Sunday, October 29, 2023

story

"ပျော့တော့ပျော့တယ်၊ မာမာပဲ"
😌🤔👺🤗🙄😌🤔👺🤗🙄
           ဘာရယ်မဟုတ် တွေးမိတာလေးတခုပါ။" အသက်ကို မေ့ထားတယ်" လို့ တချို့မိတ်ဆွေများ ပြောလေ့ရှိတယ်။ ဟုတ်ကဲ့ အသက်က မေ့ထားလို့ရပါတယ် ၊ မေ့ထားလို့မရတာက ကျန်းမာရေးပါ။ ရှင်လူကြီး ပြီးခဲ့တဲ့ အသက်တာ၆၄,၆၅,၆၆,၆၇ လောက်ထိ စက်ဘီးတစီးနဲ့ ဖလန်း ဖလန်းနေခဲ့တာပါ။ အဲ့လို နေနေတဲ့ ကောင်ဟာ ၆၈,နဲ့ ၆၉ ထဲအဝင် နှစ်များမှာတော့ ကျန်းမာရေး ပြဿနာတွေဝင်လာပြီး ရှော့ခ်တွေရပါတော့တယ်။ တသက်လုံး စိတ်မြန်လက်မြန် ကောင်မို့ ဖုန်းပွတ်ရင်း လှေခါးပေါ်ကအဆင်း ကျွမ်းပြန်ကျတာ တို့ မတ်တပ်နဲ့ ဘောင်းဘီစွပ်လိုက်တာ တပေါက်ထဲဝင်ပြီး ပစ်လဲတာတို့ ကြုံလာတော့ သိတ်အဆင်မပြေတော့ပါဘူး။မျက်စိတွေ ၊ နားတွေကအစ ခြေတွေ လက်တွေကလည်း လိုသလိုအသုံးချလို့မရတာတွေ များလာတော့ အသက်ကိုတည် ဗျာဓိနဲ့ပေါင်းပြီး ဖလန်း ဖလန်းကို ပြန်နှုတ်ရပေါ့။ အလကားနေရင်းတောင် မောမော နေလို့ ဆေးခန်းသွားတော့လည်း အဆုတ်လေပြွန် လေးတွေ ကျဉ်းသတဲ့။ ဆေးထိုး၊ သောက် ဆေးယူပြီးပြန်လာပေါ့။ နောက် မကြာမကြာ ဆေးခန်းပြန်သွားပေါ့။ တသက်လုံး စီးကရက် အပါအဝင် နီကိုတင် မီးခိုး အမျိုးမျိုး ရှူခဲ့တဲ့ကောင် ခံပေါ့။ ခုတောင် စီးကရက်ဖြတ်ထားပေမယ့် နိုင်တီတူး ဆေးနဲ့ ကွမ်းယာက မပြတ်ဝါးနေတုန်း။ဒီနေ့ တနေကုန် ဖုန်းပွတ်ရတာ အာရုံကြောတွေ တင်းလာတာကြောင့် လမ်းထိပ်ထွက်ပြီး အုတ်ခုံမှာ ထိုင်နားနေမိတယ်။ မိမိ ထိုင်ပြီးမကြာခင် တဖက်က အုတ်ခုံမှာ အပ္ပနားတို့နှစ်ယောက် ဝင်နားကြတယ်။ သူတို့မှာ ပိန်လိန်နေတဲ့ စတီး ရေပုံးတလုံး ဂေါ်ပြားတချောင်းနဲ့ ပေါက်တူး တလက် ပါလာပုံထောက်တော့ မိလ္လာကျင်းတွေဖော် တဲ့ လူတွေမှန်း သိနိုင်တာပေါ့။ အင်း နေကပူသနဲ့ ၊သူတို့ကတော့ မောတယ် ပန်းတယ်ဆိုတာ မျက်နှာမှာ တစက်ကလေးမပေါ်လွင်။ တူးမယ် ဖော်မယ်ဆိုတဲ့ မာန်တွေ ကအပြည့်။ရှင်လူ ကြီး ခုနေ သူတို့လို ပေါက်တူးနဲ့ နောက်ဖေးလမ်းကြားမြေ ပျော့ပျော့ ကို တချက်နှစ်ချက်လောက် ပေါက်လိုက်ရင် မောလို့ ဆုံးမှာမဟုတ်။ စိတ်ထဲ အားငယ်မိသား။ ခဏနားပြီး သူတို့ ဖောက်သည်ရှာဖို့ ထွက်အသွား ရှင်လူလည်း ထပြန်လာခဲ့တယ်။ 
            အခန်းပြန်ရောက်တော့ 
ပါဝါ အကြောင်းခေါင်းထဲကမထွက်တာနဲ့ ဂူဂယ်ခေါက်ပြီး ရှာလိုက်တာ ပါမောက္ခ ဒေါက်တာ သောင်းဌေး (စာရင်းအင်းပညာ)ရဲ့
ပါဝါအမာ (Hard Power) နှင့် ပါဝါအပျော့ (Soft Power)ဆောင်းပါးကို ဖတ်မိပါတယ်။
ဒီဆရာကြီးဆောင်းပါးဖတ်မိမှ မိမိမှာ ပါဝါအမာ(Hard Power) အားနည်းလာပြီး
(Soft Power) တွေ ရှိနေသေးတာ သတိထားမိလာပါတယ်။
           ဆရာကြီးဆောင်းပါးထဲက ပါဝါရဲ့ ဖွင့်ဆိုချက်ကို သူ့ဆောင်းပါးပါ စာပိုဒ်များအတိုင်း အောက်မှာ ပြပေးထားပါတယ်။
             #ပါဝါ (Power) ဆိုသည့် အင်္ဂလိပ်စကားလုံးနှင့် မြန်မာစကားလုံး၊ စကားရပ်တူညီနေသည့် သဘောတရား အနေအထားကို လေ့လာခြင်းအားဖြင့် အဆိုပါစကားလုံးမှာ မွေးစားထားသည့်စကားလုံး တစ်နည်းအားဖြင့် တိုက်ရိုက်ရယူထားသည့် စကားလုံး၊ စကားရပ်ဖြစ်ပါသည်။ အဓိပ္ပာယ်ကို သိမြင်နိုင်စေရန် မြန်မာမှုပြုစုထားရှိသည့် စကားလုံး၊ စကားရပ်များမှာ အင်အား၊ တတ်နိုင်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း၊ စွမ်းရည်၊ အစွမ်းသတ္တိစသည်တို့ ဖြစ်ကြပါသည်။ နိုင်ငံခြားသား ပညာရှင် Joseph S.Nye,Jr. က စစ်မက်ရေးရာများနှင့် ဆက်စပ်ကာ အဓိပ္ပာယ်ဖော်ပြထားသည်မှာ Power is "the ability to effect the outcomes you want and, if necessary, to change the behavior of others to make this happen",(Reference: pp-v and 1). အကြမ်းအားဖြင့် မြန်မာဘာသာပြန်ဆိုရမည်ဆိုပါက ပါဝါဆိုသည်မှာ "မိမိအလိုရှိသည့် ရလဒ်ထွက်ပေါ်လာစေရန် ဆောင်ရွက်နိုင်သည့် အရည်အချင်း၊ အကယ်၍ လိုအပ်ပါက အခြားသူများ၏ အပြုအမူအလေ့အထကို ပြောင်းလဲစေခြင်းဖြင့် မိမိအလိုရှိသည့် သို့မဟုတ် မိမိဖြစ်လိုသည့် ဖြစ်ရပ်ဖြစ်ပေါ်လာစေရန် ဆောင်ရွက်ခြင်း" ဖြစ်ပါသည်။#
             ဆောင်းပါးမှာ ပါဝါကို
အဲ့လိုရှင်းပြထားပြီး ၊ပါဝါနှစ်မျိုးရှိပုံကိုလည်း ဒီလို ရှင်းပြထား ပြန်ပါတယ်။
              #ပထမဦးစွာ ပါဝါအမာနှင့် ပါဝါအပျော့တို့၏ အဓိပ္ပာယ်နှင့် သဘောတရားကို ဆွေးနွေးတင်ပြပါမည်။ နိုင်ငံတကာရှိ ပညာရှင်ကြီးများသည် ပါဝါအမာနှင့် ပါဝါအပျော့ကို တင်ပြဆွေးနွေးကြရာတွင် ပါဝါ၏သဘောတရားကို တင်ပြဆွေးနွေးပြီးမှသာလျှင် အမာနှင့်အပျော့သဘောတရားကို တွဲလျက်ဆွေးနွေး တင်ပြလေ့ရှိကြပါသည်။ စာရေးသူအနေဖြင့်မူ ယနေ့ခေတ်လူငယ်အများသိရှိ နားလည်ထားကြသည့် ကွန်ပျူတာဖွဲ့စည်း တည်ဆောက်ပုံသဘောတရားကို အခြေခံပြီး အမာထည်ပစ္စည်း (Hardware) နှင့် အပျော့ထည်ပစ္စည်း  (Software) က စတင်၍ လူအများအလွယ်တကူ သိမြင်နားလည်နိုင်စေရန် ရှင်းလင်း တင်ပြပါမည်။

အမာထည်ပစ္စည်း (Hardware) ဆိုသည်မှာ (Tangible) ဟု ခေါ်ဆိုသည့် လူ၏လက်ဖြင့် ထိတွေ့နိုင်၊ ကိုင်တွယ်ရရှိနိုင်သည့် ပစ္စည်း သို့မဟုတ် လူက လက်ဖြင့်ကိုင်တွယ်လိုလျှင် ကိုင်တွယ်ရနိုင်သည့် ပစ္စည်းကို ခေါ်ဆိုပါသည်။ အရာဝတ္ထုပစ္စည်းများသည် အများအားဖြင့် ကိုင်တွယ်ရနိုင်သည့် ပစ္စည်းများ ဖြစ်ကြပါသည်။ အပျော့ထည်ပစ္စည်း (Software) ဆိုသည်မှာ (Intangible) ဟုခေါ်ဆိုသည့် လူ၏လက်ဖြင့် ကိုင်တွယ်လိုပါက ထိတွေ့ကိုင်တွယ်ရန် မရနိုင်သည့်အရာများ၊ ပစ္စည်းများဖြစ်ကြပါသည်။ သို့သော်လည်း မျက်စိဖြင့်မြင်နိုင်၊ နားဖြင့်ကြားနိုင်၊ နှာခေါင်းဖြင့် အနံ့ရရှိနိုင်၊ အသားအရေကို လာရောက်ထိတွေ့ပါက သိရှိနိုင်၊ စိတ်ဖြင့် ခံစားသိရှိစေနိုင်သည့် အရာများဖြစ်ကြပါသည်။ ဥပမာအားဖြင့် တီဗွီဖန်သားပြင်ပေါ်ရှိ အရုပ်များ၊ အသံ၊ အနံ့၊ လေ၊ အာရုံ စသည်တို့ ဖြစ်ကြသည်။ အမာထည်ပစ္စည်းနှင့် အပျော့ထည်ပစ္စည်းကို သိမြင်နားလည်စေသည်ဆိုပါက အမာနှင့်အပျော့သဘောတရားကို စာဖတ်သူများ သိမြင်နားလည်မည်ဟု ယုံကြည်ပါသည်။ #
            ဆောင်းပါးရဲ့ ဆိုလိုရင်းကို ရှင်လူနားလည်သလို အကျဉ်းချုပ်ရရင် Hard Power ပါဝါ အမာ က ရုပ်ပိုင်းကြံ့ခိုင်မှု
အခြေ ခံပြီး Soft Power က
စိတ်ပိုင်း အခြေ ခံတဲ့ ဘာသာ
စာပေ ယဉ်ကျေးမှု အနုသုခုမပညာရပ်များမှာ အခြေ ခံတယ်လို့ သုံးသပ်မိပါတယ်။
            စာလည်းရှည်သွားပြီမို့
လိုရင်း ပြောရရင် Hard Power ကုန်နေတဲ့ ရှင်လူကြီး
မှာ Soft Power ဆိုတဲ့ စာပေ အနုပညာ စွမ်းအားတွေတော့ ရှိနေပါသေးတယ်လေ။
            အင်း...တွေ့မယ် ၊စာမဖတ် ပေမဖတ်၊ မတွေးတတ် မဆင်ခြင်တတ်ပဲ online ပေါ်မှာ
ပေါက်ကရ ုငြင်းခုန်နေ တဲ့ကောင်တွေ။
story#observation#shinlhu

No comments:

Post a Comment