က ။
ပင်လယ်က ပြာချင်ပြာမည် ၊ ဝါချင်ဝါမည်၊ အရေး
မကြီး ၊ ပင်လယ်ကပင်လယ်ပဲဖြစ်သည်။ သူသတိပြန်
ရလာချိန် သူ့ခေါင်းထဲအရင်ဆုံးရောက်လာသည်က
ပင်လယ်ပဲဖြစ်သည် ။ သင်္ဘောတစီးလုံး မုန်တိုင်းထဲမှာ
တစစီကွဲပျက်နစ်မြုပ်အပြီး အချိန်မည်မျှကြာသွားပြီကို
သူလုံးဝမမှတ်မိတော့။ အချိန်မမှတ်မိတော့ဘာဖြစ် သလဲ ၊ ဘာမှမဖြစ် ။ ပထမဦးဆုံးအချိန်ဆိုတာမလို
အပ်မှန်းသူတွေးမိသွားသည်။ အချိန်သိလို့လည်းဘာ
အသုံးဝင်မှာလဲ ။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ကြီး
ထဲမှာ ကျောင်းချိန်မီဖို့၊ ရုံးချိန်မီဖို့ ၊ ကားထွက်ချိန် ရထား
ထွက်ချိန်မီဖို့ စသည်စသည် အချိန်နှင့်ဆွေမျိုးစပ်စရာ
ကိစ္စဟူသမျှဘာမှမရှိ ။ သင်္ဘောမပျက်ခင်တုန်း
ကတော့အချိန်ရှိခဲ့ပါသေးသည်။ဘယ်နေ့ ဘယ်ရက်
ဘယ်နာရီ ဘယ်ဆိပ်ကမ်းကိုဆိုက်ကပ်မည် ဆိုသော direction ရှိခဲ့သည်ကိုး ။ ခုသင်္ဘောပျက်ပျဉ်ပြားချပ်
ကြီးတခုအပေါ် မှောက်လျက်သားမျောပါနေသောလူ
တယောက်အဖို့ direction အားလုံးပျောက်ဆုံးနေခဲ့
လေပြီ။ သူ့အနေဖြင့်ဆက်သွယ်နိုင်သူတစုံတဦး
(စကားပြောဖော်)သာရှိနေပါက `` ဟေ့အချိန်ဆိုတာ
ကြီးက အလကားဟာကြီးကွ ၊ direction ဆိုတဲ့ဦး
တည်ချက်မရှိတာနဲ့သူလည်းမရှိတော့ဘူး၊ ခု မင်းအချိန်
ကိုရှာတွေ့သေးလား´´လို့ဦးဆောင်ဆွေးနွေးလိုက်ရ
လျှင်စိတ်အားထက်သန်သောဆွေးနွေးပွဲတခုဖြစ်လာ
နိုင်စရာရှိသည် ။ သူက အဲဒီလို စအပြောမှာ တဖက်လူ
ကလည်း ခပ်ထူထူမဟုတ်လျှင် ``ဟာဗျာ နေတွေ
လတွေ နေ့တွေ ညတွေရှိနေတာပဲ ။ နေ့အချိန်
ညအချိန်ဆိုတာ ရှိနေဦးမှာပေါ့ဗျ ´´ဟုပြန်လှန်စောဒက
တက်လာပါက သူ့ အတွေးအခေါ်အပေါ်သူကိုယ်တိုင်
သံသယဖြစ်စပြုလာနိုင်သည် ။ သို့သော် ဘယ်ရမလဲ
ဒီလောက်နဲ့တော့အလျော့ပေးလို့မဖြစ် ``ဟ သယ်
ရင်းရ အဲဒါကတော့ realativityပဲကွ ၊နှိုင်းရသဘော ကြီးပဲ ၊ နေတွေ လတွေမရှိဘူးဆိုပါတော့ကွာ´´ ``ဟာ ရှိနေတာကို မရှိဘူးလုပ်လို့ရမလားဗျ ´´
အယ် မနောဝိဥာဉ် ။ ပင်လယ်ထဲကပျဉ်ပြားပေါ်မှာ
တယောက်တည်းမှောက်လျက်သားမျောနေတာတောင်
စိတ်ကအဖေါ်ခေါ်ပြီးငြင်းခုံနေသေး ။ အင်း ငြင်းချင်ခုံချင်
ရင်တောင်မှ တဦးနှင့်တဦး ယုံကြည်ချက် သို့မဟုတ်
ရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင်သို့မဟုတ် လားရာ
direction ချင်းမတူမှငြင်းခုံလို့ရကြတာပဲ။ တူနေမှ
တော့ဘာဆင်ခြေပေးနေစရာလိုမလဲနော် ....
ခ။
လေကငြိမ်သက်နေသော်လည်း နေက
တဖြည်းဖြည်းပိုပူလာသည်။ ဒီနေရာမှာ အာခေါင်တွေ
ခြောက်ကပ်ကွဲအက်လာတာ ၊ ရေဓါတ်ခန်းခြောက်ပြီး
သူ၏အရေခွံများရှုံ့တွပျော့တွဲလာတာ ၊ ကြွက်တက်
ချင်သလို ဖြစ်လာတာ စသဖြင့် စာဖတ်သူကကြိုက်
သလိုသာပုံဖေါ်ပြီး ဖြည့်စွက်တွေးကြည့်ပေတော့။
လူတိုင်းလူတိုင်းဘယ်သူမဆို စာပေ ၊ ရုပ်ရှင် ၊ ပုံပြင်
အတွေ့အကြုံတွေ အများကြီးရှိပြီးသားပဲ။
အဲဒီအချိန်မှာပဲ ( ဟာ လာပြန်ပြီ ဒီအချိန် ၊ ထားလိုက်ပါတော့)ဟိုးမိုးကုပ်အစွန်းပင်လယ်
အခုံး ထိပ်မှာ အမည်းစက်ကလေးတစက်ပေါ်လာ ပြီး
အဲဒီအမည်းစက်ကလေးဟာ ပထမ နှမ်းစေ့လောက်
နောက် မန်ကျည်းစေ့လောက် ၊ နောက်တဖြည်းဖြည်း
ဆီးစေ့လောက် ။ ဒါက ပျဉ်ပြားပေါ်မှောက်လျက်မျော
လာတဲ့သူ အနေနဲ့ လုံးဝသိတာမဟုတ်ဘူး ၊ သူ့အနေ
နဲ့ ဒါလောက် သတိဝီရိယ တွေရှိမနေတော့ဘူးလေ၊
အားအင်တွေက ကုန်ခန်းသလောက်ဖြစ်နေတာ။ဒါကို
စာရေးသူက ကြားဝင်ပြောပြနေရတာ။ အဲဒီတော့
စာဖတ်သူကလည်း ကူညီပြီးဝိုင်းတွေးပေးပါဦး ။ အမည်း
စက်ကတဖြည်းဖြည်း ကြီးကြီးလာတာ အုန်းသီးလောက်
ဆန်ကောလောက် ။ ကဲ ခင်ဗျားတို့ တွေ့ပြီမဟုတ်လား၊
အဲဒါ ဘာကြီးလဲ။ ထုံးစံအတိုင်း ပင်လယ်ကူးသင်္ဘော
တစီးပေါ့ဗျာ ၊ ဟုတ်ပြီလား ။
သင်္ဘောကြီးက တဖြည်းဖြည်း သူနှင့် နီးလာသည် ။ သူနှင့် အတန်သင့်လှမ်းသောနေရာမှာ
အင်ဂျင်စက်ရှိန်ကို လျော့ချလိုက်ပြီး ဆယ့်ငါးမိနစ်
လောက်အကြာမှာ သင်္ဘောပေါ်မှရာဘာလှေတစင်း
သူရှိရာသို့ချဉ်းကပ်လာခဲ့သည်။ ရာဘာလှေက သူ့ကို
ခဏတာမျှလှည့်ပတ်အကဲခတ်နေပြီး လှေပေါ်ကစကား
သံအချို့ထွက်ပေါ်လာသည်။``အသက်တော့ရှိသေးပုံ
ရတယ် ၊ ဒါပေမယ့်သေမှာပါပဲ ၊သူ့ကိုသင်္ဘောပျက်
ကတည်းကတခါထဲသေသွားပြီထင်ခဲ့တာ ၊ ခုလိုမျိုးပြန်
တွေ့ရမယ်မထင်ခဲ့ဘူး ၊ အင်းလေ ဘာဘဲဖြစ်ဖြစ်
မိတ်ဆွေဟောင်းတွေပဲ တခုခုတော့လုပ်ပေးရမှာပေါ့´´
သတိရ တချက် မရ တချက်ကြားမှ အိပ်မက်
လိုလို တကယ်လိုလို သူ့နားထဲမှာအလွန်ရင်းနှီးသော
မိတ်ဆွေတယောက်၏ အသံကိုကြားလိုက်ရသလိုလို။
ပျဉ်ပြားနှင့်သူ့ရင်ခွင်ကြားမှာခပ်မာမာအရာတခုခုကို
ထိုးသွင်းလိုက်ပုံရသည်။ ရာဘာလှေကသူနှင့်ဝေးရာ
သင်္ဘောဘက်ဆီသို့ပြန်လည်ထွက်ခွာသွားခဲ့သည်။
သူကတဖြည်းဖြည်းချင်းသတိကပ်ဖို့ကြိုးစားရင်းအားယူ
ကာ ရင်ခွင်ထဲမှအရာဝတ္ထုကိုစူးစမ်းလိုက်မိသည်။
တစစနှင့် ပုလင်းတခုဆိုတာသိလာခဲ့သည် ။ပြာဝေနေသောမျက်စိဖြင့်အတန်ကြာအားစိုက်ကြည့်
လိုက်သောအခါ ဝီစကီပုလင်းမှန်းသိသာလာသည်။
ဘာပဲဖြစ်ဖြစ်လေ ခုချိန် ဟောဒီပင်လယ်ကြီးထဲမှာ
သူစွမ်းဆောင်နိုင်မည့်အရာက ဒီတခုပဲရှိတော့သည်။
ဝီစကီကိုသောက်လိုက်ရုံမှတပါး အခြားမရှိ။ ပုလင်းအဖုံး
ကိုလှည့်ဖွင့်ဖို့ပင် အတန်ကြိုးစားခဲ့ရသည် ။ ပထမဆုံး
ဝီစကီတငုံသည် ငရဲမီးကိုငုံလိုက်ရသလားထင်မိသည်။
လျာနှင့်လည်ချောင်းများကွဲအက်နေသဖြင့်ရေဓါတ်
ခန်းခြောက်နေသည့်တိုင်မျက်ရည်များကပေါက်ပေါက်
ကျလာသည်။ သို့ပေမယ့် ဒုတိယနှင့် တတိယအငုံများ
မှာတစစ အဆင်ပြေစပြုလာပြီး သူ့ အသိဥာဏ်များပြန်
လည်နိုးကြားစပြုလာသည်။
ဂ။
ဝီစကီအရှိန်လေးနှင့် မှိန်းနေတုန်း သူ့ပျဉ်
ချပ်ဘေးမှာရေလှိုင်းများဘောင်ဘင်ခတ်သွားသဖြင့်
လှည့်ကြည့်လိုက်တော့ဖေါင်တခုခု သူ့အနားကပ်လာ
တာမြင်လိုက်ရသည်။ ဟုတ်မှဟုတ်ရဲ့လား၊ သူ့အမြင်
တွေမှောက်မှားနေတာလားလို့ တွေးနေဆဲ တဖက်ဖေါင်
ပေါ်ကနှုတ်ခွန်းဆက်သံ တခု ပီပီပြင်ပြင်ကြီးကြားလိုက်ရ
သည်။
``ဟိုင်း ဂွတ် မောနင်း´´
``မောနင်း ´´ ထိုသူ ကိုအလိုက်သင့်ပြန်လှန်နှုတ်ခွန်းဆက်လိုက်ရင်း
အသေအချာ လေ့လာအကဲခတ်နေမိသည်။
အလွန်ရင်းနှီးနေခဲ့ဖူးတဲ့မျက်နှာတခုအဖြစ်မှတ်မိလိုက်
ပြီး မှတ်ဥာဏ်ကိုဖြစ်ညှစ်ပြီးတွေးကြည့်လိုက်သော
အခါ အရမ်းကြီး အံ့သြ သွားမိလေသည်။
``တွမ်ဟင့် Tom Hanks ,ခင်ဗျား
တွမ်ဟင့် အစစ်ပဲ´´
``ဟုတ်ပ ဗျာ ၊ ဒီနေရာမျိုးမှာ Tom Hanks ဖြစ်ဖြစ် Chuck Noland ဖြစ်ဖြစ် အရေး
မကြီးပါဘူး ´´
``အေးဗျာ ခင်ဗျား Cast Away ရြေမျော
ကမ်းတင်] ထဲမှာသရုပ်ဆောင်တာ ကျုပ်သိတ်သဘောကျတာပဲ ´´
``ဒီ ပင်လယ်ကြီးထဲ လာပြီးဘာသာပြန်မနေစမ်းပါနဲ့ဗျာ ´´
``အဲဒီ ဇာတ်ကားထဲမှာ ခင်ဗျားစီးလာတဲ့ လေယာဉ်ပျက်ကျပြီး ကျွန်းတခုပေါ်မှာအကြာကြီးသောင်တင်နေ ၊ နောက်တော့ဖောင်တခုဖွဲ့ ပြီးပင်လယ်ထဲထွက်တော့ ပင်လယ်ကူးသင်္ဘောတစီးကကယ်၊
အိမ်ပြန်ရောက်တော့ မိန်းမကနောက်အိမ်ထောင်နဲ့
ကလေးတောင်ရနေပြီ ။ ဒီတော့ ခင်ဗျား ကားမောင်း
ထွက်လာပြီး လမ်းဆုံလမ်းခွအရောက်မှာဘယ်ဘက်ကို
ကွေ့ရမှန်းမသိ ဖြစ်နေတာ´´
``ဘယ်သူမဆို ဒီလိုပဲ ဖြစ်မှာပဲလေ၊ ကိုယ့်ကိုသေစားရင်းသွင်း ပြီးတာနဲ့ မိသားစုဆိုတဲ့ ဇာတ်ညွှန်း
က ပြောင်းသွားရော၊ ကျုပ်က ကျုပ်မိသားစုထဲမှာ အပြင်လူဖြစ်သွားပြီ ၊ တစိမ်းတယောက်က ကျုပ်မိန်းမရဲ့ယောက်ျားဖြစ်လို့ ၊ ဟားဟား ဘယ်လောက်ရီစရာကောင်းလဲ ၊ ကိုယ့်အိမ်ကိုယ်ပြန်လာတာတောင် ဂြိုလ်သား
တကောင် ကမ္ဘာပေါ် ဆင်းလာရသလို...´´
တွမ် က သူ့စကားကိုရှေ့မဆက်တော့ဘဲ
ရပ်လိုက်သည်။
``အေးဗျာ ၊ ဒါနဲ့ ခင်ဗျား က ဘယ့်နှယ် အခု ပင်လယ်ထဲပြန်ရောက်လာတာလဲ´´
``အင်း တကယ်တော့ ချစ်သူ ခင်သူ
မရှိတဲ့ကုန်းမြေဆိုတာ ပင်လယ်နဲ့ အတူတူပဲဗျ ၊ ဆွစ်
လူမျိုး စာရေးဆရာ ဟာမင်းဟက်စ Hermann
Hesse .....´´
``ဟာ ခဏလေးနေပါဦးဗျ ၊ ဟာမင်းဟက်စ က ဂျာမန်စာရေးဆရာပါဗျ ´´
``ဟုတ်ပါတယ် ခင်ဗျားဘာလူမျိုးလဲဗျ
အတော်ပေါက်ပေါက်ရှာရှာအငြင်းသန်တာပဲ ၊ ဆွစ်အမျိုးသားဖြစ်ပြီး 1877 ကဂျာမဏီနိုင်ငံမှာ မွေးပြီး1962 ကွယ်လွန်ချိန်ထိဂျာမန်စာရေးဆရာအဖြစ်ကမ္ဘာကျော်ခဲ့တာဗျ ၊ စာပေနိုဘယ်ဆုပါရခဲ့တာ ၊ထားပါတော့လေ ၊ *ခြေဦးတည့်ရာ*ထဲမှာ ဟာမင်းဟက်စ ရေးခဲ့တာက*လမ်းတိုင်းဟာ ငါ့အိမ်ရှိရာသို့ဦးတည်*
ဆိုသလို ပုံသေသတ်မှတ်ထားတဲ့နေရာကိုစွန့်လွှတ်လိုက်ရင် အရှေ့အနာက် တောင် မြောက် ၊ ခင်ဗျားဘယ်
ကိုသွားသွား ဘယ်မှာအိပ်အိပ် အဲဒီနေရာဟာ ခင်ဗျားအိမ်ပဲပေါ့ ´´
တွမ်ဟင့် စကားများကြောင့် သူ့အတွေး
များပင် ကုန်းမြေပေါ်သို့ ပြန်ရောက်သွား၏။ သူ့မှာလည်း
ခင်မင်တွယ်တာစရာ မိသားစုရယ်လို့ တယောက်တလေမျှရှိသည်မဟုတ်။ ဒါဆို ပင်လယ်ဖြစ်စေ ကုန်းမြေဖြစ်စေ အထီးကျန်မှု ကအတူတူပဲ ပေါ့။
``အေးဗျာ ခုလို ပင်လယ်ကြီးထဲမှာ
ခင်ဗျားနဲ့စကားပြောရတာကောင်းလိုက်တာ ၊ကဲ ကြုံ
တုန်းဝီစကီတငုံလောက် ဧည့်ဝတ်ပြုပါရစေ ..ရော့
မော့လိုက်ပါဦး´´
တွမ်ဟင့် ကဝီစကီပုလင်းကို တအံ
တသြလှမ်းယူလိုက်ရင်း
``တယ်ဟုတ်ပါလား ဝီစကီတွေဘာတွေ
နဲ့´´
``အေးဗျာ မိတ်ဆွေတယောက် ကျေးဇူး
ုပြုသွားတာ´´
တွမ်ဟင့်က ဝီစကီကိုငုံရင်း ပင်လယ်
အခုံးထိပ်ဖက်သို့ လှမ်းမျှော်ကြည့်လိုက်ကာ
``ရော့ ရော့ ခင်ဗျားပုလင်း ၊ ကျေးဇူးပဲ
ကျုပ်တော့လစ်တော့မယ် ဟိုးအရှေ့ဖက်က စပိဘုတ်
တစီးလာနေတယ် ၊ဆိုမာလီ ပင်လယ်ဓားပြတွေလား
မသိဘူး ၊အချောင်သေနေဦးမယ်´´
တွမ်ဟင့်က ဝီစကီပုလင်းကို သူ့ထံ
ကမန်းကတမ်း ပြန်ပေးလိုက်ပြီး ဖောင်တိုင်ပေါ်က အဖြူညစ်ညစ်ရွက်စုတ်ကြီးကိုလွှင့်တင်လိုက်ကာ အလိုက်သင့်တိုက်ခတ်လာသောလေနှင့်အတူ အနောက်ဖက်ဆီသို့ထွက်ခွာသွားခဲ့ပြီ။ တွမ်ဟင့်ထွက်သွားပြီးမကြာ
မီမှာပင်မော်တော်စက်သံကတဖြည်းဖြည်းနီးကပ်လာနေသည်။သဲသဲကွဲကွဲမြင်ရလောက်အောင်ရောက်လာခိုက်လှမ်းကြည့်လိုက်တော့မော်တော်ပေါ်မှာစက်
သေနတ်ကြီးတလက်ကိုအသေအချာတပ်ဆင်ထားတာတွေ့ရသည်။သေချာပါပြီ၊ ဆိုမာလီပင်လယ်ဓားပြတွေပါပဲ။
``ငါ့ကိုအကြောင်းမဲ့တော့ အန္တရာယ်မပြုနိုင်၊ ဟောဒီအရက်ပုလင်းမြင်ရင်တော့ လူကိုပစ်သတ်ပြီးပုလင်းကိုယူသွားနိုင်တယ် ၊ဓားပြဆိုတာက
ပစ္စည်းရှိသူကိုသာ အန္တရာယ်ပေးတတ်တာပဲ´´
ရုတ်တရက်ပေါ်လာသောအတွေးကြောင့် အရက်ပုလင်းကိုရင်ဘတ်အောက်ဖိဝှက်ရင်း
အသာလေးသေချင်ယောင်ဆောင်နေလိုက်သည်။
အတော် ကံကောင်းသွားပါသည်။ သူ့ကိုတပတ်နှစ်ပတ် ပတ်ကြည့်လိုက်ပြီး အချင်းချင်းကွိကွိကွကွပြောကာစပိဘုတ်ကိုဝူးကနဲမောင်းထွက်သွားကြ
သည် ။ သူ့မှာအသက်အောင့်ထားခဲ့ရသဖြင့်သေမတတ်ခံစားနေရသည်။ ထို့နောက်မှာအရက်ရှိန်ကြောင့်လား အားနည်းလို့လားမသိ သူသတိတဖန်မေ့မျောသွားခဲ့ပြန်သည်။
အဆုံးပိုင်း။
နံနက်ခင်းပဲဖြစ်မည်ထင်သည် ၊ သူသတိပြန်ရလာတော့ပင်လယ်ပြင်ကငြိမ်သက်နေပြီး နေမပူသေးသဖြင့် သက်တောင့်သက်သာရှိနေသည်။ ထိုအခိုက် ဘယ်ကပျံလာမှန်းမသိရသောငှက်တကောင်
ပျဉ်ပြားစွန်းမှာလာနားသည် ။ လှမ်းဆွဲပြီးသတ်စားလိုက်ရင်ကောင်းမလားတွေးလိုက်မိသေးသည်။ဟင့်အင်း
ဒီလိုလုပ်လို့မဖြစ်သေး၊ဒါ ကမ်းရှာငှက်များဖြစ်နေမလား
ပဲ။ကမ်းရှာငှက်တွေ့ရင် ကမ်းခြေနဲ့နီးနေပြီ ။ ချစ်သူ
ခင်သူမရှိတဲ့ကုန်းမြေဆိုတာ ပင်လယ်နဲ့အတူတူပဲဗျ ဆို
သော တွမ်ဟင့်စကားကို ပြန်လည်ကြားယောင်မိနေသည်။ သူ့စိတ်ကူးထဲမှာ ဆိပ်ကမ်းဆိုတာရောရှိပါ
သေးရဲ့လား။ အတန်ကြာအောင် သူတွေဝေနေမိသေး
သည်။ စိတ်ကူးဆိပ်ကမ်းမှာ ငါ့သူငယ်ချင်းတွေ မိတ်ဆွေ
တွေ ရှိနေသေးတာပဲ၊မိတ်ဆွေဆိုတာ ဘယ်လောက်မကောင်းဘူးပြောပြော ငါ့ကိုသက်တောင့်သက်သာ
အသက်ထွက်နိုင်အောင် အရက်တပုလင်းတော့တိုက်သွားဦးမှာ ၊ပင်လယ်ဓားပြလိုမဟုတ်ဘူး ။
ကမ်းရှာငှက်က ရုတ်ချည်းထပျံသွားခဲ့သည်။သူပျံသန်းရာဘက်ကိုလှမ်းကြည့်လိုက်တော့ ဟိုးအဝေး ခပ်မှိုင်းမှိုင်းကောင်းကင်နောက်ခံအောက်မှာ ဆိပ်ကမ်းရေးရေး...က...
{စိတ်ကူးဆိပ်ကမ်း အဖွဲ့သားများသို့ အမှတ်တရ}
ညိုမြသွေး
မိုးလုံးမှိုင်း
စာပေအနုပညာ( ၂ )
မေလ၊ ၂၀၁၅
story#observtion#shinlhu
No comments:
Post a Comment