကြီးမို့ ကြောက်ရတာမျိုးတော့မဟုတ်ပါ။‌အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ ဟောဟောဒိုင်းဒိုင်းမို့ ပေါင်းရသင်းရတာလည်းအဆင်ပြေပြီးခင်မင်စရာ ကောင်းသူပါ။
          ဒါဆို ဘာ့ကြောင့်သူ့ကိုကြောက်ရသလဲဆိုရင် သူ့ရဲ့ ဝါသနာက "ဓမ္မမုန်တိုင်းဗိုလ် မိုက်ခဲ"ဖြစ်နေလို့ပါပဲ။သူ့ရဲ့ Professional က "ပိုးဇာ -စံပု"ဆိုတဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းပါ။
သူ့လုပ်ငန်းနဲ့ပါတ်သက်လို့ ပြောရရင် Rhino ဘောပင် ပေါ်က တံဆိပ်ကအစ ဂေါက်သီးပေါ်ကတံဆိပ်ထိ သူရိုက်နိုင်ပါတယ်။
အသင်းအဖွဲ့ တီရှပ် ဒီဇိုင်း တံဆိပ်များကအစ မြွေရေခွံအိတ်ပေါ်က ဓါတ်မြေဩဇာ ကုမ္ပဏီ စတာတွေထိ။သာသနာ့အလံ အသင်းအဖွဲ့အလံတွေအထိ၊ သူမလုပ်ဖူးတာမရှိ။ ငယ်စဉ် ဘဝအတွေ့အကြုံကလည်း စုံသူမို့ အပေါင်းအသင်းလည်း ဆန့်သူပါ။ အဲ...သူ့ဝါသနာကတော့ သူများနဲ့မတူ ဘာသာ သာသနာရေးနဲ့ပါတ်သက်လာရင် အချိန်မရွေး လာထားပါပဲ။ရပ်ကွက် သာရေးနာရေးကအစ အခါကြီးရက်ကြီး ဓမ္မသဘင် တရားပွဲတွေကျင်းပရာမှာလည်း သူပဲဦးဆောင်လေ့ရှိပါတယ်။အဲ့ကိစ္စမျိုးမှာ သူဘယ်လောက် ကျွမ်းကျင်လဲဆိုရင် ဓမ္မကထိက ဘုန်းကြီးမှန်ရင် သူနဲ့မခင်သူရှားပါတယ်။သူကလည်း အဲ့ဘုန်းကြီးတွေအကြောင်းဆိုရင်အချက်အလက်နဲ့တကွသိပါတယ်။နာမည်ကြီးဓမ္မကထိကဆရာတော်တပါးဆိုရင် သူလိုချင်တဲ့ အချက်မရတာနဲ့"နောက်နောင် ဘယ်တော့မှလာမပင့်နဲ့"လို့
နှင်ထုတ်တာလည်းခံဘူးရဲ့။
ဆရာတော်တပါးကဆို လေရှည်နေတဲ့ တရားထောက်ပုဂ္ဂိုလ် ကိုစံပုကို "ဒကာကြီးပဲ ဆက်ဟောလိုက်တော့ ကျုပ်မဟောတော့ဘူး"လို့ ထောပနာပြုခံရတယ်။
ဆရာတော်တပါးကတော့ "အဲဒီအလှူရှင်စာရင်းတွေ ရွတ်မနေနဲ့တော့ ရေစက်အမြန်ချမယ်"ဆိုဘူးရဲ့။
          အဲတော့ "ဟယ်လို...မင်္ဂလာပါ"ဆိုတဲ့ ဖုန်းသံဝင်လာရင် တခြားအော်ပရေတာတွေမဟုတ်ပါဘူး ဓမ္မ မုန်တိုင်း ဗိုလ်မိုက်ခဲ စံပုပါ။သူ့ ဖုန်းကို ကိုင်မိလိုက်ရင်
"အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ"တဲ့ "တကယ်တော့ ဥပါဒါနက္ခန္ဓာ ၊ဥပါဒါန်ကိုသိရမယ်....ကစပြီး မရပ်မနား ဓမ္မမုန်တိုင်းကိုလွှင့်တော့တာပါပဲ။သူဖုန်းစခေါ်လို့ သူ့ဖုန်းဘေလ်အကုန်ခံပြောတာတောင် နားထောင်ရတဲ့သူအဖို့မသက်သာလှ။
        အမှန်တော့ အဲ့လောက် တက်ကြွလှုပ်ရှားသူကြီး လေဖြတ်ထားတာ ၇ နှစ်ရှိသွားပါပြီ။ရှင်လူကြီးလည်း အရင်လိုကျန်းမာရေးကသိတ်မကောင်းလှသမို့ သူ့ဆီ တော်တော်နဲ့မရောက်ဖြစ်။အထူးသဖြင့်ကတော့ လူရောစိတ်ပါမလန်းရတဲ့အထဲ သူ့ဓမ္မမုန်တိုင်းဒဏ်မခံနိုင်တာ
လည်းပါပါတယ်။ခုတလော သူဖုန်းခဏခဏဆက်နေတော့"အင်း ငါ့မိတ်ဆွေကြီး စကားပြောဖော်မရှိလို့ ပျင်းနေထင်ရဲ့ တခေါက်လောက်တော့ သွားအုံးမှ တွေးမိတိုင်း ဓမ္မမုန်တိုင်းကြောက်စိတ်ကပေါ်ပေါ်လာတယ်။အဲဒါ မနေ့ကတော့ "ဟယ်...ဘာဖြစ်ဖြစ် မိတ်ဆွေဝတ္တရားရှိသေးတယ်၊ သူ့ခမျာ ဘီးတပ်ကုလားထိုင်ပေါ် တနေကုန်ရတာ ၊မိတ်ဆွေဟောင်းတွေကိုသတိရမပေါ့"တွေးပြီး လမ်းဘေးဈေးတန်းဘက်လျောက်တော့ တရုတ်ဆီးသီးလတ်လတ်ဆတ်ဆတ်တွေတွေ့တာနဲ့ သုံးထောင်ဖိုးဝယ်လိုက်တယ်။စက်ဘီးမစီးဘဲ လမ်းလျောက်ချင်တာနဲ့ မာလာကွေ့ထဲကသူ့အိမ်ရောက်တော့ နည်းနည်းတော့အမောသား။ဆီးသီးထုပ်လေးသူ့ဘေးကစားပွဲပေါ်တင်တော့ သူကသူ့မိန်းမမပိုးမွှေးကိုလက်ညိုးညွှန်လိုက်တယ်၊ မပိုးမွှေးက ပလပ်စတစ်ဘူးလေးတဘူးရှင်လူ့ကိုလာပေးတယ်။
           "ကန့်ကလာ၊အေးခဲ၊ လူကြီးတွေနဲ့တည့်တယ်၊မနက် မနက် မန်ကျည်းစေ့တခြမ်းစာသောက်"တဲ့ ။သူက တိုင်းရင်းဆေးလည်းဝါသနာပါသကိုး။အပြန်အလှန် ပဋိသန္ဓာရပြုပြီးကြတော့ ထုံးစံအတိုင်း "အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ "ကစလာပြီ။ဒါနဲ့ရှင်လူကြီးလည်း သူ့ဘေးကစားပွဲပေါ် tiktok ဖွင့်ထားတဲ့ သူ့ဖုန်းကိုကောက်လိုက်ပြီး shin.lhu -page ကိုသွားလိုက်တယ်။ရှင်လူဆိုထားတဲ့"အချစ်နဲ့စတဲ့ကမ္ဘာ""ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်"အပါအဝင် စုံတွဲ တပုဒ်နှစ်ပုဒ်ပါ ဖွင့်ပြလိုက်တော့။"တယ်ဟုတ်ပါလားဘယ်လိုလုပ်ရလဲ"
"ဒီလိုပဲ ဝင်ဆိုလိုက်တာပဲ"ဆိုတော့ ရုတ်တရက် သူ့မှာဂီတ Mood ဝင်သွားပုံရတယ်။
        "ကျနော်ငယ်ငယ်က လူကြောက်တယ်ဗျ၊အဲဒါ လူမကြောက်အောင် လုပ်မယ်ဆိုပြီး
ကမ္ဘာအေးဘုရားပွဲ ၊သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်တာ၊ ဝင်ကြေး ၆ ကျပ် ပေးရတယ် ၊၁၉၈၀ ကပေါ့ဗျာ.....
            ကိုတင်ဝင်းရဲ့" တကမ္ဘာမခြားသေးပါဘူးကွယ် "ကိုတယောက်ကမယ်ဒလင်တီးပေးတယ်....
        "ဒီလို...ဒီလို...ဗျ
          တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ 🎵ချစ်စကားလေးတွေတတွတ်တွတ်ပြောကာ ပြုံးရယ်ရွှင်ပျ ကြည်နူးခဲ့ရတာတွေရယ်🎶 မမေ့နိုင်ပါလားကွယ် မေ့ပျောက်လို့မရပါလားကွယ် ခုလိုမိုးလေးညိုမှချစ်တဲ့သူကိုပိုသတိရတယ်🎶 အကြင်နာဆုံးရယ် မမြင်တာကြာလို့မုန်းပြီထင်တယ်
တကမ္ဘာမခြားသေးပါဘူးကွယ် မတွယ်တာနေစိမ့်လှပါတယ်🎵
        အင်း...လူကြောက်တတ်လို့စင်ပေါ်တက်မိုက်ကိုင်ကျင့်ရင်း
ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲဖြစ်ခဲ့ရတဲ့သူရဲ့ သီချင်းဆိုသံကြောင့် မီးဖိုထဲအလုပ်ရှုပ်နေတဲ့ မပိုးမွှေးတယောက် အိမ်ရှေ့ခန်းကိုထွက်အလာ..
         "မင်း ကြားလိုက်လား ငါဆိုနေတာ"
          "ကြားပါတယ်"
          သူတို့နှစ်ယောက်ရဲ့ တကမ္ဘာမခြားသေးတဲ့ ချစ်မျက်ဝန်းတွေကိုကြည့်ရင်း ရှင်လူကြီးရဲ့ လူမမာသတင်းမေး Mission အောင်မြင်ကြောင်း ရိပ်မိလိုက်ပါတယ်။
story#observation#shinlhu