SATIRE
(သရော်စာ)
"ယုံလား"
ရှင်လူ(တွေးမိတာလေး)
"ခင်ဗျားတို့ ဒီနေရာဟာ ဆန္ဒပြတဲ့နေရာမဟုတ်ဘူး ပြန်ကြ"
"မပြန်ဘူး ငါတို့ယောကျာ်းတွေနောက်ကို လိုက်လာတာ"
"ခင်ဗျားတို့ယောက်ျားတွေကို ဖမ်းတာမဟုတ်ဘူး၊ မေးစရာရှိလို့ခေါ်တာ၊မဆိုင်တဲ့လူတွေပြန်ကြ၊ မေးစရာရှိတာမေးပြီးရင်ပြန်လွှတ်မှာ"
"ငါတို့ အထဲဝင်မယ်"
"ဝင်လို့မရဘူး၊ မေးစရာရှိလို့ ခေါ်ထားတဲ့လူပဲဝင်ရမယ်၊ ကျုပ်တို့ဖမ်းတာမဟုတ်ဘူး၊ သစ်တောက သစ်ဖြူပင်တွေခုတ်တယ်ဆိုပြီးတိုင်ထားလို့ ခေါ်မေးတာ"
"အမလေး..ကျမယောက်ျားကိုဖမ်းရင် ကျမကိုပါဖမ်းပါ၊ သူလုပ်ကြွေးနေတာပါတော့..အီး..ဟီး"
"ခင်ဗျားတို့ခေါင်းဆောင် ဘယ်သူလဲ၊သူနဲ့စကားပြောမယ်"
"ခေါင်းဆောင်မရှိဘူး ၊အားလုံးခေါင်းဆောင်တွေချည်းပဲ"
ရဲစခန်း ဂိတ်တံခါးမှာ ဝိုင်းတိုးနေကြတဲ့ရွာသားတွေကို စခန်းမှူးက သံတံခါးတွန်းပိတ်ထားရင်း အော်ဟစ်ဖြေရှင်းနေပါတယ်။
ရှင်လူကြီးက ဒီသတင်းဗွီဒီယိုကိုကြည့်ရင်း ရင်မောမိပေါ့။ အင်း..ဒီစခန်းမှူး အခက်အခဲကိုကြည့်ရင်း ရှင်လူကြီးတို့ ထင်ရာစိုင်းရပ်ဝန်းဒေသကြီး အကြောင်းတွေ ဆက်စပ်တွေးမိသွားပါတယ်။ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စဖြေရှင်း ရတာ ခုသတင်းဗွီဒီယိုထဲက အတိုင်းပါပဲ။ အဖွဲ့အသီးသီးက တရွာလုံးကလူတွေလိုဖြစ်ပြီး အားလုံးကိုကိုယ်စားပြုနိုင်သူရယ်လို့မရှိ၊ ဖယ်ဒရယ်ပြောသူကပြော ကွန်ဖက်ဒရေးရှင်း ပြောသူကပြော၊ တယောက်တပေါက် ကိုယ်သန်ရာကိုယ်ပြောနေလိုက်ကြတာ ပြဿနာက ဖြေရှင်းတဲ့ဆီမရောက်ပဲ နေမြင့်လေ အရူးရင့်လေ ဆိုသလို ။
"ခင်ဗျား တို့ ပြောမရရင် သေနတ်နဲ့ပစ်မှာနော်"
"ပစ်လိုက် ပစ်လိုက်၊ အောင်မယ်လေး ကိုယ့်ယောက်ျားဖမ်းသွားလို့လိုက်လာတာကို သေနတ်နဲ့ပစ်မယ်တဲ့တော့၊ ကျုပ်တို့မှာ ကားတို့ ဖုန်းတို့တောင် မြင်ဖူးခဲ့တာမဟုတ်ပါဘူး"
ဗုဒ္ဓေါ၊ ဒီတောသူမကြီးပြောပုံအရ ရှင်လူကြီး ကြည့်ဖူးခဲ့တဲ့ The God must be crazey ဆိုတဲ့ ဇာတ်ကားကိုသတိရမိတယ်။ အဲဒီကားထဲက မင်းသား Toma ဟာ Bush farmer (တကယ့်တောကျတဲ့တောသား)ပေါ့ဗျာ။ရွာကိုဒုက္ခပေးနေတဲ့ ကိုကာကိုလာပုလင်းကြီးကို ဘုရားသခင်ဆီပြန်ပို့ဖို့ ကမ္ဘာအစွန်းကိုထွက်လာရင်း ဘိုက်ဆာတော့ သူများမွေးထားတဲ့ဆိတ်အုပ်ထဲကဆိတ်တကောင်ကို မြားနဲ့ပစ်၊ မီးကင်စားနေတုန်း ပုလိပ်အဖမ်းခံရပြီး အချုပ်ထဲရောက်ခဲ့ရတာ။ သူတို့ တောသားတွေအဖို့ ရွာမှာ no crime,no punishment တဲ့ဗျ၊ ပြစ်မှုမရှိ၊ပြစ်ဒဏ်မရှိတဲ့ငြိမ်းချမ်းရွာလေးပါ။
ထူးထူးထွေထွေ အဖိုးတန်ပိုင်ဆိုင်မှုဆိုလို့ဘာမှမရှိခဲ့တဲ့သူတို့ရွာလေးမှာကိုကာကိုလာပုလင်းရောက်လာ၊ပထမတော့ဘာလုပ်ရမှန်းမသိ။
နောက်တော့ စမ်းသုံးကြည့်ပြီး အရွက်တွေအသီးတွေ ကြိတ်လို့ရတာသိတော့ တယောက်တလက်ငှါးသုံးကြ ၊ ကောင်းမှန်းသိတော့မောင်ပိုင်စီးချင်သူကပြန်မပေး၊ လုကြယက်ကြရင်းပုလင်းနဲ့ကောက်ဆော်လိုက်တာခေါင်းကွဲတဲ့သူကကွဲ။အမှုမရှိတဲ့ရွာထဲမှာအမှုပေါ်လာလို့ Toma ကဒီပုလင်းကြီး ဘုရားသခင်ဆီပြန်ပေးဖို့ခရီးထွက်လာရင်း အချုပ်ထဲရောက်ရတာပါ။ခု ကားမမြင်ဖူး၊ဖုန်းမမြင်ဖူးဆိုတဲ့ရွာသားတွေခမျာလည်း ဒီသစ်ဖြူပင်တွေသစ်တောဦးစီးက စောင့်ရှောက်ထားတယ်ဆိုတာသိရောသိကြရဲ့လား။အဲတခုတော့သူတို့သိသဗျ။ရဲကမေးစရာရှိလို့ခေါ်တယ်ဆိုတာတော့ ယုံကြည်ပုံမရဘူး။ယုံရင် ဒီလိုအလုပ်ပျက်အကိုင်ပျက်ခံပြီးတရွာလုံး ဘယ်လိုက်လာလိမ့်မတုန်း။အင်း ..တနေ့တနေ့ ဦးဦးရဲကြီးတွေတလွဲတွေလုပ်တာတွေ လာဘ်စားတဲ့သတင်းတွေကလည်းမှိုလိုပေါက်။
တကယ်တော့ ကျေးလက်ပြည်သူနဲ့ ရဲတပ်ဖွဲ့အကြားမှာ ယုံကြည်မှုတည်ဆောက်သင့်တယ်ထင်တာပဲ။လွန်ခဲ့တဲ့သက္ကရာဇ် ၂၀၀၀ ဝန်းကျင်က ရှင်လူတို့ဆီမှာ စစ်အစိုးရနဲ့ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာသောင်ပြိုကမ်းပြို အနိုင်ရပါတီ NLD နဲ့ Confidence building (ယုံကြည်မှုတည်ဆောက်တယ်)ဆိုတဲ့ကာလတခုရှိခဲ့ဖူးတယ်။ ရွေးကောက်ပွဲဦးဆောင်ကျင်းပပေးတဲ့ စစ်အစိုးရကလည်းပါတီစုံဒီမိုကရေစီစံနစ်ကို လက္ခံယုံကြည်လို့ လုပ်ပေးတာ။ ၀င်အရွေးခံပြီးမဲအများစုနဲ့အနိုင်ရပါတီကလည်း ပါတီစုံဒီမိုကရေစီစံနစ်ကို လက္ခံယုံကြည်လို့ ဝင်အရွေးခံခဲ့တာ။ အဲ့တာ ယုံကြည်မှုကို ထပ်မံတည်ဆောက်ရတယ်ဆိုတာကတော့ သူတို့အချင်းချင်းပဲ ဘာတွေမယုံကြည်ရသလဲဆိုတာ သိကြမှာလေ။ ရှင်လူတို့စောင်တောသားတွေမှာတော့ သူတို့မယုံမကြည်ဖြစ်နေတာနဲ့ အဲ့ဒီ ၉၀ ခုရွေးကောက်ပွဲရလဒ် လွှတ်တော်ပေါ်ပေါက်မလာပဲ
နောက်နှစ်ပေါင်း၂၀ ကျော်အကြာမှာ စပယ်ယာပတ်စ်ရွေးကောက်ပွဲတခုထပ်လုပ်ပေးရပြန်တယ်။
အင်း..ခုလည်း ရွာသားတွေ၊ စောင်တောသားတွေထဲက မွေးဖွားလာပြီး ကူညီပါရစေ ဆိုတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးနဲ့ အသစ်တဖန် ယုံကြည်မှု တည်ဆောက်နိုင်ပါမှ ပေါ့လေ။ တရားဥပဒေတွေ အသက်ဝင်မှ လူအားလုံး အေးအေးချမ်းချမ်း အပူအပင်ကင်းကင်းနေကြရမှာ။ နို့မို့ နေ့တိုင်း ဖာတန်းမီးလောင်သလို သတင်းတွေချည်းတွေ့နေရမှာ။ အဲတော့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်နေကြတဲ့ ရဲတပ်ဖွဲ့ကို ပြည်သူကယုံကြည်မှလည်း အရာရာအဆင်ပြေမှာ။ တချိန်က အာဆီယံနိုင်ငံတချို့ မြန်မာစစ်အာဏာရှင်အစိုးရကို Constructive engagement ဆိုတဲ့ အပြုသဘော ဆက်ဆံရေးမျိုးထားဖို့ လည်း လိုသပေါ့လေ။
ဦးဦး ရဲကြီးတွေလည်း ပြုပြင်ပြောင်းလဲနေပါပြီ။ ယုံလား....
ရှင်လူ