Monday, May 6, 2019

သရော်စာ

SATIRE  (သရော်စာ)

"ငဒူရှင်လူ"

သင်္ကြန်တွင်းတခုလုံး ပျောက်ချက်သားကောင်းနေတဲ့ တပည့်ကျော်ကြီး ပကိဏ်းလူတယောက် ဒီနေ့မှပဲ ရှင်လူ့အိမ်ရောက်လာတော့တယ်။ သူ့မျက်နှာတော့သိတ်မကောင်း"ဟယောင်ရ...ပျောက်ချက်သားကောင်းလှချည်လား"

"ပျောက်ဆို...ဆရာရယ်၊ ဆရာ့တပည့် ကံကောင်းလို့ အချုပ်ထဲမရောက်တာ"

"ဟေ...ဆိုစမ်းပါအုံး၊ ဘာတွေဖြစ်..."

"အင်း...ပါဝါအိတ်ဇောကစတယ်ဆိုရမှာပဲ"
"အမ်...ပါဝါအိတ်ဇော နဲ့ ဘယ်လိုပတ်သက်နေပါလိမ့်...."

"ဒီလို ဆရာရယ်၊ ကျနော်ကြံထားတာက၊
ဒီသင်္ကြန်တွင်း အိမ်ကဆိုင်ကယ်လေးကို
ပါဝါ အိတ်ဇောတတ်၊ အရိုးခေါင်းအလံတိုင်စိုက်၊လယ်သာဂျာကင်၊ ခေါင်းစီးပုဝါ၊
ရေသဘင် မျက်မှန်နဲ့ဘာနဲ့ သင်္ကြန်မှာ
မွှေမယ်စိတ်ကူးထားတာ၊ သက်ဆိုင်ရာက ပါဝါအိတ်ဇောတွေကို လမ်းကြိတ်စက်နဲ့ ကြိတ် ဖျက်ဆီးလိုက်လို့ ဖီးလ်အောက်သွားတာဗျ"

"ဒါများကွာ..၊ငါကဝမ်းတောင်သာသေးတယ်၊ ပတ်ဝန်းကျင်ကို အလန့်တကြားနဲ့ မျက်စိနောက်အောင်လုပ်မယ့်ကောင်တွေ"

"ဆရာကတော့ လူငယ်မဟုတ်လို့ ပြောအားရှိတာပေါ့၊ သူတို့က ပါဝါအိတ်ဇောသာနိုင်တာ၊ပြိုင်ကားကျ မနိုင်ဘူး"

"ဟ..ပြိုင်ကားတွေလည်း ဖမ်းတယ်မဟုတ်လား"
"အာ...ဆရာကလည်း...ဒူနေပြန်ပြီ၊
မော်တော်ပီကယ်က ပြိုင်ကားကို မီအောင်လိုက်နိုင်ပါ့မလား"
"ဟ..တပည့်ရ၊ CCTV တွေမှ အပြည့်"

"အာ့ကြောင့်ဆရာ့ကိုဒူတယ်ပြောတာပေါ့၊
CCTV တွေက အတွင်းတိမ်ရော၊ရေတိမ်ပါစွဲနေတာ၊ အရေးကြီးတဲ့အမှုတွေ မြင်လို့လား"

အင်း..ရှင်လူ့နာမည်ကိုအားကျပြီး လူပါအောင် ပကိဏ်းလူ လုပ်ထားတဲ့တပည့်ဆိုတော့လည်း သူနဲ့ဆွေးနွေးရတာ အမြဲ အဲ့လို
ကတ်သီးကတ်သတ်ပါပဲ။

"အေးပါ...ဆက်ပါအုံး ပါဝါအိတ်ဇောမတတ်ရတာနဲ့ အဖမ်းခံရတော့မလို့ ဆိုတာက ဘာပတ်သက်လို့လဲ"

"ဒီလိုဆရာရဲ့ ..ဒီသင်္ကြန်မှာ ပါဝါအိတ်ဇောမတတ်ရတော့ ကျနော်လည်း လမ်းလျှောက်သင်္ကြန်ထဲပဲ ပါရတော့တာပေါ့ဗျာ။
အဲဒါ လမ်းလျှောက်ရင်း သူများတွေလုပ်တာတွေ့လို့ ပုသိမ်ထီးနဲ့ ဆဲလ်ဖီဆွဲမယ်ဆိုပြီး တက်ဖြုတ်တာ အပြေးမြန်လို့အဖမ်းခံမထိတာဆရာရေ"

"အေး.. မင်းလိုကောင်မျိုး အဖမ်းမခံလိုက်ရတာ ငါစိတ်မကောင်းဘူး၊တကယ်ဆို ဆွဲစိပြီး နဘန်ပါအကျင်းခံသင့်တာ၊ အများပြည်သူအတွက်လုပ်ထားတဲ့ အလှဆင်ထီးတက်ဖြုတ်တာ ခိုးတာပဲပေါ့ကွ"

"အဲဒါကြောင့်..ဆရာ့ကို ဒူတယ်လို့ပြောတာ၊ ကျနော်လုပ်တာ အများပြည်သူ ဘယ်လောက်များ နစ်နာသွားလို့လဲ။
သတင်းစာထဲမှာ အခွင့်ထူးခံလူတန်းစားအချို့လျှပ်စစ်ကိုအခမဲ့သုံးစွဲခွင့်ရနေခြင်း၊လျှပ်စစ်မီတာခကြွေးကျန်မဆပ်ပဲနေခြင်းဆိုတာကမှ အများပြည်သူကို အကြီးကြီး နစ်နာစေတာမဟုတ်လား ၊အဲဒါ ခိုးမှုကြီးတမျိုးပဲမဟုတ်လား"

"ဒါကတော့ ကွာ......."

"ဒါကတော့ မလုပ်ပါနဲ့ဆရာ၊ မီတာတွေ သံချေးတက်နေတယ်ပြောအုံးမလို့လား"

"ပကိဏ်းလူရယ်...မင်းရောက်လာတာနဲ့င့ါ သမာဓိပျက်တော့တာပဲ၊ ငါ iSee media ထဲက သတင်းဖတ်ပြီး အားတက်နေတာတောင်ဘယ်ရောက်သွားမှန်းမသိတော့ဘူး"

"ဘာတွေများ သတင်းထူးနေလို့လဲဆရာရဲ့"

"ဟ...ငါတို့နိုင်ငံက ရေငုတ်သင်္ဘောဝယ်တော့မယ်တဲ့ကွ"

"ဘာလုပ်ဖို့တဲ့ လဲ"

"ဟ...စစ်ဖြစ်ရင်နိုင်ငံတော်ကို ကာကွယ်ဖို့ပေါ့"

"စစ်က ဘသူနဲ့ဖြစ်မှာလဲ"

"အာ...ဒီကောင် ငါဖြတ်အုပ်လိုက်ရ၊ စစ်ရေးမဟာဗျူဟာအမြင်ဆိုတာ နိုင်ငံတိုင်း ရှိထားရတယ်၊အာ့ကြောင့်ရေငုတ်သင်္ဘောစစ်ဆင်ရေးအတွက်Crew တွေတောင်လေ့ကျင့်ပြီးနေပြီတဲ့"

"ဘာလုပ်ရမှာလဲ၊ဒီလောက်နည်းပညာမြင့်နေတဲ့ကမ္ဘာကြီးမှာ Counter System တွေ အဆင့်ဆင့်နဲ့ ရေငုတ်သင်္ဘောဆိုတာကြီးက ကုန်းပေါ်တက်ပြေးလည်းမရ၊ လေထဲပျံတက်လည်းမရနဲ့"

"မင်းက.. အဆိုးမြင်လွန်းတယ်ကွာ ၊ဝယ်တဲ့လူတွေက ဒီလောက်တော့သိတာပေါ့၊ လက်တွေ့မောင်းကြည့်၊ စမ်းသပ် အော်ပရေးရှင်း လုပ်ကြည့်ပြီးမှ ဝယ်မှာပေါ့..."

"အင်းပါလေ..ဝယ်ချင်လည်းဝယ်ပါ၊ ကျနော်လည်းမြန်မာ့ရေပိုက်နက်ထဲငါးခိုးဖမ်းနေတဲ့ကောင်တွေကို မကြေနပ်ဘူး။ ကျနော့မိတ်ဆွေ နေဗီတယောက်ပြောဖူးတာတော့ သူတို့ငါးခိုးလှေတွေက အင်ဂျင်ပါဝါ
အရမ်းများသတဲ့၊ ဒီဘက်ကလိုက်ရင် တအားမောင်းပြေးတာ တဲ့၊ ခုတော့ရေငုတ်သင်္ဘောနဲ့ဆို အသာကလေးရေအောက်ငုတ်ပြီးစောင့်နေ၊ အနားရောက်မှဘွားခနဲရေပေါ်တက်ပြီးဖမ်းလိုက်ရင် ဂွိခနဲမိရော"

"ဟယောင်...ပကိဏ်းရ...ငါ့နာမည်လိုက်ဖျက်ဖို့ မင်းနောက်မှာလူမထည့်သင့်တော့ဘူး၊ ဘယ့်နှယ့်ကွာ၊ ဆင်ဖြူတော်ကို ကယ်ရီဆွဲခိုင်းချင်သေးတယ် ၊အရပ်ရပ်နေပြည်တော်မှ အကြားမတော်"

"အင်း...ဆရာရှင်လူလည်းတကယ်တော့ အတွေးအခေါ်တွေ အပ်တူဒိတ်မဖြစ်တော့ပါဘူးဗျာ၊ မဟာဗျုဟာအမြင်နဲ့ကြည့်ရင် ဒီရေငုတ်သင်္ဘောကြီးက ပြုပြင်ထိမ်းသိမ်းဖို့စားရိပ်၊ လေ့ကျင့်သင်ကြားရမယ့်စားရိပ်တွေကအရမ်းကုန်မှာ၊ အဲတော့ ကျွဲကူးရေပါဆိုသလို လေ့ကျင့်ရင်းကုန်ထုတ်၊ ကုန်ထုတ်ရင်းလေ့ကျင့်ဆိုသလို လေ့ကျင့်ရင်းသူခိုးဖမ်း၊ သူခိုးဖမ်းရင်းလေ့ကျင့်လုပ်ရင် အရင်ကညောင်တန်းမှာဖမ်းမိလို့ကပ်ထားတဲ့ ငါးခိုးလှေတွေထက်စာရင် ဖမ်းဆီးရမိငါးခိုးလှေတွေ နဲ့ပင်လယ်ဝအထိပြည့်သွားမယ်။ လေလံတင်လိုက်ရင် တိုင်းပြည်လည်းအပိုဝင်ငွေရမယ်"

"တော်တော့ကွာ ပကိဏ်း ငါရေနွေးပူနဲ့ ကောက်ပက်လိုက်လို့ အရေခွံပါကွာတော့မယ်၊သွား..သွား.. မြန်မြန်ပြန် ဟေ့ကောင်"

ရှင်လူ ရေနွေးကြမ်းပန်းကန်နဲ့ကောက်ရွယ်မှ ပကိဏ်းတယောက် သူ့စက်ဘီးကမန်းကတမ်းတွန်းရင်း ခြံထဲကထွက်သွားပေါ့...။ဒါတောင်ခြံဝက မကြားတကြားပြောသွားသေးတယ် ..

"ဒါတောင် ..ရေငုတ်သင်္ဘောပန်ကာဒလက်နဲ့ ပင်လယ်ထဲကကျွတ်ကျွတ်အိတ်တွေ ၊ရေသန့်ပုလင်းတွေနဲ့မငြိမှ"

ရှင်လူ
story#observation #shinlhu

No comments:

Post a Comment