"အတက်ရောဂါ ပျောက်ဆေး"
အာယုဘေဒ ဝထကလသ ဆရာကြီး
ရှင်လူ
ဒီနေ့ သင်္ကြန်အတက်နေ့ဖြစ်ပါသည်။
ကျွန်တော်သည် မုန့်လုံးရေပေါ်နှင့်တည်ဆောက်ထားသော ရဲတိုက်များကို တခုပြီးတခု ဝင်ရောက်တိုက်ခိုက် ဖြိုဖျက်ခဲ့သဖြင့်
ခုအခါမှာ ရန်သူတွေ ဝိုင်းဝိုင်းလည်နေပြီဖြစ်သည်။ အီကြာကွေးကြော်နေသည့်ဒယ်အိုးအောက်မှ ထင်းစတစသည် အစထောင်ပြုတ်ကျလာသဖြင့် မြေပြင်ပေါ်မှာဆက်လက်လောင်ကျွမ်းနေပါသည်။
အမှန်တော့ သာကူဖြစ်ဖြစ် မုန့်လုပ်ဆောင်းဖြစ်ဖြစ် မုန့်ဟင်းခါးဖြစ်ဖြစ် ကြာဆံချက်ဖြစ်ဖြစ် အားလုံး စတုဒိသာတွေချည်းဖြစ်နေပါလျှက် သာကူက နာမည်အသာစီးယူချင်နေတာမျိုးကို ကျွန်တော်မနှစ်မြို့ပါ။
သူ့လိုဆိုလျှင် မုန့်လုပ်ဆောင်းကလည်း
မုန့်လုပ်ဆောင်းကုန်းဆိုတဲ့ ရပ်ကွက်တခုကိုအကြောင်းပြုပြီး ဘဝင်မြင့်ချင်မြင့်နိုင်ပါသေးသည်။တချက် တချက် ဝေ့လာသော တန်ခူးလေသည် အရူးလေသာဖြစ်သော်လည်း အေးမြမှုကိုပေးပါသည်။
ကျွန်တော်နေထိုင်သော စုတ်ချာချာ အခန်းလေးမှာ ခုတော့ ဧည့်လာသောင်လာမရှိသဖြင့် တံခါးပတ္တာများပင်ကြပ်လို့နေပါသည်။တချိန်က ဒီအခန်းလေးသည် ဝင်သူထွက်သူ မစဲ တသဲသဲ အခန်းလေးဖြစ်ခဲ့ပါသည်။စုတ်ချာသော်လည်း အနာဂတ်မျှော်လင့်ချက်တွေမှိုလိုပေါက်နေသောတဲကလေးဖြစ်သဖြင့် ဝါးဓနိဖြင့်တည်ဆောက်ထားသောရဲတိုက်တခုဆိုရင်မမှားနိုင်ပေ။တဖက်ဝိုင်းမှ ၆ နှစ်အရွယ်ကလေးမလေးက
အောက်ပြုတ်ကျသွားတဲ့ သူ့ရဲ့ဘာဘီရုပ်ကလေးကိုပြန်ကောက်ပြီးသဲပေသွားတဲ့အရုပ်ကလေးကိုဂါဝန်စဖြင့်သုတ်နေပါသည်။ကျွန်တော်သည် ဖြစ်နိုင်လျှင် တချို့မျက်နှာများကိုဂါဝန်စဖြင့် သုတ်ပစ်ချင်ပါသည်။တချိန်ကတဲအိမ်လေးသည် အမိုးအချင်ပုံသဏ္ဍာန်ပြောင်းရုံမှတပါးတဲအိမ်လေးအဖြစ်သာတည်ရှိသေးသည့်တိုင် ထိုတဲအိမ်လေးထဲမှာ မူလတန်းဖတ်စာအော်ဆိုခဲ့သောကောင်လေးသည် အဆင့်မြင့်ဟိုတယ်ကြီးတခုပေါ်ကအခန်းတခုကို အပိုင်လိုငှါးရမ်းနေထိုင်လျက်ရှိပါသည်။ ကျွန်တော်၏ ရဲတိုက်လေးကိုသူတို့ကမုန့်လုံးရေပေါ်ဖြင့်ပစ်ပေါက်ကြပါသည်။ကျွန်တော်ကဘိုက်ဆာလာသဖြင့်မုန့်လုံးရေပေါ်တခုကိုအမှတ်မထင်ကောက်စားလိုက်တဲ့အခါ ဋ္ဌာပနာကထန်းလျက်အစားကုလားအော်သီးထည့်ထားသဖြင့်မျက်ရည်များဝဲခဲ့ရပါသည်။
တကယ်တော့ စားကောင်းသောက်ဖွယ်ဆိုတာ ဟိုတယ်ခန်းမကြီးတခုထက် ထန်းလျှက်အဆာသွပ်ထားတဲ့မုန့်လုံးရေပေါ်ပဲဖြစ်သင့်ပါသည်။အမှန်အားဖြင့်ကျွန်တော်သည် ကဗျာရှည်ကြီးများကိုဖတ်ရှုရမှာစိတ်မရှည်သူတယောက်ဖြစ်ပါလျက် တချို့ကဗျာရှည်ကြီးတွေကို လိုက်ဖတ်နေမိပါသည်။
ကဗျာရှည်အများစုကလည်း မုန့်လုံးရေပေါ်ဖြင့်ရေးဖွဲ့ထားပြီး အလစ်အငိုက်ဖမ်းချင်သူတချို့ရဲ့ အကျင့်ဆိုးတွေကြောင့် ကုလားအော်သီး ဋ္ဌာပနာတွေက အနှံ့အပြားပါဝင်နေသဖြင့် ကျွန်တော်က မုန့်လုံးရေပေါ်ရဲတိုက်ကို ဝင်ရောက်တိုက်ခိုက်ဖြိုဖျက်ပြီးတိုင်းဋ္ဌာပနာတွေကိုဖောက်စစ်လေ့ရှိပါသည်။ထို့ကြောင့် ကျွန်တော်၏ရန်သူများမှာ သူတို့မိုင်းထောင်ထားသောမုန့်လုံးရေပေါ်များကိုထုတ်ဖော်သူအဖြစ်ကျွန်တော့်ကိုမုန်းတီးကြပါသည်။သာကူကလည်းသာကူမို့
အာလူးနဲ့ ကန်စွန်းဥများပါထည့်ကျို ခြင်းဖြင့်အားဖြည့်ကြပါသည်။တကယ်တော့ မုန့်လုံးရေပေါ်များသည် စဆရကများဖြစ်ကြပါသည်။သူတို့က ကျွန်တော့ရဲတိုက်ကလေးကို အသက်ရှူမွန်းကြပ်ဖွယ်ရာ အမှိုက်ကျင်းတခုအဖြစ်မြင်နေကြပါသည်။သူတို့ပျော်ရွှင်ကျက်စားခဲ့ဖူးသောနေရာတခုအဖြစ်မှ မေ့လျော့နေခဲ့ကြောင်းကို သံချေးအထပ်ထပ်ဖြင့်ကြပ်နေခဲ့သော တံခါးပတ္တာများက တကျွီကျွီအသံဖြင့်သတိပေးနေပါသည်။ကျွန်တော်သည် ကြာဆံချက်လည်းမကြိုက်လှပါ။ လက်ဖက်ရည်ဆိုင်ကို
သူ့အမေ့လင်ပိုင်သော ရေချိုးခန်းအိမ်သာတခုလိုသဘောထားလျက် ချွဲ့ဟန့်ထွေးထုတ်နေသော အတ္တဘောကြီးတခုရဲ့ ပါးစပ်ထဲကို ခုန အကုသိုလ် ကုလားအော်ဋ္ဌာပနာမုန့်လုံးရေပေါ်များ တလုံးပြီးလုံးပစ်သွင်းလိုစိတ်များက ကျွန်တော့ကို စိတ်မသက်မသာဖြစ်စေပါသည်။တကယ်တော့
စတုဒိသာချင်းအတူတူ ရွှေရင်အေးတပွဲလောက်သောက်လိုက်ရရင် ဒီသင်္ကြန်အတက်နေ့ဟာ ကျွန်တော့အတွက် အတန်သင့် နေပျော်ဖွယ်ဖြစ်လိမ့်မည်ဟု တွေးထင်နေမိတုန်းဖြစ်ပါသည်...
ရှင်လူ
No comments:
Post a Comment