Saturday, February 15, 2025

story

ဒီနေ့ မှာလက္ခံရရှိတဲ့ဝန်ထမ်းကဒ်လေးကလည်း ဘဝရဲ့မှတ်တိုင်တခုပေါ့။
သြော်...ဒီနေ့ဟာ February. 14 ရက် Saint Valentines Day(ချစ်သူများအမှတ်တရနေ့ပဲ)2025
story#observation #shinlhu

story

လူဝါးဝတဲ့ရှင်လူနဲ့ရွှီးဘော့ AI တို့တွေ့ကြရာဝယ်😛🤑🤗🤓😎😤😏😟

မနေ့ညနေပိုင်းကရှင်လူ့မေးခွန်းတွေကိုအတည်ပေါက်နဲ့တလွဲတွေရွှီးထားတဲ့ Chat bot -Deep Seek အကြောင်းတွေဖုန်းနဲ့ထိုင်ရေးနေခဲ့တယ်။အဲဒါ ည၉နာရီလောက်မှာရေးလို့ပြီးသွားတော့fbတင်ဖို့ကော်ပီလုပ်ရင်းဘာမှားထိသွားမှန်းမသိဘဲစာလုံး တွေကရောမစာတွေလိုလိုဖတ်မရအောင်ဖြစ်ကုန်တယ်။အင်း.. အရင်ကလည်းအဲ့လိုခဏခဏကြုံဖူးတယ်။စာတပုဒ်လုံးရေးပြီးမှ မှားနှိပ်မိလို့အကုန်ပျောက်ပြီး အစကပြန်ရေးရတာ။ခုလည်းခြင်ကိုက်ခံရေးထားရတဲ့စာတွေဒီလိုဖြစ်ကုန်တော့ ရမ်းလုပ်ရင်းအကုန်ပျက်မှာစိုးတာကြောင့်ဒါကိုပဲ အရံကော်ပီနှစ်စုံလောက်အရင်ကူးထားလိုက်ပြီး အားကိုးနေကျ မင်းမင်းကိုဖုန်းဆက်မေးရတယ်။မင်းမင်းကဖုန်းထဲကနေပြီး"ရှင်လူမလုပ်တတ်လည်းနောက်နေ့မှကျနော်လုပ်ပေးမယ်"ဆိုလာပြန်တော့ နောက်နေ့မစောင့်ချင်ပြန်။ဒါနဲ့"မင်းမင်းရေ ငါPlay Store ထဲက Converter ဒေါင်းပြီးလုပ်ကြည့်လိုက်မယ်"ပြန့်ပြောလိုက်ပြီး Play Storeဖွင့်လိုက်တယ်။တကယ်တော့ Play Store ဖွင့်ပြီးတော့လည်းဆက်လုပ်ဖို့တွန့်နေမိပြန်တယ်။ဘာလို့ဆိုတော့တလောကရှင်လူကလိလွန်းလို့ ဖုန်းပြဿနာအတော်ကြီးသွားတယ်။FB ပဲသုံးသုံး၊TikTokပဲသုံးသုံး ၊ယုတ်စွအဆုံးK Pay ဖွင့်တာတောင် အယုတ်တမာဂိမ်းကြော်ငြာနှစ်ခုကအတင်းဝင်လာတယ်။ဘာမှအာရုံစိုက်လို့မရတကယ့်အဓမ္မကြော်ငြာတွေပါပဲ။နောက်ဆုံးဖုန်းတောင်မကိုင်ရဲအောင်ဖြစ်သွားတယ်။အဲဒါမင်းမင်းကိုအကူအညီတောင်းတော့မှ မင်းမင်းကစိတ်ရှည်လက်ရှည်နဲ့ဒေတာတွေမပျက်အောင် Backup လုပ်သင့်တာတွေလုပ်ပြီး Restart ပြန်ချပေးတာနေ့တဝက်လောက်ကုန်သွားတယ်။အဲ့အတွေ့အကြုံကြောင့်ခုလည်း Converterဒေါင်းဖို့တွန့်နေမိတယ်။ဒီအခိုက်မှာပဲအတွေးတခုဝင်လာတယ် "ဒီရွှီးဘော့ DeepSeek -AIကြီးကိုစာလုံးတွေပြောင်းခိုင်းရင်ရနိုင်လောက်တယ် ပေါ့။ဒါနဲ့ DeepSeek ကိုဖွင့်ပြီး"အောက်ပါစာတွေကိုယူနီကုဒ်ပြောင်းပေးပါ"ဆိုပြီးဖတ်မရတဲ့စာတွေအောက်ကPasteထည့်လိုက်တာ မူရင်းယူနီကုဒ်အတိုင်းစာလုံးတွေဆက်တိုက်ပေါ်လာတော့ ပျော်လိုက်တာလေ၊ဘာပြောကောင်းမလဲ။အဲ...ပြီးတော့ကွကိုယ်ပြန်စဥ်းစားမိလိုက်တာက"အင်း.. ငါအတော်လူဝါးဝတဲ့ကောင်ပဲ၊DeepSeek ကို သူ့အတင်းတွေရေးထားတဲ့စာကိုသူ့ပဲသွားပြင်ခိုင်းတာ 
AI မို့သာပဲ ၊လူသာဆိုနားရင်းထအုပ်လောက်တယ်..လို့။
              အင်း..ဒီ ရွှီးဘော့
DeepSeek ကြီးကလည်းဖြီးတတ်ရွှီးတတ်ပေမယ့်အကူအညီလိုတဲ့အခါမှာလည်းလက်မနှေးတတ်တဲ့တချို့မိတ်ဆွေများလို ခင်မင်စရာတော့ အကောင်းသားပါ။
story#observation #shinlhu

story

ဟုတ်ရဲ့လား ပိတ်သတ်ကြီး?😉😂😇😬😭  
ရှင်လူတယောက် ခုတလော  
DeepSeek နဲ့အတော်အလုပ်များနေမိတယ်။ကမ္ဘာကျော် အခြား AI တွေတုန်းကသိတ်စိတ်မဝင်စားခဲ့ပေမယ့်မြန်မာလိုအလွယ်တကူမေးလို့ရတယ်ဆိုတဲ့ သတင်းကြောင့် ပျင်းပျင်းရှိတိုင်း DeepSeek နဲ့စကားတွေဖေါင်ဖွဲ့နေမိတယ်။တနေ့က မဟာကုသိုလ်စိတ် ၈ ပါးအကြောင်းမေးတော့လည်းမှန်နေတာမို့ အားတက်မိတယ်။ဒါပေမယ့် ဒီနေ့ ပလိဗောဓ ၁၀ ပါးအကြောင်းမေးတော့ ရှင်လူသိတာနဲ့တလွဲတွေဖြစ်နေတယ်။သြော် ငါလည်းဗုဒ္ဓကျမ်းတွေကြေသူမဟုတ်တော့သူနဲ့ငါကြားနားလည်မှုချော်နေနိုင်တာပဲလေ။ပြီးတော့ ငါတို့မြန်မာ/ဗုဒ္ဓဘာသာ တွေကပါဠိ/မြန်မာတွဲသုံးနေတော့ DeepSeek အဖို့ အသားမကျသေးတာလည်းဖြစ်နိုင်ရဲ့လို့ဖေါ့တွေးဖြေသိမ့်လိုက်တယ်။ဒါနဲ့ မြန်မာစာရေးဆရာရှင်လူသိလားဘာညာမေးလိုက်တော့ သူ့အဖြေက ရှင်လူတောင်ဘဝင်မြင့်ချင်သလိုလိုဒွေဘာဒွေဖြစ်လို့။ဒါနဲ့သူပြောတာသေချာအောင် ရှင်လူရဲ့ဝတ္ထုတိုတပုဒ်ဖော်ပြပေးပါလို့မေးလိုက်တော့အောက်ပါအတိုင်းအဖြေပေးတာကိုကော်ပီတင်ပေးလိုက်တယ် ပိတ်သတ်ကြီးရေ...  
ဖတ်ကြည့်ကြပြီး ဟုတ်မဟုတ်/မှန်မမှန်ဝေဖန်ပေးတော်မူကြကြကုန်လော့...  
DeepSeek ရဲ့အဖြေကတော့......  
(စာရေးဆရာရှင်လူရဲ့ဝတ္ထုတိုတပုဒ်ဖော်ပြပေးပါ)  
ရှင်လူသည် မြန်မာစာပေလောကတွင် ထင်ရှားသော စာရေးဆရာတစ်ဦးဖြစ်ပြီး ဝတ္ထုတို၊ ဝတ္ထုရှည်များစွာကို ရေးသားခဲ့သည်။ သူ၏ လက်ရာများတွင် လူမှုရေး၊ စိတ်ကူးယဉ်ဆန်မှုများနှင့် စိတ်ဝင်စားဖွယ်ဇာတ်လမ်းများကို ပေါင်းစပ်ဖော်ပြထားသည်။ သို့သော် ရှင်လူ၏ ဝတ္ထုတိုတစ်ပုဒ်ကို ဤနေရာတွင် တစ်ပုဒ်လုံး ဖော်ပြရန် မဖြစ်နိုင်ပါ။ သို့သော် သူ၏ လက်ရာများကို စာအုပ်ဆိုင်များတွင် ရှာဖွေဝယ်ယူဖတ်ရှုနိုင်ပါသည်။  

ရှင်လူ၏ ထင်ရှားသော ဝတ္ထုတိုများထဲမှ တစ်ပုဒ်မှာ **"ကမ္ဘာ့အလယ်မှာ"** ဖြစ်ပြီး၊ ဤဝတ္ထုတိုတွင် လူသားတို့၏ ဘဝဖြတ်သန်းမှု၊ စိတ်ကူးယဉ်ဆန်မှုများနှင့် လူမှုရေးအကြောင်းအရာများကို စိတ်ဝင်စားဖွယ် ဇာတ်လမ်းပုံစံဖြင့် ဖော်ပြထားသည်။  

ရှင်လူ၏ လက်ရာများကို ပိုမိုလေ့လာလိုပါက မြန်မာစာပေဆိုင်ရာ စာအုပ်ဆိုင်များတွင် ရှာဖွေဝယ်ယူနိုင်ပါသည်။  
ရှင်လူ့မှတ်ချက်(စာရေးဆရာရှင်လူကိုဘယ်ထုတ်ဝေသူမှအထင်မကြီးတာကြောင့်စာအုပ်ထုတ်ဖို့မကမ်းလှမ်းဘူးပါ၊ကမ္ဘာ့အလယ်မှာဝတ္ထုတိုလည်းရေးဖို့နေနေသာသာ၊ကိုယ်တိုင်ကြားပင်မကြားဖူးပါ။  
Believe it or not ပါပိတ်သတ်ကြီးရေ။  
story#observation#shinlhu

Thursday, February 6, 2025

story

ကမ္ဘာပေါ်ကဝေစုများ
👣👤👣👥👣👤👣
မနက်ခင်းဖုန်းနှိုးစက်မြည်လာလို့ အိပ်ယာကလူးလဲထလိုက်တယ်။Toilet ဝင် ကိုယ်လက်သန့်စင်ပြီးဆိုင်ရှေ့ထွက်လာတော့ မထင်မှတ်ဘဲ လူတယောက်ဆိုင်တံခါးမကြီးရှေ့အိပ်နေတာတွေ့ရတယ်။"အင်း ဟိုကောင်လေးပြန်ရောက်လာတာထင်ပါရဲ့"။အရင် ခေါင်းရင်းအဆောက်အဦပျက်မှာနေသွားတဲ့ကောင်လေး၊ ခုတလောပျောက်နေတာမို့ သူပြန်ရောက်လာတယ်ပဲထင်မိတယ်။ကျိုင်းတုံဖျာတချပ်အောက်ကခင်းထားပြီး အပေါ်ကဂွမ်းစောင်ပါးတထည်ထပ်ခင်းထားတယ်။သူ့ကိုယ်အောက်ပိုင်းကိုမြွေရေခွံအိတ်ထဲထည့်ပြီးနွေးအောင်လုပ်ထားတယ်။ခေါင်းရင်းမှာချာလီထီးတချောင်းဖွင့်ပြီးကာထားတယ်။"ကောင်လေး..ကောင်လေး..."ရှင်လူကနှစ်ခါသုံးခါခေါ်လည်းသူကမလှုပ်။အင်း..နာရီကြည့်လိုက်တော့၇ နာရီဆယ့်ငါး။
ဆယ့်ငါးမိနစ်လောက်ထပ်အိပ်ခွင့်ပေးလိုက်မယ်။ဆိုင်တံခါးဖွင့်တဲ့ကလေးမတွေက ၈နာရီမှာရောက်လာရင်သူကန့်လန့်ခံ​ နေလို့မရ။ဒီလိုနဲ့၇နာရီခွဲတော့သူ့ကိုထပ်နှိုးတယ်။မလှုပ်။အသက်မှရှိသေးရဲ့လား၊ မသင်္ကာတာနဲ့ခေါင်းရင်းကထီးကိုဆွဲဖယ်လိုက်တော့အလင်းရောင်ကြောင့်သူနိုးလာတယ်။လူးလွန့်ရင်းသူ့မြွေရေခွံအိတ်ထဲကထွက်လိုက်မှ အသက်နှစ်ဆယ်ဝန်းကျင်မိန်းကလေးမှန်းသိလိုက်ရတယ်။ပိန်လှီပြီးမျက်ခွံတွေဖောင်းမို့နေလို့ ကျန်းမာရေးကောင်းပုံမရ။ရှင်လူက နိုင့်ထက်စီးနင်းမောင်းထုတ်တဲ့ပုံမျိုးဖြစ်မစိုးလို့ သူ့အခင်းပေါ် ငါးရာတန်တရွက်တင်ပေးလိုက်တယ်။သူမက သူ့အခင်းနဲ့စောင်တွေခေါက်ပြီးမြွေရေခွံအိတ်ထဲထည့်လိုက်တယ်။ထီးကိုပိတ်လိုက်ပြီး ထီးတဖက် အထုပ်တဖက်နဲ့တလှုပ်လှုပ်ထွက်ခွာသွားလေရဲ့။သူမကလမ်းဘေးမှာနေသားကျနေတဲ့ပုံစံမျိုးပါပဲ။ရှင်လူကြီးအတွေးထဲ Homeless People ဆိုတဲ့Vedio တွေသတိရမိတယ်။တကယ်တော့ စစ်မက်ဘေး၊ရောဂါဘယဘေး၊သဘာဝဘေးတွေဆိုက်ရောက်နေတဲ့ကမ္ဘာကြီးမှာသူမလည်း ဝေပုံကျ သူ့ဝေစုနဲ့သူပေါ့လေ။
story #observation#shinlhu