Monday, May 20, 2019

သရော်စာ

SATIRE  (သရော်စာ)

"ဟယ်လို ညစ်ပတ်သောကမ္ဘာကြီး"

ရှင်လူ (ပြောလိုက်မယ်)

ဗလုံးရှုပ်ထွေးကမ္ဘာကြီးကား နေ့တိုင်းလိုလို ဗလုံးရှုပ်ထွေးကိစ္စတွေနဲ့ လည်ပတ်နေပါတယ်။ ခုပဲကြည့်လေ.. ကနေဒါကပို့လိုက်တဲ့ အမှိုက်သင်္ဘောကြောင့် ဖိလိပိုင်သမ္မတ ဒူတာတေးက စစ်ကြေငြာမတဲ့။
အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတဲ့ မြန်မာစကားပုံကို ဒူတာတေးက အတည်ပြုပေးချင်ပုံရတယ်။ ရှင်လူတို့ ဒူးတင်ပေါင်တင်ရပ်ကွက်မှာတော့ အမှိုက်ပစ်တယ်ဆိုတာ ရိုးရာယဉ်ကျေးမှုတခုသာသာလိုပါပဲ။
ခုထိတော့ အမှိုက်ကြောင့်စစ်ဖြစ်မယ့်အလားအလာတွေမတွေ့ရသေးပါဘူး။

ဒါပေမယ့် ရှင်လူတို့ဆီမှာ ပြည်တွင်းစစ်ကို ဦးတည်နေတဲ့ကိစ္စကတော့ ဒေသအတော်များများမှာ စက်ရုံ စီမံကိန်းတွေနဲ့ စီးပွားရေးရပ်ဝန်းတွေတည်ဆောက်ရာမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ အကြား တင်းမာမှုတွေက နေ့တိုင်းလိုကြားနေရပါတယ်။
ဒီကြားထဲ ဗိုလ်ချုပ်အောင်ဆန်းရုပ်တု ထားရေး မထားရေး ကိစ္စကလည်း တဖက်က အတင်းထားမယ်၊ တဖက်က ဖယ်ရှားမယ်နဲ့ အငြင်းပွား နေတဲ့ကိစ္စကလည်း ကြာလေတင်းလေ ပြဿနာပါ။

ရှင်လူကြီး အတွေးကောင်းနေတုန်းမှာပဲ တပည့်ကျော်ကြီး ပကိဏ်းလူတယောက် မျက်နှာကြီး နီရဲပြီး တရှူးရှူးတရှားရှားနဲ့ ရောက်လာပါတယ်..
"ဟယောင်..ဘာဖြစ်လာပြန်ပလဲ"

"ဘာဖြစ်ရမလဲ ဆရာရဲ့...ရွှေတိဂုံဘုရားက လုံခြုံရေးတွေပေါ့"

"ဟေ...လုံခြုံရေးတွေက မင်းကို ဘာလုပ်လိုက်လို့လဲ"

"ကျနော့ ဗေဒင်ဆရာက ရွှေတိဂုံဘုရား မွေးနံထောင့်မှာ ဆင်သက်စေ့..အဲလေ..ဆီးမီးသက်စေ့ လှူရမယ်ဆိုလို့ ဗေဒင်ခန်းကအပြန် ဘုရားပေါ်တက်တာ၊ ပေးမတက်ဘူးလေ"

"ဟ လူတိုင်းတက်နေတဲ့ ဘုရားပဲ၊ မင်းကျမှ ဘာလို့ တက်မရတာလဲ"
"ရှော့ပင် ပေါ့ဆရာ၊ ရှော့ပင်တို့ စကပ်တို့နဲ့ တက်လို့မရဘူးတဲ့၊ အဲဒါ သူတို့ဆီကပုဆိုးနဲ့လဲပြီးမှ တက်ရမတဲ့"

"ဒါဆို လဲ ပြီးတက်ပေါ့ကွာ၊ ဘာခက်တာမှတ်လို့"

"အာ ဆရာကလည်း ၊ ကျနော်က သူများအဝတ် ဝတ်တတ်တာမဟုတ်ဘူး၊ ဒါကျနော့အကျင့်ပဲ"

"ဒါဆို..အိမ်ကထွက်ကတည်းက ပုဆိုးနဲ့သွားပေါ့ကွာ"

"အင်း..ဆရာကလည်း လူမှုရေး အတော် အောက်တာပဲ၊ ပြောလိုက်ရင် အလွယ်ချည်းပဲ၊ ပုဆိုးတွေဈေးကြီးလို့ ကျနော်ငယ်ငယ်ကတည်းက ဘေထုပ်ရှော့ပင်နဲ့ လူလုပ်လာတာ ဗျ၊ ဘေထုပ်ရှော့ပင်က အတော်အတန် အသားကောင်းကောင်းလေးဆို တထောင့်ငါးရာ နှစ်ထောင်နဲ့ ရွေးတတ်ရင်ရတယ်၊ ပြီးတော့ ရာသီဥတုက ဒီလောက် ပူပြင်းနေတာ ရှော့ပင်နဲ့မှ ဥတုသပ္ပါယမျှ တော့မပေါ့"

"မင်းကတော့..ပြောလိုက်ရင် ဆင်ခြေဆင်လက်တွေ များပါ့ ပကိဏ်းရာ"

"ဆင်ခြေ ဆင်လက်မဟုတ်ဘူးဆရာ၊ ဒါ reasoning ဗျ ၊ လူဆိုတာ ကျိုးသင့်ကြောင်းသင့် ဆက်စပ်တွေးခေါ်တတ်ရတယ်၊ ဥပမာဗျာ...ထိုင်းက မြဘုရားတို့ အင်ဒိုက ဗောရောဗုဒ္ဓတို့ မှာရော ဒီလိုကန့်သတ်မှုတွေရှိလို့လား"

"ဒါတော့ကွာ ငါမှ မရောက်ဖူးပဲ"

"ဒါဖြင့် ဇေတဝန်ကျောင်းတော်ကြီးမှာရော၊ ဒီလိုစည်းကမ်းတွေကပ်ထားသလား"

"ဟေ့ယောင်...စကားမကပ်နဲ့ကွာ ၊ဇေတဝန်ကို မင်းရောငါရော ဘယ်ဂေါပကမှ မရောက်ဖူးဘူးကွ"

"ဒါဆို ဘုးရားရှင်ဆီ ပဋာစာရီလာတော့ စကပ်နဲ့လား၊ ဆာရီနဲ့လား"

"ဟယောင်..စာထဲမှာတော့ ပဋာစာရီဟာ အဝတ်မကပ်အောင်ရူးနေတာ..တဲ့၊ ဒါပေမယ့် ဇေတဝန်အကျိုးတော်ဆောင်တွေက
ဆာရီ အဟောင်းလေးဘာလေးရှာပြီးပတ်ပေးထားမှာပေါ့ကွာ"

"ဆရာ..ဗုဒ္ဓဝင် နဲ့ပတ်သက်ပြီးကျန်းဂန်အထောက်အထားမရှိပဲ စွတ်မပြောပါနဲ့ဗျာ၊ ဘုရားပွင့်တော်မူပြီးနောက် ပရဗိုရ်အမျိုးမျိုး ဘုရားဆီဝင်ထွက်နေတာ၊ ချွတ်ထိုက်သူတွေကို ချေချွတ်နေတာ၊ ဂျိန်းဘုန်းကြီး တွေလည်းဝင်ထွက်နေမှာပဲ"

"မင်းဟာကပ်သီးကပ်သပ်ကောင်ပဲ"

"ဆရာက ကပ်သပ်နေတာ၊ ဆရာ့သဘောအတိုင်းဆို ဂျိန်းဘုန်းကြီးတွေကို ဂျင်းဘောင်းဘီ ဝတ်ပေးအုံးမှာ"

"ဟယောင်...ငါ အဲ့လိုမပြောဘူးနော်၊
မင်းစကား ငါ့စကားလာမလုပ်နဲ့၊ နဂိုရ်ကမှ ဘာသာရေးကိစ္စ၊ဓလေ့ထုံးစံကိစ္စတွေကအကဲဆတ်နေတာ"

"ဟိုကိစ္စရော ဆရာကြားပြီးပလား"

"ဘယ်ကိစ္စလဲ"

"ထမီ ပန်းချီပြပွဲလေ"

"ဘာဖြစ်လို့လဲ"

"ပန်းချီဆရာက ထမီတွေကာပြီးInstallation လုပ်ထားတဲ့ ဦးခေါင်းပုံပြခန်းကို ဗုဒ္ဓ ဦးခေါင်းပုံကိုထမီနဲ့ပုံဖော်စော်ကားလို့ဆိုပြီး ပွက်လောညံနေတာ"

"အင်း ..တယောက်ရေးတာတော့ ဖတ်လိုက်ရတယ်၊ ဒီအစိုးရလက်ထက်မို့ ဒါမျိုးလုပ်လို့ရတာ..တဲ့"

"ဘာဆိုင်လို့လဲ ဆရာရဲ့၊ပန်းချီဆရာကိုယ်တိုင်က အမျိုးသမီး အရေး သရုပ်ဖော်တာမို့ အမျိုးသမီးတယောက် ဆံထုံးနဲ့ပုံကို ပုံဖော်ထားတယ်ဆိုတာ"

"ဒါတော့ သူ့အပြောကိုးကွ၊ ကြည့်တဲ့လူတွေကလည်း ဗုဒ္ဓမဏိတော်နဲ့တူနေတော့"

"အာ့လာပြောတာပေါ့၊ ဆရာပြောသလိုပြောရရင် ၊ ဗုဒ္ဓကို ဘယ်သူကများကိုယ်တိုင်မြင်ဖူးလို့ အတပ်စွဲရတာလဲ"

"ဟ..ကမ္ဘာ တဝှမ်းမှာ Image ရုပ်ပွားတော်တွေအများကြီးရှိတယ်လေ"

"ဟုတ်ပ ဆရာရယ်၊ကုလားထုတဲ့ရုပ်ပွားတော်ကကုလားမျက်နှာတော်၊တရုတ်ထုတဲ့ရုပ်ပွားတော်က တရုတ်မျက်နှာတော်၊ ဟို ကျိုက်မရောက မွန်တွေထုတဲ့ရုပ်ပွားတော်ကမွန်မျက်နှာတော်"

"ကဲ..ကဲ..တော်ပါတော့ ပကိဏ်းရယ်၊ တော်ကြာ ပြင်သစ်၊ဂျာမန်၊ အင်္ဂလန်တွေပါပါလာအုံးမယ်"

"ပြီးတော့ ထမီဆိုတာ ယုတ်တယ်၊ နိမ့်တယ်၊ ညစ်ပတ်တယ်တဲ့၊ အဲ့ဒီမိန်းမဆိုသူတွေကလည်း ဗိုက်ကြီးသည် လေထီးခုန်လို့မရဘူးလို့ ကဒါဖီးကပြောခဲ့ဖူးတာ"

"အဲ့ ဒီကဒါဖီးကပဲ အမျိုးသမီးတွေဟာ မိမိတို့ရဲ့ အခွင့်အရေးအတွက် ပြောရဲဆိုရဲ တိုက်ပွဲဝင်ရဲရမယ်လို့ နောက်ပိုင်းမှာပြောခဲ့တာ၊ ငါတော့ ဒီနေရာမှာ ဆရာကြီးစစ်ကိုင်း ဦးဘိုးသင်းစကားနဲ့ပဲ နိဂုံးချုပ် ချင်တယ်"
"လူမှန်ရင် လူညစ်ပတ်တွေချည်းပဲ..တဲ့"

"ဗျာ...ဆရာ့စကားက စိတ်ဝင်စားဖို့ကောင်းလာပြီ..လင်းပါအုံးဆရာရယ်"
"လူ ဆိုတာ ဒယ်ဒီနဲ့ မာမီ ညစ်ညစ်ပတ်ပတ်တွေလုပ်လို့ လူဖြစ်လာကြရတာတဲ့"

"ဗုဒ္ဓေါ...."

လူညစ်ပတ် ရှင်လူ

story#observation#shinlhu

No comments:

Post a Comment