Friday, November 29, 2024

story

အမှတ်တရ
                  ဒစ္စနေည
😁😂😊💀💀💀
              နိုဝင်္ဘာလ ၂၉  ညနေခင်းရဲ့မိုးကောင်းကင်ဟာ တိမ်တိုက်တို့ကင်းစင်ပြီး အပြာရောင်သမ်းလို့ အရာရာငြိမ်သက်နေပါတယ်။
မကြာမတင် ကာလတွေအတွင်း ရေကြီး ရေလျှံ မြေပြိုမှုတွေအထိဒုက္ခပေးခဲ့တဲ့ ဆိုင်ကလုံးနဲ့တိုင်ဖွန်းမိုခါးတို့ ရာဂီတို့လည်း ဘယ်ဆီဘယ်နားသွားပြီး အိပ်မောကျနေမှန်းမသိ။
    မြောက်ပြန်‌လေ
တသုန်သုန်ဖြူး နေတဲ့ညနေခင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၁ နှစ်ဆီက မိမိကိုမိခင်ကြီးကမွေးဖွားသန့်စင်ခဲ့တဲ့ ၈ နာရီ ၄၅ မိနစ်နားနီးကပ်နေခဲ့ပါပြီ။
            အင်း ဘာလိုလိုနဲ့
ရှင်လူကြီး အသက် ၇၁ နှစ်
ပြည့်တော့မယ်ပေါ့။မွေးနေ့ကိတ်ပေါ် ဖယောင်းတိုင် ၇၁ တိုင် ထွန်းရရင် မနည်းမနောလှ။တကယ်တော့ အဲ့ဒီ မွေးနေ့ အထိမ်းအမှတ်
Happy birthday ဆိုတာကြီးက မြန်မာ့ဓလေ့တော့မဟုတ်။ဒါပေမယ့် မြန်မာ့အစဉ်အလာတွေထဲမှာလည်း မင်္ဂလာ ၁၂ ပါး ဘာညာ ကြားဖူးထားတော့ ကျင်းပပုံ ပုံသဏ္ဍာန်တူချင်မှတူမယ်။ကိတ်မုန့်လှီးတာနဲ့၊ ထောပတ်ထမင်း၊အုန်းထမင်းကြွေးတာ ကွာချင်ကွာမယ်။ဘာပဲဖြစ်ဖြစ်မွေးနေ့အထိမ်းအမှတ်တွေပဲ‌လေလို့တွေးပြီး ကမ္ဘာမှုပြုလိုက်ပါတယ်။
            လူတယောက်ဟာတနှစ်တခါ ဖယောင်းတိုင်တတိုင်တိုးလာတိုင်း ပိုမိုကောင်းမွန်တဲ့ရလာဒ်တွေထွက်လာမလားဆိုတဲ့မေးခွန်းကအရေးကြီးပါတယ်။ ဟော ဒီ ကိတ်မုန့်ကြီးပေါ်က မီးတွေကိုမှုတ်လိုက်တာက ကိုယ့်ကိလေသာမီးတွေကိုယ်သိမ်းမှုတ်လိုက်ပြီး ကိတ်မုန့်ကြီးကိုခွဲခြမ်းစိတ်ဖြာပြီး ချစ်ခင်ရသူ ဆွေမျိုးမိတ်သင်္ဂဟ များကို ကျွေးမွေးရတာက
ညာတကာနဉ္စသင်္ဂဟော ပေါ့ဗျာ။အဲ့ဒီ မွေးနေ့ရှင်မျိုးကို အစုတစုမှတ်ပြီးအကျယ်ချဲ့တွေးလိုက်တော့တချို့များ ဖယောင်းတိုင်တွေများလေ
ကမ္ဘာကြီးကို အလင်းပေးလေ ၊ကိတ်ချိုတွေကြွေးလေ၊ အဲ ..အဲလိုလူမျိုးစဉ်းစားသာကြည့်တော့။ကမ္ဘာကြီးနဲ့လူသားမျိုးနွယ်စုအတွက်ပေးသောလက် ကြွေးသောလက်တွေနဲ့ တီထွင် ဆန်းသစ် လင်းလက်လာခဲ့ကြတာ။အင်း...
အဲ့လိုလူမျိုးတွေ ကတော့
ဖယောင်းတိုင်ဘယ်လောက်များများတိုးပွားလာပါစေ ကမ္ဘာမြေကို သာယာစေခဲ့ပေါ့။
           ကဲ... Happy Birthday  သမားအကြောင်းပြောမိမှတော့
မ Happy တဲ့ Birthday သမားအကြောင်းလေးလည်းထည့်ပြောအုံးမှပေါ့။အဲဒီလူတချို့ကတော့ ဖယောင်းတိုင် တတိုင်တိုးလာတာနဲ့အမျှ ကမ္ဘာမြေနဲ့လူသားတွေအပေါ် မီးလောင်တိုက်သွင်းဖို့ အဆိပ်ခတ်ဖို့ စစ်ပွဲတွေ
ကပ်ဘေးဒုက္ခတွေသယ်ဆောင်လာတဲ့ လူတမျိုးပါပဲ။
             အင်း...ရှင်လူကြီး
 ၇၁ နှစ်မြောက် မွေးနေ့မှာ
မင်္ဂလာမဲ့လွန်းလို့ ဒီအကုသိုလ် မျိုးစိတ်တွေအကြောင်း ဆက်မပြောချင်တော့ဘူး။
             ရှင်လူကတော့ ပထမဖယောင်းတိုင်အမျိုးအစားထဲလည်းမပါဘူး။တနှစ်တတိုင်နှုန်းနဲ့ ၇၁ တိုင်တော့ ဖြစ်လာပါရဲ့။ ဒုတိယ အမျိုးအစား Venom ဖယောင်းတိုင်မျိုးထဲလည်းမပါဘူး။
           ဒါဖြင့် ဘယ်လိုမျိုးထဲကလဲ ဆိုတော့ ဟောဒီ
နိုဝင်္ဘာ ၂၉ ရက်ည ကောင်းကင်လို မိုးကြိုး မုန်တိုင်းတွင်မက တိမ်စိုင်တစပင်မမြင်ရ တဲ့ အပြာရောင် ည၊ ဒစ္စနေည။
story#observation#shinlhu

Wednesday, May 1, 2024

story

Teddy Bear ရဲ့ရှေ ့‌နေ
🎃👺🤡💩🎃👺🤡
ညဘက် ဖွေးဖွေးသိမ့်ဆီဖုန်းဆက်တော့
သူ့အမေ ငမိုးရိပ်က ဖုန်းကိုင်တယ်။
"သားအဖတွေ အိပ်သွားပြီ ရှင်လူ"တဲ့။
"ဟ စောလှချည်လား၊ ခုမှ ၉ နာရီပဲ ရှိသေးတာ" ဆိုတော့ ငမိုးရိပ်က "ဟုတ်တယ် စောစောက သားအဖတွေ ငြင်းကြခုံ ကြနဲ့ ၊သူ့အရုပ်လေး နှာခေါင်း ဘာ ဖြစ်သွားလို့ ဆိုလား ၊အငိုအယိုတွေနဲ့"
ငမိုးရိပ်စကား ‌ကြောင့် ရှင်လူ ပြုံးလိုက်မိပါတယ်။ ပြဿနာက ဒီနေ့ နေ့ခင်း ဖွေးအဖေ မောင်ဝင်း နဲ့ ရှင်လူ တောင်ဒဂုံက ပြန်ရောက်ရောက်ချင်း ဖွေးမတွေ့တာနဲ့မောင်ဝင်းက မေးပါတယ်။ ဒီလိုနဲ့ နီးစပ်ရာ ဟိုလူ့မေး ဒီလူ့မေးလုပ်ရင်း ဖွေးကို တရုပ်မ ကြီး အိမ်နောက်ဖေး
ပိတောက်ပင် ကြီးအောက်မှာတွေ့ပါလေရော။
အဲ့ချိန် ဖွေးက ဖိုးလဝန်း တို့နဲ့အတူ တံချူတွေဘာတွေနဲ့ ပိတောက်ပန်းခူးနေတာပါ။
အဲဒါ သူ့အဖေက ငေါက်ငမ်းပြီးခေါ်လာတော့ ပြန်လိုက်လာပါတယ်။
"ဘယ်သွားတာလဲ၊ နင့်ကို အိမ်မှာနေဖို့ ငါ‌ပြောထားတယ်မဟုတ်လား" ဆိုတော့
"ဖွားဖွား ကြီးကို ‌ပြောသွားတယ်"တဲ့။
"ဟုတ်တယ် ပိတောက်ပန်းခူးဖို့အိမ်က ဓါးတွေဘာတွေတောင်ဝင်ယူသွားတာ"လို့သူ့ဖွားဖွား ကြီးကထောက်ခံပါတယ်။ဒါပေမယ့် သူ့အဖေဒေါသက မ‌ပြေ။ "နင့်ကို သူများအိမ်ထဲ မဝင်ဖို့ ငါ‌ပြောထားတာ မမှတ်ဘူး၊ ခု တရုပ်မ ကြီးအိမ်ထဲ ကဝင်ရတာ"။
မောင်ဝင်းက ဖွေးရဲ့ Teddy Bear ဝက်ဝံရုပ်လေး ကို ‌ခြေထောက်ဖက်ကစုံကိုင်ပြီး ဖွေးကို
ရိုက်ဖို့ရွယ်တော့ ဖွေးက ခန်းဆီးဘေးကနေ ဖြတ်ခနဲ ‌ပြေးလာ ပြီး ရှင်လူ့ ကို ကာဗာယူလိုက်ပါတယ်။ "ကဲ ကဲ တော်ပါတော့ မောင်းဝင်းရယ်၊
နောက်ဆိုသမီးကလည်း ဖေဖေစကားနားထောင်၊ သူများအိမ်ထဲ မဝင်နဲ့တော့၊ ကလေးသဘာဝကွာ၊ အဲ့ ပိတောက်ပင်ကြီးကလည်း ကလေးမ‌ပြောနဲ့ ငါတောင် အသဲယားတယ်၊ဒီတခါတော့ ခွင့် လွှတ်လိုက်ပါ။ နေ့ခင်း ပြဿနာက ဒီလောက်နဲ့ ပြီးသွားတာပါ။ မောင်ဝင်း ကလည်းတ ခြားလူတားရင် အရွဲ့တိုက် ပြီး ရိုက်ချင်ရိုက်မှာပါ။ ရှင်လူနဲ့ကျတော့ ဘီယာဆိုင်ထိုင်ဘက်ချင်းမို့ သံယောဇဉ် ကစကား‌ပြောသွားတာပါ။
အဲဒါ ညနေဖက် သားအဖဆုံ ကြတော့ ဖွေးက
သူ့ကို ရိုက်ဖို့ မောင်ဝင်းကိုင်ခဲ့တဲ့ သူ့ဝက်ဝံရုပ်ကလေး Teddy Bear နှာခေါင်း ပျက်သွားတယ်ဆို ပြီး သူ့အဖေကို စွဲချက်တင် မျက်ရည်ကျ ခဲ့တာပါ။
အင်း...ဖြစ်နိုင်မယ်ဆိုရင် ဖွေးဖွေးသိမ့်လူလား‌မြောက်တဲ့ထိ ရှင်လူ ကြီး အသက်ရှည်ချင်ပါသေးတယ်။ ဖွေးသာ ရှေ့နေ ဖြစ်မယ်ဆိုရင် သာမာန်
အဖိနှိပ်ခံတွေအတွက်သာမက Teddy Bear တို့လို အရုပ်ကလေးတွေဘက်ကပါ
အကာအကွယ်ပေး မယ်ဆိုတာတွေးမိရင်း ပေါ့။
story#observation#shinlhu

Tuesday, April 9, 2024

story

(တစ်မျက်နှာ ဝတ္ထု ုတို)
ဇေယျဝတီ မင်းလွင်စိုး
   
  "သမုဒယ၏ ဖန်ရှင်များ"

    လက်ဖက်ရည်ဆိုင်ကလေးက ဘူတာ စ င်္ကြန်မှ ကန်စွန်းခင်းထဲသို့တံတားထိုးကာ ဖွင့်လှစ်ထားသ ဖြင့် အလှစိုက်ပန်းအိုးများစီချထားသော ဆိုင်မျက်နှာစာ စားပွဲမှထိုင် ကြည့်လိုက်လျှင် ဘူတာစ င်္ကြန် နှစ်ဖက်စလုံးကို
ကောင်းစွာ မြင်နေရသည်။
      ဖြတ်သွား ဖြတ်လာများနှင့် ရထားစီးရန်စောင့်ဆိုင်းနေသူများကို အမှတ်တမဲ့
ငေး ကြည့်နေဆဲ တူရူစ င်္ကြန် တဖက်ရှိ မိမိ မြင်ကွင်းထဲသို့ကျိုင်းတုံထမီရွှေဝါပွင့်ရောင်နှင့် ကိုယ်ဟန်ဖွံ့ထွားစို ပြည်ဆဲ မိန်းမပျိုတယောက်
ရောက်ရှိလာခဲ့လေသည်။မိန်းမ
ပျိုက စ င်္ကြန်ပေါ်မှာ မခို့တရို့ထိုင်ချလိုက်ပြီး သူမရဲ့
ခွာ မြင့် ကြိုးသိုင်းဖိနပ်ကို နေသားတကျ ဖြစ်အောင်ပြုလုပ်နေပုံမှာ လည်တိုင်ကျော့ရှင်းတဲ့ ကြိုးကြာငှက်လေးတစ်ကောင်ရဲ့ကဟန်လို တကယ့်ကိုကဗျာဆန် လွန်းလှပါဘိ။ မျက်နှာမလွှဲရက်နိုင်အောင်ပါပဲ။အို အရေးထဲ လက်ဝဲရစ် လော်ကယ်ရထားက
ဗြုန်းဆို ရုတ်တရက်ဝင်ရောက်လာ ပြီး မိမိ မြင်ကွင်းကို
ဆင်ဆာ ဖြတ်လိုက်ကာ စက္ကန့်ပိုင်းအတွင်းမှာပင် ဥ သြကိုသံတိုဆွဲ ပြီး ပြန်လည်ထွက်ခွာသွားခဲ့ ပြီ။
      မြင်ကွင်းဟာ လပ်ဟာ ပြီး ကျန်ခဲ့ပါတော့တယ်။
      ဘယ်ကလာသလဲ၊ ဘယ်ကိုသွားသလဲ၊ အလုပ်ကိုသွားတာနဲ့တူတယ်။ သူ့အိမ်ကို ပြန်တာလား။မိမိရင်ထဲမှာ မေးခွန်းတွေ ပလုံစီ ပြီးကျန်ခဲ့ပါတယ်။ ပြီးတော့ ပြုံးမိပါတယ်။
       ဘယ်ကလာ ပြီး ဘယ်ကိုသွားမှန်းမသိခဲ့‌သော
သမုဒယတွေ မိမိဘဝမှာ ကြုံခဲ့ဖူးပေါင်းများ ပြီပဲ။
        "ဒီအဖိုး ကြီး ဘာတွေ ပြုံးနေ ပြန်ပလဲ"
        "သမုဒယရဲ့ဖန်ရှင်များ အ‌ကြောင်းလေ"
        "ဘာသမုဒယဖန်ရှင်လဲ"
        "ရှင်း ပြလို့လည်း မင်းနားလည်မှာ မဟုတ်ပါဘူးအဘွား ကြီးရာ၊လက်ဖက်ရည်ဖိုးသာရှင်းလိုက်ပါတော့၊
အိမ် ပြန် ကြစို့"
        ဆံပင် ဖြူ ကွက် ကြားနှင့် အဘွား ကြီးက ပိုက်ဆံအိတ်ကို ဖွင့်ရင်း မိမိကို မျက်စောင်းထိုး ကြည့်နေလေသည်။ ဤအ ကြည့်မျိုးမှာ လွန်ခဲ့သော နှစ်ပေါင်းသုံ းဆယ် ကျော်ကဆိုလျှင်...။
   ဇေယျဝတီ မင်းလွင်စိုး

သ င်္ကြန်နားရက်အတွင်း လွှင့်ပစ်စရာတွေရှင်းရင်း မထင်မှတ်ဘဲ ရှင်လူ့တစ်မျက်နှာ ဝတ္ထု ုတိုပါတဲ့ "အနုပညာ‌ေ ကြးမုံမဂ္ဂဇင်း" အမှတ်(၄)
၂၀၀၃။ပြန်ေ တွ့တာနဲ့အမှတ်တရ ကူးတင်ပါတယ်။
ခုနှစ်နဲ့လ မမှတ်မိတော့တဲ့
ရှင်လူ့ရဲ့ "ပြတင်းပေါက်ကလေးတခု"ဝတ္ထ ုတိုပါ "စံပါယ် ဖြူ"မဂ္ဂဇင်းလည်းရှာမတွေ့တော့ပါ။ တွေ့တဲ့သူများ ရှင်လူ့ကို လက်တို့ပေး ကြပါရန် မေတ္တာရပ်ခံပါတယ်။
story #observation#shinlhu

Friday, April 5, 2024

story

ပေဖူးလွှာမှ အီးမေးလ်သို့
************************"ပေဖူးလွှာ" တဲ့။ ရှေးအခါက ပေဖူးနုနုကလေးတွေအပေါ်မှာ ကညစ်နဲ့စာရေးပြီး တနေရာနဲ့တနေရာ အမှာပါးလေ့ရှိကြတယ်။အဲ့ခေတ်က အဲ့ပေဖူးလွှာလေးတွေကို တနေရာကတနေရာ ပို့ဖို့ ဆက်သားဆိုတဲ့ စာပို့သမားတွေထားရှိကြယ်။ ရှင်လူ့အဖိုး‌ေြပာပြတဲ့ပါးစပ်ရာဇဝင်အရ
အဲ့ဆက်သားဟာ ရွှေယောက်မခါးထိုးရသတဲ့။ဆက်သားဟာ မြင်းနေရာမြင်း ၊လှေနေရာလှေ၊ မြင်း‌မပေါက်လှေမပေါက်ရင် ‌ခြေကျင်သွားရသမို့သူ့မှာ ဘုရင့်အမိန့်နဲ့ ရွှေချထားတဲ့ယောက်မလေး ခါးထိုးထားပြီး ရောက်လေရာအိမ်မှာဝင်ရောက်ခူးခပ်စားသောက်ခွင့်ရှိသတဲ့။အဖိုးရဲ့ပါးစပ်ရာဇဝင်မို့ ဘယ်လောက်မှန်တယ်တော့မသိဘူးပေါ့လေ။ကြားဖူးတဲ့အတိုင်းပြန်ရေးပြတာပါ။ပြီးခဲ့တဲ့ 1980ဝန်းကျင်နှစ်တွေအထိမှာလည်း အဲ့ပေဖူးလွှာကို အစွဲပြုပြီးထုတ်ဝေခဲ့တဲ့ "ပေဖူးလွှာမဂ္ဂဇင်း"ဆိုတာလည်းထင်ရှားလူကြိုက်များခဲ့ဖူးတယ်။ ခုတော့ မဂ္ဂဇင်းတွေမျိုးတုန်းတဲ့ထဲပါသွားပါပြီ။ရှင်လူတို့ ငယ်စဉ်ကတော့ ပေဖူးလွှာအစား ပေးစာတွေခေတ်စားနေပါပြီ။စာရေးစက္ကူ ပလာစာရွက်စတာတွေမှာ ဖေါင်တိန်(ဒါမှမဟုတ်-ခဲတန်-ဘောပင်)စတာတွေနဲ့စာရေးပြီးစာအိတ်လေးတွေနဲ့ထည့်၊ ကော်ကပ်ပိတ်ပြီးတန်ဖိုးသင့်အခွန်တံဆိပ်ခေါင်းလေးတွေကပ်ကာ နှီးစပ်ရာ စာတိုက်ပုံးလေး‌တွေထဲထည့်ပြီး စာတိုက်စာရေးတွေက သင့်ရာရထား၊ကား၊လေယာဉ်တွေနဲ့ စာပို့တဲ့စံနစ်တမျိုးပါပဲ။ပေဖူးလွှာ တုန်းက "ပျိုလေးတို့အိမ်ဦး ထိုးလာပါတဲ့ ပေဖူးလွှာ ၊ဘာစာပါလိမ့်လေး"ဆိုတဲ့ ပေဖူးလွှာဖွဲ့သီချင်းတွေရှိခဲ့သလို၊ "ငှက်ခါးလေးတွေ အခါခါနားရင် သက်ထားလေးဆီ စာလွှာပါးကာ"ဆိုတဲ့ စာပို့စံနစ်အကြောင်းဖွဲ့တဲ့သီချင်းတွေလည်းရှိခဲ့ဖူးတာပါပဲ။ခု ရှင်လူတို့ ဘူဒါးကြီးအရွယ်တွေလည်းရောက်ကရော ပေဖူးလွှာနဲ့ စာတိုက်ကြေးနန်းဆက်သွယ်ရေးစံနစ်တွေအစား
မိုဘိုင်းဖုန်းခေတ်ရောက်လာတော့ အင်တာနက် အီးမေးလ်ခေတ်ထဲဝင်ရောက်လာခဲ့ပါပြီ။သင့်အိတ်ထဲ ထည့်ထားတဲ့ မိုဘိုင်းဖုန်းထဲကို ကမ္ဘာအနှံ့ကအီးမေးလ်စာလွှာတွေ တတိန်တိန် အချိန်မရွေးဝင်ရောက်နေကြပါပြီ။တကယ်လို့များ သင့်ချစ်သူဆီ အမှာပါးရာမှာလူသိရှင်ကြားဖြစ်ချင်ရင်တောင်fbလို ဆိုရှယ်နက်ဝပ်တွေမှာ ပတ်ဘလစ်နဲ့တင်လိုက်ရုံပါပဲ။မရှက်တတ်ရင်ဆိုပါတော့လေ။
story#observation#shinlhu

Thursday, March 14, 2024

story


မဟော်ဂနီအစွမ်းနဲ့ အမေ့နို့ဖို့အကြွေး
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ 
ဖွေးဖွေးသိမ့်တယောက် အသက် ၃ နှစ်နဲ့
၄ လရောက်မှပဲ နို့ပြတ်တော့တယ်။ ဖွေး နို့မပြတ်ခင် သူ့အမေမလှိုင်ရင်ခွင်ထဲဝင်ပြီး
နို့ဆွဲနေပုံကလည်းအမှတ်တရပါပဲ။သူ့အမေမလှိုင်ကလည်း နို့ကောင်းပုံရတယ်။
မြောက်ကိုရီးယားကနျူကလီးယားဒုံးကျည်ထိပ်ဖူးနဲ့ ဆင်တူယိုးမှားနို့သီးခေါင်းကြီးကို
ဖွေးကအားရပါးရငုံစို့ရင်း သူ့အမေဆံပင်ကို
လက်နဲ့ဆုပ်ဆွဲထားသေးပေါ့။ တလောကတော့ ဖွေးတို့အခန်းဘက်က
တီးတိုးတီးတိုး သတင်းတခုကြားရလို့
ရှင်လူကြီးက စပ်စုလိုက်မိတယ်။
``ဘာလဲ ဖွေးအဖွားက မဟော်ဂနီယူလာတယ်၊ ဟုတ်လား´´
ရှင်လူ့အမေးကို ဖွေးအဖွားက မျက်လုံးပြူး
အံကြိတ်ရင်း``သြော်..ရှင်လူကလည်း
အလိုက်ကမ်းဆိုးမသိလိုက်တာ၊ ဟိုက
ပါးကပါးသနဲ့´´။ သူ့အဖွားမာန်မှပဲ ရှင်လူကြီး
လည်း အလိုက်တသိ``ဆောရီး..ဆောရီး´´
လုပ်လိုက်ရတယ်။ ဟုတ်ပ ..ဒီမဟော်ဂနီ
ဆိုတဲ့အသံ ဖွေးကြားသွားရင် သနပ်ခါးတောင်းထဲက မဟော်ဂနီတုံး အိမ်ရှေ့မြောင်းထဲရောက်သွားမှာပေါ့။
ခုတောင် ဖွေးက သူ့အမေနို့ကိုကြည့်ပြီး
အီကနဲငိုလိုက်၊ နို့ကိုလက်နဲ့ပွတ်သပ်ပြီး
စို့ကြည့်လိုက်နဲ့ ပြဿနာတက်နေတာ။
မဟော်ဂနီလက်ချက်မှန်းရိပ်မိသွားရင်
ဖွေးရဲ့နို့ဖြတ်စီမံကိန်းကြီးရေစုံမျောသွားနိုင်တယ်လေ။ခုတော့ မဟော်ဂနီ top secret
ကိုသိုသိုသိပ်သိပ်နှစ်ခါလောက်လုပ်လိုက်တာ ဖွေးတယောက် လုံးဝနို့ပြတ်သွားပါပြီ။
ဖွေးက ၃နှစ် နဲ့၄ လမှာ နို့ပြတ်တော့ ရှင်လူကြီးထက်သာသွားပြန်ပေါ့။ရှင်လူကြီး
တုန်းကဆိုရင် ၄နှစ်သားအထိနို့စို့တုန်း။
ရှင်လူကြီး၂နှစ်သားအရွယ်မှာ အမေဒုတိယမွေးတဲ့ညီလေးကမီးတွင်းထဲမှာပဲဆုံးသွားခဲ့တော့ သူ့အတွက်ထွက်တဲ့ နို့
ခွဲတမ်းကို ရှင်လူကဆက်စို့လာတာ ၄နှစ်သားထိအောင်ပါပဲ။ဒါကြောင့်ရှင်လူ့အမေက ရှင်လူ့ကို ``ငါ့ သားသမီးတွေထဲမှာ
နင်ဟာ မအေ့နို့ကိုအစို့ရဆုံးပဲ၊မအေကို
စော်ကားတာလည်းနင်အစော်ကားဆုံးပဲ´´
တဲ့။အမေ့ရဲ့ comment ကမှန်တယ်လို့ပဲ
ရှင်လူ ရိုးရိုးသားသားဝန်ခံရမှာပဲ။ ရှင်လူက
ငယ်ငယ်ကတည်းက စိတ်ဆတ်သလောက်
လက်မြန်ခြေမြန်ရှိတယ်။ တခါက ရှင်လူ့
အောက် တယောက်ခြားညီငယ်နဲ့ အရုပ်လုရင်း ရန်ဖြစ်ကြတော့ အမေက
``အကြီးဖြစ်ပြီး အငယ်ကိုမညှာဘူး´´ဆိုပြီး
ရှင်လူ့ကျောကို လက်ဝါးစာတချက်ကြွေး
လိုက်တယ်။ ရှင်လူ့စိတ်ကလည်း ကိုယ့်ဟာကိုယ်တောင်မသိလိုက်ဘူး
ညီငယ်ကို အနားမှာတွေ့တဲ့ ကင်းဗတ်ဖိနပ်နဲ့
ကောက်ပေါက်ပြီး ``အမေကရန်ဖြစ်တာချင်းအတူတူ သူ့လင်ငယ်နဲ့မွေးထားတဲ့သားကျတော့
မရိုက်ဘူး ကျုပ်ကျတော့ရိုက်တယ်´´ အော်ပြီး
တချိုးတည်းပြေးတာ တနေ့လုံးရွာဦး
ကျောင်းဘေးကသီဟိုဠ် တောထဲသွားပြီး
တောခိုနေခဲ့ဘူးတယ်။ ခုကြာလေ အမေပြောတာမှန်လေပဲ။ မိန်းမယူပြီးတော့
လည်း အမေ့ကို မေ့နေတာများတယ်။
အမေ့နို့ဖိုးနဲ့တွက်ရရင် သူများတကာထက်
တဆမကပိုစို့ခဲ့တဲ့ရှင်လူဒီဘဝဆပ်ခွင့်မကြုံနိုင်တော့။ အင်း အကြွေးပေါ့အမေရယ်....
story #observation#shinlhu