Monday, May 18, 2015

ပင်​လယ်​နှင့် သူ၏ မိတ်​​ဆွေမျာ့း့ ညိုမြသွေး (ကိုရှင်​လူ)
က ။
ပင်လယ်က ပြာချင်ပြာမည် ၊ ဝါချင်ဝါမည်၊ အ​ရေး
မကြီး ၊ ပင်လယ်ကပင်လယ်ပဲဖြစ်သည်။ သူသတိပြန်
ရလာချိန် သူ့ခေါင်းထဲအရင်ဆုံးရောက်လာသည်က
ပင်လယ်ပဲဖြစ်သည် ။ သင်္ဘောတစီးလုံး မုန်တိုင်းထဲမှာ
တစစီကွဲပျက်နစ်မြုပ်အပြီး အချိန်မည်မျှကြာသွားပြီကို
သူလုံးဝမမှတ်မိတော့။ အချိန်မမှတ်မိတော့ဘာဖြစ် သလဲ ၊ ဘာမှမဖြစ် ။ ပထမဦးဆုံးအချိန်ဆိုတာမလို
အပ်မှန်းသူတွေးမိသွားသည်။ အချိန်သိလို့လည်းဘာ
အသုံးဝင်မှာလဲ ။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီး
ထဲမှာ ကျောင်းချိန်မီဖို့၊ ရုံးချိန်မီဖို့ ၊ ကားထွက်ချိန် ရထား
ထွက်ချိန်မီဖို့ စသည်စသည် အချိန်နှင့်ဆွေမျိုးစပ်စရာ
ကိစ္စဟူသမျှဘာမှမရှိ ။ သင်္ဘောမပျက်ခင်တုန်း
ကတော့အချိန်ရှိခဲ့ပါသေးသည်။ဘယ်နေ့ ဘယ်ရက်
ဘယ်နာရီ ဘယ်ဆိပ်ကမ်းကိုဆိုက်ကပ်မည် ဆိုသော direction ရှိခဲ့သည်ကိုး ။ ခုသင်္ဘောပျက်ပျဉ်ပြားချပ်
ကြီးတခုအပေါ် မှောက်လျက်သားမျောပါနေသောလူ
တယောက်အဖို့ direction အားလုံးပျောက်ဆုံးနေခဲ့
လေပြီ။ သူ့အနေဖြင့်ဆက်သွယ်နိုင်သူတစုံတဦး
(စကားပြောဖော်)သာရှိနေပါက `` ဟေ့အချိန်ဆိုတာ
ကြီးက အလကားဟာကြီးကွ ၊ direction ဆိုတဲ့ဦး
တည်ချက်မရှိတာနဲ့သူလည်းမရှိတော့ဘူး၊ ခု မင်းအချိန်
ကိုရှာ​တွေ့​သေးလား´´လို့ဦးဆောင်ဆွေးနွေးလိုက်ရ
လျှင်စိတ်အားထက်သန်သောဆွေးနွေးပွဲတခုဖြစ်လာ
နိုင်စရာရှိသည် ။ သူက အဲဒီလို စအပြောမှာ တဖက်လူ
ကလည်း ခပ်ထူထူမဟုတ်လျှင် ``ဟာဗျာ ​နေ​တွေ
လ​တွေ နေ့တွေ ညတွေရှိနေတာပဲ ။ နေ့အချိန်
ညအချိန်ဆိုတာ ရှိနေဦးမှာပေါ့ဗျ ´´ဟုပြန်လှန်စောဒက
တက်လာပါက သူ့ အတွေးအခေါ်အပေါ်သူကိုယ်တိုင်
သံသယဖြစ်စပြုလာနိုင်သည် ။ သို့သော် ဘယ်ရမလဲ
ဒီလောက်နဲ့တော့အလျော့ပေးလို့မဖြစ် ``ဟ သယ်
ရင်းရ အဲဒါကတော့ realativityပဲကွ ၊နှိုင်းရသ​ဘော ကြီးပဲ ၊ နေတွေ လတွေမရှိဘူးဆိုပါတော့ကွာ´´ ``ဟာ ရှိနေတာကို မရှိဘူးလုပ်လို့ရမလားဗျ ´´
အယ် မနောဝိဥာဉ် ။ ပင်လယ်ထဲကပျဉ်ပြားပေါ်မှာ
တယောက်တည်းမှောက်လျက်သားမျောနေတာတောင်
စိတ်ကအဖေါ်ခေါ်ပြီးငြင်းခုံနေသေး ။ အင်း ငြင်းချင်ခုံချင်
ရင်တောင်မှ တဦးနှင့်တဦး ယုံကြည်ချက် သို့မဟုတ်
ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်သို့မဟုတ် လားရာ
direction ချင်းမတူမှငြင်းခုံလို့ရကြတာပဲ။ တူနေမှ
တော့ဘာဆင်ခြေ​ပေးနေစရာလိုမလဲနော် ....

ခ။
လေကငြိမ်သက်နေသော်လည်း နေက
တဖြည်းဖြည်းပိုပူလာသည်။ ဒီနေရာမှာ အာခေါင်တွေ
ခြောက်ကပ်ကွဲအက်လာတာ ၊ ရေဓါတ်ခန်းခြောက်ပြီး
သူ၏အရေခွံများရှုံ့တွပျော့တွဲလာတာ ၊ ကြွက်တက်
ချင်သလို ဖြစ်လာတာ စသဖြင့် စာဖတ်သူကကြိုက်
သလိုသာပုံဖေါ်ပြီး ဖြည့်စွက်တွေးကြည့်ပေတော့။
လူတိုင်းလူတိုင်းဘယ်သူမဆို စာပေ ၊ ရုပ်ရှင် ၊ ပုံပြင်
အတွေ့အကြုံတွေ အများကြီးရှိပြီးသားပဲ။
အဲဒီအချိန်မှာပဲ ( ဟာ လာပြန်ပြီ ဒီအချိန် ၊ ထားလိုက်ပါတော့)ဟိုးမိုးကုပ်အစွန်းပင်လယ်
အခုံး ထိပ်မှာ အမည်းစက်ကလေးတစက်ပေါ်လာ ပြီး
အဲဒီအမည်းစက်ကလေးဟာ ပထမ နှမ်းစေ့လောက်
နောက် မန်ကျည်းစေ့လောက် ၊ နောက်တဖြည်းဖြည်း
ဆီးစေ့လောက် ။ ဒါက ပျဉ်ပြားပေါ်မှောက်လျက်မျော
လာတဲ့သူ အနေနဲ့ လုံးဝသိတာမဟုတ်ဘူး ၊ သူ့အနေ
နဲ့ ဒါလောက် သတိဝီရိယ တွေရှိမနေတော့ဘူးလေ၊
အားအင်တွေက ကုန်ခန်းသလောက်ဖြစ်နေတာ။ဒါကို
စာရေးသူက ကြားဝင်ပြောပြနေရတာ။ အဲဒီတော့
စာဖတ်သူကလည်း ကူညီပြီးဝိုင်းတွေးပေးပါဦး ။ အမည်း
စက်ကတဖြည်းဖြည်း ကြီးကြီးလာတာ အုန်းသီးလောက်
ဆန်ကောလောက် ။ ကဲ ခင်ဗျားတို့ တွေ့ပြီမဟုတ်လား၊
အဲဒါ ဘာကြီးလဲ။ ထုံးစံအတိုင်း ပင်လယ်ကူးသင်္ဘော
တစီးပေါ့ဗျာ ၊ ဟုတ်ပြီလား ။
သင်္ဘောကြီးက တဖြည်းဖြည်း သူနှင့် နီးလာသည် ။ သူနှင့် အတန်သင့်လှမ်းသောနေရာမှာ
အင်ဂျင်စက်ရှိန်ကို လျော့ချလိုက်ပြီး ဆယ့်ငါးမိနစ်
လောက်အကြာမှာ သင်္ဘောပေါ်မှရာဘာလှေတစင်း
သူရှိရာသို့ချဉ်းကပ်လာခဲ့သည်။ ရာဘာလှေက သူ့ကို
ခဏတာမျှလှည့်ပတ်အကဲခတ်နေပြီး လှေပေါ်ကစကား
သံအချို့ထွက်ပေါ်လာသည်။``အသက်တော့ရှိသေးပုံ
ရတယ် ၊ ဒါပေမယ့်သေမှာပါပဲ ၊သူ့ကိုသင်္ဘောပျက်
ကတည်းကတခါထဲသေသွားပြီထင်ခဲ့တာ ၊ ခုလိုမျိုးပြန်
တွေ့ရမယ်မထင်ခဲ့ဘူး ၊ အင်းလေ ဘာဘဲဖြစ်ဖြစ်
မိတ်ဆွေဟောင်းတွေပဲ တခုခုတော့လုပ်ပေးရမှာပေါ့´´
သတိရ တချက် မရ တချက်ကြားမှ အိပ်မက်
လိုလို တကယ်လိုလို သူ့နားထဲမှာအလွန်ရင်းနှီးသော
မိတ်ဆွေတယောက်၏ အသံကိုကြားလိုက်ရသလိုလို။
ပျဉ်ပြားနှင့်သူ့ရင်ခွင်ကြားမှာခပ်မာမာအရာတခုခုကို
ထိုးသွင်းလိုက်ပုံရသည်။ ရာဘာလှေကသူနှင့်ဝေးရာ
သင်္ဘောဘက်ဆီသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူကတဖြည်းဖြည်းချင်းသတိကပ်ဖို့ကြိုးစားရင်းအားယူ
ကာ ရင်ခွင်ထဲမှအရာဝတ္ထုကိုစူးစမ်းလိုက်မိသည်။
တစစနှင့် ပုလင်းတခုဆိုတာသိလာခဲ့သည် ။ပြာဝေနေသောမျက်စိဖြင့်အတန်ကြာအားစိုက်ကြည့်
လိုက်သောအခါ ဝီစကီပုလင်းမှန်းသိသာလာသည်။
ဘာပဲဖြစ်ဖြစ်လေ ခုချိန် ဟောဒီပင်လယ်ကြီးထဲမှာ
သူစွမ်းဆောင်နိုင်မည့်အရာက ဒီတခုပဲရှိတော့သည်။
ဝီစကီကိုသောက်လိုက်ရုံမှတပါး အခြားမရှိ။ ပုလင်းအဖုံး
ကိုလှည့်ဖွင့်ဖို့ပင် အတန်ကြိုးစားခဲ့ရသည် ။ ပထမဆုံး
ဝီစကီတငုံသည် ငရဲမီးကိုငုံလိုက်ရသလားထင်မိသည်။
လျာနှင့်လည်ချောင်းများကွဲအက်နေသဖြင့်ရေဓါတ်
ခန်းခြောက်နေသည့်တိုင်မျက်ရည်များကပေါက်ပေါက်
ကျလာသည်။ သို့ပေမယ့် ဒုတိယနှင့် တတိယအငုံများ
မှာတစစ အဆင်ပြေစပြုလာပြီး သူ့ အသိဥာဏ်များပြန်
လည်နိုးကြားစပြုလာသည်။

ဂ။
ဝီစကီအရှိန်လေးနှင့် မှိန်းနေတုန်း သူ့ပျဉ်
ချပ်ဘေးမှာရေလှိုင်းများဘောင်ဘင်ခတ်သွားသဖြင့်
လှည့်ကြည့်လိုက်တော့ဖေါင်တခုခု သူ့အနားကပ်လာ
တာမြင်လိုက်ရသည်။ ဟုတ်မှဟုတ်ရဲ့လား၊ သူ့အမြင်
တွေမှောက်မှားနေတာလားလို့ တွေးနေဆဲ တဖက်ဖေါင်
ပေါ်ကနှုတ်ခွန်းဆက်သံ တခု ပီပီပြင်ပြင်ကြီးကြားလိုက်ရ
သည်။
``ဟိုင်း ဂွတ် မောနင်း´´
``​မောနင်း ´´ ထိုသူ ကိုအလိုက်သင့်ပြန်လှန်နှုတ်ခွန်းဆက်​လိုက်​ရင်း
အသေအချာ လေ့လာအကဲခတ်နေမိသည်။
အလွန်ရင်းနှီးနေခဲ့ဖူးတဲ့မျက်နှာတခုအဖြစ်မှတ်မိလိုက်
ပြီး မှတ်ဥာဏ်ကိုဖြစ်ညှစ်ပြီးတွေးကြည့်လိုက်သော
အခါ အရမ်းကြီး အံ့သြ သွားမိလေသည်။
``တွမ်ဟင့် Tom Hanks ,ခင်ဗျား
တွမ်ဟင့် အစစ်ပဲ´´
``ဟုတ်​ပ ဗျာ ၊ ဒီ​နေရာမျိုးမှာ Tom Hanks ဖြစ်​ဖြစ်​ Chuck Noland ဖြစ်​ဖြစ်​ အ​ရေး
မကြီးပါဘူး ´´
``​အေးဗျာ ခင်​ဗျား Cast Awayြ​ရေ​မျော
ကမ်းတင်​] ထဲမှာသရုပ်​​ဆောင်​တာ ကျုပ်​သိတ်​သ​ဘောကျတာပဲ ´´
``ဒီ ပင်​လယ်​ကြီးထဲ လာပြီးဘာသာပြန်​မ​နေစမ်းပါနဲ့ဗျာ ´´
``အဲဒီ ဇာတ်​ကားထဲမှာ ခင်​ဗျားစီးလာတဲ့ ​လေယာဉ်​ပျက်ကျပြီး ​ကျွန်းတခု​​ပေါ်မှာအကြာကြီး​​သောင်တင်​​နေ ၊ ​​နောက်​တော့​ဖောင်တခုဖွဲ့ ပြီးပင်လ​​ယ်​ထဲထွက်​​တော့ ပင်​လယ်​ကူးသ​င်္ဘောတစီးကကယ်​၊
အိမ်​ပြန်​​ရောက်​​တော့ မိန်းမက​နောက်​အိမ်​​ထောင်​နဲ့
က​လေး​တောင်​ရ​နေပြီ ။ ဒီ​တော့ ခင်​ဗျား ကား​မောင်း
ထွက်​လာပြီး လမ်းဆုံလမ်းခွအ​​ရောက်မှာဘယ်​ဘက်​ကို
ကွေ့ရမှန်းမသိ ဖြစ်​​နေတာ´´
``ဘယ်​သူမဆို ဒီလိုပဲ ဖြစ်​မှာပဲ​လေ၊ ကိုယ့်​ကို​သေစားရင်းသွင်း ပြီးတာနဲ့ မိသားစုဆိုတဲ့ ဇာတ်​ညွှန်း
က ​ပြောင်းသွား​ရော၊ ကျုပ်​က ကျုပ်​မိသားစုထဲမှာ အပြင်​လူဖြစ်သွားပြီ ၊ တ​စိမ်းတ​ယောက်​က ကျုပ်​မိန်းမရဲ့​ယောက်ျားဖြစ်​လို့ ၊ ဟားဟား ဘယ်​​လောက်​ရီစရာ​ကောင်းလဲ ၊ ကိုယ့်​အိမ်​ကိုယ်​ပြန်​လာ​တာတောင်​ ဂြိုလ်​သား
တ​ကောင်​ ကမ္ဘာ​ပေါ် ဆင်းလာရသလို...´´
တွမ်​ က သူ့စကားကို​ရှေ့မဆက်​​တော့ဘဲ
ရပ်​လိုက်​သည်​။
``​အေးဗျာ ၊ ဒါနဲ့ ခင်​ဗျား က ဘယ့်​နှယ်​ အခု ပင်​လယ်​ထဲပြန်​​ရောက်​လာတာလဲ´´
``အင်း တကယ်​​တော့ ချစ်​သူ ခင်သူ
မရှိတဲ့ကုန်း​မြေဆိုတာ ပင်​လယ်​နဲ့ အတူတူပဲဗျ ၊ ဆွစ်
လူမျိုး စာ​ရေးဆရာ ဟာမင်းဟက်​စ Hermann
Hesse .....´´
``ဟာ ခဏ​လေး​နေပါဦးဗျ ၊ ဟာမင်း​ဟက်​စ က ဂျာမန်စာ​​​​ရေးဆရာပါဗျ ´´
``ဟုတ်​ပါတယ်​ ခင်ဗျားဘာလူမျိုးလဲဗျ
အ​တော်​​ပေါက်​​ပေါက်​ရှာရှာအငြင်းသန်​တာပဲ ၊ ဆွစ်​အမျိုးသားဖြစ်​ပြီး 1877 ကဂျာမဏီနိုင်​ငံမှာ ​မွေးပြီး1962 ကွယ်​လွန်​ချိန်​ထိဂျာမန်​စာ​ရေးဆရာအဖြစ်​ကမ္ဘာ​ကျော်​ခဲ့တာဗျ ၊ စာ​​ပေနိုဘယ်ဆုပါ​ရခဲ့တာ ၊ထားပါ​​​တော့​​လေ ၊ *​ခြေဦးတည့်​ရာ*ထဲမှာ ဟာမင်းဟက်စ​ ​​ရေးခဲ့တာက*လမ်းတိုင်းဟာ ငါ့အိမ်​ရှိရာသို့ဦးတည်*
ဆိုသလို ပုံ​သေသတ်​မှတ်​ထားတဲ့​နေရာကိုစွန့်​လွှတ်​လိုက်​ရင်​ အ​​​ရှေ့အ​နာက် ​တောင်​ ​မြောက်​ ၊ ခင်​ဗျားဘယ်
ကိုသွားသွား ဘယ်​မှာအိပ်​အိပ်​ အဲဒီ​နေရာဟာ ခင်​ဗျားအိမ်​ပဲ​​ပေါ့ ´´
တွမ်​ဟင့်​ စကားများ​ကြောင့်​ သူ့အ​တွေး
များပင်​ ကုန်း​မြေ​ပေါ်သို့ ပြန်​​ရောက်​သွား၏။ သူ့မှာ​လည်း
ခင်​မင်​တွယ်​တာစရာ မိသားစုရယ်​လို့ တ​ယောက်​တ​လေမျှရှိသည်​မဟုတ်​။ ဒါဆို ပင်​လယ်​ဖြစ်​​စေ ကုန်း​မြေဖြစ်​​စေ အထီးကျန်​မှု ကအတူတူပဲ ​ပေါ့။
``​အေးဗျာ ခုလို ပင်​လယ်​ကြီးထဲမှာ
ခင်​ဗျားနဲ့စကား​ပြောရတာ​ကောင်းလိုက်​တာ ၊ကဲ ကြုံ
တုန်းဝီစကီတငုံ​လောက်​ ဧည့်​​ဝတ်​ပြုပါရ​စေ ..​ရော့
မော့လိုက်​ပါဦး´´
တွမ်​ဟင့်​ ကဝီစကီပုလင်းကို တအံ
တသြလှမ်းယူလိုက်​ရင်း
``တယ်​ဟုတ်​ပါလား ဝီစကီ​တွေဘာ​တွေ
နဲ့´´
``​အေးဗျာ မိတ်​​ဆွေတ​ယောက်​ ​ကျေးဇူး
ုပြုသွားတာ´´
တွမ်​ဟင့်​က ဝီစကီကိုငုံရင်း ပင်​လယ်
အခုံးထိပ်​ဖက်​သို့ လှမ်း​မျှော်​ကြည့်​လိုက်​ကာ
``​ရော့ ​ရော့ ခင်​ဗျားပုလင်း ၊ ​ကျေးဇူးပဲ
ကျုပ်​​တော့လစ်​​တော့မယ်​ ဟိုးအ​ရှေ့ဖက်​က စပိဘုတ်
တစီးလာ​နေတယ်​ ၊ဆိုမာလီ ပင်​လယ်​ဓားပြ​တွေလား
မသိဘူး ၊အ​ချောင်​​သေ​နေဦးမယ်​´´
တွမ်​ဟင့်​က ဝီစကီပုလင်းကို သူ့ထံ
ကမန်းကတမ်း ပြန်​​ပေးလိုက်​ပြီး ​ဖောင်​တိုင်​​​​ပေါ်က အဖြူညစ်​ညစ်​ရွက်​စုတ်​ကြီးကိုလွှင့်​တင်​လိုက်​ကာ အလိုက်​သင့်​တိုက်​ခတ်​လာ​သော​လေနှင့်​အတူ အ​နောက်​ဖက်​ဆီသို့ထွက်​ခွာသွားခဲ့ပြီ။ တွမ်​ဟင့်​ထွက်​သွားပြီးမကြာ
မီမှာပင်​​မော်​​တော်​စက်​သံကတဖြည်းဖြည်းနီးကပ်​လာ​နေသည်​။သဲသဲကွဲကွဲမြင်​ရ​လောက်​​အောင်​​ရောက်​လာခိုက်​လှမ်းကြည့်​လိုက်​​တော့​မော်​​တော်​​ပေါ်မှာစက်
သေနတ်​ကြီးတလက်​ကိုအ​သေအချာတပ်​ဆင်​ထားတာ​တွေ့ရသည်​။သေချာပါပြီ၊ ဆိုမာလီပင်​လယ်ဓား​ပြ​တွေပါပဲ။
``ငါ့ကိုအ​ကြောင်းမဲ့​တော့ အန္တရာယ်​မပြုနိုင်​၊ ​ဟောဒီအရက်​ပုလင်းမြင်​ရင်​​တော့ လူကိုပစ်​သတ်​ပြီးပုလင်းကိုယူသွားနိုင်​တယ်​ ၊ဓားပြဆိုတာက
ပစ္စည်းရှိသူကိုသာ အန္တရာယ်​​ပေးတတ်​တာပဲ´´
ရုတ်​တရက်​​ပေါ်လာ​သောအ​တွေး​ကြောင့်​ အရက်​ပုလင်းကိုရင်​ဘတ်ေ​အာက်​ဖိဝှက်​ရင်း
အသာ​လေး​သေချင်​​ယောင်​​ဆောင်​​နေလိုက်​သည်​။
အ​တော်​ ကံ​ကောင်းသွားပါသည်​။ သူ့ကိုတပတ်​နှစ်​ပတ်​ ပတ်​ကြည့်​လိုက်​ပြီး အချင်းချင်းကွိကွိကွကွ​ပြောကာစပိဘုတ်​ကိုဝူးကနဲ​မောင်းထွက်​သွားကြ
သည်​ ။ သူ့မှာအသက်​​အောင့်​ထားခဲ့ရသဖြင့်​​သေမတတ်​ခံစား​နေရသည်​။ ထို့​နောက်​မှာအရက်​ရှိန်​​ကြောင့်​လား အားနည်းလို့လားမသိ သူသတိတဖန်​​မေ့​မျောသွားခဲ့ပြန်​သည်​။

အဆုံးပိုင်း။

နံနက်​ခင်းပဲဖြစ်​မည်​ထင်​သည်​ ၊ သူသတိပြန်​ရလာ​တော့ပင်​လယ်​ပြင်​ကငြိမ်​သက်​​နေပြီး ​နေမပူ​သေးသဖြင့်​​ သက်​​တောင့်​သက်​သာရှိ​နေသည်​။ ထိုအခိုက်​ ဘယ်​ကပျံလာမှန်းမသိရ​သောငှက်​တ​ကောင်
ပျဉ်​ပြားစွန်းမှာလာနားသည်​ ။ လှမ်းဆွဲပြီးသတ်​စားလိုက်​ရင်​​ကောင်းမလား​တွေးလိုက်​မိ​သေးသည်​။ဟင့်​အင်း
ဒီလိုလုပ်​လို့မဖြစ်​​သေး၊ဒါ ကမ်းရှာငှက်​များဖြစ်​​နေမလား
ပဲ။ကမ်းရှာငှက်​​တွေ့ရင်​ ကမ်း​ခြေနဲ့နီး​နေပြီ ။ ချစ်​သူ
ခင်​သူမရှိတဲ့ကုန်း​မြေဆိုတာ ပင်​လယ်​နဲ့အတူတူပဲဗျ ဆို
သော တွမ်​ဟင့်​စကားကို ပြန်​လည်​ကြား​ယောင်​မိ​နေသည်​။ သူ့စိတ်​ကူးထဲမှာ ဆိပ်​ကမ်းဆိုတာ​ရောရှိပါ
သေးရဲ့လား။ အတန်​ကြာ​အောင်​ သူ​တွေ​ဝေ​နေမိ​သေး
သည်​။ စိတ်​ကူးဆိပ်​ကမ်းမှာ ငါ့သူငယ်​ချင်း​တွေ မိတ်​​ဆွေ
တွေ ရှိ​နေ​သေးတာပဲ၊မိတ်​​ဆွေဆိုတာ ဘယ်​​လောက်​မ​ကောင်းဘူး​ပြော​ပြော ငါ့ကိုသက်​​တောင့်​သက်​သာ
အသက်​ထွက်​နိုင်​​အောင်​ အရက်​တပုလင်း​တော့တိုက်​သွားဦးမှာ ၊ပင်​လယ်​ဓားပြလိုမဟုတ်​ဘူး ။
ကမ်းရှာငှက်​က ရုတ်​ချည်းထပျံ​သွားခဲ့သည်​။သူပျံသန်းရာဘက်​ကိုလှမ်းကြည့်​လိုက်​​တော့ ဟိုးအ​ဝေး ခပ်​မှိုင်းမှိုင်း​ကောင်းကင်​​နောက်​ခံ​အောက်​မှာ ဆိပ်​ကမ်း​ရေး​ရေး...က...

{စိတ်​ကူးဆိပ်​ကမ်း အဖွဲ့သားများသို့ အမှတ်​တရ}

ညိုမြ​သွေး

မိုးလုံးမှိုင်း
စာ​ပေအနုပညာ( ၂ )
မေလ၊ ၂၀၁၅

story#observtion#shinlhu

Tuesday, May 12, 2015

#TT NOTE#ငါတကောကျေးရွာ ကြေညာချက်အမှတ် ဝထ/ကလသ/၂၀၁၅
~~~~~~~~~~~~~~~~~~~~

ရီစရာမကောင်းတဲ့ ဟာသပြက်လုံးတွေကို
လိုက်ရီပေးရုံ
ဒါမှမဟုတ် အမြီးအမောက်မတဲ့၊
လက်တွေ့နဲ့မိုင်ပေါင်းကုဋေ ဝေးနေ တဲ့ မိန့်ခွန်းများ
ဟောကြားချက်များ
ဒေသနာများကို လက်ခုပ်တီးပေးရုံ
သာဓုနာနာ ခေါ်ပေးရုံ
ဟန်ဆောင် မျက်နှာဖုံး အမျိုးမျိုးပြောင်းတပ်ပြီး
ဇာတ်ကွက်အလိုက် ဝင်ကပေးလိုက်ရုံ မျှနဲ့
အသက်မွေးမှုလွယ်ကူတဲ့ ဟောဒီရွာမှာ
မိတ်ဆွေများ ၊ ရဲဘော်များခင်ဗျာ
ခင်ဗျားတို့ လွယ်သလောက်
အားလုံးခက်နေတဲ့ ဒုက္ခ
လူဆိုရင် လူလိုသိကြ ဖို့
သတိပေးနှိုးဆော်လိုက်ပါကြောင်း။

ပုံ - ရှင်လူ ( ဥက္ကဋ္ဌ )
ဘာညာ ဘာညာ အစည်းအရုံး

Poem#Observation#ShinLhu

Sunday, May 10, 2015

အီဗော်လူးရှင်း ရှင်လူ
~~~~~~~~~~
ခုတလော အချို့ ဒေသမြို့ကြီးတွေမှာ နေ့အပူချိန် က
၄၅ံ စင်တီဂရိတ်ထိ ဖြစ်နိုင်ဆိုပဲ၊ မန္တလေးမှာ ၄၃ံ စင်တီဂရိတ်ထိ မြင့်တက်နေသတဲ့။ ရာသီဥတုက
ပူရတဲ့အထဲ ဖတ်ရတဲ့သတင်းတွေကလည်း အပူတွေချည်း။ နီပေါ မြေငလျင်ကလည်းစိတ်မချမ်းမြေ့
ဖွယ်။ အင်တာနက်ထဲတက်လာတဲ့ မြန်မာနိုင်ငံက
လောက်ကိုင် အရေးကလည်း စိတ်မအေးဖွယ်။
ရှင်လူလည်း ရင်ပူပူနဲ့ ဒီနွေကိုအန်တုရင်း သီးစုံ
ဓာတ်ဆားသောက်တဲ့ခါသောက် ၊ဘီယာဘူးလေးများ
ဖောက်တဲ့ခါဖောက် အလျဉ်းသင့်သလိုနေထိုင်ရင်း
လုပ်နေကျ အလုပ်တွေလည်းပုံမှန်မလုပ်နိုင်၊ ဒီတလော
ဘတ်ဂျက်အတော်ထိခိုက်နေပေါ့။ နီးစပ်ရာ အယ်ဒီတာ
မိတ်ဆွေများတောင်းထားတဲ့စာမူလေးများလည်းရေးလို့
မရ။ စာမူတပုဒ်ကို တခြား ဘာအလုပ်မှမလုပ်ပဲ ငယ်ငယ်ကငါးမျှားသလို စိတ်ရှညှ်ရှည်ထိုင်စောင့်ရေး
မယ်ကြံလိုက်တော့လည်း အတွေးတွေက တောင်ရောက်
မြောက်ရောက် ။ ရှင်လူကလည်း စာရေးတယ်ဆိုပေမယ့်
Pot Boiler လိုမျိုး စာပေနဲ့ အသက်မွေးသူမဟုတ်၊
ရှင်လူ့ဖေ့ဘွတ် ပရိုဖိုင်း မှာ Small Arms Repair
Home Base Business တဲ့။ အသေးစားအိမ်
တွင်းအပိုပစ္စည်းလုပ်ငန်းလို့ပြန်ရမယ်ထင်ရဲ့။ ပန်းထိမ်
သုံး လက်နက်ကိရိယာ အပိုပစ္စည်းလုပ်ငန်း။ ကိုယ်ပဲ
အလုပ်ရှင် ကိုယ်ပဲ အလုပ်သမားဆိုတော့ ဒီနေ့ ကိုယ့်အလုပ်ကိုယ် သပိတ်မှောက်ပြီးသရော်စာတပုဒ်ရေး
မယ်၊ ဘာဖြစ်သေးလဲ။
အမှန်တော့ ရှင်လူကဗျာစရေးတာ ၁၉၆၉ခု၊
၁၆နှစ်သားကပေါ့။ ကျောင်းက ကြက်ခြေနီ အသင်းထဲ
ဝင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ လူမှုရေးသတင်းစဉ် စာ
စောင်လေးတွေဖတ် ကဗျာရေးချင်တဲ့ပိုးဝင်လာတာ
ကြောင့် ကဗျာတွေစမ်းရေး။ပြီးတော့ ကြက်ခြေနီသတင်း
စဉ်ကိုစာတိုက်ကနေပို့။ ဟော နောက် တပတ်လောက်
နေတော့ ရှင်လူ့ ကျောင်းလိပ်စာနဲ့ စာတိုက်ကနေပြီး
ကြက်ခြေနီသတင်းစဉ်ရောက်လာတယ်။ အဲဒီတုန်းက
ကလောင်နာမည်က အောင်မြင့်စိုး (အ.လ.က)
ဇေယျဝတီ။ စာစဉ်ကိုဖွင့်ပြီး ကဗျာကဏ္ဏကိုကြည့်လိုက်
တော့ ၊ ခု ခေါင်းစဉ်မမှတ်မိ တော့တဲ့ ကဗျာလေးကိုတွေ့
လိုက်ရတယ်
အသည်းကစေတနာ
ခန္ဓာက လူမှုထမ်း
ကြက်ခြေနီဆိုတဲ့ပန်း
လန်းလန်း ဆန်းဆန်း
စိတ်နာမ်နဲ့ ခန္ဓာ
လိုက်လျောစွာ ဆောင်ရွက်
လူသားတွေကောင်းကျိုးကို
သည်ပိုးချီတက်
ခရီးဆက်ရှေ့သို့ချီ
ညီညာသည့်အောင်ပွဲ
မေတ္တာ ဂရုဏာဖြင့်
ကမ္ဘာမြေ သာစေကြောင်းကို
ပေါင်းစုဆင်နွှဲ ။ ။
တကယ်တော့ အဲဒီအချိန်တုန်းက ရှင်လူတို့
၁၆ နှစ်ရွယ် ၊ငယ်ငယ်ချောချော ..အဟဲ ။ပွဲလမ်းသဘင်ရှိ
တဲ့အခါများမှာ ကြက်ခြေနီလက်ပတ်လေးနဲ့ ဆေးပုံးက
လေးကိုင်ပြီး တွေ့တဲ့လူကို ရှူဆေး ဂွမ်းဖတ်လေးများ
ပေးပြီး နှာလိုက်နှပ်နေတဲ့ လူငယ်လေးပေါ့။ မှတ်ချက်။ ။ အဲဒီ အချိန်က ကြက်ခြေနီ သူနာပြု
တံဆိပ်ပါရင်ခုလို သေနတ်နဲ့ပစ်ဖို့ ၊ကန်ကြောက်
ဖျက်ဆီးဖို့နေနေသာသာ ဘယ်သူကမှ စိတ်နဲ့တောင်
မပြစ်မှားကြ ၊ ဟီ ဟိ ကောင်မလေးတွေကဆိုရင်
ချိုချင်တွေ၊ရေခဲချောင်းတွေ ပါးစပ်ထဲထိ ခွန့်မကြွေးရုံ
တမည်။ ခုနေခါ ပြန်သုံးသပ်ရရင် အဲဒီတုန်းက ရှင်လူ့
စွမ်းဆောင်မှုတွေကအခွင့်ကောင်း မကြုံခဲ့လို့သာ ၊ နို့မို့
ဟင်နရီ ဒူးနှံ့ ဘွဲ့တွေဘာတွေ ရသွားနိုင်ရဲ့။
ဒီလိုနဲ့ စာစောင်တွေ မဂ္ဂဇင်းတွေ ဟိုလှန်ဒီလှန်
လှန်တတ်လာတော့ တချို့ ကလောင်နာမည် လှလှ
လေးတွေ တွေ့ လာတယ် ။ ရွှေဖြူး လွင်သစ္စာတို့
ကေတုလင်းနိုင်တို့ တောင်ငူ လူမော်တို့ မကျည်းတန်
လွိုင်ကော်တို့ မောင်ယဉ်ဋ္ဌေး ဇေယျဝတီတို့ ရွှေဖြူး
မောင်ယဉ်မျိုးတို့ စသဖြင့်ပေါ့လေ။ အဲဒီတော့ မိမိ ကိုယ်တိုင် ဇေယျဝတီ မင်းလွင်စိုး ဆိုတဲ့ နံမည်လေးကို
ရွေးမိတယ် ၊အဲဒီကလောင်နံမည်လေးနဲ့ ကဗျာ တို့ ဝတ္တု
တိုတို့ ဆက်ရေးပေါ့ ။ ဒါပေယ့် ရှင်လူ့မှာ အကောင်းလား
မကောင်းလား မသိရတဲ့ အကျင့်တခုရှိတယ် ။ ငယ်စဉ်
လက်သွေးတုန်းက စာတွေ ကဗျာတွေ အများကြီး
ရေးခဲ့ပေမယ့် နောက်ပိုင်း စာရေးပျင်းလာတယ်။ နဝတ/နအဖ ခေတ်ဆိုပိုဆိုးလာတာပေါ့ ။ ကိုယ်ရေးတဲစာကို
မဂ္ဂဇင်းအယ်ဒီတာကရွေးပါပြီတဲ့၊ စာပေစီစစ်ရေးဆို
တာကြီးက စီစစ် ဖြတ်တောက် ၊ပိတ်ဆို့ ဖြဲ ကပ် လုပ်ချင်လုပ်သေးတယ်။ အဲဒီတော့ အယ်ဒီတာတို့ ထုတ်ဝေသူတို့ကလည်း သူတို့ အလုပ် အဆင်ပြေရေး
၊စီးပွားရေးကိစ္စဆိုတော့ ဘေးကင်းရန်ကင်းစာများကို
ဦးစားပေးလာကြရပေါ့။တချို့ သတ္တိကောင်းတဲ့ အယ်ဒီတာ ပတ်ဘလစ်ရှာများကျတော့လည်း အခန့်မသင့်ရင် အခြေပျက်ကြရပေါ့ ။ ဒီတော့ ရှင်လူလည်း စာသိတ်မရေးဖြစ်တော့ ။စာရေးပါတယ်ဆိုမှ
ကိုယ်ရေးချင်တာရေးမှာပေါ့ ၊ သူတို့ကြိုက်တာ သူတို့အလိုကျ လိုက်လုပ်ရမယ့်အတူတော့ ဦးရှင်ကြီးပဲ
အငှားလိုက်တင်တော့မပေါ့။ ဒီလိုနဲ့ ရေးချင်ရေး မရေးချင်နေနဲ့ နေလာလိုက်တာ တခါတခါ ကလောင်နာ
မည်အမျိုးမျိုး ပြောင်းချင်ပြောင်းလိုက်တာပဲ။ ဆရာ
သော်တာဆွေတို့ ရွှေတည်ရန်နောင်တို့ကိုင်တဲ့ သောင်း
ပြောင်းထွေလာ ရယ်စရာထဲမှာ ``ရိုးရိုးလေးပဲ တွေးပါ
သည်´´ ဆိုတဲ့ သရော်စာ တပုဒ် ၊ဖိုးဝေလ နာမည်နဲ့
ရေးမိပါတယ် စာအုပ်နဲ့ စာမူခသွားထုတ်တော့ ဆရာသော်တာဆွေက `` ကောင်းတယ် တခြားမဂ္ဂဇင်းတွေကိုပို့ပါ ´´ တဲ့ ။သူ့ မဂ္ဂဇင်းမှာတော့
နောက်ထပ်ထည့်မပေးတော့။ ဒီလိုနဲ့ မိတ်ဆွေဖြစ်သူ
အောင်လင်းလက် (ဥက္ကလာ)ထုတ်တဲ့ ပန်းဝတ်ရည်
ကလေးဂျာနယ်အတွက် ကဗျာတောင်းတော့ ဖိုးဝေလ
နာမည်နဲ့ပဲ ``သဘာဝ´´ဆိုတဲ့ ကဗျာတပုဒ် ရေးပေးခဲ့
တယ်။
ချောင်းရိုးစပ်က ရွှံနန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ် ပုံမှန် လုပ်ဆောင်ရ
အဲဒါသဘာဝ။ ။
အဲဒီနောက် ကလေးကဗျာဈာန်ဝင်သွားပြီး 
ကလေးကဗျာတပုဒ်ထပ်ရေးတော့ ထည့်ပေးမယ့်စာ
စောင်မရှိတော့၊ တချို့မိတ်ဆွေတွေကိုရွတ်ပြတော့
လည်း မသိကျိုးကျွန်ပြုနေကြတယ်။ဒါနဲ့ ယဉ်ကျေး
လိမ္မာတို့ ဓမ္မစကူးလ်တို့လုပ်နေတဲ့ မိတ်ဆွေတွေကိုပေး
တော့လည်း မသိချင်ယောင်ဆောင်ပြီး စကားလွှဲသွား
ကြတယ်။ ကဗျာလေးက
လက်ဦးဆရာ
~~~~~~
ခွေးမကြီးက ဝုတ်ဝုတ်ဟောင်
ခွေးလေးဝုတ်ဝုတ်ဟောင်
ကြောင်မကြီးကညောင်ညောင်အော်
ကြောင်လေး ညောင်ညောင်အော်
ဝက်မကြီးက အွစ် အွစ် အွစ်
ဝက်လေး အွစ် အွစ် အွစ်
-----------------
-----------------
အဖေ အမေ လုပ်သမျှ
သားသမီးတွေကလိုက်လုပ်ကြ
ပုဗ္ဗာစရိယ မိနှင့်ဖ ။ ။
ဒီလိုနဲ့ ရှင်လူတို့လည်း သက္ကရာဇ်တွေကို အမြည်း
လုပ် ရင်း အဝိဇ္ဇာသစ်ရိပ်အောက်က ဝိဇ္ဇာနေခြည်ပြောက်
ကို ပလိုင်းပေါက်နဲ့ လိုက်ကောက်ရင်းဆိုတဲ့ နွေလယ်
နေရဲ့ ``ကျမ်းကိုး´´ကဗျာထဲကလို ၁၉၉၀ ပါတီစုံရွေး
ကောက်ပွဲ ကြီးနားကိုကပ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ
ရှင်လူ့အိမ်ကို ဗကသ က ရွှေဘုန်းလူ (နောင် တာရာ မင်းဝေ )ရောက်လာခဲ့ပါတယ်။ သူလည်း ၈၈၈၈ ကာလ
တလျောက်လုံး ဟိုတိမ်းဒီရှောင်နဲ့ရှင်လူ့အိမ်မှာအနေများ
ခဲ့လေတော့ တနေ့မှာ
``အကို ကျနော် အိုးဝေ လုပ်နေတယ် ၊ အက်ဆေးလေး
ဘာလေးလုပ်ပါ´´ဆိုတော့ ``ညီမျှခြင်းနဲ့ ကြက်ခြေခတ်´´
ဆိုတဲ့ တိုနှံ့ နှံ့ အက်ဆေးတပုဒ်ရေးဖြစ်ပါတယ်။ ရေးပြီး
ကလောင်နာမည်တပ်မယ်ကြံတော့ ဇေယျဝတီ မင်း
လွင်စိုးဆိုရင် ချက်ချင်းသိသွားမယ်၊ကလောင်နာမည်
ပြောင်းမှဆိုပြီး ``အိုးဝေ´´ဆိုတော့ အိုးဝေဦးညိုမြကို
ချက်ချင်းမြင်ရောင်မိပါတယ် ။ဒါနဲ့ပဲ ညိုမြသွေးဆိုတဲ့
ကလောင်နာမည်ကိုရွေးပြီး အက်ဆေးမှာ ဆိုင်းထိုးပေး
လိုက်ပါတယ်။ နောက် ရွှေဘုန်းလူကပဲ ဗကသ က
``မီးဒုတ်´´ သတင်းစာအတွက်တောင်းပြန်တော့
``အကြမ်းဖက်သမားများ´´ ကိုရေးပြီး ညိုမြသွေးပဲ
တပ်ခဲ့ပါတယ် ၊ နောက် ၉၀ ခု ရွေးကောက်ပွဲနီးလာချိန်
မှာ ရွှေဘုန်းလူကစာမူတောင်းပြန်တော့ရွေးကောက်ပွဲကိုချိန်ပြီး`ကြော်ငြာများ´´ကိုရေးပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကြော်ငြာများပါမလာတော့ပဲ ရွေးကောက်ပွဲ
မတိုင်ခင် ရွှေဘုန်းလူပါသွားပါတော့တယ်။
ရွေးကောက်ပွဲ ရက်ကပ်လာတော့ ကြားလူက
တဆင့်ဆက်သွယ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်
လောင်း သ္ခင်ဦးစိုးမြင့် (ထိုစဉ်ကNLD ရဲ့ဗဟိုကော်မီ
တီဝင် ၊နောင် ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်း
ဥက္ကဌ ) အတွက် မဲ ရုံကိုယ်စားလှယ်လုပ်ပေးဖို့
ကမ်းလှမ်းလာပါတယ်၊ သူတို့ NLD အဖွဲ့ဝင်တွေ
အများကြီးပဲ ရှိတာပဲဆိုပြီး ငြင်းလိုက်ပါတယ် ၊ ဒါပေမယ့်
ကြားလူက အကြိမ်ကြိမ်လာတိုက်တွန်းနေလေတော့
အင်း လေ တရက်တလေ လုပ်ပေးရတာပဲ လို့တွေးပြီး
လမ်းထိပ်လက်ဘက်ရည်ဆိုင်မှာသ္ခင်စိုးမြင့်နဲ့တွေ့ပြီး
တာဝန်ကိုလက္ခံ လိုက်ပါတယ် ။ အဲသလို အားနာနာ
နဲ့ လက္ခံလိုက်တဲ့ နိုင်ငံရေး တာဝန်ဟာ ၁၉၉၀ ရွေး
ကောက်ပွဲရလာဒ် အနှစ်၂၀ တိတိ အကောင်အထည်
မပေါ်တာကြောင့် တောင်ဥက္ကလာ ပမြို့နယ်မဲဆန္ဒနယ် အမှတ်(- )ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သ္ခင်
စိုးမြင့်ကို သူကွယ်လွန်ချိန် ၂၀၁၀ မေလ အထိ အကူအညီပေးခဲ့ပါတယ် ။အဲဒီအတောအတွင်း
တနေ့မနက် စောစော လမ်းအတူလျှောက်ရင်း သ္ခင်
ဦးစိုးမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေကိုအားပေးတဲ့
စာမျိုး၂ ပုဒ်လောက်ရေးပေးဖို့ ပြောပါတယ်။ မက်ဆေ့ ၂၊NLD သတင်းလွှာ ၂ မှာထည့်မယ်ပြောပါတယ်။ရှင်လူ
နောက်နေ့မှာ သူ့လက်ထဲစာမူ ၂ ပုဒ်အပ်ခဲ့ပါတယ်။
``သဲတစ်ပွင့် ရေတစ်စက် တောင်တန်းနှင့် ပင်လယ်
သမုဒ္ဒရာများအကြောင်း ´´ နဲ့ နောက်တပုဒ်က ခေါင်းစဉ်
မမှတ်မိတော့ပါ ။မက်ဆေ့ ၂ ထွက်လာတော့ ``သဲတစ်
ပွင့် ရေတစ်စက် တောင်တန်းနဲ့ ပင်လယ် သမုဒ္ဒရာများ
အကြောင်း ´´ ပါလာပါတယ်။ သတင်းစာနာရေးကြော်
ငြာလောက်တောင်မရှည်တဲ့ အက်ဆေးတိုလေးပါ။
နောက်တပုဒ်ကတော့ God Father ရုပ်ရှင်ဝင်ကြည့်
ရင်း ဂေါ့ဖားသားက စ္စလီကျွန်းမှာ ပုသ်ရဟန်းမင်းကြီးကို
လုပ်ကြံဖို့ တိုင်ပင်ခိုက် နိုင်ငံရေးနဲ့ ရာဇဝတ်မှုဟာအတူတူ
ပဲလို့ပြောလိုက်တာကိုရှင်လူကသဘောမကျ၊ ဒီကြားထဲ
ရုပ်ရှင်ပြီးလို့ ရုံပြင်ထွက်မယ်ကြံတော့ရုံထဲလူချောင်လို့ဖိ
နပ်ချွတ်ပြီး ရှေ့ခုံပေါ်ခြေတင်ကြည့်ခဲ့တာ ရှင်လူ့ကြိုးကြာ
ပိန်းတန်းဖိနပ်အသစ်လေး အခိုးခံလိုက်ရတယ်။နေပူပူ ပလက်ဖောင်းပူပူပေါ် ဖိနပ်မပါပဲ ရှင်လူ့နှုတ်က ပြော
လိုက်မိတာက `` ဒွန်ကော်လီယွန်(God Father)
ရေ ၊ ခင်ဗျားပြောသလိုဆိုရင် ဟောဒီ ဖိနပ်ခိုးတဲ့လူက
လည်း နိုင်ငံရေးလုပ်တာပါလို့ ပြောမှာပေါ့ဗျာ ´´ ဆိုပြီးအဆုံးသတ်ထားတယ်။ အဲဒါ သ္ခင်ဦးစိုးမြင့်က
`` စာမူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရွေး
တာ၊ စာမူတပုဒ်ကတော့ စာရေးဆရာ ဒုက္ခရောက်သွား
မယ်ဆိုပြီး မစုကမသုံးတာ´´တဲ့။ အမှန်တော့ ရှင်လူ့စာ
ပေဘဝမှာ တကယ့် အတော်ဆုံး အယ်ဒီတာတွေနဲ့ချည်း
တွေ့ခဲ့ရပေါ့။ဟိုတလောက နှင်းဆီဖြူ ဂျာနယ် တာဝန်ခံ
အယ်ဒီတာ နှင်းခါးမိုးတယောက် ``ရှင်လူနဲ့ ဂေါက်
ကြောင်ရာဇဝင်´´ ကို ``ရာဇဝင်ထဲက ဂေါက်ကြောင်
များ´´လို့ ပြင်လိုက်တယ်။တချို့စာမူထဲမှာလည်း အရေး
ကြီးတဲ့ အပိုဒ်တွေ ကျန်ခဲ့ရဲ့။သူ့မှာ အယ်ဒီတာလိုင်စင်
ရှိတယ်လေ ။လုပ်ပေါ့ ။ဟော တနေ့က မိုးလုံးမှိုင်း
စီစဉ်တဲ့ ညီတော် လင်္ကျာဝင်းခေါ် အသော အထေ့
ဆရာ မောင်မှန် က ``အကိုကြီး ရှေ့ အပတ် စာအုပ်
ထွက်တော့မယ်၊ အကိုကြီး ကလောင်နာမည် ထပ်နေမှာ
စိုးလို့ ညိုမြသွေးကို ဖျက်ပြီး ကျနော် ရှင်လူလို့ ပြောင်း
လိုက်တယ် ´´ တဲ့ ၊ အိုစကေ ကိစ္စမရှိ ။ အဲ နောက်ဆက်
တွဲက ``အဲဒါ ဒီဇိုင်နာက ကိုတလုံး ထပ်ထည့်လိုက်လို့
ကိုရှင်လူဖြစ်သွားတယ်´´တဲ့ ။ တော်ပါသေးရဲ့ မရှင်လူ
မဖြစ်လို့။ အောင်ဒင်တို့ တာရာမင်းဝေတို့ဖခင်ကြီး
ဦးကျော်ရှိန် ၊စာရေးဆရာ မြေလပ် ဖိုးအောင်ပြောတာ
သွားပြီး အမှတ်ရမိတယ်။ `` ငါ့ ကွာ မြဝတီမဂ္ဂဇင်းကိုစာ
မူပို့လိုက်တာ ၊ အယ်ဒီတာက ငါ့ကလောင်နာမည်
မြေလပ်ဖိုးအောင် မှာ မြေလပ်ဆိုတာ သတ်ပုံမှားနေတ ယ်၊ မြေလတ်မှအမှန်´´ဆိုပြီး ပြင်လိုက်တယ်၊ အဲဒါ ငါက
``ကျုပ်က မြေယာမရှိတဲ့ကောင် ၊မြေလပ်နေတဲ့ကောင်မို့
မြေလပ်လုပ်ထားတာလို့ မနည်းပြောယူရတယ်´´တဲ့။
ရှင်လူ့ အယ်ဒီတာနဲ့ ဒီဇိုင်နာတွေကတော့ ဒီလောက်
မညံ့ကြပါဘူး ဖောက်ထွက်တွေးနိုင်ကြပါတယ်။ရှင်လူ
ကိုယ်တိုင်က သေမင်းမျက်စိလည်အောင် နာမည်တွေ
အမျိုးမျိုး နဲ့ပုံဖျက်ထားတာ။ နောက်ပြီး ရှင်လူ့ ညီနောင်
ကဗျာဆရာ စေတ တို့ ပြောသလိုဆိုရင် ဒါ Collaboration Art ပေါ့ ၊ အနုပညာတခုကို လူအများပူးပေါင်းပါဝင်ကြတာ။ အတ္တဗဟိုချက်လည်း
ပျောက်သွားတာပေါ့ ၊စာမူတခုကိုစာရေးဆရာရယ်
အယ်ဒီတာရယ် ဒီဇိုင်နာရယ် သန့်ရှင်းရေးသမားရယ်
ကွန်ပျူတာစာစီသမားရယ် ရေသန့်ပို့တဲ့သူရယ် အား
လုံးဝိုင်းပြီးဝင်ရေးကြ။ ရှင်လူကတော့ ဖြစ်နိုင်ရင် သူတို့
အားလုံး ကြိုက်သလိုရေး ကြိုက်ရာ ကလောင်နာမည်
တပ်ပြီး ရှင်လူ့ကိုစာမူခပဲပေး ။အားလုံး ကဗျာဆရာ၊
စာရေးဆရာဖြစ်စေရမယ်။ဘာတဲ့ ကွန်ဆက်ချူရယ်လစ်
ဆို ပိုတောင်ခေတ်မီသေး ..ဟားဟား ။

ရှင်လူ

story#observation#shilhu

Saturday, May 9, 2015

အိမ်​မရှိသူ​​တွေလိုက်​ခဲ့ကြ. ~~~~~~ ~~~

အိမ်​မရှိသူ​​တွေလိုက်​ခဲ့ကြ. ~~~~~~ ~~~
ရှင်​လူ့ နှာမှုတ်​သံကြီးက စပိန်​နွားရိုင်းသတ်​ပွဲ
မှ ​ဒေါပွ​နေ​သော နွားကြီးတ​ကောင်​လို တ ရှူးရှူးမြည်​လျက်​။ အမရိကားပြန်​​​ဘော်​ဒါကြီးပြောလိုက်​ သမျှ စကားလုံးတိုင်းက နွားရိုင်းကိုပမာမခန့်​လုပ်​ပြ​နေ​သော အနီ​ရောင်​အဝတ်​စနှယ်​။
``ဒီဆိုင်​ကအစားအစာ​တွေက ညစ်​ပတ်​တယ်​ဗျ၊ မစားချင်​ဘူး´´ ဆိုပဲ။
``​တောက်​ ရာဇဝင်​ရိုင်းလိုက်​​လေ´´
အ​မရိကားပြန်ရှင်လူရဲ့သူငယ်ချင်းက ရှင်လူ​​နေ့စဉ်စား​​တော်​​ခေါ်ေ​နကျ Road side ရက်စ​​​တောရင့်​​တွေကိုညစ်ပတ်တယ်​​​​​​ပြောတော့ ရှင်လူမခံနိုင်။သင်း​တို့က Euroတွေ USD တွေကို Master Card ​တွေ Visa Card ​တွေတချပ်ချပ်​​နှင့်​ ကြယ်​ ၁၅ ပွင့်​အဆင့်
ရှယ်လတန်​​ဟော်တယ်​​ကြီး​​တွေမှာ ကြက်ဆင်သား ဖင်ဆီ ဘူးဟင်းေ​တွ သစ်ကုလားအုတ်နို့​​​တွေနှင့်​စည်းစိမ်ခံခဲ့​​လေ​​တော့ပြောရက်မှာ​​ပေါ့ေ​လ။ရှင်​လူက တမျိုးတည်း​တောင်​ အရွယ်​ မညီသည့်​တ​ထောင်​တန်​ ၊ငါးရာတန်၊ နှစ်​ရာတန်​ စတဲ့
မြန်​မာကျပ်​​ငွေများကိုစိတ်​ရှုပ်​ခံ ​ရေတွက်​ ရင်း ဖုန်းပွတ်​သလိုပွတ်​သပ်​လျက်​ ​ချောင်​အကျဆုံး ​ပေါ​ချောင်​ ရက်​စ​တောရင့်​များမှာ မျိုဆို့​နေရတာကိုမှအားမနာ လျှာမကျိုး
ပြောရက်​လိုက်​တာ ။ အခု ရှင်​လူတို့ Road side ဆိုင်​​တွေကိုလည်း အဆင့်​အတန်းမြှင့်​တင်​ဖို့ အလုပ်​ရုံ​ဆွေး​နွေးပွဲ​တွေ ဘာ​တွေ လုပ်​​နေပါပြီ ။ရှေးအတီ​တေ သမိုင်း​ကြောင်းအရ ယဉ်​​ကျေးမှု အဆင့်​အတန်း​ထောင်​ချီ​နေ​သော ဒူးတင်​​ပေါင်​တင်​ရပ်​ဝန်းမှာ​တော့ ဒါပထမဆုံး
အကြိမ်​ကြားဖူးရတာပါပဲ။ ​ပြောချင်​လို့​ပြော​နေတာ​တော့မဟုတ်​ပါဘူး ၊ အဲဒီ အ​မရိကန်​ကြက်​ဆင်​ကြီးတို့လို စူပါပြန်​​တွေကို မခံချင်​လွန်းလို့ပါ။တကယ်​​တော့ ရှင်​လူ့အဖို့​ သတင်းစာ​တွေထဲပါတဲ့ အလုပ်​ရုံ​ဆွေး​နွေးပွဲဆို ရွံ​တောင်​ရွံမိပါတယ်​၊
အလုပ်​ရုံကိုဘာသာပြန်​လိုက်​ရင်​ Work shop ဆို​တော့ စက်​ဆီမဲမဲ​တွေ ​ရေ​မြောင်းထဲစီးကျ​နေတဲ့​နေရာကိုမြင်​​ယောင်​မိပါတယ်​။ ​ဆေးလိပ်​ခုံ​ဆွေး​နွေးပွဲဆို​တော်​​သေး။ ထားပါ​တော့​လေ ၊ အဲလိုတိုးတက်​​ပြီးအဆင့်
မြင့်​လာ​တော့မယ့်​ဟာကို ။တခုပဲ​ပြောစရာရှိတယ်​ ဟို လမ်းမတန်းကဆိုင်​​တွေလို အဆင့်​မြင့်​ပြီး​ဈေးပါမြင့်​ကုန်​မှ ဒုက္ခ။ ခုရှင်​လူတို့စား​နေတဲ့ဆိုင်​က ကန်​စွန်းပလိန်း
တပွဲ သုံးရာ နဲ့ရတယ်​၊အပြင်​တန်းမှာက တ​ထောင့်​ငါးရာ၊
ဘယ်​​လောက်​ကွာသလဲ ။ သက်​သာ​ တာလည်းမ​ပြောနဲ့၊
ကန်​စွန်းရွက်​က လမ်း​ဘေး​မြောင်းစပ်​က လတ်​လတ်​ဆတ်​ဆတ်​ခူးထားတာ။ငါး​ကျော်​တပွဲ သုံးရာ ၊ အဲဒီ​မြောင်းထဲက လတ်​လတ်​ဆတ်​ဆတ်​ ဖမ်းထားတာ။ ​ပြောစရာဆိုလို့ အဲဒီ​မြောင်းက ​ဆေးဆိုးပန်းရိုက်​ ၊ဝပ်​​ရှော့၊ပန်းတိမ်​ စတဲ့ လုပ်​ငန်းစုံက ထွက်​လာတဲ့ အက်​ဆစ်​၊​ကော့စတစ်​၊ပြဒါး ၊စက်​ဆီ ၊ဆိုး​ဆေးအပြင်​ ကြွက်​​သေ၊အမှိုက်​ ​ချေး​သေး​တွေကအဆစ်​ပါ​သေး။ ဒါလည်း အ​သေချာ​တွေးကြည့်​​တော့ မဆိုးလှ၊တ​နေ့တခြားတိုးတက်​​နေ​သော လူ​နေမှုစားရိပ်​​တွေကလွတ်​​မြောက်​ဖို့က ​ရေမနီး​ကျေးရွာတွင်​သွားပြီးအနားယူဖို့သာ။ ​ငွေမည်း၊​ငွေဝါ၊​ငွေပြာ​တွေက ​​​လျှော်​ ဖွတ် မီးပူတိုက် ​​လောင်​ဒရီလုပ်​လွန်း​တော့ ရှင်​လူတို့​ငွေဖြူ ခမျာ မယားပါသားပမာ မျက်​နှာငယ်​ရပြီ ။ ဒီ​ငွေမည်း​​လောင်ဒရီကိစ္စလည်း​​ မကြာခင်ဝပ်​​ရှော့​​ရောက်မှာ​တော့မှန်ပါရဲ့။ ဒါ​ပမယ့်ခု​​လော​​လောဆည်က ​​ငွေဖြူသမား​တွေအတွက်​ဒုက္ခသည်​စခန်း​ဆောက်​​ပေးဖို့လိုအပ်​​နေတာပါ ကုလသမဂ္ဂ​ရေ။ လက်​ရှိအိမ်​ခန်း၊ ၁၉၈၃ ခု အစဦးနေစဉ်​တုန်း​က အိမ်လခ ငါးရာ​သာ​​ပေးခဲ့ရသော ရှင်​လူတ​ယောက်​ ခု၂၀၁၅ မှာ အိမ်​ခန်းလစာေ​ခြာက်ေ​​သာင်း ​ဆို​တော့ ၊ ဟဲ ဟဲ အဆင့်​မြင့်​လိုက်​ပုံများ ​ရှေ့ဆက်​မြင့်​ဖို့​တောင်​ ခက်​ရချည့်​။ သတင်းစာထဲမှာ​တော့ဖတ်​ရပါ၏။ အားလုံး​အောင်​မြင်​ချမ်းသာတိုးတက်​ဖို့ ငြိမ်းချမ်း​ရေးကအဓိက
တဲ့။ ငြိမ်းချမ်း​ရေးရ​အောင်​လုပ်​မည်​၊အားလုံးပါလာရမည်​၊
မပါလာတဲ့​ကောင်​ ချမည်​တဲ့။ ခက်​​နေတာက ငြိမ်းချမ်း​ရေးကလည်း ​စောလူးမင်းတို့ ငရမန်​ကန်းတို့မတိုင်​ခင်​ကတည်းက တခါမှရတယ်​မရှိ။ ရှင်​လူက​တော့ ဘယ်​သူဘာ​ပြော​ပြော ​ရေဇလာနဒီလှိုင်း​ဖွေးကြားမှာ ​ဝေသာလီဗျိုင်း​လေးနားတာ ရှာလို့​တွေ့ချင်​​တွေ့နိုင်​လိမ့့်မယ်​၊ ယုန်​​ကောင်​ငုံပြီး ယုံရုပ်​​ရေးပြ​သော်​လည်း ...
အယ်​ ဘယ်​​တွေ​ရောက်​ကုန်​ပါလိမ့်​။ ဒီအတိုင်းက​တော့
သတင်းစာထဲပါတဲ့သတင်းတပုဒ်​ကို အသုံးချရုံသာရှိ​တော့မည်​။ စပိန်​နိုင်​ငံ မဲဒရစ်​​လေဆိပ်​မှာ အိုးမဲ့အိမ်​မဲ့
တွေ​နေလို့ရသတဲ့။ အန္တရာယ်​မပြုလျှင်​ အာဏာပိုင်​​တွေ
က​နေခွင့်​​ပေးသတဲ့။ သန့်စင်ခန်း​​​အခမဲ့ဆို​တော့ ​ရေမီတာ၊မီးမီတာအတွက်​လည်းမပူရ။ အလုပ်​အကိုင်​က​တော့စပိန်
နွားရိုင်းသတ်​ပွဲ မှာ ဝင်​စွန့်​စားလိုက်​ရုံပဲ ၊ဒီမှာက အလုပ်​သမားအ​ရေးအခင်း၊ ဦးသန့်​အ​ရေးအခင်း၊ ရှစ်​​လေးလုံး၊
ရွှေဝါ​ရောင်​ စသည်​ဖြင့်​ ကိုယ့်​စားရိပ်​ကိုယ်​စားပြီး စွန့့်​စားခဲ့တာ မ​သေရုံတမယ်​၊ စပွန်​စာ​ပေးမယ့်​သူလည်းမရှိ။
မဲဒရစ်​သွားဖို့ ​လေယာဉ်​ခအတွက်​က​တော့
သိတ်​ခက်​စရာမရှိ ။ အသိဝါးဆိုင်​ကဝါး အ​ကြွေးငှါး၊
အသံချဲ့စက်​အ​ကြွေးငှါး ၊ အလှူခံမဏ္ဏပ်​ထိုး ၊ ​ခေါင်းစည်း
စာလုံးက *စပိန်​နိုင်​ငံ မဲဒရစ်​ အတွက်​ *လို့​ရေး။ ဘယ်​သူမှ
မော့ကြည့်​ စူးစမ်းမှာမဟုတ်​ဘူး။ အင်​မတန်​ရက်​​ရောတတ်​တဲ့လူ​တွေ ။သူတို့ကို မိုက်​တလုံးနဲ့ ``အခုလိုလှူဒါန်းရတဲ့အတွက်​ ​ဇောတိက ၊ဇဋိလ၊
ကာကွဏ္ဍ ၊မေဏ္ဍက သူ​ဋ္ဌေးကြီး​လေးဦး ကဲ့သို့ ​ရွှေအိုးကြီး​တွေမြှုပ်​​နှံ​နေလိုက်​ကြတာ ​မြေလွတ်​​တောင်
မကျန်​​တော့ဘူးခင်​ဗျ၊ မွစာကိုကျဲလို့ ၊သာဓု သာဓု
သာဓု´´။ အဲသလို​အော်​​ပေးလိုက်​ရင်​ သူတို့လည်း
နောက်​ဘဝ​ကောင်းနိုး ​သောမနဿ ​မျှော်​လင့်​ချက်​​တွေနဲ့
အားတက်​ရှာမှာပါ။
``ဘာ​တွေ တကုပ်​ကုပ်​ ထိုင်​​ရေး​နေလဲဗျ´´
ရှင်​လူ ဈာန်​ဝင်​​နေတုန်း အမရိကားပြန်​​ဘော်​ဒါကြီး
ရုတ်​တရက်​ ဝင်​လာသဖြင့်​ သူ့ကို​မော့ကြည့်​ အ​ညောင်းဆန့်​ရင်း ``​သြော်​ နှင်းဆီဖြူဂျာနယ်​အတွက်​ သ​ရော်​စာ​လေး​ရေး​နေတာပါ ၊ ပြီးပါပြီ´´
`` လာဗျာ အပြင်​ထွက်​ပြီးတခုခု သွားစားရ​အောင်​´´
ဒီတခါ​တော့ သူ့ကိုစိတ်​မဆိုး​နိုင်​တော့၊စပိန်​နိုင်​ငံ မဲဒရစ်​​လေဆိပ်​သွားဖို့က ကျန်းမာ​​​​ရေးနဲ့ညီညွတ်​​အောင်​ စားတတ်​​သောက်တတ်ဖို့လိုသည်​။သူ့ဆီကလည်း နည်းနည်း​တော့ အလှူခံရဦးမည်​။

ရှင်​လူ

၂၀၁၅ ၊မတ်လ၂၇ ၊
နှင်းဆီဖြူဂျာနယ်