သွေးနဲ့ချက်လုပ်ထားတဲ့ဝိုင်အရက်
♥ ♪ ♬ ♡ ♥ ♪ ♬ ♡ ♥
သင်ကြိုက်ကြိုက် မကြိုက်ကြိုက်
ကျော်ကြားတဲ့သီးချင်းသံကတော့
လေထဲမှာလွင့်ပျံနေမှာပဲ
အသက်ရှူကြပ်တယ်
ဘယ်တော့မှ အိပ်ရေးမဝခဲ့ဘူး
အိပ်မက်ဆိုးတွေ ညတိုင်းမက်တယ်
ဒါဟာ နေသားတကျ...
တခါတလေ အိပ်မက်ကောင်းမက်တဲ့အခါ
ငါ သေသွားပလား
သံသယတွေ ဝင်လို့
အိပ်ယာကလန့်နိုးခဲ့
အားလုံး အတူတူပါပဲ
လူ့အဖြစ် ရတာချင်းအတူတူ
အိပ်မက်ကို အယုံအကြည်မဲ့ခဲ့ရတာ
ဘာကြောင့်လဲ
ဘာ့ကြောင့်လဲ
ဒီလောက် စည်းသတ်ထားတာတောင်
စိတ်က ခြံခုန်ချင်တယ်
ပစိဖိတ်သမုဒ္ဒရာထဲ ရွက်လွှင့်လိုလွှင့်
ခါကာဘို တောင်ထိပ်တက်ပြီး ဒန်းစီးလိုစီး
ဖြစ်နိုင်ခြေကနည်းနည်း
မဖြစ်နိုင်ခြေက များများ
ဒီကဗျာကို စရေးမိမှတော့
လမ်းဆုံးထိလျှောက်ရတော့မှာပဲ
နှင်းဖုံးတောင်တန်းကြီးတွေနဲ့
ကွေ့ကွေ့ကောက်ကောက် မီးရထားလမ်းကလေး
ရေနွေးငွေ့သုံး စက်ခေါင်းမည်းမည်းကြီးက
တူ..တူ...တူ..
လျှိုမြောင်စိမ့်စမ်း ရေတံခွန်တွေနဲ့
ရောင်စုံသမ်းတဲ့ ရှမ်းရိုးမ
ကြည့်မဝ ငေးမဝ
ရထားပေါ်တက်ကတည်းက
ညီအကိုတွေ ပြတင်းပေါက်နေရာလုခဲ့ကြ။
အချိန်ရထားကြီး တရွေ့ရွေ့ပေါ်
ခုတိုင် ပြတင်းပေါက်ကငေးနေဆဲ
အမြင်တွေမှုန်ဝါးလာတာလား
အသိတွေ ကျယ်ပြန့်လာတာလား
တောလမ်းတောင်လမ်း
ပန်းရနံ့ပျောက်ဆုံး ယမ်းနံ့ဖုံးခဲ့
ရှမ်းရိုးမတကြော ကျယ်ပြောလွင်ပြင်
မြင်မြင်သမျှ သွေးနံ့ရခဲ့...
လွတ်လပ်မှုကို လိုချင်ကတည်းက
မလွတ်လပ်သူဖြစ်ခဲ့ရ
စကားလုံးတွေဟာ
တခါခါမှာ
စောက်ထိုးမိုးမျှော် အနက်ဖော်တယ်
တခါတခါ
လွဲနေတာချည်းကိုပဲ
စကားနည်း ရန်စဲ လက္ခံရပြန်တယ်
အမှန်တရားကို
အမှန်ဖြစ်အောင်လုပ်ဖို့ 
ဈေးကွက်ဖော်ဆောင်တဲ့ခါများမှာ
သတ်ပုံအမှားတွေနဲ့
ဖန်တရာတေရ
လော်လည်ဝါကျတွေနဲ့
အကြိမ်ကြိမ်ကလဖန်ထိုးရ...
ရှင်သန်ခြင်းကို
ဒေါ်လာနဲ့ဝယ်လို့မရနိုင်ဘူး
တချို့က
အမှန်တရားအတွက်ဖြစ်ဖြစ်
စိတ်ခံစားမှုတခုအတွက်ဖြစ်ဖြစ်
ရှင်သန်ခြင်းကို ယာဇ်ပူဇော်တယ်
ဆိုကရေးတီးအစ
ကမ္ဘာ့ရာဇဝင်တော်ကြီးမှာ
သွေးနဲ့ရေးတဲ့စာမျက်နှာတွေများခဲ့
သေဖို့ဆုံးဖြတ်ထားပြီသူတယောက်အဖို့
မိုးလေဝသ သတင်းဟာ အရေးမကြီး
နိုင်ငံတော် ညစာစားပွဲဟာ အရေးမကြီး
သူရဲကောင်းမှတ်တမ်းဝင်ဖို့အရေးမကြီး
မဟာသဒ္ဓမ္မဇောတိကဓဇ ဟာအရေးမကြီး
မိုးဟေကိုဖြစ်ဖြစ် ဆလီနာဂိုမက်စ်ဖြစ်ဖြစ်
အင်ဂျလီနာဂျိုလီဖြစ်ဖြစ် နီနီခင်ဇော်ဖြစ်ဖြစ်
ဘသူမှ အရေးမကြီး
အောက်ဆီဂျင် လက်တခုပ်စာတောင်မှ
သူ့ရဲ့ နောက်ဆုံးထွက်သက်အတွက်
လိုကောင်းမှလိုမယ်...
စတိုင်တခုအနေနဲ့
သူများတွေ အားကျပြီး
ဈေးကြီးပေးရတဲ့
ဂျာမန် သိုးထိန်းခွေး ဝယ်မွေးတယ်...
ခွေးလည်ပတ်သံကြိုးတပ်ပြီး
မြို့ပတ်လမ်းလျှောက်ရတဲ့အရသာ
ခင်ဗျား စဉ်းစားဖူးသလားမိတ်ဆွေ
အရပ်စကားနဲ့ဆို
ဘိုဆန်တယ်ပြောရမလား...
လမ်းတွေပေါ်ဖြတ်သွားရင်
ခွေးဝဲစားတွေက ဝိုင်းဟောင်သေး
ဒီကလွှတ်ပေးလိုက်လို့ကတော့
အရိုးတခြား အသားတခြား
ခွေးမသားတွေ အဖြစ်ဆိုးကုန်မယ်
တခုပဲ..တခုပဲ
ပြောစရာရှိတာ
ဒီခွေးက အကောင်ကြီးသလောက်
အစားကြီးတယ်
တနေ့ တနေ့ သူ့အတွက်က
ပေါင်မုန့် ကြက်ဥနဲ့ အသားဖိုးတင်
မနည်းကုန်တယ်..
အင်း..ဒီတော့ ..ကျုပ်
ငါးပိရည်နဲ့ပဲ အုပ်နေရ
(စိတ်ကူးယဉ်ကြည့်တာ)
၁၆ နှစ်သား လူငယ်လေး
မတောက်တခေါက် ကဗျာတွေရေးတယ်
သူ့ကိုယ်သူ
ကဗျာဆရာလို့ သမုတ်တယ်
ဟိုချီမင်းရဲ့`အကျဉ်းထောင်ကပုလွေသံ´
ဂျိုဆေရီဇော် ရဲ့ ``My last farewell´´
မာယာကော့စကီး
ယက်ဗ်တူရှင်ကို
ချေဂွေဗားရား၊ ဖူးချစ်
ငုယင်ဗန်ထရွိုင်း..စတဲ့
ကမ္ဘာ့ ဦးနှောက်နဲ့ နှလုံးသားကြီးတွေအားလုံး
သူ့သွေးကြောတွေထဲစိမ့်ဝင်
သူ့မေးရိုးတွေထဲဝင်စား
သူက အများနည်းတူ အသက်ရှူ
အများနည်းတူ ထမင်းစား
အများနည်းတူ လက်ဖက်ရည်ဆိုင်/အရက်ဆိုင် ထိုင်ခဲ့ပေမယ့်
အများနဲ့မတူတာ သူ့ကိုယ်သူသိတယ်
သူ့မိဘ သိတယ်
(မိန်းမရတော့)သူ့မိန်းမက အရင်သိတယ်
ပြီးတော့ ယောက္ခမ ယောက်ဖ
ဆွေမျိုး ညာတကာတွေသိတယ်...
ခုတော့
သူအရွယ်ရင့်ခဲ့ပြီ
ကဗျာဆရာတယောက်ဖြစ်ဖို့ လုံလုံလောက်လောက်
၆၅ နှစ်ထဲရောက်ခဲ့ပါပြီ
သူ့ကို ဝေဖန်
သူ့ကိုရှုံ့ချ
သူ့ကို ဖယ်ကြဉ်ခဲ့ကြသော
မိဘ ဆွေမျိုး ယောက်ဖ ယောက္ခမ
ဥာတိဗျဿန တရားတွေလည်း
ဇာတ်စင်ပေါ်က ပြည်ဖုံးကားလို
တဖြည်းဖြည်း အောက်ကိုကျ
သူနဲ့ ဘဝတွေခြားခဲ့ပြီ...
(သည်းခံပါ.. နောက်ဆုံးဝါကျ အတွက်
ခေတ္တ စဉ်းစားခွင့်ပြုပါ)
ဟုတ်ကဲ့
ရပါပြီ
ခုတော့
သူဟာ
အရပ်ထဲမှာ
ချဲဒိုင်လောက်မှ လူရာမဝင်ပါ
ကိုယ့်အသိတွေထဲက
တယောက်က ကျောက်တုံး
တယောက်က ရုပ်တု
နောက်တယောက်..နဲ့
နောက်တယောက်ကတော့
ကျောက်တုံးလား
ကျောက်တိုင်လား
ကျောက်ဂူလား
ကျောက်ခေါင်းလား...
ကိုယ်ကတော့ ချစ်သူရဲ့ဆီးစပ်က
စံပါယ်တင်မှဲ့လေးပဲ ဖြစ်လိုက်ချင်
ဘဝဟာ ဝတ္ထုရေးကောင်းရုံ
ဖြစ်တည်ခဲ့သလား
လောကဓံရှစ်ပါးကိုပဲ
ရေလဲနဲ့သုံးခဲ့ကြ
ငိုရ ရီရ
စကားတွေပြောကြရ
သင်္ခတ တီးလုံးများအဆုံးမှာ
ကမ္ဘာမြေအမှောင်ကျ
သင်လွမ်းချင် စ လွမ်းနိုင်ပြီ....
့ခွေးချီ ကျီးသုတ်
ပုပ်သိုးပျက်စီး စာရင်းမပါ
အင်္ဂုလိမာလ တယောက်တည်းတင်
လက်ညှိုး စုစုပေါင်း ၉၉၉ ချောင်း
သြော်..ဇာတ်သိမ်းခန်းမှာ
ငါတို့ အားလုံးဟာ
အင်္ဂုလိမာလတွေကို ဆွမ်းကြီးလောင်းခဲ့ရ...
ယာကူဇာချင်း စာရင်းရှင်းတဲ့ကိစ္စ
ဘုရားသခင် ဝင်မပါသင့်ဘူး
ရဲနဲ့ တရားသူကြီးကတောင်
လုပ်ထုံးလုပ်နည်း ဥပဒေတွေကို
ကိုယ်လုံသိုင်းကွက်နဲ့ ဖောက်ထွက်နေခိုက်မှာ
ဓမ္မစက်ဆိုတာ
ဆာမူရိုင်းဓားနဲ့ ယှဉ်သင့် မယှဉ်သင့်
မေးခွန်းနဲ့ ကျက်စာတိုးလို့
လူတလုံးသူတလုံးဖြစ်ခဲ့ကြ ဒုနဲ့ဒေး
တော်တယ်ဆိုတာ
ဘဝ အဆက်ဆက် လေ့ကျက်ခဲ့ရတာ
ပါရမီလမ်းပေါ်မှာ ပါရမီမရှိသူတွေ
လျှောက်ခဲ့ကြ...
ရှုသိုးသိုးကောင်းကင်အောက်
တယောက်ထဲ ထွက်ခဲ့တယ်
အေးစက်စက်လေသရမ်းတွေသောင်းကျန်းနေတဲ့ကွင်းပြင်တွေကိုဖြတ်
မှောင်ရိပ်ကျကျ ဝင်္ကပါလမ်းတွေကိုကွေ့ရင်းပတ်ရင်း
ဘာကိုမှုရမလဲ
ထာဝရမှောင်ကြီးကျလုမှာ...
ဘုရားတွေ ထွက်ခွာသွားပေမယ့်
တရားတွေက ကျန်ခဲ့တယ်...
တချို့က
ဘေးထွက်ဆိုးကျိုးတွေထားပြီး ထွက်သွားခဲ့ကြတယ်
ကုသလ အကုသလ အဗျာကတ
ဟိတ်များနဲ့ ဖွဲ့တည်ခဲ့ ကမ္ဘာကြီးမှာ
သင့်ဆန္ဒနဲု့ သင် တိုင်ပင်နှီးနှောပါ
ဖောင်ဖြည့်ပါ ..လက်မှတ်ထိုးပါ
သင့်ဝေစုကို သင် ယူပါ...
ဂက်စ်ကုန်နေတဲ့ မီးခြးစ်တလုံး
ကိလေသာကုန်နေတဲ့ လူတယောက်
ဘယ်မီးမှ ထပ်မတောက်နိုင်ဘူး
မီးတောက်သူ အချင်းချင်း
ဘူကိုဘူနဲ့ စားခဲ့ကြ
ငါက ချစ်လို့ ရသမျှ ဆက်ချစ်နေအုံးမှာ
သမုဒယ ပီကေတွေ တခုပြီးတခုဝါးရင်း
ညောင်းညာခဲ့ ဘဝမေးရိုးများ
အပြိုင်းပြိုင်း
အရိုင်းဆန် နွေဦးအကြိမ်ကြိမ်
ဘာတွေ ရလို့ ဘာတွေပေးခဲ့သလဲ
ခုတိုင် အဖြေမှန်မတွက်နိုင်သေး
ယစ်မူးရင်း နစ်မြူးရင်း
ပေါ့ပေါ့ပါးပါး နှစ်ကာလများဖြတ်သန်း
ရုပ်ဒြပ်တခု ပုဒ်ဖြတ်တခု နဲ့
တခုပြီးတခု ၊ တခုပြီးရင် နောက်တခု
သန္တတိအစဉ် ပင့်ကူမြှင်မှာ ငြိတွယ်ဆဲ...
သြကာသ..သြကာသ..
တပိုင်းတစနဲ့ ရပ်လိုက်တယ်
အကြောက်တရားနဲ့
ဘုရားရှိခိုးရတာ လိပ်ပြာမသန့်သလို
အမျှော်တရားနဲ့လည်း
ဘုရားကို မပူဆာတတ်
ဖျပ်ခနဲလဲအကျမှာ
ဖျပ်ခနဲ ပြန်ထနိုင်တဲ့
ခြေလက်အစုံကိုမြတ်နိုး
သွေးစို့တဲ့ ဒဏ်ရာကို ချစ်ခင်
နာနာကျင်ကျင် သက်ဝင်မှုများ
တပိုင်းတစ ယုံကြည်မှုများနဲ့
လူစားမထိုးတဲ့ စွန့်စားခန်းတွေ
ပေရှည်သမျှ နေသားကျခဲ့
၃၁ ဘုံမှာ
အပယ်ဘုံသား ခြင်တွေကပိုများတော့
ငါပဲ ယားခဲ့ရပေါ့ ကွယ်
အင်းဆက်တွေရဲ့သြခက်စတြာက
အနက်ရှိုင်းဆုံးကို ရောက်လာတယ်
ဟိုး အပေါ်က
တလက်လက်မျက်တောင်ခတ်နေတဲ့
စိမ်းတောက်တောက်ကြယ်ကလေးရေ
ဟောဒီ အထီးကျန်ညကို
ငါ ဘာနဲ့ မြည်းရမလဲ ကွယ့်
ရှင်သန်ခြင်းကို ယစ်မူးခွင့်ကော ရပါအုံးမလား
ဆောင်းလေနဲ့အတူ မျောပါလာမယ့်
ဟောဒီကြမ္မာရိုင်းကြီးထဲမှာ
ညလေညှင်းသယ်ဆောင်လာတဲ့ပန်းရနံ့ 
ံ့လေးသာ တစိုးတစိ ပါခဲ့ပါစေတော့...
ငါ့ကိုယ်ငါ
အလိုကျတယ်လည်း မဟုတ်
အလိုမကျတယ်လည်း မဟုတ်
ဥပေက္ခာနဲ့နေတယ်
ဘဝကို တယုတယ ဝိုင်ခွက်လို မုန်းတယ်
ထန်းတောက ဝါးဆစ်ခွက်လို
သောက်ပြီးလွှင့်ပစ်ချင်တယ်
ဒါတောင် တခါတခါ
သွေးပေါင်ချိန်ရ
ဆေးသောက်ရနဲ့
ဒီလောက်အသိတရားနဲ့
ဒုက္ခသစ္စာ ကိုပိုင်းခြားမိသယောင်
ခြင်ကိုက်ခံရတာလောက်နဲ့
နိဗ္ဗာန်ရောက်သွားတဲ့ဇာတ် မဖတ်ဘူးသေး
လေသရမ်းတွေသောင်းကျန်းနေတဲ့
ကွင်းပြင်တွေကိုဖြတ်
မှောင်ရိပ်ကျကျ တွေကိုကွေ့ရင်းပတ်ရင်း
ဘာကိုမှုရမလဲ
ထာဝရမှောင်ကြီးကျလုမှာ...
အတိတ်တွေက
အမှတ်မထင်နေ့ရက်တွေထဲ
ပျော်ဝင်သွားခဲ့တယ်
အလွမ်းကို
နေကြာစေ့လို တဖြစ်ဖြစ်ဝါးရင်း
နေ့စဉ်ဖြတ်နေကျလမ်းကလေးကတောင်
ကွန်ကရစ်တွေနဲ့ မာခဲ လို့
ညိုမြသွေး
2017 ,Dec 14
10:42 pm စရေး
Feb 7,2018
8:14pm ပြီး
poem#observation #shinlhu
Sent from my ALCATEL ONE TOUCH POP C9
No comments:
Post a Comment