SATIRE (သရော်စာ)
"အကျဉ်းထောင် ဖျက်သိမ်းရေး ဒို့အရေး
==========================
ရှင်လူ(တင်ပြသည်)
"ဆူကုန်ပြီဆရာရေ"
မနက်စောစော ရှင်လူကြီး စာထိုင်ရေးနေတုန်း တပည့်ကျော်ကြီး ပကိဏ်းလူတယောက် ရုတ်တရက်ပေါက်ချလာပေါ့။
"ဘာတွေ ဆူကုန်တာလဲကွ"
ရှင်လူကစာရေးနေရင်းက သူ့ကိုမော့ကြည့်ပြီးပြန်မေးလိုက်တော့
"ထောင်တွေဆူတာဆရာရေ"
"ဟေ...ဘာကိစ္စ"
"နိုင်ငံတော် သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က တရားမျှတမှုမရှိလို့တဲ့၊ရွှေဘိုထောင်မှာဆို သေနတ်နဲ့ပစ်နှိမ်နင်းတာ ၄ ယောက်တောင်သေသတဲ့"
"မင်းဟာက ဟုတ်ရဲ့လားကွာ၊ ဒါမျိုးက ဥပဒေအရဆို ဆူပူတဲ့ခေါင်းဆောင်ကို ခါးအောက်ပိုင်းကိုပစ်ပြီး အရေးယူရတာ"
"အာ...ဆရာကလည်း အလောင်းတွေကို လူမှုကူညီရေးအသင်းက ထုပ်ပိုးပြီးသယ်ထုတ်နေတဲ့ ဗွီဒီယိုဖိုင်ပါ အွန်လိုင်းမှာတက်နေတာကို"
"ဟေ..အဲ့ဗွီဒီယိုက ဘယ်သူတင်တာတုန်း"
"အကျဉ်းသားတွေကိုယ်တိုင်ရိုက်တင်တာ..တဲ့"
"ဟာ..ပွင့်လင်းမြင်သာလှခြေလား၊ငါတို့ဆီကထောင်တွေလူ့အခွင့်အရေးက မြင့်ပါ့ကွာ"
"ဘယ်ကလာလူ့အခွင့်အရေးမြင့်ရမလဲ ဆရာရဲ့၊ထောင်ဝန်ထမ်းကအကျဉ်းသားကိုရောင်းထားတဲ့ဖုန်းနဲ့ Live လွှင့်တာ၊ ခုတော့ အဲ့ဝန်ထမ်းလည်းအရေးယူခံရတော့မယ်"
"သိပါဘူးကွာ၊ တနေ့က ငါ့ဘော်ဒါနိုင်ကျဉ်းဟောင်းတယောက် မြောင်းမြထောင်မှာအလှူသွားလုပ်တော့ ထောင်ထဲမှာ အသားတပတ် ၄ ရက်ကြွေးပြီး စာဖတ်လို့လည်းရ၊ တီဗွီကြည့်လို့လည်းရဆိုတော့ အပြင်မှာ ရှာဖွေစားသောက်ရခက်နေတဲ့အတူတူ ပီအာလျှောက်ပြီး အမြဲနေခွင့်တောင်တောင်းပြီးခိုလှုံချင်သတဲ့"
"အလကား အာချောင်တာပါဆရာရယ်၊ ခုပဲ လွတ်ချင်ကြလို့ ဆူပူနေတာ၊ အဲ့လိုဖြစ်တော့ အပြင်က မိသားစုတွေကစိတ်ပူပြီး ထောင်ပြင်မှာ ဝိုင်းငိုကြ Live လွှင့်ကြနဲ့ ပွက်လောကိုညံလို့"
"အင်း.. ဒါလည်းဒါပေါ့ကွာ ၊ဒါပေမယ့် တချို့ဆို ထောင်ကမထွက်ချင်ကြဘူးကွ"
"ဘယ်သူမဆို ထောင်ထဲတော့ မပျော်ပါဘူးဆရာရယ်"
"ဟ..တနေ့က လွတ်လာတဲ့ အဖွားကြီးတယောက် ဆို လေလည်းဖြတ်ထားတယ်၊ အသက်ကလည်းကြီး၊ဘီးတပ်ကုလားထိုင်နဲ့၊ထောင်ကလွတ်တော့ လာကြိုမယ့်လူကမရှိ၊သူ့အဖို့တော့ထောင်ထဲနေတာကမှပိုကောင်းသေးတော့"
"ဆရာရယ်..ဒါက တချို့တလေပါ၊ ကျနော်သိတဲ့ မုဆိုးမဆို အရွယ်မရောက်သေးတဲ့ ကလေးသုံးယောက်ကို ဆေးလိပ်လိပ်ကြွေးရင်း ထောင်၁ နှစ်ကျသွားတာ"
"ဟေ...ဆေးလိပ်လိပ်တာနဲ့ထောင်ကျရတယ်လို့"
"ဒီလိုဆရာရယ်..သူလက်ခွဲယူတဲ့ ဆေးလိပ်ခုံက တံဆိပ်အတုလုပ်တာကိုး၊သူပါကျတာပေါ့"
"ဖြစ်ရလေကွာ၊ အေးလေ ဆန်ခိုးမမိဖွဲခိုးမိဆိုတဲ့စကားပုံက ရှေးကတည်းကရှိခဲ့တာပဲ"
"နောက်မုဆိုးမတယောက်ကျတော့ သူ့သားအကြီးလေးကကုန်ကားမောင်းတယ်၊အဲဒါ ကုန်တင်ဖို့ကားတွေတန်းစီနေတုန်း ကားပေါ်မှာကားသမားတွေစုပြီးအပျင်းပြေ တွမ်တီဝမ်းဆော့သတဲ့၊ အဲဒါ တယောက်က 199 ကိုဖုန်းဆက်တိုင်တော့ ရဲကဖမ်းကရော၊ အဲဒါစခန်းကိုလိုက်ပြီး
သားကို လက်ဖက်ရည်တိုက်ဖို့ ထွက်ဝယ်တော့ အစောင့်ရဲတွေက သူတို့မှာလည်း ပါးစပ်ပါသတဲ့၊ ဒါနဲ့ သူတို့ကိုပါ လက်ဖက်ရည်ဝယ်တိုက်ခဲ့ရတယ်"
"ဟားဟား...ဒါအမှန်ပြောတာပဲလေ၊ ရဲတွေက သူတို့မှာပါးစပ်မပါဘူးပြောရင်သာ 420 မြောက်မှာပေါ့"
"အဲဒါစခန်းမှူးကြီးမှာပါ ပါးစပ်ပါတယ်ဆိုပြီး စာအိတ်ထဲ တယောက်ငါးသောင်းစီထည့်ပေးခဲ့ရသေး၊ ဒါတောင်199ကဖမ်းတာရုံးမတင်လို့မရဘုးဆိုပြီးတင်လိုက်လို့ ထောင်၂ လကျသွားပေါ့"
"အေးကွာ..ဥပဒေအရတော့ ထန်းရည်သုံးပုလင်းနယ်ကျော်လည်းအဖမ်းခံရတာပဲ၊ ဖမ်းမယ်ဆို ဈေးထဲ ပန်းကန်လုံးလေးတွေနဲ့ရောင်းတဲ့လှော်စာတောင်ဖမ်းလို့ရတယ်ကွ"
"ဒါတော့ ဒါပေါ့ဆရာရယ်၊ ဟိုသမ္မတကြီး လက်ထက်က တရုတ်သစ်ခိုးသမားတွေကို ၈ ရက်ထဲနဲ့လွှတ်ပေးခဲ့သေးတာပဲ၊ ကိုယ့်ဆီကမုဆိုးမတွေတော့ ညှာတာသင့်ပါတယ်"
"အင်း..ပကိဏ်းရေ မင်းဆရာက မင်းထက်ကရုဏာပိုကြီးတတ်သကွ၊ ခု ငါရေးနေတဲ့ ခေါင်းစဉ်က အကျဉ်းထောင်စံနစ်ဖျက်သိမ်းရေးပဲ"
"ဗုဒ္ဓေါ...လက်ရှိထောင်ဆူတာတောင် သက်ဆိုင်ရာက ချိတ်ဆက်မှုများနဲ့သွေးထိုး လှုံ့ဆော်မှုဆိုပြီး စုံစမ်းဖော်ထုတ်မတဲ့၊ ဒါတောင် ဆရာက တို့မီးရှို့မီးလုပ်ပြန်ပြီ၊ တော်ပြီ ပြန်တော့မယ်၊ ဆရာနဲ့ဝေးဝေးနေတာပဲကောင်းမယ်"
"ဟယောင် ပကိဏ်းရ၊ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်ကတည်းက နယ်သာလန်နိုင်ငံမှာ ထောင်တွေ ဖျက်ပစ်ကြပြီကွ၊ ပြစ်မှုကျူးလွန်တဲ့ အကျဉ်းသားမရှိလို့။ သူတို့နိုင်ငံသားလေးတယောက်တောင် ထောင်ကျချင်လို့ တို့ဆီလာပြီး ဓမ္မာရုံကမိုက်ကြိုးဆွဲ ဖြုတ်ပြီးထောင်သုံးလအကျခံသွားသေးတယ်Jail Tourism ပေါ့ကွာ၊ တကယ်လို့ငါတို့ဆီမှာ ပြစ်မှုကျူးလွန်သူတွေသာမရှိဘူးဆိုရင် အကျဉ်းထောင်တို့ ရဲစခန်းတို့လည်းရှိစရာမလိုတော့ဘူး၊ ခုလိုထောင်ဆူတဲ့ကိစ္စမျိုးလည်း ရှိတော့မှာမဟုတ်ဘူး"
"တော်လိုက်တဲ့ဆရာ၊ လာမယ့်၂၀၂၀ ရွေးကောက်ပွဲမှာဝင်အရွေးခံသင့်တယ်၊ ကျနော်တော့ လစ်ပြီဆရာရေ..."
ရှင်လူ
story#observation #shinlhu
No comments:
Post a Comment