Wednesday, March 11, 2020

ကဗျာ

စိတ်​၏ ရုပ်​တုများ
🗽🎠🗽🎭🗿
ညိုမြသွေး

​ဟောဒီ ကမ္ဘာကြီးမှာ
ချို ဖန်​ စပ်​ ခါး သစ်​သီးဝလံ​တွေ​ပေါများဖို့ 
ဥတုသပ္ပါယ လိုအပ်
ဆန္ဒ​တွေလည်းလိုအပ်​
ချစ်​တတ်​တဲ့လူ​တွေက​တော့
ပိုပြီးလိုအပ်​တာ​ပေါ့ကွာ

မျက်​ရည်စက်တွေကိုခါထုတ်​လိုက်​ပြီး
လှလှပပ သူပြုံးတယ်​
​လောကဟာ
​နေ​ရောင်​မရရင်​​တောင်​
ကြယ်​​ရောင်​ လ​ရောင်​​တော့ရှိသင့်တယ်​
ဟုတ်​လား...ဖ​ယောင်းတိုင်​​လေး​ရေ

အမုန်းတွေ စစ်​ပွဲ​တွေ ရပ်​တန့်ဖို့က
နှလုံးသားလှလှ​လေးနည်းနည်းနဲ့လူနည်းနည်းပဲလိုအပ်​တာပါ
နားလည်​ရခက်​တဲ့
မ​တော်​​လောဘများ လိမ္မာပါ​စေ

အပြုံး ဆိုတာ
လူမှု​ရေးအရ လိုအပ်​
ငြိမ်းချမ်းဖို့ အဆင်​​ပြေဖို့
သံခင်းတမန်​ခင်း အပြုံး
ရင်းနှီးဖို့ ယုံကြည်​ဖို့
နှစ်​လိုဖွယ်​ အပြုံး
မ​ကြေလည်​တာ​တွေ
အကြိုက်​မတူတာ​တွေ အတွက်​က
သ​ရော်​ပြုံး
မခံသာဘွယ်​ ဖိအား​တွေကျ​တော့
မချိပြုံး
မျက်​နှာ​ပေါ်မှာ
အပြုံး အတွက်​
ဘတ်​ဂျက်​ မကျန်​တဲ့အခါမျိုးမှာ
ရှုတည်​တည်​ မျက်​နှာထားနဲ့
ခင်​ဗျား​ရှေ့က ဖြတ်​သွားမိတဲ့အခါ
ခွင့်လွှတ်​ပါ မိတ်​​ဆွေ
တကယ်​​တော့ လူ့အဖြစ်​မှာ
အပြုံးထက်​ အ​ရေးပါတဲ့
ဃာရာဝါသ ကိစ္စ​တွေလည်း
လူတိုင်းကိုယ်​စီ ရှိတတ်​ပါတယ်..
ခတ်​​ပေါ​ပေါ ဟာသကားကြည့်ပြီး
အမြဲ ပြုံးနေဖို့က​တော့
ကျွန်ုပ်​ မတတ်​နိုင်​ပါ

တဘဝစာ အလွဲများကို Edit လုပ်​တဲ့အခါ
အပိုဆာဒါး စကားလုံးများနဲ့
အရည်​မရ အဖတ်​မရ ပ​ရောပရီမှုများ
အချည်းနှီးမဲ့ စိတ်​ရူးမြူးတူးမှုများက
ကိုယ့်​ဘာသာ ​အော့နှလုံးနာ​လောက်​​အောင်​ ​တောထ...
ဆင်​ခြင်​တုံတရားသာ နည်းခဲ့ရင်​
တ​ကောင်​လုံး ပုပ်​ခဲ့မှာ ​သေချာ

​ရေချိန်​လွန်​အရက်​လိုပဲ
မျိုလို့မရ ​ထွေးလို့မရ မိတ်​​ဆွေများ
​ဒေါသမဖြစ်​ချင်​ဘူး
​ဒေါသမူစိတ်​ဟာ
ပဋိဃသမ္ပယုတ်​ အကုသိုလ်​
သူလုပ်​သမျှ မဟုတ်​က ဟုတ်​က
သူ​ပြောသမျှ မကြားဝံ့မနာသာများ

ကိ​လေသာနဲ့ လက်​ထပ်​ထိမ်းမြားပြီးကိ​လေသာကို ​နေ့တိုင်းရန်​လုပ်
ကိ​လေသာ​ကြောင့်ပဲ
ဘဝတခုလုံး ကံဆိုးမိုး​မှောင်​ကျ​နေသ​ယောင်​
တကယ့်တကယ်​ကျ
ပြတ်​လည်းမပြတ်​စဲရဲ

သိဒ္ဓတ္တကို အားကျသလိုနဲ့
သိဒ္ဓတ္တလိုလည်းသတ္တိမရှိ
သိဒ္ဓတ္တယောင်​​ယောင်​
အာ​ဘောင်​အာရင်းကသန်​​သေး
(ကိုယ့်ကိုယ်​ကို ​ပြောပါတယ်​)

၆၅ နှစ်​ဆိုတာ
ကိုယ့်မ​ကောင်းမှု​တွေကို​တော့
အကုန်​သိ​လောက်​ပြီ...
ဒါမှမသိ​သေးဘူးဆိုရင်​
​နောက်​ထပ်​ ၆၅ နှစ်​​နေကြည့်
ဖို့​တော့
သိတ်​မလိုအပ်​ဘူးထင်​တာပဲ

ဗုဒ္ဓ ​ဒေသနာကို
သံ​ယောင်​လိုက်​
ဟန်​​ဆောင်​ကြိုက်​
ကံ​ကောင်​ကိုက်​ပြီး သံသရာလည်

မ​ပြောခဲ့ရတဲ့စကား​တွေက
​တောင်​ကျ​ရေလို
ဒလ​ဟော ပြိုကျလာတယ်​
​ရေကြည်​​ရေသန့်တော့
ဘယ်​ရနိုင်​မလဲ
အမှိုက်​သရိုက်​ အညစ်​အ​ကြေးနဲ့
​ဘေးအန္တရာယ်​​တွေ​မျောလာတဲ့
​ရေစီးထဲပါမသွား​အောင်​
တ​ယောက်​လက်​တ​ယောက်​ဆွဲရင်း
မြဲမြဲမြန်​မြန်​ ခုခံကြမယ်​

သတ်​မှတ်​ယာဉ်​​ကျောအတိုင်း
မောင်းတတ်​လို့ ...
အပိန်​အချိုင့်တွေများလွန်းတယ်​
အမူအကျင့်ကို ပြင်​ဖို့ စဉ်းစားတိုင်း
ဒီ​ခေါင်းက မာလွန်းတယ်
​ဘော်​ဒီကို ပြန်​ထုဖို့ လိုချင်​လိုမယ်​
အင်ဂျင်က​တော့ ​ဒေါင်​​ဒေါင်​မြည်​

တသက်​လုံး
သွားဖြဲပြခဲ့​တော့
ဟဲဟဲ..ဟဲဟဲ နဲ့ အဆင်​​ပြေ
တခါ​လေး အသဲဖြဲပြလိုက်​တာ
ခါကာဘိုရာဇီက ​ရေခဲ​တောင်​ကြီးပြိုသလို
တခါတည်းပွဲချင်းပြီး...
​အေးက​ရော

အဖြစ်​​တွေမှာ သာယာပြီး
အပျက်​​တွေမှာ နာကျင်​ရင်း
သက္ကရာဇ်က
၂၀၁၈ ထဲချဉ်းနင်းခဲ့
အရက်​သမားတ​ယောက်​
မစို့မပို့​သောက်​ပြီး
ဟိုမ​ရောက်​ ဒီမ​ရောက်​ဆို
မြင်​မြင်​ကရာ ပတ်​ရမ်း
ဆဲချင်​ ကြမ်းချင်​ အစွမ်းပြချင်...​
အဲ...​ရေချိန်​လွန်​သွားလို့က​တော့
ဘယ်သူလာ ပါးရိုက်ရိုက်
သူပြန်​​ပြောနိုင်​တာက​တော့
ဂွတ်​ဒနိုက်​ပါပဲ...
ခု​တော့
ခင်​ဗျားတို့ မိတ်​​ဆွေ
ကဗျာ​ရေချိန်​လွန်​ခဲ့ပြီ
အားလုံး ဂွတ်​ဒနိုက်​ပါ..

ရာသီ​ပြောင်းချိန်​မှာ
စိတ်​ထဲ သရိုးသရီ
ပုံပန်းဖမ်းမရ​တော့တဲ့
အတိတ်​က ချစ်​သူများကို လွမ်းသလိုလို
အမ်မာ..ဒီရုပ်ဒီနာမ်
ဒီခန္ဓာကြီးက
လွမ်းတတ်​သူလိုလို

ငါက ပုံမှန်​ပါပဲ
Lodipin 5 mg
Synervit(အာရုံ​ကြော)
Vitahome(အား​ဆေး)
Arcalion(ဦး​နှောက်​)
အစာအိမ်​ဆေးနဲ့ အကိုက်​အခဲ​ပျောက်​​ဆေးက တခါတရံ
ငါက ပုံမှန်​တ​ယောက်​ပါပဲ​

သဘာဝပတ်​ဝန်းကျင်ထိန်းသိမ်းဖို့
လိုအပ်​သလို
တလွဲဘုရား​တွေလည်း
ခဏ ခဏ  မပွင့်ဖို့လိုတယ်​
ဘိန်းပန်းကသူ့အလိုလိုလှ​နေပြီး
​လောဘက အကျည်းတန်​​နေတာပါ
​ငွေနဲ့တည်​​ဆောက်​ထားတဲ့ နန်းတော်တွေ ​မပြိုပျက်​သ၍
​မေတ္တာ တဲကုပ်​​တွေ ​ရေတိမ်နစ်​​နေအုံးမှာ..

ပြက်လုံးကမရယ်ရဘဲ
လွမ်းခန်းက ရယ်​ရတာ တအား
ထ ကားယား ထိုင်​ ကားယားနဲ့
အချိန်​က ​စေ့သွားတာမျိုး​
သမ်းချင်​​ဝေချင်​တာ​တောင်​
ဟန်​​ဆောင်​ ပန်​​ဆောင်​မတ်​​​နေရ
သံကူကွန်​ကရစ်​လည်​​ချောင်း
ကြီး​တွေ
အားလည်းမရ အားလည်းမကျ
မြန်​မာအိုက်​​ဒေါသာ ဝင်​ပြိုင်​လိုက်​ချင်​​ 
ဆုတခုခု မရ​တောင်​
သုခုမ​တော့ အဖတ်​တင်​မယ်​

ငမိုးရိပ်​ကမ်းခြေက
​လေညင်းရှပ်​တိုက်​လှိုင်း
ပြေး​လေး​တွေက
မစ္စစ်​စပီထိ​အောင်​​ရောက်​သတဲ့လား
Butterfly effect ဟာ တိုး​ကြောင်​က​လေးကစပြီး
ကိုလိုရာဒိုမှာ ဆုံးသလား
အတိအကျ ငါမ​ပြောနိုင်​ခဲ့​ပေမဲ့
ငါတို့ရဲ့ စိတ္တဇ ရုပ်​များ
ခုငိုလိုက်ခုရီလိုက့်
သမုဒယနဲ့ ဒုက္ခကို အချိုးညီညီ ​ရော​မွှေလို့မှ မပြီးဆုံး​သေးခင်​က​လေးမှာ
ဗီဇာက သက်​တမ်းတိုး ဖို့ ရမရ
ဒါလည်းသိတ်​​တော့မ​သေချာ

အ​မှောင်​ဖုံးတာမဟုတ်​ဘူး
အဖုံးက​မှောင်​​နေတာ...
စကားလုံး​တွေကို
ဖဲထုပ်လို
ကုလားဖန်​ထိုး​နေရတာနဲ့ပဲ
ကိုယ်​လိုက်​ရမယ့်ရထားက
ထွက်​သွားနှင့်ပြီ...

အသက်​ကြီးလာတယ်​ဆိုတာ
ဒီကမ္ဘာပေါ်မှာ ကိုယ်​​နေရမယ့်
အချိန်​​တွေ နည်းနည်းလာတာ...
အပိုဆာဒါး 
မဟားဒယား​ကြော်​ငြာ​တွေ
ဆင့်ဟိုဒင်းအနာလုပ်​တဲ့
ဗရုတ်​ဗယက်​သတင််းတွေနဲ့ အပျင်းမ​ဖြေနိုင်တော့ ​ဘူးထင်​ရဲ့
ဖြစ်​နိုင်​ရင်​​တော့
နှလုံးသားထဲမှာ အ​ခြေတကျ
စစ်​​မဲ့ဇုံ​လေးတခု​ ထားသွားချင်​တယ်​

ပြုံးပြ
လက်​ဆွဲနှုတ်​ဆက်​
စကားလုံး​ဝေါဟာရ​တွေဖလှယ်​
ဟိုမှာက အသက်​​တွေဆန့်ငင်​ ဆန့်ငင်​
ခင်​ဗျားတို့ချင်းပြုံးပြ​နေရုံနဲ့
စစ်​ပွဲ​တွေ ရပ်​တန့်မသွားဘူး
တန်​ဖိုးနည်းအပြုံး​တွေနဲ့
ဗိုင်းရပ်​စ်​ဝင်​ စကားလုံး​တွေ ပြင်​ဆင်​ပါ

ကမ္ဘာ့အ​ရေးပါဆုံး ဆိုတဲ့ 
နိုင်ငံ့ခေါင်းဆာင်ကြီး​တွေ
တို့ ရွာ​ကျောင်းကဆရာ​တော်​​လောက်​
မင်္ဂလာ့သုတ်​မ​ကျေကြ...​
တချို့ ကိုယ်​​တော်​​တွေကျ​တော့လည်း
အီရန်​သမ္မတနဲ့ ရုပ်​ချင်းကခပ်​ဆင်​ဆင်ရယ်​​
လမ်းထိပ်​ဓမ္မာရုံက
ဘိက္ခုနံ ပဉ္စဝဂ္ဂီ သံမကြားရဘဲ
ငါတို့အရိုး စည်းရိုးထိုးသံဖွင့်နေမှ​တော့ 
ဓမ္မာရုံဟိုဘက်က
ဘီယာဆိုင်​​ရောက်​ခဲ့တာ
တပည့်တော်​ကို ``နင့်ထိုက်​နဲ့နင့်ကံလို့သာ´´
ပစ်​ထားလိုက်​ပါ​တော့ အရှင်​ဘုရား...

ရယ်မောစရာတွေကို
ရေခဲသေတ္တာထဲထည့်ပြီး
စိတ်ကြိုက်ပြန်နွှေးစားနိုင်သူကတော့
မိုးပဲခေါင်ခေါင် မြစ်ပဲကောကော
နိုးပရော်ဘလမ်ပေါ့ ဘဒ်ဒီ

ဘီယာဆိုင်ဆိုတာ
ညနေခင်းရဲ့ စကားသံတွေစုဝေးရာ
လူငယ်တွေနဲ့ ခွက်ချင်းတိုက်ပြီး
အိပ်ငိုက်နေတဲ့ အဲ့ဒီခေါင်းဖြူကြီးဟာ
ငါပေါ့..

ပေါချောင်ကောင်းတရားနဲ့
``သုဂတိ ဟိုတယ်´´မှာ 
အပျော်ကြူးခဲ့ နေ့ရက်များ
မိတ်ဆွေတို့ရေ
သံသရာဆိုတာ
ထင်ထားသလောက်လည်း ရှည်ချင်မှ
ရှည်တတ်တာမျိုးပါ

ဒုက္ခတွေ အပြွတ်လိုက်
သီးနေ ပွင့်နေတာတောင်
ပီတိနဲ့ အပြုံးမပျက် ငါတို့
ချဥ် ဖန် စပ် ခါး
ရသာလေးပါး စုံရင်
ဆေးဖက်လည်းဝင်ခဲ့ပြီ

နေကြာပန်းတွေလို
နေရှိရာမျက်နှာမူခဲ့ကြ
အပေါစား အရက်နဲ့
မူးရီခဲ့ ညနေခင်းများ
အိပ်တန်းပြန်ချိန်မသိ
ညဥ့်နက် သန်းခေါင်မသိ
လင်းကြက်တွန်သံ တိုင်အောင်
ငါတို့ကဗျာတွေကို 
ပရိတ်လို ရွတ်ဖတ်ခဲ့ကြ
မေးရိုးတွေ ခိုင်မာခဲ့ကြ
လွမ်း ပ...

ခုတော့
စစ်တလင်းထဲမှာ
ကျဆုံးသူတွေရဲ့ အလောင်းတွေ
သွေးအလိမ်းလိမ်း
အဆိုးဆုံးကတော့ 
မသေပဲ ရူးကျန်နေတဲ့
ကြောင်စီစီ မျက်လုံးများ
တချို့က အံကိုတင်းတင်းကြိတ်လို့
တချို့က လက်သီးလက်မောင်းတန်းလို့
နေဝင်လုလု မြင်ကွင်းဟာ
ပျို့ချင် အန်ချင်စရာ

ညိုမြသွေး

photo:credit

Tuesday, March 10, 2020

ကဗျာ

ဆောင်းရုပ်ကြွင်း

🎵🍡♥♥🍢🎵

ညိုမြသွေး


ထမင်းဟင်းတွေက

အိုးထဲက ထွက်မလာဘဲ

ကျွတ်ကျွတ်အိတ်တွေထဲကထွက်ထွက်လာတယ်

ပိုးဟပ်တွေ ကြွက်တွေနဲ့

ဖုန်မှုန့်တွေက ငါ့ကို မခန့်လေးစား ပြုလို့...

အဝတ်ကြိုးတန်းဟာ

တိမ်တိုက်ကြီးတွေနဲ့ ပိုပြီးတူတူလာတယ်

မင်းမရှိတဲ့ဆောင်းဟာ

ဆယ်ခါမကတော့ပြီ

အလွမ်းဆိုတာ မှီခိုချင်တဲ့စိတ်လား

တခါတခါ တွေးမိပါရဲ့

အချစ်လည်း ဖြစ်ချင်ဖြစ်နိုင်တာပဲလေ

ဒီလို  ညင်ညင်သာသာအတွေးတွေနဲ့ပဲ

တဆောင်းပြီးတဆောင်းသစ်ခဲ့


ညိုမြသွေး

Poem#observation #shinlhu

Monday, March 9, 2020

story

မျက်စိခွဲထားတဲ့ သုခကုသိုလ်ဖြစ်ဆေးခန်းက ဒေါက်တာ
ချိုချိုလှိုင်က ဖေဖော်ဝါရီ ၂၂
ရက်နေ့က ရှင်လူ့မျက်စိကို
စစ်ဆေးကြည့်ရှုအပြီး Dn မျက်စဥ်း နှစ်ပတ်ဆက်ခပ်ပြီးရင်
မျက်စိစမ်းတော့ ဆိုထားလေတော့ နှစ်ပတ်ပြည့်တဲ့ ဇန်နဝါရီ
၆ ရက်နေ့မှာ ပဲ ရှင်လူတို့ TET
ကုမ္ပဏီ နဲ့ သိတ်မဝေးတဲ့ သထုံ
မျက်စိအထူးကုဆေးခန်း နဲ့မျက်မှန်ဆိုင်ကြီးကိုပဲလာခဲ့တယ်။ဒီအချိန်မှာ ဖွေးဖွေးသိမ့်တို့အခန်းကိုရောက်နေတဲ့ ဖွေးရဲ့တီတီလေး ပန်းအိဖြူကရှင်လူနဲ့ အဖော်လိုက်ပေးမယ်ဆိုပြီး လိုက်လာခဲ့တယ်။သူက
ရွှေပြည်သာကဂျုပီတာမျက်မှန်ဆိုင်မှာလုပ်တာဆိုတော့ မျက်မှန်အကြောင်းနားလည်တယ်လေ။အဲဒါဆိုင်ရောက်တော့ မျက်စိစမ်းပြီးမျက်မှန်အပ်ဖို့လုပ်တော့သူပဲဦးဆောင်ပြီး အမျိုးအစားနဲ့တန်ဖိုးတွေစူးစမ်းလေရဲ့။
ရှင်လူက ငွေကုန်မခံနိုင်တော့
မျက်စိမခွဲခင်ကမျက်မှန်ကိုင်းနဲ့ပဲ တသောင်းဝန်းကျင်မှန်လေးလဲလိုက်မယ်ကြံထားတာ..
သူလျှောက်မေးနေတော့မှပဲ
Blue Rays ကာကွယ်တဲ့မှန်ဆိုတာကြားဖူးပါလေရော။
တနေ့ကလည်းသူပြောလို့ 
Multi focal ဆိုတာကြားပြီးပြီ။
အဲ့ဒီ Blue Rays ကာကွယ်တဲ့
မှန်က ရှင်လူတို့လို ဖုန်းနဲ့စာရေးတဲ့သူ၊အင်တာနက်သုံး၊ကွန်ပျူတာသုံးသူတွေအတွက်ကောင်းသတဲ့။ဒါနဲ့ ပန်းအိဖြူနဲ့တိုင်ပင်ရင်း အဲဒီသုံးသောင်းတန်မှန်အပ်ဖြစ်သွားတယ်။
မျက်မှန်အရောင်းသမားလေးတယောက်က ဆီလီကွန်နှာသီးလဲလိုက်ပါလားအကြံပေးတော့စိတ်ဝင်စားပြန်ကရော၊ အရင်ကရှင်လူသိတဲ့ဆီလီကွန်က
မမတွေ ဖြိုးဖြိုးရွှေရင်ဖြစ်အောင်ခွဲစိတ်ပြီးထည့်ရတဲ့ဟာပဲသိတာ ခုလိုမျက်မှန်နှာသီးဆီလီကွန်ဆိုတော့ လဲလိုက်ကွာ..
ပေါ့။ထင်မှတ်မထားပဲ ​ချွေတာမယ်ကြံကာမှ မျက်စိစမ်းသပ်ခက၂၅၀၀ကျပ်၊ဆီလီကွန်နှာ
သီးလဲခ ၁၅၀၀ကျပ်၊Blue Rays
ကာမှန်က ၃၀၀၀၀ကျပ်။
စုစုပေါင်း ၃၄၀၀၀ကျပ်ထိသွားပြီ။ဒါတောင်ကိုင်းဟောင်းပြန်သုံးလို့နော်။အဲဒါ နောက်နေ့
မျက်မှန်သွားရွေးတော့ မမပန်းအိဖြူသင်ပေးထားတာသတိရတယ်။Blue Rays စမ်းပြပါလို့ခိုင်း...တဲ့။ဟဲ့..ကွကိုယ်ဓာတ်မီးနဲ့ထိုးကြည့်မှာပေါ့..ဆိုတော့ ရှင်လူ....ကလည်း တုံးလိုက်တာ ဓာတ်မီးနဲ့တော့ ပေါက်တာပေါ့...တဲ့။
ဒါနဲ့ အရောင်းသမားလေးကို 
Blue Rays ကဘယ်လိုစမ်းရလဲမေးတော့ ကောင်လေးကဆော့ပင်သာသာ ကိရိယာလေးယူလာပြီးစမ်းပြတယ်။အောက်ကစက္ကူပေါ်ထိုးကြည့်တော့ အပြာစက်ကလေးထင်ပေမယ့် မျက်မှန်ပေါ်ဖြတ်ထိုးတော့အပြာစက်မပေါ်တော့ဘူး။
ရှင်လူကိုယ်တိုင်ယူပြီးထိုးကြည့်တော့လည်း အိုစကေတယ်။
ကဲ...မျက်မှန်ကြော်ငြာ ဆဲလဖီဆွဲပြီး fb တင်လိုက်တယ်။
နောက်တနှစ်နေလို့ မရှောသေးဘူးဆိုရင် ညက်မန်ကလဲရအုံးမှာ။အဲ့အခါကျရင်တော့
Multi focalပဲ...
story#observation #shinlhu

Saturday, March 7, 2020

story

တတိယမျက်လုံး
🎵🍡♥♥🍢🎵
တတိယမျက်လုံး ဆိုလို့ တိဘက်က ဒလိုင်းလာမာကြီးတွေရဲ့ Chakras ကျင့်စဥ်က တတိယမျက်လုံးလို့မထင်လိုက်ပါနဲ့။
ရှင်လူကြီးမှာ မိဘတွေမွေးပေးလိုက်ကတည်းက အများနည်းတူ မျက်လုံးနှစ်လုံးပါခဲ့ပါတယ်။အဲဒါ အခု ရှင်လူကြီး အသက် ၆၇ နှစ်ထဲရောက်လာတော့ ညာဘက်မျက်လုံးဟာ အတွင်းတိမ်ကြောင့် ဝေဝေဝါးဝါးဖြစ်လာခဲ့ပါပြီ။သတင်းစာတောင်ကြာကြာမဖတ်နိုင်။ဖတ်ရင်း အမြင်တွေဝါးလာလို့ ပြန်ချထားလိုက်ရတာလည်း အကြိမ်ကြိမ်။
ဒီအကြောင်းကို မိတ်ဆွေတွေကိုပြောပြမိတော့ ညီ ကဗျာဆရာတယောက်က ဟိုဟိုဒီဒီ ဖုန်းဆက်စုံစမ်းပြီး
အကိုကြီး ကိုကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခ ကုသိုလ်ဖြစ်ဆေးခန်းမှာခွဲလို့ရတယ် ၊သွားပြပါလို့တိုက်တွန်းပါတယ်။သူတိုက်တွန်းပေမယ့် ရှင်လူ့မှာ
ငွေရေးကြေး ရေးပြဿနာအပြင် သွားရလာရဗာဟိယတွေလည်းကြောက်တာကြောင့် အချိန်ဆွဲလာလိုက်တာ ၂၀၂၀ထဲရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ၂၀၂၀ ဇန္နဝါရီလ
နောက်ဆုံးအပတ် စနေနေ့မှာတော့ သုခကုသိုလ်ဖြစ်ဆေးခန်းကိုရှင်လူရောက်လာခဲ့ပါတယ်။ဒီလိုပဲ ခင်ရာမင်ရာသမီးတယောက်က ရှင်လူ့အတွက် ဆေးစာအုပ်ကအစကူညီလုပ်ကိုင်ပေးတာကြောင့်
နောက်ဆုံးမှာ ဒေါက်တာချိုချိုလှိုင်နဲ့ စမ်းသပ်ဖြစ်ပါတယ်။
ဒေါက့်တာက ရှင်လူ့မျက်စိကို
စမ်းသပ်စစ်ဆေးပြီး ခွဲမလားလို့ တခွန်းထဲမေးတော့ ရှင်လူကလည်းခွဲမယ်လို့တခွန်းထဲပြန်ဖြေလိုက်ပါတယ်။ဒေါက်တာက ဆေးမှတ်တမ်းစားအုပ်ကိုအနားက ဆရာမလေးလက်ထဲထည့်ပြီးရှင်လူ့ကိုလွှဲပေးလိုက်တာကြောင့် ဆရာမလေးနောက်လိုက်သွားပြီး သွေးပေါင်ချိန်၊ သွေးစစ်၊မျက်စိအတွက် စက်ကိရိယာတွေနဲ့ စစ်ဆေးတာတွေတခါတည်းလုပ်ဆောင်ပေးပါတယ်။
ဆရာမလေးက ဖေဖော်ဝါရီလ
၂ ရက်နေ့ မနက် ၁၁ နာရီ ခွဲဖို့လာခဲ့ပါ ဆိုတော့ ရှင်လူက
ဘာတွေလိိုအပ်မလဲမေးတာ
ဘာမှမလိုဘူးဆိုတာနဲ့ လိုက်ပို့တဲ့ မောင်ဝင်းတက္ကစီနဲ့အတူပြန်ခဲ့ပါတယ်။
ဒီလိုနဲ့ နောက်တပတ် စနေနေ့
ဖေဖော်ဝါရီလ ၂ ရက် မနက်ခင်း ၁၁နာရီ သုခဆေးခန်းကိုအရောက်သွားခဲ့ပြီး သွေးအဖြေတွေဘာတွေဓာတ်ခွဲခန်းမှာဝင်ယူရပါတယ်။တသက်နဲ့တကိုယ်မျက်စိခွဲဖို့ကြုံမှပဲ
သွေးအဖြေစာရွက်ထဲမှာ HIV
Negative ဆိုတာတွေ့တော့ ကြံဖန်ပြီးဘဝင်မြင့်မိသေး။
ကျန်တာတွေတော့နားမလည်လို့ ထားလိုက်ပါတော့။
အဲ့ဒီနေ့က ရှင်လူအပါဝင် လူသုံးယောက်မျက်စိခွဲပါတယ်။ရှင်လူ့ရှေ့က သက်လတ်ပိုင်းအမျိုးသမီးတယောက်နဲ့ ရှင်လူ့နောက် သက်ကြီးပိုင်းအမျိုးသမီးတယောက်အပါအဝင်ပေါ့။မျက်စိခွဲတဲ့အတွေ့အကြုံကတော့ ဒီခေတ်မှာလူအတော်များများကြုံဖူးနေတာမို့မရေးတော့ပါဘူး။
ဒေါက်တာချိုချိုလှိုင်ဦးဆောင်ပြီး ဆရာဝန်သုံးဦးအဖွဲ့နဲ့ခွဲစိတ်ကုသအပြီးမှာရှင်လူ့ကိုမျက်လုံးကာဗာ လိပ်ခွံလေးကပ်ပေးလိုက်ပါတယ်။နောက်နေ့မနက်ချိန်း၊မျက်စိကိုဒေါက်တာချိုချိုလှိုင်ကိုယ်တိုင်စစ်ဆေးအပြီး မျက်စဥ်းနှစ်ပုလင်းပေးပါတယ်။Dn တမျိုးက တနေ့ ရှစ်ကြိမ်နဲ့ နောက်တမျိုးကလေးကြိမ်ဆိုတော့ တနေ့ကိုစုစုပေါင်း၁၂ကြိမ်ခပ်ရမှာပေါ့။တတ်နိုင်ဘူးလေ။ရှင်လူ့ခမျာ FA ဆိုတော့ ကွကိုယ်
စနိုက်ဘာသမားလို တနေ့၁၂ကြိမ် ပစ်ရတော့တာပေါ့။ဒီလိုနဲ့ နောက်တပတ်ချိန်းတော့ မျက်စဥ်းကလေးကြိမ်စီဖြစ်သွားပြီ။ဟော ခုနောက်ထပ်နှစ်ပတ်ခွာချိန်းအပြီးမှာဒေါက်တာချိုချိုလှိုင်က ကောင်းတယ်ဆိုတဲ့မှတ်ချက်နဲ့အတူ
Dn မျက်စဥ်းတမျိုးပဲ တနေ့လေးကြိမ် နှစ်ပတ်ဆက်ခပ်ဖို့မှာပြီး နှစ်ပတ်ကြာရင်မျက်မှန်စမ်းတော့ ဆိုတော့ကာ။ပြီးပါပြီပေါ့။အာ့လာ ရွှေပြည်သာက
မျက်မှန်ဆိုင်တခုမှာလုပ်နေတဲ့ ဝမ်းမနာသမီး ပန်းအိဖြူကို မေးတော့ ရှင်လူရဲ့ မာလတီဖိုကယ်လုပ်ပါလား.. တဲဲ့
ငါအရင်က ဘိုင်ဖိုကယ်တပ်တာ၊နင့်မာလတီဖိုကယ်ကြီးကဘာလဲဟဆိုတော့..၊ရှင်လူကလဲ ဘိုင်ဖိုကယ်ကအောက်နားလေးမှာအစင်းပါပြီး မာလတီဖိုကယ်က တပြင်လုံး
အစင်းမပါတော့ဘူး၊အခုခေတ်စားနေတာ၊အမ်မယ်လေး..တုံးလိုက်တာရှင်လူရယ်...တဲ့။
နေပါအုံး..နင့်မာလတီ ဖိုကယ်ကြီးက ဘယ်လောက် ကျမှာတုန်းဆိုတော့..ကိုင်းရော မှန်ရော ဆို ခြောက်သောင်း
သုံးထောင်လောက်ကျမယ်တဲ့။ဗုဒ္ဓေါ ...
မျက်စိခွဲ မျက်စဥ်းအလကားရ၊
သွေးစစ်ဓာတ်ခွဲ တပြားမှမကုန်။သူ့မာလတီဖိုကယ်ကြီးကျမှ ခြောက်သောင်းသုံးထောင်ဆိုတော့.. ဘုရား..ဘုရား။
ဒါပေမယ့် ဟန်ကိုယ့်ဖို့ပေါ့လေ၊ဟဲ့..ငါ့မှာခုတလောဝင်ငွေသိတ်မကောင်းလို့ နင်မျက်မှန်ဖိုးလေးဘာလေးစိုက်မလှူချင်ဘူးလားဆိုတော့ မှားပါတယ်ရှင်လူရယ်..တဲ့၊ငါကိုက ရှင့်ပြမိတာ မှားတာပါ.. တဲ့လေ(မျက်မှန်ရောင်းရရင်
sale bonus ကတ​သောင်းကိုတထောင်ရမှာကိုး)
ဒီလိုနဲ့ မနေ့က ပန်အိဖြူနဲ့တွေ့လို့..ငါမတတ်နိင်တော့ဘူးဟာ၊ငါတို့အလုပ်နားက သထုံမျက်မှန်ဆိုင်မှာပဲ ကိုင်းဟောင်းပေးပြီးမှန်ပဲလဲလိုက်တော့မယ်
၊အလွန်ဆုံးကျလှတသောင်းဝန်းကျင်ပေါ့ဆိုတော့ ပန်းအိဖြူလည်းရှင်လူ့ကို ဖွတ်ကိုမြင်သလိုမျက်ခုံးပင့်ကြည့်ရင်း
ဒါဆိုလည်းရှင်လူ့သဘောပေါ့...တဲ့။ရှင်လူ့စိတ်ထဲကတော့
...အေး..နင်ကြည့်နေပါ၊ငါ့အိတ်ထဲမှာ မဟာလာဘံထီလက်မှတ် သုံးစောင်ရှိနေပါသေးတယ်လို့..
အဲ့တော့မှ...ပိတ်သတ်ကြီးရေ..
ဖေ့စဖုတ်ပေါ်မှာ  မာလတီဖိုကယ်နဲ့..ရှင်လူ့ပုံခန့်ခန့်ကြီးကို..
likeပေးဖို့လည်းမမေ့ကြနဲ့အုံး။
သြော်...နိဂျုံးခုတ်လေး ကျန်ခဲ့အုံးမလို့။ရှင်လူ့မှာမိဘတွေပေးခဲ့တဲ့ညာမျက်လုံးဟာစက္ခုပသာဒမရှိတော့ာဘူး။ဒေါက်တာချိုချိုလှိုင်နဲ့တကွ မေတ္တာရှင်ဆရာဝန်နဲ့သူနာပြုများ၊လိုအပ်တဲ့စားရိပ်စားခအတွက်လှူဒါန်းတဲ့စေတနာရှင်များ၊နှုတ်ဖြင့်လက်ဖြင့်စောင်မခဲ့ကြသောမိတ်ဆွေများပေးအပ်တဲ့စက္ခုပသာဒရုပ်ဟာ..ရှင်လူပိုင်ပစ္စည်းမဟုတ်တဲ့ တတိယမျက်လုံးပါ။ဒါကြောင့်..ဒီမျက်လုံးလေးနဲ့အတ္တကိုရှေ့တန်းမတင်ပဲ
အရာရာကို ချစ်သောမျက်စိနဲ့သာကြည့်ပါတော့မယ်။ဟိုတ
လုံးကတော့မိမွေးတိုင်ဖမွေးတိုင်းမို့..သူ့၆ကျင့်နဲ့ သူပဲရှိပါစေပေါ့လေ...

story#observation #shinlhu

Friday, March 6, 2020

ကဗျာခံစားမှု

၂၀၂၀-မတ်လ၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

"ဖိနပ်မပါတဲ့အချစ်နဲ့ ဂျက်ပင်ထိုးခြင်း"
🎵🍡♥♥🍢🎵🎵♥♥
ညိုမြသွေး

ခုနောက်ပိုင်း facebook ပေါ်က ကဗျာတွေဖတ်ရင်းအတိတ်ကာလ ၁၉၈၀  ဝန်းကျင်အချိန်တွေအကြောင်း မကြာခဏပြန်လှန်သတိရမိပါတယ်။
၈၀ ဝန်းကျင်ဆိုတာက မိမိနဲ့ ကဗျာဆရာ သူငယ်ချင်းတွေ
စုစုစည်းစည်း ရှိခဲ့တဲ့ကာလတွေကို ဦးတည်ပြောမိတာပါ။ဒီနေရာမှာ မိမိတို့ရဲ့ ကဗျာယဥ်ကျေးမှု အစဥ်အလာလေးတွေပြောချင်လို့ ၁၉၈၀ကိုပဲ အမှတ်တခုအနေနဲ့ တို့ထိခဲ့ခြင်းပါ။
အဲ့ဒီအချိန်က စာအုပ်အငှားဆိုင်ယဥ်ကျေးမှု အားကောင်းမောင်းသန်ရှိသေးသလို စာပေအနုပညာ မဂ္ဂဇင်းအမျိုးမျိုးလည်း အရှိန်ကောင်းကောင်းနဲ့လစဥ်ထုတ်ဝေနေခဲ့ပါတယ်။
မိမိတို့ သူငယ်ချင်းတသိုက်ဟာ ညနေတိုင်းလိုလို လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ်
တယောက်ယောက်ရဲ့အိမ်မှာဖြစ်ဖြစ် ပုံမှန်ဆုံဖြစ်ကြပါတယ်။ဆုံတဲ့အခါတိုင်းလည်းလစဥ်ထုတ်မဂ္ဂဇင်းအသစ်တွေကိုအငှားဆိုင်ကဦးဦးဖြားဖြား
ငှားရလာတဲ့လူကသူ့လွယ်အိတ်ထဲကထုတ်လိုက်ရင်
ကျန်တဲ့သူတွေကအလုအယက်
လက်ကမ်းပြီးမာတိကာကိုလှန်တတ်ကြပါတယ်။ကိုယ်စီလည်းကဗျာရေးနေကြတာမို့
ကိုယ်ပို့ထားတဲ့ကဗျာတွေရွေးစာရင်းပါမလား၊ဖော်ပြခံရပလားသိချင်ကြပါတယ်။ကိုယ်တွေကဗျာမပါလည်း တခြားဆရာ့ဆရာတွေရဲ့ကဗျာတွေကို
ဖတ်ကြဝေဖန်သုံးသပ်ကြနဲ့ စာဖတ်ဝိုင်းအသေးစားတွေလိုဖြစ်ခဲ့ပါတယ်။အဲဒီအချိန်က ရှုမဝ၊မိုးဝေ၊ပေဖူးလွှာ၊ဒဂုန်၊ပန်၊သဘင်၊ရုပ်ရှင်မျက်မှန်၊ရုပ်ရှင်တေးကဗျာ၊ကလျာ၊ရွှေဝတ်မှုန်
၊သရဖူ အပါအဝင် မဂ္ဂဇင်းမျိုးစုံဟာမမေ့နိုင်စရာ မဂ္ဂဇင်းခေတ်တခေတ်လို့ပြောနိုင်ပါတယ်။ ခုချိန်မှာတော့ ကဗျာအပါအဝင် ရသစုံ ပါဝင်တဲ့ မဂ္ဂဇင်းဆိုတာ အတော်အတန်စဥ်းစားရွေးထုတ်ပြဖို့တောင်
ခက်နေပါပြီ။ရှေ့မီနောက်မီကဗျာဆရာကြီးများရော လူငယ်လူသစ်ကဗျာဆရာများပါ facebook ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်အများစုရောက်ရှိနေကြပါပြီ။ဒီလိုနဲ့ တချို့ကဗျာဆရာများကတော့ အကြောင်းသင့်ရင်သင့်သလို
လုံးချင်းကဗျာစာအုပ်လေးများ ရိုက်ထုတ်ဖြန့်ဝေနေတာတွေ့ရပါတယ်။ဒီထဲကမှ တိုက်တိုက်ဆိုင်ဆိုင် ဆရာကိုသန်းထွန်းရဲ့ ကဗျာစာအုပ်နှစ်အုပ် လက်ဆောင်ရဖူးပါတယ်။
ပထမတအုပ်က "ငါမှားတယ်
ဒါ့ကြောင့်ငါရှိတယ်"ဖြစ်ပါတယ်။အဲဒီစာအုပ်ရစဥ်က
ဆရာကိုသန်းထွန်း အမျိုးသားစာပေ(ကဗျာဆု)မရသေးပါဘူး။ "ဥာဥ့်ပုံပြောသူ"မှာ ကဗျာဆုရလိုက်တယ်ဆိုပေမယ့် မိမိအနေနဲ့ ခုထိမဖတ်ရသေး။ဖတ်မယ့်ဖတ်ရတော့
ဆုမရခင်ကတည်းကထုတ်ဝေဖို့စီစဥ်ထားခဲ့တဲ့ "ဖိနပ်မပါတဲ့အချစ်"ကဗျာစာအုပ်။ကဗျာဆရာရဲ့ သုံးအုပ်မြောက်
စာအုပ်ဆိုပါတော့။"ဖိနပ်မပါတဲ့အချစ် "ကို ပထမအကြိမ်အနေနဲ့ ၂၀၁၉၊ဒီဇင်္ဘာမှာ
ရေစီးသန်စာပေကထုတ်ဝေပြီး 
မိုးလုံးမှိုင်းစာပေကဖြန့်ချိပါတယ်။တန်ဖိုး ၂၅၀၀နဲ့ အုပ်ရေ
၅၀၀ ရိုက်နှိပ်ထားပါတယ်။
ဒီစာအုပ်ထဲက ကဗျာ​တွေဖတ်ပြီး ခံစားရသမျှ အတွေးပွားစရာလေးတွေ.တကယ့်တကယ်ရေးမယ်ကြံတော့ ပူပူနွေးနွေးစာပေဆုရထားတဲ့ ဆရာတယောက်ရဲ့ကဗျာတွေကို ခံစားရေးဖွဲ့ပြရမှာ လက်တွန့်ချင်ချင်ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့်
အထက်မှာရေးခဲ့သလို နှစ်ကာလများစွာ ကဗျာနယ်ပယ်နဲ့ပတ်သက်ခဲ့ဖူးပြီး မိမိကိုယ်တိုင်လည်း
တို့ထိတို့ထိကဗျာရေးဖူးတဲ့အတွေ့အကြုံတွေကြောင့် 
ကဗျာကိုတော့ အထိုက်အလျှောက်ခံစားတတ်ပါတယ်။
တကယ်တော့ မိမိကဗျာခံစားမှုပုံစံဟာ မိမိအတွေ့အကြုံဖြ
တ်သန်းမှုပုံစံဖြစ်ပါတယ်။
ဆရာမောင်ချောနွယ်ပြောသလို ရင်ဘတ်ချင်းဂျက်ပင်ထိုးကြည့်တာပါပဲ။ဒီအခါမှာ 
အတွေ့အကြုံ ခံစားချက်မတူတဲ့ကဗျာတွေဆို Connectionမမိပါဘူး။Connection မိမမိကလည်း ဆရာတွေပြောခဲ့တဲ့
လားရာကိုသိမှလည်းမိပါတယ်။အဲတော့ လတ်တလော "ဥာဥ့်ပုံပြောသူ"စာအုပ်နဲ့
ကဗျာဆုပူပူနွေးနွေးရထားတဲ့
ဆရာကိုသန်းထွန်းရဲ့ "ဖိနပ်မပါတဲ့အချစ်"ကဗျာစာအုပ်ကို ဂျက်ပင်ထိုးကြည့်မိတာပါပဲ။
ကဗျာအပုဒ်ရေ စုစုပေါင်း ၅၀ထဲက ပထမဆုံး "ကိုပါကြီးတမ်းချင်း"ကို စဖတ်လိုက်မိတာနဲ့ Connection မိသွားပြီလို့ခံစားလိုက်ရပါတယ်။

လူ့အဖွဲ့အစည်းတခုလုံး ယမ်းပုံကြီးဖြစ်နေတဲ့အခါ
အသက်တချောင်းဟာလည်း
မီးခြစ်ဆံတချောင်း ဖြစ်နေတတ်တယ်ညီလေး
ဒါကို တော်လှန်ရေးရဲ့"ရင့်မှည့်ချိန်"လို့ ခေါ်ကြတာပေါ့
ဥပမာ -ဘူအာဇီဇီ(တူနီးရှား)
ဥပမာ-ကိုဖုန်းမော်(ဗမာပြည်)
အထက်ပိုဒ်တခုလုံးက မိမိတို့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံကို
ရိုးရိုးရှင်းရှင်း သုံးသပ်ထားတာပါ။ဒီကဗျာပိုဒ်ကိုဖတ်မိတော့
အင်းစိန်ထောင်ထဲမှာကျဆုံးသွားတဲ့ ဆရာမောင်သော်ကရဲ့
"မောင်သော်ကဆိုတဲ့ မီးခြစ်ဆံလေးတချောင်းဟာ နောင်တချိန်မှာ မီးတောက်ကြီးဖြစ်လာမယ်"ဆိုတဲ့ဥဒါန်းစကားကိုပြန်သတိရစေပါတယ်။ကဗျာကိုဆက်ဖတ်ရင်း ပြဿနာက ဒုတိယအပိုဒ်မှာစပါတယ်။
အနှစ် ၅၀ သမနိရှည်ခဲ့တဲ့ ပါတီကြီးတခုဟာ
ဘိန်းဘုရင်တယောက်ရဲ့ ကစားကွက်မှာ
သေနတ်တချက်မဖောက်လိုက်ရဘဲ အရှက်မဲ့မဲ့ ကျဆုံးခဲ့ရတယ်လေ
ဒါပေမယ့် ဒါဟာ နိုင်ငံရေးပဲ
(အနှစ် ၅၀ သမနိရှည်ခဲ့တဲ့ ပါတီကြီး)တဲ့
အင်း..နည်းနည်းတော့ ခေါင်းစားခဲ့ပေမယ့် သမိုင်းစာအုပ်ကိုမလှန်ဘဲ ကိုယ့်အတွေ့အကြုံ ကိုယ်လှန်ကြည့်ပြီးပြုံးမိပါရဲ့။
ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့"လီရတနာ ဂင်းဂါ ဧရာဝတီ "
ထဲကစကားနဲ့ပြောရရင် ကဗျာရေးသူနဲ့ဖတ်သူ အတွေးထောင့်ချင်းတူနေတဲ့အပိုဒ်လည်းဖြစ်နေပြန်ပါတယ်။
"ကိုပါကြီးတမ်းချင်း"ထဲက
မိမိစိတ်ကို ထိခိုက်စေတဲ့နောက်တပိုဒ်ကတော့

ဘယ်သူ့ကိုမျက်နှာချိုသွေးရမလဲ
ဘယ်သူ့ကိုသမီးထိုးအပ်ရမလဲ
လယ်ပဲအသိမ်းခံလိုက်ရမလား၊လည်ပဲစင်းပေးရမလား
ဖြစ်ချင်ရာဖြစ် နီးရာလည်ပင်းပဲ ထပိုင်းလိုက်ရကောင်းမလား
မင်းမှာအသက်တချောင်းအပိုရှိသေးရင် 
အဲဒီအသက်ကိုပေးပြီး
နောက်ထပ်ချစ်ပြရဦးတော့မယ့်နိုင်ငံကြီးပေါ့ညီလေး -တဲ့။
ကဗျာဆရာက သွားလေသူကိုပါကြီးကို တမ်းတရေးဖွဲ့ခဲ့ပေမယ့် မိမိရဲ့ အာရုံထဲမှာ ကိုပါကြီးတွေအများကြီးမြင်ယောင်နေမိတယ်၊ ပြီးတော့ သူတို့ ကိုယ်စီမှာ အသက်တချောင်းစီကိုယ်စီဆောင်လို့ပေါ့။တယောက်တခါသေပေးတောင် မြေဆီကမကောင်းနိုင်တဲ့ နိုင်ငံပေကိုး။

နောက်ကဗျာတပုဒ်ဖြစ်တဲ့
"ရေရှည် စစ်ပွဲများ"မှာတော့
ဆင်းရဲချမ်းသာ ကွာဟမှုဟာ
ပြည်သူအချင်းချင်း ဖြစ်တဲ့စစ်ဖြစ်တယ်
တရားဥပဒေ စိုးမိုးမှုမရှိခြင်းဟာ
အစိုးရနဲ့ သူ့ပြည်သူတို့ရဲ့ စစ်ဖြစ်တယ်
ညံ့ဖျင်းတဲ့ ပညာရေးစနစ်ဟာ
လူငယ်တွေနဲ့ သူတို့အနာဂတ်ရဲ့ စစ်ဖြစ်တယ်
ဒီ "ရေရှည်စစ်ပွဲများ"ကဗျာလေးကတော့ ပစ်မှတ်ပျောက်နေသူတွေအတွက် သတိပြုမိစရာပါပဲ။
"ငါ့ကို စီးတဲ့ဖိနပ်တွေ"ထဲက
စာအုပ်ကျောဖုံးမှာရိုက်နှိပ်ထားတဲ့နှစ်ပိုဒ်က
စစ်တန်းလျားတခုရဲ့ ထောင့်ကလေးမှာ
ဖုန်တက်နေတဲ့ စစ်ဖိနပ်တဖက်နဲ့
မိုင်းကွင်းထဲ
တိုင်းရင်းသားပေါ်တာလေးတယောက်ရဲ့
တုံးလုံးပက်လက်ဖိနပ်တဖက်တို့ဟာလည်း
ငါပဲဖြစ်ခဲ့ပါတယ်

မိကျောင်းသားရေဖိနပ်တရံ
ဘယ်လောက်တန်သလဲ
ဖိနပ်တဖက်ဆိုရင်တော့အမှိုက်ပဲ
ဖိနပ်တရံရဲ့
Brand နဲ့ တန်ကြေးတွေအကြောင်းပဲသိတဲ့ အမှိုက်လိုလူတွေကြား
ဖိနပ်တဖက်ရဲ့ တန်ဖိုးကို ထည့်ထည့်ပြောနေရတာ
ငါ ရူးနေလို့ပဲ မှတ်ပါ..တဲ့။
ကဗျာဖတ်နေရင်း
ဘယ်တဖက် ညာတဖက်နဲ့ ဘက်မညီ၊Brand တံဆိပ်အစုံနဲ့
ဖိနပ်ပုံကြီးကိုမျက်စိထဲမြင်ယောင်လာရင်း ရင်နင့်မိပါတယ်။
"​ကျေးရွာဝါဒ"ကဗျာကတော့ 
အောက်လမ်းဆရာရယ် သိုင်းဆရာရယ် စာအုပ်ကြီးသမားရယ် သုံးယောက်ပေါင်း ရဲ့
အခြယ်လှယ်ခံဘဝရောက်ခဲ့ရတဲ့ ရွာကလေးရဲ့ ကြမ္မာဆိုးကိုမီးမောင်းထိုးပြထားပါတယ်။...
"ရှက်ရှက် ကဗျာ"ဆိုတဲ့ ကဗျာလေးကတော့ ကဗျာဆရာဖြတ်သန်းခဲ့တဲ့ သမိုင်းထဲက
ကဗျာအဝန်းအဝိုင်းကို အော့နှလုံးနာတဲ့ခံစားမှုပုံရိပ်တွေပါ။
တကယ်တော့"ဖိနပ်မပါတဲ့အချစ်"ဟာ ကဗျာအပုဒ်ရေ
၅၀ တိတိပါ။မိမိအနေနဲ့ အချိန်နဲ့ စာမျက်နှာအကန့်အသတ်ကြောင့် နှလုံးသားချင်း ဂျက်ပင်ထိုးပြီး လျှပ်တပျက်ခံစားချက်တွေကိုချရေးလိုက်တာပါ။တကယ်တမ်း ဖတ်မယ် တွေးမယ် ခံစားမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတခုထိယူရပါမယ်။စာရေးသူအနေနဲ့ နိဂုံးချုပ်ပြောလိုတာကတော့ ဆရာကိုသန်းထွန်းရဲ့
"ဖိနပ်မပါတဲ့အချစ်"ဟာ
ကဗျာဆရာတယောက်အနေနဲ့
သူပါဝင်ဖြတ်သန်းရာ လူ့အဖွဲ့အစည်းအပေါ် အားမလိုအားမရ မချိတင်ကဲခံစားရတာတွေကို အထေ့အငေါ့လေးတွေနဲ့ သရော်တော်တော်ဝေဖန်ထားတဲ့Satire(သရော်စာ)ကဗျာမျိုးလို့ထင်ပါတယ်။
ဆရာကိုသန်းထွန်းလို အမျိုးသားစာပေဆုရ ကဗျာဆရာကြီးတယောက်ရဲ့
ကဗျာများကို မိမိလို ကဗျာရွာနီးချုပ်စပ်တယောက်က
ခံစားသုံးသပ်ပြရတာ တာဝန်တော့အတော်ကြီးပါတယ်။
ဒါပေမယ့် မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။

ညိုမြသွေး

story#observation #shinlhu