Thursday, November 7, 2019

သရော်စာ

Ghost Politic (သို့မဟုတ်)
သူရဲနိုင်ငံရေး
💻👿💻😖💻👿💻😖
ရှင်လူ(မန်းမှုတ်သည်)

"​​ကျောင်းဖွင့်ချိန်...စိန်ပန်းတွေလဲ..ဟဲ  မြေမှာကျဲ့ပြန့်နေ..
ကံ့ကော်ပန်းတွေနဲ့အတူ..သူနဲ့တွေ့ရာမြေ..တက္ကသိုလ်သို့မဟုတ် မြကျွန်းသာအင်းယားကန်နယ်မြေ..."
ရှင်လူကြီး တယောက်ထဲ သီချင်းဆိုနေတုန်း တပည့်ကျော် ပကိဏ်းလူ သူ့စက်ဘီးလေးတွန်းရင်းခြံထဲဝင်လာပါတယ်။
"အောင်မယ်..ဆရာက မဆိုစဖူး
သီချင်းတွေဘာတွေဆိုလို့ ပါလား"
"သြော်...ပကိဏ်း ၊လာကွာ..
ထိုင်"
ရှင်လူက ပကိဏ်း ကို ခရီးဦးကြိုပြုရင်း တဆက်တည်း
"ဒီလိုကွ..ပကိဏ်းရ.. မင်းလည်းကြားပြီးရောပေါ့... ရန်ကုန်တက္ကသိုလ် ပတ်လမ်းကိစ္စ၊အဲ့ဒီကိစ္စကြောင့် တက္ကသိုလ် ဝန်းကျင်ကသစ်ပင်တွေ လက်မြန်ခြေမြန် ခုတ်ပစ်ကြတယ်ဆိုတော့ ငါ့မှာ စိန်ပန်ပင်ကြီးတွေကို အလိုလိုလွမ်းမိသွားတာပါ"
"ဟုတ်ဆရာ..ကြားပြီးပါပြီ၊
အတော်ဆိုးတဲ့လူတွေပဲ"
"အေး..မင်းပြောသလိုပဲ ဒီလူတွေ အတော်ဆိုးလွန်းပါတယ်။
တနေ့တနေ့.. အဲ့ဒီသတင်းတွေချည်းပဲ..ကြားကြားနေရတယ်၊
ဟို..အထက်ဘက်က ကျောင်းတကျောင်းမှာလည်း..သစ်ပင်တွေခုတ်ပစ်လို့..ရှစ်တန်းကျောင်းသူလေးတွေကိုသူရဲဝင်ပူးတယ်ဆိုတဲ့ ဗွီဒီယို ဖိုင်တောင်ကြည့်လိုက်ရသေးတယ်"
"ဟုတ်...ဆရာ၊အော်ကြ  ငိုကြနဲ့ ပွက်လောညံနေတာပဲ၊သစ်ပင်မှီခိုနေကြရတဲ့ သူရဲတွေ ဆန္ဒထုတ်ဖော်တယ်ပြောရမလားပဲ"
"အင်း..မင်းစကားကြားမှ..ငါ့ခေါင်းထဲ.. သံသယပွားစရာတွေတောင်ဝင်လာတယ်"
"ဘာများလဲဆရာ၊ဆရာက သူရဲတို့ ရုက္ခစိုးတို့မယုံလို့လား"
"မဟုတ်ဘူးကွ ပကိဏ်းရ၊ဒါတွေယုံတာမယုံတာနဲ့တော့မဆို
င်ပါဘူး၊ ငါတွေးမိတာက ဒီသူရဲတွေ အရင်စစ်အစိုးရလက်ထက်က ဘယ်ရောက်နေကြသလဲလို့ တွေးမိတာပါ"
"အမ်...ဘာလို့လဲဆရာရဲ့"
"မင်းကလည်း..တုံးပကွာ၊စစ်အစိုးရသက်တမ်းတခုလုံး သူပုန်ရော အစိုးရကပါ သစ်တွေဒီလောက်ခုတ်ရောင်းခဲ့တာ
တနိုင်ငံလုံးလည်း ပြောင်နေပြီ၊
အဲ့သူရဲတွေ အဲ့ချိန်က ဘယ်သွား သေနေကြလဲလို့ပါ၊တကယ်တော့ တို့နိုင်ငံမှာ အရှည်တွေးတတ်တဲ့ပညာရှင်ကြီးတွေ ခေတ်တိုင်းပေါ်ပေါက်ခဲ့ကြပါတယ်၊ယောမင်းကြီးကထားတော့နည်းနည်းဝေးနေလို့၊
တို့ရာစုထဲမှာပေါ်ခဲ့တဲ့ ဆရာဇော်ဂျီရဲ့ကဗျာလေး ကြည့်ပါအုံး
သစ်ပင်ကို တော်တော်ခုတ်ကြပါ
တောပြုတ်လိမ့် နောက်နောင်
တောပြုတ်လို့တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ ရေမကြွယ်
သဲပင်လယ် ဖြစ်လိမ့်မလွဲ..တဲ့ကွ။
"အင်း..ကောင်းလိုက်တဲ့ ကဗျာလေး၊ကိုယ့်ရေ ကိုယ့်မြေသယံဇာတကို ချစ်တတ်တဲ့
လူကြီးလူကောင်းဆန်လိုက်တာ"
"အဲဒါပဲကွ..ကဗျာဆရာပဲလုပ်လုပ်၊နိုင်ငံရေးသမားပဲ လုပ်လုပ်၊စီးပွားရေးသမားပဲလုပ်လုပ် ၊လူကြီးလူကောင်းဆန်ဖို့အရေးကြီးတာ၊နောင်ဖြစ်လာမယ့်အရေးတွေအထိ အရှည်မတွေးတတ်ရင် ဘာမှမလုပ်တာပဲကောင်းတယ်"
"တက္ကသိုလ် ပတ်လမ်းကိစ္စကတော့ လတ်တ​လောမှာ
ရပ်သွားပါပြီ ဆရာ။လုပ်ငန်းတွေယာယီရပ်ဆိုင်းထားဖို့
အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့
ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတို့သဘောတူလိုက်ပါပြီ"
"အေး..တော်သေးတယ်၊ နို့မို့
သူရဲတွေ အလုပ်ရှုပ်အုံးမယ်"
"မရှုပ်ပါဘူးဆရာရယ်၊ လူအလုပ်လူတွေလုပ်ရင် သူရဲတွေက အနေသာကြီး ပါ၊ဆရာပြောခဲ့သလိုပဲ စစ်အစိုးရအဆက်ဆက်လုပ်ခဲ့သမျှ
ကျနော်တို့ ၈ လေးလုံးအရေးတော်ပုံကြီးနဲ့ ဆန္ဒတွေထုတ်ဖော်ခဲ့လို့ သူရဲတွေလည်းသူရဲဒုက္ခသည်ခြုံဖုတ်တွေမှာ
အေးအေးလူလူထန်းရည်သောက်နေခဲ့ကြတာပါ"
"ဟားဟား..ပကိဏ်းဆိုတဲ့ကောင်၊ငါ့တပည့်ပြီသပါပေတယ်၊သမိုင်းကောက်ချက်ဆွဲတဲ့နေရာမှာတော့ အတော်ဟုတ်လာပြီ။ဒါပေမယ့် အတွေးဒေါင့်ဆိုတာ အဖက်ဖက်ကတွေးခေါ်တတ်ရတယ်ကွ။
တကယ်လို့ သူရဲတွေက ဒိုင်ခံပူးပေးရင် ငါတို့လူတွေ စစ်ရှောင်ဒုက္ခသည်စခန်းမှာ ဘီယာထိုင်မသောက်နေနိုင်ဘူးလား"
"တိန်..!!!"

ရှင်လူ

story#observation#shinlhu

Sunday, November 3, 2019

story

နေခြည်တယော
🍃🍃🚶🍃🍃🍃

ညက ဖွေးဖွေးသိမ့် က နံပြားသုံးချပ်ဝယ်ခဲ့ဖို့မှာထားလို့ 
မနက်စောစော "သန်းကြွယ်"
လက်ဖက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။ရှင်လူကြီးအလုပ်နဲ့နီးတဲ့မြင်သာစျေးမှတ်တိုင်ရှေ့
"သန်းကြွယ်"က နံပြားကိုဖွေးတို့ ကြိုက်ကြတယ်။စားပွဲထိုးလေးတွေကို နံပြားအော်ဒါမှာထားတုန်း ရှင်လူ့ ရှေ့ကစားပွဲမှာ ကိုတင်ရီ တို့ ဝင်ထိုင်တာတွေ့ရတယ်။ကိုတင်ရီဆိုတာ တယော ကိုတင်ရီ ပါ။ရှင်လူ့ထက် ၁၀ နှစ်လောက်ကြီးမှာပေါ့။ရှင်လူက ဒီလ ၂၉ ရက်ဆို ၆၆ နှစ်ပြည့်ပြီ။သူက ၇၀
ကျော်ပါပြီ။ တယောကိုတင်ရီလို့ အနုပညာလောကမှာ ထင်ရှားသူမို့ ကိုတင်ရီ လို့ပဲရေးလိုက်ပါတယ်။သူ့ဘေးမှာ 
သူနဲ့ မျက်နှာပေါက်ချင်းဆင်တဲ့ အသက် ၃၀ ကျော်လောက်
အမျိုးသမီးတယောက်ပါ ပါတယ်။ဟိုးတလောက တခေါက် ကြုံခဲ့တုန်းက နှုတ်မဆက်မိခဲ့။ဒီတခါတော့ ပက်ပင်းကြုံနေပြီမို့ "အကိုကြီး
နေကောင်းလား"လို့နှုတ်ဆက်လိုက်တယ်။တဆက်တည်း
"အကိုကြီးကတော့ ကျနော့ကို
မှတ်မိမှာမဟုတ်ဘူး၊ ၉၀ ခု
ရွေးကောက်ပွဲ အောင်နိုင်ရေး
ကိစ္စ တုန်းက အကိုကြီးနဲ့ဆုံဘူးတယ်"ဆိုတော့။ "ထိုင်ပါ..ဘာစားမလဲ"ဆိုပြီး ရှင်လူ့ကိုဖိတ်ခေါ်ပါတယ်။
"မစားတော့ဘူး အကိုကြီး၊
ကျနော် နံပြားလာဝယ် တာ"
ဆိုတော့ "လက်ဖက်ရည်လောက်တော့ သောက်သွားပါအုံး"ဆိုတာနဲ့ စားပွဲထိုးလေးကို
လက်ဖက်ရည် တခွက်မှာလိုက်ပါတယ်။
"အင်တာနက်ထဲ မှာတွေ့တယ်၊
အကိုကြီး ကလေးတွေကိုတယောသင်ပေးနေတာ"
"ဟုတ်တယ်၊ကလေး လူကြီးအရွယ်စုံ သင်တယ်"
"ဟုတ်ကဲ့ ဒီမြင်သာထဲမှာပဲမဟုတ်လား"
"ဟုတ်တယ်၊စျေးအနောက်ဘက် ၄ လမ်း၊သုံးလွှာမှာ၊ 119"
"ဟုတ်ကဲ့.. သင်တန်းတက်ချင်သူရှိရင်ပြောပြလို့ရတာပေါ့"
အမှန်တော့ fb ပေါ်မှာ ကိုတင်ရီ
ကလေးတွေကိုသင်တန်းပေးနေတဲ့ပုံ တွေ့ပြီးကတည်းက
ရှင်လူကြီးစိတ်ဝင်စားနေတာ။
အကြောင်းကတော့ ဖွေးဖွေးသိမ့်ကိစ္စပဲ။ ဖွေးဖွေးသိမ့်ကို တယောသင်ပေးရင်ကောင်းမလား ရှင်လူကြီး စဥ်းစားနေတာကြာပြီ။
အရင်ကတော့ ဒီကလေးမကို
တိုက်ကွမ်ဒို သင်တန်းပို့ချင်ခဲ့တာ။ အခု ၅ နှစ်ကျော်လာ​​တော့ဖွေးတယောက် လက်စွမ်း ခြေစွမ်းတွေပြလာတယ်။သူ့လက်သီးချက်တွေကြောင့် ရှင်လူကြီး မေးရိုးတွေလည်းကျိန်းနေပြီ။ဖွေးကို တိုက်ကွမ်ဒိုသာသင်ပေးလိုက်လို့ကတော့ ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်နေမယ်။တယောသင်တာပဲကောင်းမယ်။
"အိမ်ရောင်းပြီး သားသမီးတွေကို အမွေခွဲပေးလိုက်ပြီ"
"ဟုတ်ကဲ့"
"ခု သူနဲ့ပဲနေတယ်၊ ဒီနေရာ သိတ်တော့မကြိုက်ဘူး၊ နေရာပြောင်းရအုံးမယ်"
"ဟုတ်ကဲ့၊ အသက်ကြီးလာရင်
နေရာလည်း အရေးကြီးပါတယ်"
ဒီလိုနဲ့ အရင် ကိုတင်ရီနေခဲ့တဲ့ ၃ ရပ်ကွက်အကြောင်းကအစ၊
တောင်ဥက္ကလာထဲက ရပ်ကွက်တွေအကြောင်းပြောမိကြတယ်။နံပြားအော်ဒါသုံးချပ်ရောက်လာတော့ ဘေးက 
အမျိုးသမီးက လက်ဦးအောင်
နံပြားဖိုးပေးလိုက်တယ်။ရှင်လူလည်း အားနာတာနဲ့ လက်ဖက်ရည်ဝိုင်းကျရင်အရင်ရှင်းနိုင်ဖို့ ပိုက်ဆံအိတ်ကို
စားပွဲပေါ်အသင့်တင်ထားလိုက်တယ်။ဒါပေမယ့် တကယ်ရှင်းတော့ အရှင်းမခံဘူး။အကိုကြီး
ကိုတင်ရီတို့ကပဲအတင်း ရှင်းသွားတယ်။ရှင်လူလည်းအားနာနာနဲ့ မတ်တပ်ထရပ်လိုက် ရင်း
စိတ်ထဲက ဒီမိန်းကလေးဟာ သမီးအကြီးလား၊အငယ်လားသိချင်တာကြောင့် လက်ညွှန်ရင်း
"သမီးလား"မေးလိုက်တော့
"မိန်းမ"တဲ့
ရှင်လူ အရမ်းအားနာသွားမိတယ်။အမှန်တော့ မမေးသင့်တဲ့မေးခွန်း။ကိုယ်ကသားသမီးမရှိ တကောင်ကြွက်မို့ သူ့မှာဖေးမမယ့်အဖော်ပါတာ ဝမ်းသာပြီး မေးလိုက်မိတာ။
"သြော်...ဆောရီးနော်၊ မျက်နှာပေါက်ချင်းဆင်နေလို့၊
ကောင်းပါတယ်၊ ဘဝမှာ အဖော်ဆိုတာ လိုအပ်တာပဲ၊
ကျနော်တောင် အခြေခံ မရှိလို့၊
ရည်းစားပဲထားတယ်..ဟဲဟဲ"
ရှင်လူကြီးလည်း စကားတွေရောကောသောကောနဲ့ အရွှမ်းဖောက်သလိုလုပ်ပြီး ထလစ်လာခဲ့ရတယ်။ဘတ်စ်ကားပေါ်ရောက်မှ တွေးတွေးပြီး ကိုတင်ရီတို့စုံဲတွဲကို အားနာနေမိတယ်။
ရှင်လူ့မမ ရှိစဥ်က လင်မယားနှစ်ယောက် မနက်တိုင်းလက်ဖက်ရည်ဆိုင်အတူထိုင်နေကျ အကျင့်ရှိတယ်။အဲဒါ
ရှင်လူ့ အဖေရှင်လူ့အိမ်မှာတပတ်လောက်လာနေတော့
မိန်းမကိုလက်ဖက်ရည်ဆိုင်ခေါ်လို့မရတော့ဘူး။ပထမတော့ အကုန်အကျများမစိုးလို့နေခဲ့တာထင်တာ။နောက်..အဖေပြန်သွားမှ ဘဝင်မကျလို့ အတင်းချော့မော့မေးမှ အဖြစ်မှန်သိရတယ်။ ရှင်လူ့မမက ရှင်လူ့ထက် ၁၆နှစ်ကြီးတယ်။လက်ဖက်ရည်ဆိုင်မှာ ဒီသုံးယောက်အတူထိုင်ရင် ရှင်လူ့အဖေနဲ့သူနဲ့ကို ဘေးကလင်မယားထင်ပြီး၊ ရှင်လူ့ကိုသူတို့သားလို့အထင်ခံရမှာမမအဇမ်းအဇမ်းကြောက်ခဲ့တယ်။
အင်း..တကယ်တော့ တချို့ဘဝတွေဟာ သူ့ဟာနဲ့သူတော့ သာသာယာယာပဲ။ခုမနက်ခင်းလိုနေခြည် နွေးနွေးအောက်မှာ တောက်ပလို့ပေါ့။
ဘေးဘီက အထင်အမြင်တွေကြောင့် အကျည်းမတန်စေသင့်ဘူးလေ...
story#observation #shinlhu