Sunday, May 10, 2015

အီဗော်လူးရှင်း ရှင်လူ
~~~~~~~~~~
ခုတလော အချို့ ဒေသမြို့ကြီးတွေမှာ နေ့အပူချိန် က
၄၅ံ စင်တီဂရိတ်ထိ ဖြစ်နိုင်ဆိုပဲ၊ မန္တလေးမှာ ၄၃ံ စင်တီဂရိတ်ထိ မြင့်တက်နေသတဲ့။ ရာသီဥတုက
ပူရတဲ့အထဲ ဖတ်ရတဲ့သတင်းတွေကလည်း အပူတွေချည်း။ နီပေါ မြေငလျင်ကလည်းစိတ်မချမ်းမြေ့
ဖွယ်။ အင်တာနက်ထဲတက်လာတဲ့ မြန်မာနိုင်ငံက
လောက်ကိုင် အရေးကလည်း စိတ်မအေးဖွယ်။
ရှင်လူလည်း ရင်ပူပူနဲ့ ဒီနွေကိုအန်တုရင်း သီးစုံ
ဓာတ်ဆားသောက်တဲ့ခါသောက် ၊ဘီယာဘူးလေးများ
ဖောက်တဲ့ခါဖောက် အလျဉ်းသင့်သလိုနေထိုင်ရင်း
လုပ်နေကျ အလုပ်တွေလည်းပုံမှန်မလုပ်နိုင်၊ ဒီတလော
ဘတ်ဂျက်အတော်ထိခိုက်နေပေါ့။ နီးစပ်ရာ အယ်ဒီတာ
မိတ်ဆွေများတောင်းထားတဲ့စာမူလေးများလည်းရေးလို့
မရ။ စာမူတပုဒ်ကို တခြား ဘာအလုပ်မှမလုပ်ပဲ ငယ်ငယ်ကငါးမျှားသလို စိတ်ရှညှ်ရှည်ထိုင်စောင့်ရေး
မယ်ကြံလိုက်တော့လည်း အတွေးတွေက တောင်ရောက်
မြောက်ရောက် ။ ရှင်လူကလည်း စာရေးတယ်ဆိုပေမယ့်
Pot Boiler လိုမျိုး စာပေနဲ့ အသက်မွေးသူမဟုတ်၊
ရှင်လူ့ဖေ့ဘွတ် ပရိုဖိုင်း မှာ Small Arms Repair
Home Base Business တဲ့။ အသေးစားအိမ်
တွင်းအပိုပစ္စည်းလုပ်ငန်းလို့ပြန်ရမယ်ထင်ရဲ့။ ပန်းထိမ်
သုံး လက်နက်ကိရိယာ အပိုပစ္စည်းလုပ်ငန်း။ ကိုယ်ပဲ
အလုပ်ရှင် ကိုယ်ပဲ အလုပ်သမားဆိုတော့ ဒီနေ့ ကိုယ့်အလုပ်ကိုယ် သပိတ်မှောက်ပြီးသရော်စာတပုဒ်ရေး
မယ်၊ ဘာဖြစ်သေးလဲ။
အမှန်တော့ ရှင်လူကဗျာစရေးတာ ၁၉၆၉ခု၊
၁၆နှစ်သားကပေါ့။ ကျောင်းက ကြက်ခြေနီ အသင်းထဲ
ဝင်ပြီး မြန်မာနိုင်ငံကြက်ခြေနီ လူမှုရေးသတင်းစဉ် စာ
စောင်လေးတွေဖတ် ကဗျာရေးချင်တဲ့ပိုးဝင်လာတာ
ကြောင့် ကဗျာတွေစမ်းရေး။ပြီးတော့ ကြက်ခြေနီသတင်း
စဉ်ကိုစာတိုက်ကနေပို့။ ဟော နောက် တပတ်လောက်
နေတော့ ရှင်လူ့ ကျောင်းလိပ်စာနဲ့ စာတိုက်ကနေပြီး
ကြက်ခြေနီသတင်းစဉ်ရောက်လာတယ်။ အဲဒီတုန်းက
ကလောင်နာမည်က အောင်မြင့်စိုး (အ.လ.က)
ဇေယျဝတီ။ စာစဉ်ကိုဖွင့်ပြီး ကဗျာကဏ္ဏကိုကြည့်လိုက်
တော့ ၊ ခု ခေါင်းစဉ်မမှတ်မိ တော့တဲ့ ကဗျာလေးကိုတွေ့
လိုက်ရတယ်
အသည်းကစေတနာ
ခန္ဓာက လူမှုထမ်း
ကြက်ခြေနီဆိုတဲ့ပန်း
လန်းလန်း ဆန်းဆန်း
စိတ်နာမ်နဲ့ ခန္ဓာ
လိုက်လျောစွာ ဆောင်ရွက်
လူသားတွေကောင်းကျိုးကို
သည်ပိုးချီတက်
ခရီးဆက်ရှေ့သို့ချီ
ညီညာသည့်အောင်ပွဲ
မေတ္တာ ဂရုဏာဖြင့်
ကမ္ဘာမြေ သာစေကြောင်းကို
ပေါင်းစုဆင်နွှဲ ။ ။
တကယ်တော့ အဲဒီအချိန်တုန်းက ရှင်လူတို့
၁၆ နှစ်ရွယ် ၊ငယ်ငယ်ချောချော ..အဟဲ ။ပွဲလမ်းသဘင်ရှိ
တဲ့အခါများမှာ ကြက်ခြေနီလက်ပတ်လေးနဲ့ ဆေးပုံးက
လေးကိုင်ပြီး တွေ့တဲ့လူကို ရှူဆေး ဂွမ်းဖတ်လေးများ
ပေးပြီး နှာလိုက်နှပ်နေတဲ့ လူငယ်လေးပေါ့။ မှတ်ချက်။ ။ အဲဒီ အချိန်က ကြက်ခြေနီ သူနာပြု
တံဆိပ်ပါရင်ခုလို သေနတ်နဲ့ပစ်ဖို့ ၊ကန်ကြောက်
ဖျက်ဆီးဖို့နေနေသာသာ ဘယ်သူကမှ စိတ်နဲ့တောင်
မပြစ်မှားကြ ၊ ဟီ ဟိ ကောင်မလေးတွေကဆိုရင်
ချိုချင်တွေ၊ရေခဲချောင်းတွေ ပါးစပ်ထဲထိ ခွန့်မကြွေးရုံ
တမည်။ ခုနေခါ ပြန်သုံးသပ်ရရင် အဲဒီတုန်းက ရှင်လူ့
စွမ်းဆောင်မှုတွေကအခွင့်ကောင်း မကြုံခဲ့လို့သာ ၊ နို့မို့
ဟင်နရီ ဒူးနှံ့ ဘွဲ့တွေဘာတွေ ရသွားနိုင်ရဲ့။
ဒီလိုနဲ့ စာစောင်တွေ မဂ္ဂဇင်းတွေ ဟိုလှန်ဒီလှန်
လှန်တတ်လာတော့ တချို့ ကလောင်နာမည် လှလှ
လေးတွေ တွေ့ လာတယ် ။ ရွှေဖြူး လွင်သစ္စာတို့
ကေတုလင်းနိုင်တို့ တောင်ငူ လူမော်တို့ မကျည်းတန်
လွိုင်ကော်တို့ မောင်ယဉ်ဋ္ဌေး ဇေယျဝတီတို့ ရွှေဖြူး
မောင်ယဉ်မျိုးတို့ စသဖြင့်ပေါ့လေ။ အဲဒီတော့ မိမိ ကိုယ်တိုင် ဇေယျဝတီ မင်းလွင်စိုး ဆိုတဲ့ နံမည်လေးကို
ရွေးမိတယ် ၊အဲဒီကလောင်နံမည်လေးနဲ့ ကဗျာ တို့ ဝတ္တု
တိုတို့ ဆက်ရေးပေါ့ ။ ဒါပေယ့် ရှင်လူ့မှာ အကောင်းလား
မကောင်းလား မသိရတဲ့ အကျင့်တခုရှိတယ် ။ ငယ်စဉ်
လက်သွေးတုန်းက စာတွေ ကဗျာတွေ အများကြီး
ရေးခဲ့ပေမယ့် နောက်ပိုင်း စာရေးပျင်းလာတယ်။ နဝတ/နအဖ ခေတ်ဆိုပိုဆိုးလာတာပေါ့ ။ ကိုယ်ရေးတဲစာကို
မဂ္ဂဇင်းအယ်ဒီတာကရွေးပါပြီတဲ့၊ စာပေစီစစ်ရေးဆို
တာကြီးက စီစစ် ဖြတ်တောက် ၊ပိတ်ဆို့ ဖြဲ ကပ် လုပ်ချင်လုပ်သေးတယ်။ အဲဒီတော့ အယ်ဒီတာတို့ ထုတ်ဝေသူတို့ကလည်း သူတို့ အလုပ် အဆင်ပြေရေး
၊စီးပွားရေးကိစ္စဆိုတော့ ဘေးကင်းရန်ကင်းစာများကို
ဦးစားပေးလာကြရပေါ့။တချို့ သတ္တိကောင်းတဲ့ အယ်ဒီတာ ပတ်ဘလစ်ရှာများကျတော့လည်း အခန့်မသင့်ရင် အခြေပျက်ကြရပေါ့ ။ ဒီတော့ ရှင်လူလည်း စာသိတ်မရေးဖြစ်တော့ ။စာရေးပါတယ်ဆိုမှ
ကိုယ်ရေးချင်တာရေးမှာပေါ့ ၊ သူတို့ကြိုက်တာ သူတို့အလိုကျ လိုက်လုပ်ရမယ့်အတူတော့ ဦးရှင်ကြီးပဲ
အငှားလိုက်တင်တော့မပေါ့။ ဒီလိုနဲ့ ရေးချင်ရေး မရေးချင်နေနဲ့ နေလာလိုက်တာ တခါတခါ ကလောင်နာ
မည်အမျိုးမျိုး ပြောင်းချင်ပြောင်းလိုက်တာပဲ။ ဆရာ
သော်တာဆွေတို့ ရွှေတည်ရန်နောင်တို့ကိုင်တဲ့ သောင်း
ပြောင်းထွေလာ ရယ်စရာထဲမှာ ``ရိုးရိုးလေးပဲ တွေးပါ
သည်´´ ဆိုတဲ့ သရော်စာ တပုဒ် ၊ဖိုးဝေလ နာမည်နဲ့
ရေးမိပါတယ် စာအုပ်နဲ့ စာမူခသွားထုတ်တော့ ဆရာသော်တာဆွေက `` ကောင်းတယ် တခြားမဂ္ဂဇင်းတွေကိုပို့ပါ ´´ တဲ့ ။သူ့ မဂ္ဂဇင်းမှာတော့
နောက်ထပ်ထည့်မပေးတော့။ ဒီလိုနဲ့ မိတ်ဆွေဖြစ်သူ
အောင်လင်းလက် (ဥက္ကလာ)ထုတ်တဲ့ ပန်းဝတ်ရည်
ကလေးဂျာနယ်အတွက် ကဗျာတောင်းတော့ ဖိုးဝေလ
နာမည်နဲ့ပဲ ``သဘာဝ´´ဆိုတဲ့ ကဗျာတပုဒ် ရေးပေးခဲ့
တယ်။
ချောင်းရိုးစပ်က ရွှံနန်းတော်
ကဏန်းမင်းကြီးပျော်
ရံရွေတော် ဖော်တသင်း
ငါးပျံမတို့ ကပွဲခင်း
ကင်းလှည့်လာတဲ့ ကိုရေမြွေ
သူ့တာဝန်သူကြေ
သူတို့အခြေ သူတို့ဘဝ
နေ့စဉ် ပုံမှန် လုပ်ဆောင်ရ
အဲဒါသဘာဝ။ ။
အဲဒီနောက် ကလေးကဗျာဈာန်ဝင်သွားပြီး 
ကလေးကဗျာတပုဒ်ထပ်ရေးတော့ ထည့်ပေးမယ့်စာ
စောင်မရှိတော့၊ တချို့မိတ်ဆွေတွေကိုရွတ်ပြတော့
လည်း မသိကျိုးကျွန်ပြုနေကြတယ်။ဒါနဲ့ ယဉ်ကျေး
လိမ္မာတို့ ဓမ္မစကူးလ်တို့လုပ်နေတဲ့ မိတ်ဆွေတွေကိုပေး
တော့လည်း မသိချင်ယောင်ဆောင်ပြီး စကားလွှဲသွား
ကြတယ်။ ကဗျာလေးက
လက်ဦးဆရာ
~~~~~~
ခွေးမကြီးက ဝုတ်ဝုတ်ဟောင်
ခွေးလေးဝုတ်ဝုတ်ဟောင်
ကြောင်မကြီးကညောင်ညောင်အော်
ကြောင်လေး ညောင်ညောင်အော်
ဝက်မကြီးက အွစ် အွစ် အွစ်
ဝက်လေး အွစ် အွစ် အွစ်
-----------------
-----------------
အဖေ အမေ လုပ်သမျှ
သားသမီးတွေကလိုက်လုပ်ကြ
ပုဗ္ဗာစရိယ မိနှင့်ဖ ။ ။
ဒီလိုနဲ့ ရှင်လူတို့လည်း သက္ကရာဇ်တွေကို အမြည်း
လုပ် ရင်း အဝိဇ္ဇာသစ်ရိပ်အောက်က ဝိဇ္ဇာနေခြည်ပြောက်
ကို ပလိုင်းပေါက်နဲ့ လိုက်ကောက်ရင်းဆိုတဲ့ နွေလယ်
နေရဲ့ ``ကျမ်းကိုး´´ကဗျာထဲကလို ၁၉၉၀ ပါတီစုံရွေး
ကောက်ပွဲ ကြီးနားကိုကပ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ
ရှင်လူ့အိမ်ကို ဗကသ က ရွှေဘုန်းလူ (နောင် တာရာ မင်းဝေ )ရောက်လာခဲ့ပါတယ်။ သူလည်း ၈၈၈၈ ကာလ
တလျောက်လုံး ဟိုတိမ်းဒီရှောင်နဲ့ရှင်လူ့အိမ်မှာအနေများ
ခဲ့လေတော့ တနေ့မှာ
``အကို ကျနော် အိုးဝေ လုပ်နေတယ် ၊ အက်ဆေးလေး
ဘာလေးလုပ်ပါ´´ဆိုတော့ ``ညီမျှခြင်းနဲ့ ကြက်ခြေခတ်´´
ဆိုတဲ့ တိုနှံ့ နှံ့ အက်ဆေးတပုဒ်ရေးဖြစ်ပါတယ်။ ရေးပြီး
ကလောင်နာမည်တပ်မယ်ကြံတော့ ဇေယျဝတီ မင်း
လွင်စိုးဆိုရင် ချက်ချင်းသိသွားမယ်၊ကလောင်နာမည်
ပြောင်းမှဆိုပြီး ``အိုးဝေ´´ဆိုတော့ အိုးဝေဦးညိုမြကို
ချက်ချင်းမြင်ရောင်မိပါတယ် ။ဒါနဲ့ပဲ ညိုမြသွေးဆိုတဲ့
ကလောင်နာမည်ကိုရွေးပြီး အက်ဆေးမှာ ဆိုင်းထိုးပေး
လိုက်ပါတယ်။ နောက် ရွှေဘုန်းလူကပဲ ဗကသ က
``မီးဒုတ်´´ သတင်းစာအတွက်တောင်းပြန်တော့
``အကြမ်းဖက်သမားများ´´ ကိုရေးပြီး ညိုမြသွေးပဲ
တပ်ခဲ့ပါတယ် ၊ နောက် ၉၀ ခု ရွေးကောက်ပွဲနီးလာချိန်
မှာ ရွှေဘုန်းလူကစာမူတောင်းပြန်တော့ရွေးကောက်ပွဲကိုချိန်ပြီး`ကြော်ငြာများ´´ကိုရေးပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့် ကြော်ငြာများပါမလာတော့ပဲ ရွေးကောက်ပွဲ
မတိုင်ခင် ရွှေဘုန်းလူပါသွားပါတော့တယ်။
ရွေးကောက်ပွဲ ရက်ကပ်လာတော့ ကြားလူက
တဆင့်ဆက်သွယ်ပြီး NLD လွှတ်တော်ကိုယ်စားလှယ်
လောင်း သ္ခင်ဦးစိုးမြင့် (ထိုစဉ်ကNLD ရဲ့ဗဟိုကော်မီ
တီဝင် ၊နောင် ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်း
ဥက္ကဌ ) အတွက် မဲ ရုံကိုယ်စားလှယ်လုပ်ပေးဖို့
ကမ်းလှမ်းလာပါတယ်၊ သူတို့ NLD အဖွဲ့ဝင်တွေ
အများကြီးပဲ ရှိတာပဲဆိုပြီး ငြင်းလိုက်ပါတယ် ၊ ဒါပေမယ့်
ကြားလူက အကြိမ်ကြိမ်လာတိုက်တွန်းနေလေတော့
အင်း လေ တရက်တလေ လုပ်ပေးရတာပဲ လို့တွေးပြီး
လမ်းထိပ်လက်ဘက်ရည်ဆိုင်မှာသ္ခင်စိုးမြင့်နဲ့တွေ့ပြီး
တာဝန်ကိုလက္ခံ လိုက်ပါတယ် ။ အဲသလို အားနာနာ
နဲ့ လက္ခံလိုက်တဲ့ နိုင်ငံရေး တာဝန်ဟာ ၁၉၉၀ ရွေး
ကောက်ပွဲရလာဒ် အနှစ်၂၀ တိတိ အကောင်အထည်
မပေါ်တာကြောင့် တောင်ဥက္ကလာ ပမြို့နယ်မဲဆန္ဒနယ် အမှတ်(- )ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သ္ခင်
စိုးမြင့်ကို သူကွယ်လွန်ချိန် ၂၀၁၀ မေလ အထိ အကူအညီပေးခဲ့ပါတယ် ။အဲဒီအတောအတွင်း
တနေ့မနက် စောစော လမ်းအတူလျှောက်ရင်း သ္ခင်
ဦးစိုးမြင့်က လွှတ်တော်ကိုယ်စားလှယ်တွေကိုအားပေးတဲ့
စာမျိုး၂ ပုဒ်လောက်ရေးပေးဖို့ ပြောပါတယ်။ မက်ဆေ့ ၂၊NLD သတင်းလွှာ ၂ မှာထည့်မယ်ပြောပါတယ်။ရှင်လူ
နောက်နေ့မှာ သူ့လက်ထဲစာမူ ၂ ပုဒ်အပ်ခဲ့ပါတယ်။
``သဲတစ်ပွင့် ရေတစ်စက် တောင်တန်းနှင့် ပင်လယ်
သမုဒ္ဒရာများအကြောင်း ´´ နဲ့ နောက်တပုဒ်က ခေါင်းစဉ်
မမှတ်မိတော့ပါ ။မက်ဆေ့ ၂ ထွက်လာတော့ ``သဲတစ်
ပွင့် ရေတစ်စက် တောင်တန်းနဲ့ ပင်လယ် သမုဒ္ဒရာများ
အကြောင်း ´´ ပါလာပါတယ်။ သတင်းစာနာရေးကြော်
ငြာလောက်တောင်မရှည်တဲ့ အက်ဆေးတိုလေးပါ။
နောက်တပုဒ်ကတော့ God Father ရုပ်ရှင်ဝင်ကြည့်
ရင်း ဂေါ့ဖားသားက စ္စလီကျွန်းမှာ ပုသ်ရဟန်းမင်းကြီးကို
လုပ်ကြံဖို့ တိုင်ပင်ခိုက် နိုင်ငံရေးနဲ့ ရာဇဝတ်မှုဟာအတူတူ
ပဲလို့ပြောလိုက်တာကိုရှင်လူကသဘောမကျ၊ ဒီကြားထဲ
ရုပ်ရှင်ပြီးလို့ ရုံပြင်ထွက်မယ်ကြံတော့ရုံထဲလူချောင်လို့ဖိ
နပ်ချွတ်ပြီး ရှေ့ခုံပေါ်ခြေတင်ကြည့်ခဲ့တာ ရှင်လူ့ကြိုးကြာ
ပိန်းတန်းဖိနပ်အသစ်လေး အခိုးခံလိုက်ရတယ်။နေပူပူ ပလက်ဖောင်းပူပူပေါ် ဖိနပ်မပါပဲ ရှင်လူ့နှုတ်က ပြော
လိုက်မိတာက `` ဒွန်ကော်လီယွန်(God Father)
ရေ ၊ ခင်ဗျားပြောသလိုဆိုရင် ဟောဒီ ဖိနပ်ခိုးတဲ့လူက
လည်း နိုင်ငံရေးလုပ်တာပါလို့ ပြောမှာပေါ့ဗျာ ´´ ဆိုပြီးအဆုံးသတ်ထားတယ်။ အဲဒါ သ္ခင်ဦးစိုးမြင့်က
`` စာမူတွေက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရွေး
တာ၊ စာမူတပုဒ်ကတော့ စာရေးဆရာ ဒုက္ခရောက်သွား
မယ်ဆိုပြီး မစုကမသုံးတာ´´တဲ့။ အမှန်တော့ ရှင်လူ့စာ
ပေဘဝမှာ တကယ့် အတော်ဆုံး အယ်ဒီတာတွေနဲ့ချည်း
တွေ့ခဲ့ရပေါ့။ဟိုတလောက နှင်းဆီဖြူ ဂျာနယ် တာဝန်ခံ
အယ်ဒီတာ နှင်းခါးမိုးတယောက် ``ရှင်လူနဲ့ ဂေါက်
ကြောင်ရာဇဝင်´´ ကို ``ရာဇဝင်ထဲက ဂေါက်ကြောင်
များ´´လို့ ပြင်လိုက်တယ်။တချို့စာမူထဲမှာလည်း အရေး
ကြီးတဲ့ အပိုဒ်တွေ ကျန်ခဲ့ရဲ့။သူ့မှာ အယ်ဒီတာလိုင်စင်
ရှိတယ်လေ ။လုပ်ပေါ့ ။ဟော တနေ့က မိုးလုံးမှိုင်း
စီစဉ်တဲ့ ညီတော် လင်္ကျာဝင်းခေါ် အသော အထေ့
ဆရာ မောင်မှန် က ``အကိုကြီး ရှေ့ အပတ် စာအုပ်
ထွက်တော့မယ်၊ အကိုကြီး ကလောင်နာမည် ထပ်နေမှာ
စိုးလို့ ညိုမြသွေးကို ဖျက်ပြီး ကျနော် ရှင်လူလို့ ပြောင်း
လိုက်တယ် ´´ တဲ့ ၊ အိုစကေ ကိစ္စမရှိ ။ အဲ နောက်ဆက်
တွဲက ``အဲဒါ ဒီဇိုင်နာက ကိုတလုံး ထပ်ထည့်လိုက်လို့
ကိုရှင်လူဖြစ်သွားတယ်´´တဲ့ ။ တော်ပါသေးရဲ့ မရှင်လူ
မဖြစ်လို့။ အောင်ဒင်တို့ တာရာမင်းဝေတို့ဖခင်ကြီး
ဦးကျော်ရှိန် ၊စာရေးဆရာ မြေလပ် ဖိုးအောင်ပြောတာ
သွားပြီး အမှတ်ရမိတယ်။ `` ငါ့ ကွာ မြဝတီမဂ္ဂဇင်းကိုစာ
မူပို့လိုက်တာ ၊ အယ်ဒီတာက ငါ့ကလောင်နာမည်
မြေလပ်ဖိုးအောင် မှာ မြေလပ်ဆိုတာ သတ်ပုံမှားနေတ ယ်၊ မြေလတ်မှအမှန်´´ဆိုပြီး ပြင်လိုက်တယ်၊ အဲဒါ ငါက
``ကျုပ်က မြေယာမရှိတဲ့ကောင် ၊မြေလပ်နေတဲ့ကောင်မို့
မြေလပ်လုပ်ထားတာလို့ မနည်းပြောယူရတယ်´´တဲ့။
ရှင်လူ့ အယ်ဒီတာနဲ့ ဒီဇိုင်နာတွေကတော့ ဒီလောက်
မညံ့ကြပါဘူး ဖောက်ထွက်တွေးနိုင်ကြပါတယ်။ရှင်လူ
ကိုယ်တိုင်က သေမင်းမျက်စိလည်အောင် နာမည်တွေ
အမျိုးမျိုး နဲ့ပုံဖျက်ထားတာ။ နောက်ပြီး ရှင်လူ့ ညီနောင်
ကဗျာဆရာ စေတ တို့ ပြောသလိုဆိုရင် ဒါ Collaboration Art ပေါ့ ၊ အနုပညာတခုကို လူအများပူးပေါင်းပါဝင်ကြတာ။ အတ္တဗဟိုချက်လည်း
ပျောက်သွားတာပေါ့ ၊စာမူတခုကိုစာရေးဆရာရယ်
အယ်ဒီတာရယ် ဒီဇိုင်နာရယ် သန့်ရှင်းရေးသမားရယ်
ကွန်ပျူတာစာစီသမားရယ် ရေသန့်ပို့တဲ့သူရယ် အား
လုံးဝိုင်းပြီးဝင်ရေးကြ။ ရှင်လူကတော့ ဖြစ်နိုင်ရင် သူတို့
အားလုံး ကြိုက်သလိုရေး ကြိုက်ရာ ကလောင်နာမည်
တပ်ပြီး ရှင်လူ့ကိုစာမူခပဲပေး ။အားလုံး ကဗျာဆရာ၊
စာရေးဆရာဖြစ်စေရမယ်။ဘာတဲ့ ကွန်ဆက်ချူရယ်လစ်
ဆို ပိုတောင်ခေတ်မီသေး ..ဟားဟား ။

ရှင်လူ

story#observation#shilhu

No comments:

Post a Comment