မဟော်ဂနီအစွမ်းနဲ့ အမေ့နို့ဖို့အကြွေး
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဖွေးဖွေးသိမ့်တယောက် အသက် ၃ နှစ်နဲ့
၄ လရောက်မှပဲ နို့ပြတ်တော့တယ်။ ဖွေး နို့မပြတ်ခင် သူ့အမေမလှိုင်ရင်ခွင်ထဲဝင်ပြီး
နို့ဆွဲနေပုံကလည်းအမှတ်တရပါပဲ။သူ့အမေမလှိုင်ကလည်း နို့ကောင်းပုံရတယ်။
မြောက်ကိုရီးယားကနျူကလီးယားဒုံးကျည်ထိပ်ဖူးနဲ့ ဆင်တူယိုးမှားနို့သီးခေါင်းကြီးကို
ဖွေးကအားရပါးရငုံစို့ရင်း သူ့အမေဆံပင်ကို
လက်နဲ့ဆုပ်ဆွဲထားသေးပေါ့။ တလောကတော့ ဖွေးတို့အခန်းဘက်က
တီးတိုးတီးတိုး သတင်းတခုကြားရလို့
ရှင်လူကြီးက စပ်စုလိုက်မိတယ်။
``ဘာလဲ ဖွေးအဖွားက မဟော်ဂနီယူလာတယ်၊ ဟုတ်လား´´
ရှင်လူ့အမေးကို ဖွေးအဖွားက မျက်လုံးပြူး
အံကြိတ်ရင်း``သြော်..ရှင်လူကလည်း
အလိုက်ကမ်းဆိုးမသိလိုက်တာ၊ ဟိုက
ပါးကပါးသနဲ့´´။ သူ့အဖွားမာန်မှပဲ ရှင်လူကြီး
လည်း အလိုက်တသိ``ဆောရီး..ဆောရီး´´
လုပ်လိုက်ရတယ်။ ဟုတ်ပ ..ဒီမဟော်ဂနီ
ဆိုတဲ့အသံ ဖွေးကြားသွားရင် သနပ်ခါးတောင်းထဲက မဟော်ဂနီတုံး အိမ်ရှေ့မြောင်းထဲရောက်သွားမှာပေါ့။
ခုတောင် ဖွေးက သူ့အမေနို့ကိုကြည့်ပြီး
အီကနဲငိုလိုက်၊ နို့ကိုလက်နဲ့ပွတ်သပ်ပြီး
စို့ကြည့်လိုက်နဲ့ ပြဿနာတက်နေတာ။
မဟော်ဂနီလက်ချက်မှန်းရိပ်မိသွားရင်
ဖွေးရဲ့နို့ဖြတ်စီမံကိန်းကြီးရေစုံမျောသွားနိုင်တယ်လေ။ခုတော့ မဟော်ဂနီ top secret
ကိုသိုသိုသိပ်သိပ်နှစ်ခါလောက်လုပ်လိုက်တာ ဖွေးတယောက် လုံးဝနို့ပြတ်သွားပါပြီ။
ဖွေးက ၃နှစ် နဲ့၄ လမှာ နို့ပြတ်တော့ ရှင်လူကြီးထက်သာသွားပြန်ပေါ့။ရှင်လူကြီး
တုန်းကဆိုရင် ၄နှစ်သားအထိနို့စို့တုန်း။
ရှင်လူကြီး၂နှစ်သားအရွယ်မှာ အမေဒုတိယမွေးတဲ့ညီလေးကမီးတွင်းထဲမှာပဲဆုံးသွားခဲ့တော့ သူ့အတွက်ထွက်တဲ့ နို့
ခွဲတမ်းကို ရှင်လူကဆက်စို့လာတာ ၄နှစ်သားထိအောင်ပါပဲ။ဒါကြောင့်ရှင်လူ့အမေက ရှင်လူ့ကို ``ငါ့ သားသမီးတွေထဲမှာ
နင်ဟာ မအေ့နို့ကိုအစို့ရဆုံးပဲ၊မအေကို
စော်ကားတာလည်းနင်အစော်ကားဆုံးပဲ´´
တဲ့။အမေ့ရဲ့ comment ကမှန်တယ်လို့ပဲ
ရှင်လူ ရိုးရိုးသားသားဝန်ခံရမှာပဲ။ ရှင်လူက
ငယ်ငယ်ကတည်းက စိတ်ဆတ်သလောက်
လက်မြန်ခြေမြန်ရှိတယ်။ တခါက ရှင်လူ့
အောက် တယောက်ခြားညီငယ်နဲ့ အရုပ်လုရင်း ရန်ဖြစ်ကြတော့ အမေက
``အကြီးဖြစ်ပြီး အငယ်ကိုမညှာဘူး´´ဆိုပြီး
ရှင်လူ့ကျောကို လက်ဝါးစာတချက်ကြွေး
လိုက်တယ်။ ရှင်လူ့စိတ်ကလည်း ကိုယ့်ဟာကိုယ်တောင်မသိလိုက်ဘူး
ညီငယ်ကို အနားမှာတွေ့တဲ့ ကင်းဗတ်ဖိနပ်နဲ့
ကောက်ပေါက်ပြီး ``အမေကရန်ဖြစ်တာချင်းအတူတူ သူ့လင်ငယ်နဲ့မွေးထားတဲ့သားကျတော့
မရိုက်ဘူး ကျုပ်ကျတော့ရိုက်တယ်´´ အော်ပြီး
တချိုးတည်းပြေးတာ တနေ့လုံးရွာဦး
ကျောင်းဘေးကသီဟိုဠ် တောထဲသွားပြီး
တောခိုနေခဲ့ဘူးတယ်။ ခုကြာလေ အမေပြောတာမှန်လေပဲ။ မိန်းမယူပြီးတော့
လည်း အမေ့ကို မေ့နေတာများတယ်။
အမေ့နို့ဖိုးနဲ့တွက်ရရင် သူများတကာထက်
တဆမကပိုစို့ခဲ့တဲ့ရှင်လူဒီဘဝဆပ်ခွင့်မကြုံနိုင်တော့။ အင်း အကြွေးပေါ့အမေရယ်....
story #observation#shinlhu
No comments:
Post a Comment