ပါးကွက်ကြားကာကွယ်ရေး ရှင်လူ
♡ ❀ ♪ ♥ ♡ ❀ ♪ ♥ ♡ ❀ ♪
နေ့ခင်း ရှင်လူကွမ်းယာဝယ်ဖို့အထွက်
``ဖွေးရေ ရှင်လူကွမ်းယာ သွားဝယ်မလို့
လိုက်အုံးမလား´´ဆိုတော့ ဖွေးဖွေးသိမ့်က
ဖိနပ်ကောက်စီးပြီးလိုက်လာတယ်။ခုတ
လောဖွေးတယောက်ရှင်လူ့ကို ပိုခင်တွယ််လာတယ်ထင်ပြီး ရှင်လူကြီး
မနောခွေ့နေပေါ့။ကွမ်းယာဆိုင်ရောက်တော့
ချိတ်ထားတဲ့သီးမွှေးငှက်ပျောသီးတွဲကို
ဖွေးမော့ကြည့်နေလို့``စားမလား´´မေးတာ
ခေါင်းညိတ်တာနဲ့တလုံးဖြုတ်ပေးလိုက်
တယ်။ခဏနေတော့ငှက်ပျောသီးကိုရှင်လူ့လက်ထဲလာထည့်ပြီးသူ့အရပ်လက်ခုပ်
တဖောင်လောက်မြင့်တဲ့ကွမ်းယာခုံကို တွဲလောင်းခိုတက်နေတယ်။
``ဘာလုပ်မလို့လဲသမီး´´ဆိုတော့``ကြည့်မယ်´´တဲ့။ဒါနဲ့ သူ့ကိုမပြီး ကွမ်းယာသည် ကွမ်းယာပုံကိုပြရတယ်။
အိမ်ပြန်ရောက်ပြီးရှင်လူအလုပ်ထိုင် နေတော့ ဖွေးက အိမ်ရှေ့တံခါးဝမှာ တယောက်တည်းဆော့နေတယ်။
သူ ထသွားလိုက် ပြန်ထိုင်လိုက်နဲ့ အလုပ်ရှုပ်နေတာတွေ့လို့ ဘာလုပ်နေလဲ
ကြည့်လိုက်တော့ရှင်လူ့စက္ကူပန်းပင်က
အရွက်တွေ ထခူးနေတာကိုး။
``ဖွေးဖွေး ရှင်လူ့ပန်းပင်ကို မခူးရဘူး
ပြောထားတယ်လေ´´ဆိုတော့ ``နည်းနည်းပါ ကွယ်းယာမလို့´´တဲ့။
အင်းဒါကြောင့်ကွမ်းယာခုံကိုတွဲလောင်းခိုတက်ခဲ့တာကိုး
ညနေဘက်အလုပ်နားပြီးရှင်လူကြီးဖွေးတို့အိမ်ဖက်ကူးသွားတော့ဖွေးကကိုယ်လုံးတီး
နဲ့ ၊သူတို့သားအမိနှစ်ယောက်ပလပ်စတစ်ပုံး
ကြီးဖွင့်ပြီးအင်္ကျီရှာနေတယ်။ဖွေးလက်ထဲမှာ
အနီစင်းနဲ့ အားကစားဘောင်းဘီတိုကို
ကိုင်ထားပြီးစိတ်တိုင်းကျအင်္ကျီမရဘူးဖြစ်
နေတယ်။သူ့အမေ မလှိုင်က ``ဒါဝတ်မလား´´ဆိုလဲ ``ဟင့်အင်း´´ပဲ။
``အောင်မယ် ငါ့သမီးလေးက ရေချိုးပြီး
သနပ်ခါးပါးကွက်ကြားတွေဘာတွေနဲ့ပါ
လား´´ဆိုတော့ မလှိုင်က``ဟုတ်တယ်လေ
အဲဒါ သူ့ဟာသူသွေးလိမ်းထားတာ´´တဲ့။
တယ်ဟုတ်ပါလား။``ဖွေးဖွေး..နင်နော်
ငါစိတ်မရှည်တော့ဘူး၊အင်္ကျီဝတ်တာပဲ၊
ကိုယ့်အမေပေးတာဝတ်ပေါ့´´ဖွေးကလက်ထဲကဘောင်းဘီပါပစ်ချလိုက်ပြီးနှုတ်ခမ်းစူ
နေတယ်။အခြေအနေက တဖြည်းဖြည်း
တင်းမာလာတယ်။ဒါ နဲ့ရှင်လူလည်းထမပြန်
သေးပဲ အရိပ်အခြေကြည့်နေရတယ်။
``ငါ့သမီးလေးကလိမ္မာပါတယ်ဟာ၊သူ့ပိုင်း
ဖြတ်မှုနဲ့သူ ဝတ်ချင်တာ ရှာပေးလိုက်ပါ´´
ရှင်လူကြီး ကြားဝင်လေပြေထိုးရတယ်။
မလှိုင်စိတ်ကလည်း လက်တဆစ်ရယ်။
တော်ကြာထဗြင်းလို့ဖွေးသနပ်ခါး
ပါးကွက်ကြားလေးအရည်ပျော်သွားမှဖြင့်။ဒီလိုနဲ့ ပလပ်စတစ်ပုံးပြန်ပိတ် ဘီဒိုကြီးဆွဲဖွင့်
လှန်လှောရှာမှ သူဝတ်ချင်တဲ့အင်္ကျီရတယ်။
တော်သေးရဲ့။
ဖွေးရေ ခုတကြိမ်တော့ နင့်ပါးကွက်ကြားကို
ရှင်လူကာကွယ်ပေးနိုင်ခဲ့ပြီ။သမီးလေး
အပျိုဖြစ်တဲ့ထိတော့ ရှင်လူကာကွယ်ပေးနိုင်ပါ့မလားကွယ်။
story #observation#shinlhu
No comments:
Post a Comment