မိတ်ဆွေမြို့လေးများဆီသို့တခေါက်🌉🛣️🏡🕍⛪🏯🛕⛱️(ဒီစာကိုရေးတော့ Imfotainment Essay ပုံသဏ္ဍာန်ရေးမယ်စိတ်ကူးခဲ့ပါတယ်။တကယ်ရေးတော့ စာနည်းနည်းရှည်သွားလို့ နှစ်ပိုင်းခွဲတင်ခဲ့ပါတယ်။နောက်ပိုင်းကွကိုယ်ပြန်ဖတ်တော့ အားမလိုအားမရဖြစ်တာနဲ့ တပိုင်းတည်းပေါင်းပြီးပြန်တင်ပါတယ်)။
🏡🌉 မိမိမှာ မိတ်ဆွေမြို့လေးများစွာရှိပါတယ်။ဘယ့်နှယ် မိတ်ဆွေဆိုလည်းလူမဟုတ်ဘဲ မြို့ရယ်လို့ အတွေးပွားစရာ ဖြစ်နေပြီ။ဒီလိုပါ မိမိ Social Network သုံးနေတာ ဆယ့်ငါးနှစ်မကရှိနေပြီဆိုတော့ Facebook, Instragram,Tiktok စတဲ့ မီဒီယာတွေ ပေါ်မှာ သူငယ်ချင်းတွေအများကြီးရလာခဲ့ပါတယ်။အဲ့ သူငယ်ချင်းတွေ အများစုက လူချင်းတိုက်ရိုက်မဆုံးဖူးပေမယ့် သူတို့နေထိုင်ရာမြို့လေးတွေကိုတော့သိနေရပါတယ်။ဥပမာ ။ ။Orlando Correa ချီလီနိုင်ငံVichuque`n-Maule.
Cholie Casio Tampus ဖိလိပိုင် စီဘူးမြို့။နွေလယ်နေ East Green Bush -အမေရိကား။
Kozaw Lay-ပေါင်းတည်
Soe Nge Tze-ဖားကန့်။စမ်းရေကြည်-ကျောက်ဆည် ။ လင်းလင်း-ဒေးဒရဲစသဖြင့် ဆိုတော့ သူတိုနေထိုင်ရာမြို့လေးတွေဟာ မိမိအတွက် မိတ်ဆွေမြို့ကလေးတွေဖြစ်နေပါတယ်။ခုတလော ပြီးခဲ့တဲ့ Feb 21 မတိုင်ခင် ဖွေးဖွေးသိမ့်အဖေ မောင်ဝင်းက"ရှင်လူရေ ၊ကျနော်တို့ ၂၁ ရက်နေ့မနက် ပုသိမ်မော်တင်စွန်းကိုသွားမယ် ၂၁ ရက် ၂၂ ရက် မော်တင်စွန်းမှာညအိပ်ပြီး ၂၃ ရက်ပြန်ရောက်မယ်၊လိုက်မလား "ဆိုတော့ ရှင်လူကြီး ရုတ်တရက် စဉ်းစားရတော့တယ်။သွေးတိုး ဆီးချိုဆေးတွေသောက်နေရတာအပြင် အရင်လို လန်းလန်းဆန်းဆန်းမဟုတ်တာကတကြောင်း၊တခြား အခြေအနေအရပ်ရပ်ကိုတွေးမိတော့လည်း စိတ်ထဲ သိတ်မပျော်သလိုမို့ခပ်လေးလေး။ဒါပေမယ့် သမီးလေးဖွေးဖွေးသိမ့်တို့မိသားစုဟာ ကိုယ့်မိသားစုလိုမို့ လိုက်ချင်ချင်ရယ်။အရင်ခြောက်နှစ်လောက်တုန်းက သူတို့ကျိုက်ထီးရိုးသွားတုန်းကလည်း မလိုက်ဘဲကျန်ခဲ့တာတွေးမိပြီး ဒီတခါတော့ လိုက်ဖို့ဆုံးဖြတ်လိုက်တယ်။မော်တင်စွန်းဘုရားပွဲတို့ရွှေမုဌောဘုရားတို့ဆိုတာလည်း ကလေးဘဝကတည်းက"ကျနော့မမပုသိမ်သူ"သီချင်းနဲ့သာရင်းနှီးခဲ့ရတာ ၊တခါမှမရောက်ခဲ့ဘူးတဲ့နေရာတွေ။
ဒီလိုနဲ့ အလုပ်က MD ဆီဖုန်းဆက်ပြီးခွင့်ယူတော့လည်းအဆင်ပြေတာနဲ့ ပုသိမ်မော်တင်စွန်း ခရီးလိုက်ဖြစ်သွားတယ်။
၂၁ ရက်နေ့ မနက် ၅နာရီ ၁၅ လောက်မှာ မောင်ဝင်းတို့ ဝင်ကြိုတဲ့ Hyundai Starex လေးနဲ့ တောင်ဥက္ကလာကစထွက်ခဲ့တယ်။ရှင်လူကြီးလည်း ကားဦးတည်ဖြတ်သန်းရာခရီးတလျောက် ဘေးဘီဝဲယာကိုငေးရင်းလိုက်ပါလာခဲ့တယ်။မရမ်းကုန်းမြို့နယ်ကိုဖြတ် ဘုရင့်နောင်တံတားကိုကျော် လှိုင်သာယာထဲရောက်လာတာသတိထားမိတယ်။လှိုင်သာယာအထွက် စစ်ဆေးရေးဂိတ်တခုရောက်လို့ အစစ်ခံရင်း ကားသမားကိုမေးတော့ ပန်တိုင်ဂိတ်ဆိုလား။ဒီလိုနဲ့ လယ်ကွင်းတွေ ငါးကန်တွေကိုဖြတ်ရင်း "ဗိုလ်မြတ်ထွန်း တံတား"ကိုရောက်လာခဲ့တယ်။ဗိုလ်မြတ်ထွန်းတံတားကတော့ မိမိတသက် တွေ့ဖူးသမျှတံတားတွေထဲမှာ အရှည်ဆုံးတံတားလို့ထင်ရတယ်။ခုချိန်ထိ အရုဏ်အလင်းကမလာသေး
ကားရှေ့မီးအရောင်ကြောင့်သာလမ်းကိုမြင်နေရတယ်။ဗိုလ်မြတ်ထွန်းတံတားအဆုံးမှာ ကားသမားပြောပြလို့ ညောင်တုန်းရောက်ကြောင်းသိရတယ်။ရှင်လူကြီးကတော့ ခရီးမသွားဖြစ်တာနှစ်ပေါင်းအတော်ကြာပြီမို့ ကားလမ်းတလျောက် မြင်မြင်သမျှ ဘုရား၊ဘုန်းကြီးကျောင်း ၊ကားဝပ်ရှော့၊ဟိုတယ် မိုတယ် ၊စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင်ကအစ မြင်သမျှ ဆိုင်းဘုတ်စာတန်းတွေကို အငမ်းမရလိုက်ဖတ်ရင်း ရောက်ရာအရပ်ကိုစူးစမ်းနေမိတယ်။ညောင်တုန်းမြို့ကိုအတန်ကြာဖြတ်လာပြီးတော့ မှောင်မည်းရှည်လျားတဲ့လမ်းမကြီးတခုထဲဝင်လာခဲ့တယ်။ဟိုအဝေးမှာ မီးရောင်ပြိုးပြက် ကျိုးတိုးကျဲတဲမြင်ရပေမယ့် အမှောင်ထုကသာကြီးစိုးနေတော့တယ်။ရုတ်တရက် ကားဦးတည်ရာမျက်စိတဆုံးလောက်မှာ
ဖြူဖွေးလင်းထိန်နေတဲ့ ရုပ်ပွားတော်ကြီးတဆူကိုထင်းခနဲတွေ့လိုက်ရတယ်။အနားရောက်မှသေချာကြည့်လိုက်တော့ ညအမှောင်လေဟာပြင်ထဲမှာ ဗုဒ္ဓဆင်းတုဖြူဖြူကြီးကို ဆလိုက်မီးတွေထိုးပြီးပူဇော်ထားလို့ ဒီလောက်သပ္ပာယ်တင့်တယ်နေတာပဲ။"ဘယ်ရောက်ပြီလဲဗျ""ပန်းတနော်"
"ဪ" ကားသမားကိုမေးပြီး ပန်းတနော်ဆိုတာကြောင့် ရှင်လူ့စိတ်တွေရွှင်လန်းလာမိတယ်။(ခုနမြင်ရတဲ့ဘုရားကြီးဟာ -နောက်မှ Google Map မှာပြန်ရှာကြည့်မှ ပန်းတနော်မြို့ရဲ့ကျက်သရေဆောင်-ပြည်လုံးကပ်ကျော် ရွှေဘုံသာမုနိ ဘုရားကြီးဖြစ်မှန်းသိရ။)ပန်းတနော်ဆိုလို့ ရှင်လူပျော်သွားတာက ဒီမြို့ဟာ ရှင်လူ့ရဲ့မိတ်ဆွေမြို့ကလေးဖြစ်နေလို့ပါပဲ။ဒီမြို့မှာ ရှင်လူ့မိတ်ဆွေ ဆရာမကြီး MKT ရှိနေတယ်။သူက ပန်းတနော်မှာမူပြဆရာမဘဝနဲ့အလုပ်ဝင်ခဲ့တာ မိသားစုမခွဲနိုင် ၊နယ်မပြောင်းနိုင်တာနဲ့ တသက်လုံး မူလတန်းပြဆရာမကြီးဘဝနဲ့ပဲ ကလေးတို့ဆရာမလုပ်နေသူပေါ့။သူ့အမျိုးသားကရဲအရာရှိတယောက်ဖြစ်ပြီး သားကြီးကဆရာဝန်၊ထိုစဉ်က သမီးငယ်ကတက္ကသိုလ်တက်ဆဲ။သူရောရှင်လူပါ FB မှာ စာတွေရေးကြ၊တယောက်စာတယောက်ဖတ်ရင်းခင်မင်ခဲ့ကြတယ်။ရှင်လူ့ရဲ့နာမည်ရင်းကကွယ်လွန်သူ သူ့ဖခင်ရဲ့နာမည်နဲ့တူနေလို့ သူ့ဖခင်ကိုသတိရတိုင်း ဟင်းတွေချက်၊ ပလပ်စတစ်ဘူးတွေနဲ့ထည့်။ပုစွန်တုပ်တွေ၊အမဲကြော်တွေပန်းတနော်ကားနဲ့ပို့ပေးလို့ လသာလမ်းကားဂိတ်မှာသွားသွားယူခဲ့ရတယ်။နောက်ပိုင်းသူပိုင်လုံးချင်းတိုက်လေးတလုံးကိုပန်းတနော်မှာသူဆောက်တော့ အရွယ်ရောက်နေတဲ့တပည့်အင်ဂျင်နီယာတွေဆွဲပေးတဲ့ဒီဇိုင်းအတိုင်းဆောက်ပြီး ဝါသနာအရ ပန်းပင်လေးတွေစိုက်ပျိုးထားသတဲ့။ရှင်လူကြီး ကပန်းတနော်မြို့ကိုတောင်ခုမှဖြတ်သွားဖူးတာဆိုတော့ သမီးဆရာမကြီးအိမ် ဘယ်နားဆီရှိမှန်းမသိ။လမ်းဘေးဝဲယာ ဟိုသည်ငေးရင်း ရော်ရမ်းမှန်းဆရုံအပြင် ဘာမှမတတ်နိုင်။ဆရာမကြီး MKT လိုင်းပေါ်မတွေ့တာကြာပြီ၊ ကျန်းခန့်သာလို့မာပါလေစ။ဒီလိုနဲ့ပဲ ပန်းတနော်မြို့စွန် တံတားတစင်းနားမှာကားဆရာက ခေတ္တရပ်နားပေးလို့ အားလုံးအောက်ဆင်းအပေါ့အပါးသွားရင်းနားကြ။ပန်းတနော်ရဲ့ထူးခြားချက်ကတော့ မြို့စွန်လမ်းတခြမ်းစီ ကွန်ကရစ်လမ်းအထူကြီးတွေခင်းပြီးနေပြီ။ဒီလိုနဲ့ မြင်ကွင်းအားလုံးလည်း လင်းလင်းချင်းချင်းမနက်ခင်းရောက်ခဲ့ပြီ။
ဖေဖော်ဝါရီလ-၂၁ ရက် မနက် ၆ နာရီမှာပန်းတနော်မြို့ကိုဖြတ်သန်းလာပြီး
ဝဲယာလမ်းနှစ်ဘက်မှာ ထန်းပင်တွေလည်းအစီအရီ၊
တဖြည်းဖြည်းနဲ့
ကျောင်းကုန်းမြို့နယ်ထဲကို ရောက်လာခဲ့ပါတယ်၊နောက် တော့ကန်ကြီးထောင့်ကိုဖြတ်သန်းပြီး မနက်၈နာရီခွဲချိန်မှာပုသိမ်မြို့ကိုစတင်ဆိုက်ရောက်ခဲ့ပါတယ်။ပုသိမ်ကတော့ မိတ်ဆွေမြို့မဟုတ်ပေမယ့် အလုပ်မြို့လို့ပြောရင်ရမယ်ထင်ပါတယ်။ရှင်လူတို့ကားလေးကပုသိမ်တံတားကြီးပေါ်ဖြတ်သန်းလာခိုက်ရှင်လူကြီးက "ပုသိမ် ဆိုင်ခွဲ ဘယ်နားများရှိပါလိမ့်"တွေးရင်း ရော်ရမ်းမှန်းဆနေမိပါတယ်။ရှင်လူကြီးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ TET - THUTA ENGINEERING & TRADING
COMPANY ရဲ့ ပုသိမ်ဆိုင်ခွဲလိပ်စာက No 230 ,Strand Road,Htone Bo Ward,
Pathen , Terminal ဆီဆိုင်ရှေ့..တဲ့။တာမင်နယ်ဆီဆိုင်ဆိုတာဘယ်ဆီမှန်းမသိ ၊ကားအတွက်ဆီဝင်ထည့်တော့လည်း တခြားဆီဆိုင်တခုသာ။ဘုရားဖူးကားဆိုတော့လည်း ကိုယ်သွားလိုရာသွားနိုင်တဲ့အစီအစဉ်မပါ။ဒီလိုနဲ့ပဲ မနက် ၉ နာရီလောက်မှာ ပုသိမ်မြို့ထဲကစတင်ထွက်ခွါလာခဲ့ကြပါတယ်။နောက်ပိုင်းရှင်လူကြီး Google Map ထောက်ကြည့်တော့ မော်တင်စွန်းဟာ ပုသိမ်နဲ့သိတ်မဝေးလှ။အဖြောင့်အတိုင်းဆို ပုသိမ်အနောက်တောင်ဘက်မိုင်၂၀ သာကွာပေမယ့် တောင်စောင်းတွေကိုကွေ့ပတ်ဖောက်ထားတဲ့လမ်းကမြွေလိမ်မြွေကောက် ရိုလာကိုစတာလမ်းတွေမို့ ၉၆ မိုင်ကျော်ရှိနေပါတယ်။(လမ်းဖောက်တုန်းကပါဝင်ခဲ့တဲ့ Accountant မိတ်ဆွေကြီးပြောပြလို့)။
ရှင်လူကြီးတို့အဖွဲ့ မနက်၉ နာရီကျော်ကျော်အချိန်မှာပဲ ပုသိမ်မြို့ကစတင်ထွက်ခွာလာခဲ့ကြပါတယ်။ပဌမခရီးစဉ် ရန်ကုန်ပုသိမ် ၁၁၃ မိုင်အပြီးမှာ ပုသိမ် မော်တင်စွန်း ၉၆ မိုင်စတင်ခဲ့ပါပြီ။ရိုလာကိုစတာ ဝင်္ကပါလမ်းကတော့ ငှားလာတဲ့ Hyundai Starex လေးကဆိုဖာတွေညက်ညောလို့သာတော်ပါသေးတယ်။ဒါတောင် နောက်တန်းကလူတွေ ပစ္စည်းထုပ်တွေနောက်ပို့ပြီးအလယ်မှာစုထိုင်ကြရပါတယ်။ကားဆောင့်တဲ့ဒဏ် ခုန်တဲ့ဒဏ်သူတို့ဘယ်ခံနိုင်ပါ့မလဲ။ဒီလိုနဲ့ တတောဝင် တတောင်တက် ခရီးဆက်လာရင်း တောင်ကွေ့တနေရာမှာကားရပ်လိုက်ပြီး မြေခင်းပလပ်စတစ်ဖျာတွေခင်းကျင်းကာ
ရန်ကုန်ကအသင့်ချက်ပြုတ်ယူလာတဲ့ ထမင်းဟင်းတွေနဲ့ နေ့လယ်စာစားလိုက်ကြပါတယ်။အမှန်တော့ ဒီလမ်းဟာ ပုသိမ်ခရိုင် ငပုတောမြို့နယ်ထဲမှာမို့ ငပုတောလမ်းလို့ပဲခေါ်ရမယ်ထင်ပါတယ်။မိမိတို့ထမင်းစားနားပြီးဆက်ထွက်လာခဲ့ကြတာ သိတ်မကြာလိုက်ပါဘူး လှတောသားတွေပြောသလိုပြောရရင် ခရီးလမ်းက ခဲလုံးတွေစားလာရင်တောင်အစာကြေလောက်ပါတယ်။နေ့လယ် 12 နာရီကျော်ကျော်မှာပဲ "လမင်းစန္ဒာ,"မြန်မာထမင်းဆိုင်ကိုရောက်ပါတယ်။လိပ်စာက ဂေါ်ရင်ဂျီလမ်းဆုံအနီး-ငရုတ်ကောင်းတောင်-တဲ့။
ဒီလမ်းဆုံက အမှတ်အသား ဘုဒ် တခုကိုဓပုံရိုက်ကြည့်လိုက်တော့
ပုသိမ်ခရိုင် ၊ငရုတ်ကောင်းတောင်-ငရုတ်ကောင်းလမ်း၊
ငရုတ်ကောင်းမြို့အစ၊
(မိုင်-၀/၀) တဲ့။လာပါပြီ ငရုတ်ကောင်းဆိုတဲ့မိတ်ဆွေမြို့ကလေး။ဒီဂေါ်ရင်ဂျီလမ်းဆုံနဲ့ ငရုတ်ကောင်းဆိုတာ ပင်လယ်ချစ်သူ မိတ်ဆွေကြီး သန်းတင့်ရဲ့ ရင်ငွေ့မပျယ်သေးတဲ့ဒေသတွေပေါ့။သန်းတင့်ဆိုတာ ခင်ဖုန်းသက်ဝေဂယ်လာရီရဲ့ပိုင်ရှင် ၊ဆိပ်ကမ်းရေဒီယိုရဲ့ပဲ့ကိုင်ရှင် ကဗျာဆရာ စာရေးဆရာ။လွန်ခဲ့တဲ့ငါးနှစ်ခြောက်နှစ်မကလောက်ကတရုတ်တန်း ၁၃လမ်းညနေတခုမှာ နှင်းခါးမိုးရယ်၊နွေလယ်နေရယ်၊သန်းတင့်ရယ်
တခြားတယောက် -ဒတ္ထထင်ရဲ့(အမှတ်တမဲ့ဖြစ်နေ)ရှင်လူရယ် ယမကာဝိုင်းတခုဆုံခဲ့ဖူးကြတယ်၊ နောက်ပိုင်း တောင်ဥက္ကလာထဲမှာတခါထပ်ဆုံဖြစ်မဆုံဖြစ်တော့ ရေးတေးတေးပဲ။မှတ်မှတ်ရရ COVID 19-Home Stay ကာလ ရှင်လူကြီးအိမ်တွင်းအောင်းနေခိုက် တနေ့မှာ မမျှော်လင့်ထားဘဲ နှင်းခါးမိုးရဲ့ဖုန်းဝင်လာတယ်"အကို အိမ်မှာရှိလား၊ကျနော်တို့လမ်းထိပ်မှာရောက်နေတယ် ၊ထွက်လာခဲ့ပါ ပင်လယ်စာတွေလာယူ"တဲ့။ဘယ်မှသွားသွားလာလာမလုပ်ရချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေအသံကြားရတာ ဘယ်လိုပျော်မှန်းမသိ။ဒါနဲ့ ဓမ္မာရုံဘေးကခုံတွေဝါးလုံးတွေနဲ့ပိတ်ကာထားတဲ့အတားအဆီးကိုတိုးထွက်လိုက်တော့ပင်လယ်စာထုပ်တွေကိုင်ထားတဲ့နှင်းခါးမိုးနဲ့အတူ ကိုသန်းတင့်ပါ ပါလာတာတွေ့ရတယ်"ငါးလှေဆိုက်လို့"တဲ့။ကြည့်စမ်း ကိုဗစ်ကပ်ဆိုးကြီးထဲမှာ ဂေါ်ရင်ဂျီကျွန်း ငရုပ်ကောင်းမြို့သား ရေလုပ်ငန်းနဲ့အကျွမ်းဝင်ဆက်စပ်သူ သန်းတင့်။တချိန်ကရုပ်ရှင်မင်းသားစိန်မြင့်လိုပြုံးစစမျက်နှာပေးနဲ့ ရေလုပ်သားကဗျာဆရာ။ခုတော့ ကိုယ့်ဟာကိုယ် ငပုတောလမ်းသမုတ်ခဲ့ပေမယ့် သူ့ဒေသ သူ့အခေါ် "ငရုတ်ကောင်းလမ်း၊ဂေါ်ရင်ဂျီလမ်းဆုံ"တဲ့။ကိုသန်းတင့်ရဲ့နှလုံးသားနဲ့ ခင်းဖြန့်ထားတဲ့လမ်းတွေပေါ် ရှင်လူကြီးရောက်ခဲ့ရပြီ။ကားကလေးကငရုတ်ကောင်းလမ်းကွေ့များအတိုင်း အရှိန်နဲ့ဖြတ်သန်းရင်းမိမိဘေးဘီဝဲယာမြင်ကွင်းတွေကို တမြတ်တနိုး ရသမျှ မှတ်သားနေမိတယ်။ငါးခူချောင်းဖျားတံတား၊ကျောက်ဖျာကျေးရွာ။ရေသောက်အိုင်ရော်ဘာစိုက်ခင်း။မဲဇလီကြိုးဝိုင်းအဆုံး။ငပုတောမြို့နယ်ထင်းချောင်းကျေးရွာ။ငါးပြေမကျေးရွာ။ကညင်ချောင်းကျေးရွာ။ဒီလိုနဲ့ပဲရွာ တွေ တံတားတွေ၊မြေပြင်အမှတ်အသားတွေကိုကျက်မှတ်ရင်းညနေ ၃နရီခွဲ အချိန်မှာမော်တင်စွန်းကိုဆိုက်ရောက်လာခဲ့တယ်။ဘုရားပွဲအချိန်မို့ ရောက်ရောက်ချင်းဟိုတယ်တွေ တည်းခိုခန်းတွေကလူပြည့်နေတော့အခန်းငှားလို့မရ။ဟိုရှာဒီရှာ အားလုံးဒေါင်းတောက်ပြီးမှ ကားသမားလေးလိုက်ပို့လို့ ဘုရားနဲ့မလှမ်းမကမ်းကခြံလေးတခုနဲ့စကားပြောဖြစ်တယ်။ငါးဧကလောက်ကျယ်တဲ့ခြံဝန်းကြီးထဲက သူတို့လက်ရှိနေတဲ့ သုံးပင်အိမ်လေးမှာပေးတည်းတယ်။တည ၁သိန်း၃သောင်း နဲ့နှစ်ညစာ ၂သိန်း၆ သောင်း။ရေချိုးဖို့နဲ့ သန့်စင်ခန်းလည်း မိမိတို့လူဆယ်ယောက်အတွက်အဆင်ပြေသွားတယ်။ဘုရားယင်ပြင်ပေါ်မှာသာအိပ်ရရင်
ရေတခါချိုးနှစ်ထောင်၊ အပေါ့တခါသွားငါးရာ၊ ဒီကြားထဲ တန်းစီရတာကရှိသေး။ခုတော့ ကားလေးနဲ့ဘုရားတက်ဖူးလိုက်ကြ၊ပြန်လာပြီးစားသောက်လိုက်ကြနဲ့ ပင်လယ်လေကိုတဝရှူပြီး ညအိပ်ရတာလည်း နှစ်ပေါင်း ၇၀ လောက်တွင်းမှာ အိပ်ရေးအဝဆုံး ညနှစ်ညလို့ဆိုရမယ်။၂၂ ရက် တနင်္ဂနွေနေ့မှာတော့ မနက်စာဘရိတ်ဖတ်စ်စားသောက်ပြီးပင်လယ်နဲ့ရင်ပေါင်တန်းရင်းသဲသောင်ပြင်ကျယ်တလျောက်ကားလေးကိုတရိပ်ရိပ်ပြေးစေပြီး
ငွေတောင်ကမ်းခြေအရောက်သွားပင်လယ်ရေစိမ်ခဲ့ကြတယ်။ကမ်းခြေအဆင်း ဇီးချိုင်ရွာထဲဖြတ်တော့လည်းမိတ်ဆွေကြီးသန်းတင့်မျက်နှာကိုမြင်ယောင်မိပြန်ရော။ဂေါ်ရင်ဂျီနဲ့ငရုတ်ကောင်းဒေသကို နယ်ချဲ့လာတဲ့ စည်းကမ်းမဲ့ဟိုတယ်မိုတယ်တွေနဲ့ အိပ်မက်မက်တိုင်း ဘုရားထတည်နေတဲ့ဘိုးတော်တွေ ဘုန်းကြီးတွေကိုအစာသိတ်မကြေတဲ့ ငရုတ်ကောင်းချစ်သူ ကဗျာဆရာသန်းတင့်တယောက် တောင်ဥက္ကလာက အညစ်အကြေးတွေ ဂေါ်ရင်ဂျီကမ်းခြေမှာလာသန့်စင်တဲ့ ရှင်လူတို့ အဖွဲ့ကို ခွင့်လွှတ်သည်းခံပေးဖို့တောင်းပန်ရင်း ငရုတ်ကောင်းမြို့ဆိုတဲ့ မိတ်ဆွေမြို့ကလေးကိုလည်းလက်ပြနှုတ်ဆက်ခဲ့ပါတယ်။
No comments:
Post a Comment