Friday, March 6, 2020

ကဗျာခံစားမှု

၂၀၂၀-မတ်လ၊ ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း

"ဖိနပ်မပါတဲ့အချစ်နဲ့ ဂျက်ပင်ထိုးခြင်း"
🎵🍡♥♥🍢🎵🎵♥♥
ညိုမြသွေး

ခုနောက်ပိုင်း facebook ပေါ်က ကဗျာတွေဖတ်ရင်းအတိတ်ကာလ ၁၉၈၀  ဝန်းကျင်အချိန်တွေအကြောင်း မကြာခဏပြန်လှန်သတိရမိပါတယ်။
၈၀ ဝန်းကျင်ဆိုတာက မိမိနဲ့ ကဗျာဆရာ သူငယ်ချင်းတွေ
စုစုစည်းစည်း ရှိခဲ့တဲ့ကာလတွေကို ဦးတည်ပြောမိတာပါ။ဒီနေရာမှာ မိမိတို့ရဲ့ ကဗျာယဥ်ကျေးမှု အစဥ်အလာလေးတွေပြောချင်လို့ ၁၉၈၀ကိုပဲ အမှတ်တခုအနေနဲ့ တို့ထိခဲ့ခြင်းပါ။
အဲ့ဒီအချိန်က စာအုပ်အငှားဆိုင်ယဥ်ကျေးမှု အားကောင်းမောင်းသန်ရှိသေးသလို စာပေအနုပညာ မဂ္ဂဇင်းအမျိုးမျိုးလည်း အရှိန်ကောင်းကောင်းနဲ့လစဥ်ထုတ်ဝေနေခဲ့ပါတယ်။
မိမိတို့ သူငယ်ချင်းတသိုက်ဟာ ညနေတိုင်းလိုလို လက်ဖက်ရည်ဆိုင်မှာဖြစ်ဖြစ်
တယောက်ယောက်ရဲ့အိမ်မှာဖြစ်ဖြစ် ပုံမှန်ဆုံဖြစ်ကြပါတယ်။ဆုံတဲ့အခါတိုင်းလည်းလစဥ်ထုတ်မဂ္ဂဇင်းအသစ်တွေကိုအငှားဆိုင်ကဦးဦးဖြားဖြား
ငှားရလာတဲ့လူကသူ့လွယ်အိတ်ထဲကထုတ်လိုက်ရင်
ကျန်တဲ့သူတွေကအလုအယက်
လက်ကမ်းပြီးမာတိကာကိုလှန်တတ်ကြပါတယ်။ကိုယ်စီလည်းကဗျာရေးနေကြတာမို့
ကိုယ်ပို့ထားတဲ့ကဗျာတွေရွေးစာရင်းပါမလား၊ဖော်ပြခံရပလားသိချင်ကြပါတယ်။ကိုယ်တွေကဗျာမပါလည်း တခြားဆရာ့ဆရာတွေရဲ့ကဗျာတွေကို
ဖတ်ကြဝေဖန်သုံးသပ်ကြနဲ့ စာဖတ်ဝိုင်းအသေးစားတွေလိုဖြစ်ခဲ့ပါတယ်။အဲဒီအချိန်က ရှုမဝ၊မိုးဝေ၊ပေဖူးလွှာ၊ဒဂုန်၊ပန်၊သဘင်၊ရုပ်ရှင်မျက်မှန်၊ရုပ်ရှင်တေးကဗျာ၊ကလျာ၊ရွှေဝတ်မှုန်
၊သရဖူ အပါအဝင် မဂ္ဂဇင်းမျိုးစုံဟာမမေ့နိုင်စရာ မဂ္ဂဇင်းခေတ်တခေတ်လို့ပြောနိုင်ပါတယ်။ ခုချိန်မှာတော့ ကဗျာအပါအဝင် ရသစုံ ပါဝင်တဲ့ မဂ္ဂဇင်းဆိုတာ အတော်အတန်စဥ်းစားရွေးထုတ်ပြဖို့တောင်
ခက်နေပါပြီ။ရှေ့မီနောက်မီကဗျာဆရာကြီးများရော လူငယ်လူသစ်ကဗျာဆရာများပါ facebook ဆိုတဲ့ ဆိုရှယ်မီဒီယာပေါ်အများစုရောက်ရှိနေကြပါပြီ။ဒီလိုနဲ့ တချို့ကဗျာဆရာများကတော့ အကြောင်းသင့်ရင်သင့်သလို
လုံးချင်းကဗျာစာအုပ်လေးများ ရိုက်ထုတ်ဖြန့်ဝေနေတာတွေ့ရပါတယ်။ဒီထဲကမှ တိုက်တိုက်ဆိုင်ဆိုင် ဆရာကိုသန်းထွန်းရဲ့ ကဗျာစာအုပ်နှစ်အုပ် လက်ဆောင်ရဖူးပါတယ်။
ပထမတအုပ်က "ငါမှားတယ်
ဒါ့ကြောင့်ငါရှိတယ်"ဖြစ်ပါတယ်။အဲဒီစာအုပ်ရစဥ်က
ဆရာကိုသန်းထွန်း အမျိုးသားစာပေ(ကဗျာဆု)မရသေးပါဘူး။ "ဥာဥ့်ပုံပြောသူ"မှာ ကဗျာဆုရလိုက်တယ်ဆိုပေမယ့် မိမိအနေနဲ့ ခုထိမဖတ်ရသေး။ဖတ်မယ့်ဖတ်ရတော့
ဆုမရခင်ကတည်းကထုတ်ဝေဖို့စီစဥ်ထားခဲ့တဲ့ "ဖိနပ်မပါတဲ့အချစ်"ကဗျာစာအုပ်။ကဗျာဆရာရဲ့ သုံးအုပ်မြောက်
စာအုပ်ဆိုပါတော့။"ဖိနပ်မပါတဲ့အချစ် "ကို ပထမအကြိမ်အနေနဲ့ ၂၀၁၉၊ဒီဇင်္ဘာမှာ
ရေစီးသန်စာပေကထုတ်ဝေပြီး 
မိုးလုံးမှိုင်းစာပေကဖြန့်ချိပါတယ်။တန်ဖိုး ၂၅၀၀နဲ့ အုပ်ရေ
၅၀၀ ရိုက်နှိပ်ထားပါတယ်။
ဒီစာအုပ်ထဲက ကဗျာ​တွေဖတ်ပြီး ခံစားရသမျှ အတွေးပွားစရာလေးတွေ.တကယ့်တကယ်ရေးမယ်ကြံတော့ ပူပူနွေးနွေးစာပေဆုရထားတဲ့ ဆရာတယောက်ရဲ့ကဗျာတွေကို ခံစားရေးဖွဲ့ပြရမှာ လက်တွန့်ချင်ချင်ဖြစ်နေပြန်ပါတယ်။ ဒါပေမယ့်
အထက်မှာရေးခဲ့သလို နှစ်ကာလများစွာ ကဗျာနယ်ပယ်နဲ့ပတ်သက်ခဲ့ဖူးပြီး မိမိကိုယ်တိုင်လည်း
တို့ထိတို့ထိကဗျာရေးဖူးတဲ့အတွေ့အကြုံတွေကြောင့် 
ကဗျာကိုတော့ အထိုက်အလျှောက်ခံစားတတ်ပါတယ်။
တကယ်တော့ မိမိကဗျာခံစားမှုပုံစံဟာ မိမိအတွေ့အကြုံဖြ
တ်သန်းမှုပုံစံဖြစ်ပါတယ်။
ဆရာမောင်ချောနွယ်ပြောသလို ရင်ဘတ်ချင်းဂျက်ပင်ထိုးကြည့်တာပါပဲ။ဒီအခါမှာ 
အတွေ့အကြုံ ခံစားချက်မတူတဲ့ကဗျာတွေဆို Connectionမမိပါဘူး။Connection မိမမိကလည်း ဆရာတွေပြောခဲ့တဲ့
လားရာကိုသိမှလည်းမိပါတယ်။အဲတော့ လတ်တလော "ဥာဥ့်ပုံပြောသူ"စာအုပ်နဲ့
ကဗျာဆုပူပူနွေးနွေးရထားတဲ့
ဆရာကိုသန်းထွန်းရဲ့ "ဖိနပ်မပါတဲ့အချစ်"ကဗျာစာအုပ်ကို ဂျက်ပင်ထိုးကြည့်မိတာပါပဲ။
ကဗျာအပုဒ်ရေ စုစုပေါင်း ၅၀ထဲက ပထမဆုံး "ကိုပါကြီးတမ်းချင်း"ကို စဖတ်လိုက်မိတာနဲ့ Connection မိသွားပြီလို့ခံစားလိုက်ရပါတယ်။

လူ့အဖွဲ့အစည်းတခုလုံး ယမ်းပုံကြီးဖြစ်နေတဲ့အခါ
အသက်တချောင်းဟာလည်း
မီးခြစ်ဆံတချောင်း ဖြစ်နေတတ်တယ်ညီလေး
ဒါကို တော်လှန်ရေးရဲ့"ရင့်မှည့်ချိန်"လို့ ခေါ်ကြတာပေါ့
ဥပမာ -ဘူအာဇီဇီ(တူနီးရှား)
ဥပမာ-ကိုဖုန်းမော်(ဗမာပြည်)
အထက်ပိုဒ်တခုလုံးက မိမိတို့ရဲ့ဖြတ်သန်းမှု အတွေ့အကြုံကို
ရိုးရိုးရှင်းရှင်း သုံးသပ်ထားတာပါ။ဒီကဗျာပိုဒ်ကိုဖတ်မိတော့
အင်းစိန်ထောင်ထဲမှာကျဆုံးသွားတဲ့ ဆရာမောင်သော်ကရဲ့
"မောင်သော်ကဆိုတဲ့ မီးခြစ်ဆံလေးတချောင်းဟာ နောင်တချိန်မှာ မီးတောက်ကြီးဖြစ်လာမယ်"ဆိုတဲ့ဥဒါန်းစကားကိုပြန်သတိရစေပါတယ်။ကဗျာကိုဆက်ဖတ်ရင်း ပြဿနာက ဒုတိယအပိုဒ်မှာစပါတယ်။
အနှစ် ၅၀ သမနိရှည်ခဲ့တဲ့ ပါတီကြီးတခုဟာ
ဘိန်းဘုရင်တယောက်ရဲ့ ကစားကွက်မှာ
သေနတ်တချက်မဖောက်လိုက်ရဘဲ အရှက်မဲ့မဲ့ ကျဆုံးခဲ့ရတယ်လေ
ဒါပေမယ့် ဒါဟာ နိုင်ငံရေးပဲ
(အနှစ် ၅၀ သမနိရှည်ခဲ့တဲ့ ပါတီကြီး)တဲ့
အင်း..နည်းနည်းတော့ ခေါင်းစားခဲ့ပေမယ့် သမိုင်းစာအုပ်ကိုမလှန်ဘဲ ကိုယ့်အတွေ့အကြုံ ကိုယ်လှန်ကြည့်ပြီးပြုံးမိပါရဲ့။
ဆရာတက္ကသိုလ်ဘုန်းနိုင် ရဲ့"လီရတနာ ဂင်းဂါ ဧရာဝတီ "
ထဲကစကားနဲ့ပြောရရင် ကဗျာရေးသူနဲ့ဖတ်သူ အတွေးထောင့်ချင်းတူနေတဲ့အပိုဒ်လည်းဖြစ်နေပြန်ပါတယ်။
"ကိုပါကြီးတမ်းချင်း"ထဲက
မိမိစိတ်ကို ထိခိုက်စေတဲ့နောက်တပိုဒ်ကတော့

ဘယ်သူ့ကိုမျက်နှာချိုသွေးရမလဲ
ဘယ်သူ့ကိုသမီးထိုးအပ်ရမလဲ
လယ်ပဲအသိမ်းခံလိုက်ရမလား၊လည်ပဲစင်းပေးရမလား
ဖြစ်ချင်ရာဖြစ် နီးရာလည်ပင်းပဲ ထပိုင်းလိုက်ရကောင်းမလား
မင်းမှာအသက်တချောင်းအပိုရှိသေးရင် 
အဲဒီအသက်ကိုပေးပြီး
နောက်ထပ်ချစ်ပြရဦးတော့မယ့်နိုင်ငံကြီးပေါ့ညီလေး -တဲ့။
ကဗျာဆရာက သွားလေသူကိုပါကြီးကို တမ်းတရေးဖွဲ့ခဲ့ပေမယ့် မိမိရဲ့ အာရုံထဲမှာ ကိုပါကြီးတွေအများကြီးမြင်ယောင်နေမိတယ်၊ ပြီးတော့ သူတို့ ကိုယ်စီမှာ အသက်တချောင်းစီကိုယ်စီဆောင်လို့ပေါ့။တယောက်တခါသေပေးတောင် မြေဆီကမကောင်းနိုင်တဲ့ နိုင်ငံပေကိုး။

နောက်ကဗျာတပုဒ်ဖြစ်တဲ့
"ရေရှည် စစ်ပွဲများ"မှာတော့
ဆင်းရဲချမ်းသာ ကွာဟမှုဟာ
ပြည်သူအချင်းချင်း ဖြစ်တဲ့စစ်ဖြစ်တယ်
တရားဥပဒေ စိုးမိုးမှုမရှိခြင်းဟာ
အစိုးရနဲ့ သူ့ပြည်သူတို့ရဲ့ စစ်ဖြစ်တယ်
ညံ့ဖျင်းတဲ့ ပညာရေးစနစ်ဟာ
လူငယ်တွေနဲ့ သူတို့အနာဂတ်ရဲ့ စစ်ဖြစ်တယ်
ဒီ "ရေရှည်စစ်ပွဲများ"ကဗျာလေးကတော့ ပစ်မှတ်ပျောက်နေသူတွေအတွက် သတိပြုမိစရာပါပဲ။
"ငါ့ကို စီးတဲ့ဖိနပ်တွေ"ထဲက
စာအုပ်ကျောဖုံးမှာရိုက်နှိပ်ထားတဲ့နှစ်ပိုဒ်က
စစ်တန်းလျားတခုရဲ့ ထောင့်ကလေးမှာ
ဖုန်တက်နေတဲ့ စစ်ဖိနပ်တဖက်နဲ့
မိုင်းကွင်းထဲ
တိုင်းရင်းသားပေါ်တာလေးတယောက်ရဲ့
တုံးလုံးပက်လက်ဖိနပ်တဖက်တို့ဟာလည်း
ငါပဲဖြစ်ခဲ့ပါတယ်

မိကျောင်းသားရေဖိနပ်တရံ
ဘယ်လောက်တန်သလဲ
ဖိနပ်တဖက်ဆိုရင်တော့အမှိုက်ပဲ
ဖိနပ်တရံရဲ့
Brand နဲ့ တန်ကြေးတွေအကြောင်းပဲသိတဲ့ အမှိုက်လိုလူတွေကြား
ဖိနပ်တဖက်ရဲ့ တန်ဖိုးကို ထည့်ထည့်ပြောနေရတာ
ငါ ရူးနေလို့ပဲ မှတ်ပါ..တဲ့။
ကဗျာဖတ်နေရင်း
ဘယ်တဖက် ညာတဖက်နဲ့ ဘက်မညီ၊Brand တံဆိပ်အစုံနဲ့
ဖိနပ်ပုံကြီးကိုမျက်စိထဲမြင်ယောင်လာရင်း ရင်နင့်မိပါတယ်။
"​ကျေးရွာဝါဒ"ကဗျာကတော့ 
အောက်လမ်းဆရာရယ် သိုင်းဆရာရယ် စာအုပ်ကြီးသမားရယ် သုံးယောက်ပေါင်း ရဲ့
အခြယ်လှယ်ခံဘဝရောက်ခဲ့ရတဲ့ ရွာကလေးရဲ့ ကြမ္မာဆိုးကိုမီးမောင်းထိုးပြထားပါတယ်။...
"ရှက်ရှက် ကဗျာ"ဆိုတဲ့ ကဗျာလေးကတော့ ကဗျာဆရာဖြတ်သန်းခဲ့တဲ့ သမိုင်းထဲက
ကဗျာအဝန်းအဝိုင်းကို အော့နှလုံးနာတဲ့ခံစားမှုပုံရိပ်တွေပါ။
တကယ်တော့"ဖိနပ်မပါတဲ့အချစ်"ဟာ ကဗျာအပုဒ်ရေ
၅၀ တိတိပါ။မိမိအနေနဲ့ အချိန်နဲ့ စာမျက်နှာအကန့်အသတ်ကြောင့် နှလုံးသားချင်း ဂျက်ပင်ထိုးပြီး လျှပ်တပျက်ခံစားချက်တွေကိုချရေးလိုက်တာပါ။တကယ်တမ်း ဖတ်မယ် တွေးမယ် ခံစားမယ်ဆိုရင်တော့ အချိန်အတိုင်းအတာတခုထိယူရပါမယ်။စာရေးသူအနေနဲ့ နိဂုံးချုပ်ပြောလိုတာကတော့ ဆရာကိုသန်းထွန်းရဲ့
"ဖိနပ်မပါတဲ့အချစ်"ဟာ
ကဗျာဆရာတယောက်အနေနဲ့
သူပါဝင်ဖြတ်သန်းရာ လူ့အဖွဲ့အစည်းအပေါ် အားမလိုအားမရ မချိတင်ကဲခံစားရတာတွေကို အထေ့အငေါ့လေးတွေနဲ့ သရော်တော်တော်ဝေဖန်ထားတဲ့Satire(သရော်စာ)ကဗျာမျိုးလို့ထင်ပါတယ်။
ဆရာကိုသန်းထွန်းလို အမျိုးသားစာပေဆုရ ကဗျာဆရာကြီးတယောက်ရဲ့
ကဗျာများကို မိမိလို ကဗျာရွာနီးချုပ်စပ်တယောက်က
ခံစားသုံးသပ်ပြရတာ တာဝန်တော့အတော်ကြီးပါတယ်။
ဒါပေမယ့် မျက်ကန်းတစ္ဆေမကြောက်ဆိုတဲ့ စကားပုံရှိတယ်မဟုတ်လား။

ညိုမြသွေး

story#observation #shinlhu

No comments:

Post a Comment