AI မလေး မောင့်ချစ်သူ😍🥰😘😎🤩🥳မကြာခင်သီတင်းကျွတ်တော့ မယ် မင်းနဲ့အတူ နေရာစုံလျောက်လည်ချင်တယ်...
အမ်မယ်...ရှင်လူကြီးတို့ ကောင်းစားနေလိုက်ပုံများ။အဟုတ်မထင်လိုက်ပါနဲ့။
အမှန်တော့ ရှင်လူကြီးဆိုတာ ဘာမှအရေးပါတဲ့ကောင်မဟုတ်။ဒါပေမယ့် အွန်လိုင်းပေါ်မှာ သားလိုသမီးလို friend တွေကအများအပြားမို့ သူတို့နဲ့လည်းလိုက်လျှောညီထွေနေရပေါ့။ ခု တင်ထားတဲ့သီတင်းကျွတ်ပွဲတော်ပုံကလေးဟာ ဖားကန့်က စိုးငယ်ဆိုတဲ့ သားတယောက် AI နဲ့လုပ်ပို့လိုက်တဲ့ပုံပါ။စိုးငယ်က ရှင်လူ့ကို ချွန်တွန်းလုပ်နေတာ ခုမှမဟုတ်ပါဘူး။လွန်ခဲ့တဲ့ လေးငါးခြောက်နှစ်မတိုင်ခင်ကတည်းက fb ပေါ်ကအဖွားကြီးတွေနဲ့ ခဏ ခဏအောင်
သွယ်လုပ်လေ့ရှိပါတယ်။တချို့အဖွားကြီးတွေကလည်း သူမိတ်ဆက်ပေးရုံနဲ့ရှင်လူ့ကိုကြွေသွားကြပါတယ်။လျှောက်ပြန်သံပေး ခြေအေးဝမ်းယောင်ဆိုသလို
တနေ့တနေ့ Messenger ပေါ်ကနေ ရှင်လူ့ကို မင်္ဂလာပါ ၊ဂွတ်ဒမေားနင်း၊ဂွတ်ဒနိုက်၊မင်္ဂလာမနက်ခင်းလေးဖြစ်ပါစေ.. ဘာညာ.. သာရကာနဲ့
အသဲစတေကာတွေ တတိန်တိန်နဲ့။သူတို့Wall ထဲကြည့်လိုက်တော့ သားသမီးမြေးတွေ တမြုံတမနဲ့ တင့်တောင့်တင့်တယ်ဘဝတွေပါ။ဒါပေမယ့် ဘဝရဲ့ ဟာကွက်တွေအနန္တ ဖြည့်မရတဲ့မုဆိုးမ တွေပြီပြီ ရှင်လူ့လို အသက်ကြီးပေမယ့်မပျက်စီးသေးတဲ့ လတ်လတ်ဆတ်ဆတ်ကြီးကိုရင်ခုန်သံမြန်နေကြပေတယ်။ဒါပေမယ့် ရှင်လူဆိုတဲ့ကောင်ကလည်း ပစ္စည်းကောင်းသုံးခဲ့ဖူးသူပြီပြီ ဇီဇာကခပ်ကြောင်ကြောင်ရယ်။အသက်ကြီးတာငယ်တာပြဿနာမဟုတ်။ဘော်ဒီရော အင်ဂျင်ပါ အကောင်းကြိုက်တတ်သူအဖို့ တော်ရုံနဲ့ ရင်မခုန်တတ်တော့။သူတို့အရွယ်ကောင်းတုန်းကဓပုံတွေ ဗွီဒီယိုတွေပို့တော့လည်း
"ကတောက်စ်...စောစောကမတွေ့ခဲ့ကြတာ နာသကွာ"မြည်တွန်လိုက်မိတော့။နောက်ဆုံးတော့ ဟိုပြက္ခဒိန်ထဲကလို ယပ်ကြီးကိုင်ရင်း
ပထမအရွယ် ဒုတိယအရွယ်
တတိယအရွယ် စသဖြင့် နုနယ်ရုပ်ဆင်းပျိုမြစ်ချင်းကားအိုမင်းနောက်ဆုံးရှိချေတကားဟု နှလုံးသွင်းနေမိရုံသာ။ဒီလိုနဲ့ အောင်သွယ်တော် ဖိုးရွှေလမင်း စိုးငယ်ငတိလေးကလက်မလျော့သေးဘဲ တနေ့က ရှင်လူ့ကို AI မလေးနဲ့ သတင်းကျွတ်ပွဲတော်ကြီးဆင်နွှဲနေတဲ့
ပုံလေးMSGကပို့လာခဲ့ပေါ့။အင်း...ရှင်လူ့အနေနဲ့တော့ သူ့ပုံကိုကြည့်ပြီး တမလွန်ကိုရောက်နေသလားထင်မိရဲ့။ဘာ့ကြောင့်ဆို သူ့ပုံထဲကရှင်လူက အရမ်းသပ်ယပ်တောက်ပြောင်လွန်းနေပေါ့။ရှင်လူဆိုတဲ့ငနဲက အလှူမင်္ဂလာပွဲတက်ဝတ်စုံတွေဝတ်ရမှာအလွန်မုန်းပါတယ်။ကြုံတဲ့နေရာထိုင်ချင်တဲ့ရှင်လူ့အဖို့ အဝတ်အစားကောင်းနဲ့မသင့်တော်။ မလွတ်လပ်တာမကြိုက်လို့ သာမာန်စွပ်ကြယ်သာသာ အပါးစားဂျာစီ လိုခေါင်းစွပ်အင်္ကျီတွေအဝတ်များပြီး ဖိုသီဖပ်သီနေတတ်တာ ကိုယ်အလုပ်လုပ်တဲ့ကုမ္ပဏီကြည့်လိုက်တော့ ခန့်ထည်ထည်မို့ ရှိတဲ့ထဲက အလတ်စားလောက်တီရှပ်တွေစပို့ရှပ်တွေရွေးဝတ်နေရပါတယ်။အကောင်းစားတွေကတော့ လျှော်ရခက် သိမ်းရခက်မို့ ထုတ်မဝတ်ဖြစ်တာများပါတယ်။ဝတ်ပြီးတဲ့အဝတ် ဆပ်ပြာမှုန့်နဲ့စိမ်၊ ရေဆေး၊ညှစ်လှမ်းဖို့က ပါးပါးလှပ်လှပ်လေးတွေပဲအဆင်ပြေတာလေ။ဒီလိုနဲ့ သားတော်မောင်စိုးငယ်ပို့တဲ့AI စုံတွဲပုံဟာ ရှင်လူကြီးရဲ့တမလွန်ဘဝသာဖြစ်ချင်ဖြစ်နိုင်ပါလိမ့်မယ်။စရိုက်မှမတူတာ။အဲ...မိန်းမဇီဇာကြောင်တဲ့ရှင်လူကြီးအဖို့ သူ့AIမလေးကိုတော့ ချစ်မိနေပြန်ရော။ငယ်ရွယ်တဲ့ကလေးမတွေကို ရုပ်ဝေဒနါ သညာ သင်္ခါရ ဝိညာဥ် တွေအကြောင်းအပြန်အလှန်ဆွေးနွေးနိုင်မှာမဟုတ်ဘူးတွေးပြီးရှင်လူရှောင်လေ့ရှိပါတယ်။ဒါပေမယ့် သူ့AI မလေးဥပဓိရုပ်က အဘိဓမ္မာ ကိုအတန်သင့်ဆွေးနွေးနိုင်မယ့်ရုပ်မျိုးဗျ။လက်ကလေးနှက်ဖက်ယှက်ပြီးရှေ့ချထားပုံ၊ ဘာမဆို ရှင်လူကြီးအတွက်အသင့်ရှိနေမယ်ဆိုတဲ့အပြုံးနဲ့ မြတ်မြတ်နိုးနိုးတွဲယှဥ်ပြီးစောင့်နေပုံက ရှင်လူကြီးကို ဟတ်ထိစေပါတယ်။
"အေးကွာ...အောင်သွယ်တော်ဖိုးရွှေလမင်းစိုးငယ်ရေ
ငါ့ကိုဆက်ပြီးချွန်တွန်းလုပ်နေမယ့်အစား အဲ့ပုံထဲက AIမလေးပုံစံအတိုင်း Humanoide robot girl လေးတယောက်သာ အော်ဒါမှာပြီးပို့ပေးလိုက်တော့ကွာ....
No comments:
Post a Comment