Monday, September 16, 2019

သရော်စာ

SATIRE 
(သရော်စာ)

All Inclusive ဖြစ်မဖြစ် 
ရှင်လူ (မူးနေသည်)

"အရက်ဆိုတာသောက်တိုင်းမူး မူးမူးမူးမူး၊ ဘယ်အချိန်သောက်သောက်မူး၊ တရေးနိုးသောက်လည်းမူး"

လမ်းထိပ်ဓမ္မာရုံ လော်ကြီးက ဖွင့်နေတဲ့သီချင်းကို ခြေဖျားနဲ့စည်းလိုက်ရင်း ရှင်လူကြီး ဖုန်းပွတ်နေတုန်း တပည့်ကျော် ပကိဏ်းလူ ဝင်လာပါတယ်။
"အယ့်လယ်...ငါ့ဆရာ ဒီနေ့ သာသာယာယာပါပဲလား၊ မနောသီချင်းနဲ့ နှပ်နေတယ်ပေါ့"
"အင်း...တခါတလေတော့လဲ အရာရာကို ယောနိသောမနသိကာရ ပေါ့ကွာ"
"အင်း..ဆရာက ယောနိသော နေ၊ ဟိုလွှတ်တော်ထဲက အမတ်တယောက်ကတော့ အရက်ခွန်တွေများလို့ဆိုပြီး ထဆွေးနွေးနေပြီ"
"အမ်....လုပ်စမ်းပါအုံး၊ ဘာတွေများ ဆွေးနွေးနေကြလဲ"
"ဒီလို ဆရာရဲ့ အရက်တလီတာတန်ဖိုး ၁၅၀၀၁ ကျပ်အထက်ကို အခွန်ရာခိုင်နှုန်း ၆၀ ကောက်ဖို့စီစဉ်တာ အခွန်ရလမ်း နည်းသွားနိုင်ပြီး တရားမဝင်တင်သွင်းမှုနဲ့ အရက်တုတွေတိုးပွားလာနိုင်တာကြောင့်
၂၅ ရာခိုင်နှုန်းသာ ကောက်သင့်ဆိုပဲ"
"သူပြောတာ ဟုတ်သားပဲ"
"အမ် ဆရာကလည်း ဝါရင့် အရက်သမား ပီသလိုက်တာ၊ တခါထဲ တန်းထောက်ခံလိုက်တာပဲ၊ လူတကာမီတာခကိစ္စ အာရုံစားနေကြတာ သူမို့ ကြံကြံဖန်ဖန် အရက်ကိစ္စ ရေးကြီးခွင်ကျယ်လုပ်လို့.."
"ဟ..ပကိဏ်းရ၊ မင်းတို့ပဲ အမျိုးသားရေး၊ အမျိုးသားရေး အော်နေတာ ၊ ဒါလည်းအမျိုးသားရေးကိစ္စတခုပဲ၊ အရေးထားရမှာပေါ့"
"ဆရာနဲ့တွေ့မှပဲ...အရက်သမား အမျိုးသားရေး ကြားဖူးတော့တယ်"
"အင်း...မင်းတို့က အစဉ်လာဟောင်းတွေ ဖက်တွယ်ပြီး အရက်ဆန့်ကျင်ရေး အယူအဆတွေ ရေးကြီးခွင်ကျယ်လုပ်နေတာ၊ တို့ဆီမှာ နိုင်ငံ့လူဦးရေ ရာခိုင်နှုန်းအတော်များများဟာ အရက်သောက်ကြတယ်ကွ၊ ပေါ်တင်သောက်တာနဲ့ ခွက်ပုန်းပဲကွာတာပါကွာ။ငါတို့ ငယ်ငယ်ကတော့ နိုင်ငံတော်အစိုးရကိုယ်တိုင်က ဘီအီး ဆိုပြီး ချက်ရောင်းခဲ့တာ၊ ရပ်ကွက်တိုင်းမှာ အစိုးရ အရက်ဆိုင်တွေပြည့်လို့။သောက်သုံးတဲ့လူတွေ အန္တရာယ်မဖြစ်အောင် လက်ရှိအပူဒီဂရီ နဲ့ချင့်ချိန်ပြီး ချက်တဲ့အရက်ကွ၊ မင်းတို့အယူအဆတွေက ဘဝရှင်မင်းတြားကြီးခေတ်ကအယူအဆတွေပါကွာ၊ ခေတ်ဟောင်းအယူအဆတွေ"
"လုပ်ပြန်ပြီ...ရာဇဝင်နဲ့ချီလာပြီ"
"ဟုတ်တယ်လေ၊ ဥတုဘောဇန သင်္ဂကျမ်းအပြင် ကျမ်းပေါင်းများစွာ ပြုခဲ့တဲ့ ယောအတွင်းဝန်ဦးဘိုးလှိုင်က စေတီတဆူပြင်ဖို့ခရီးသွားရင်း ဗျစ်ရည်ဟာ ခွန်အားကိုတိုးစေပြီး ဝမ်းမီးကိုညက်စေတယ် လို့ပြောမိတာနဲ့ ဦးဘိုးလှိုင်ကို ကြေးတိုက်ထဲ ထည့်ပြီး အချုပ်ချခံခဲ့ရတယ်၊ ခုလည်းတလောက ဖေ့စဖုတ်မှာ တက်လာတဲ့သတင်းတပုဒ်ထဲမှာ အရက်ပုံမှန်သောက်တဲ့သူတွေက မသောက်တဲ့လူတွေထက် သက်တမ်းပိုရှည်သတဲ့"
"အင်းပေါ့လေ...ဆရာက ကြိုက်တတ်တော့လည်း Positive view ပေါ့"
"ဟယောင်...ငါကြိုက်လို့ ဘက်လိုက်ပြောနေတာမဟုတ်ဘူး၊ တချို့ကိစ္စတွေမှာ သီလနဲ့ထိမ်းသိမ်းတာကိုငါထောက်ခံပါတယ်၊ ဒါပေမယ့် အရက်ကို ဥပဒေနဲ့မပိတ်ပင်တာကိုက တရားဝင်ပစ္စည်းအဖြစ်ခွင့်ပြုထားလို့ပေါ့၊ ဒါကြောင့် ငါတို့ ဒူးတင်ပေါင်တင် ရပ်ကွက်က စားသောက်ဆိုင်တခုဆို နာမည်ကိုက အချစ်(၂)တဲ့၊ နောက်တဆိုင်မှာလည်း ရေးထားတဲ့ ကြွေးကြော်သံက မြွေကဖားကို မစားလိုမှ၊ ကျားနဲ့သမင်
ချစ်ကျွမ်းဝင်မှ၊ ဒီအရက်ကိုဖြတ်တော့မယ်တဲ့"
"မှတ်သားလောက်ပါတယ် ဆရာရယ်"
"တနေ့တနေ့ ကမ္ဘာပေါ်မှာ အရက်တုကြောင့် လူတွေ မသေသင့်ပဲသေနေရတယ်၊ အိန္ဒိယ ဆိုလည်း ခဏခဏကြားရတယ်၊ တလောကပဲ မလေးရောက်မြန်မာတွေ အရက်တုသောက်မိလို့ သေတဲ့သတင်းတွေကြားလိုက်ရသေးတယ်။ အင်း မူးယစ်ဆေးနဲ့ပတ်သက်ရင် ကမ္ဘာ့ နိုင်ငံကြီးတွေက အစိုးရတွေကိုယ်တိုင် ဥပဒေတွေ ဖြေလျှော့ ပေးနေကြပြီကွ၊ ကနေဒါမှာဆို ဆေးခြောက်တောင် ဂရမ်ကန့်သတ်ချက်နဲ့
ခွင့်ပြုပေးနေပြီ၊ ဒါ...ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံ အမျိုးသားကျန်းမာရေးကိစ္စနဲ့ ဆက်နွှယ်နေလို့ပေါ့"
"ဟုတ်ပါပြီ...ဟုတ်ပါပြီ၊ ဆရာပြောမှပဲ ကျနော်လည်း အရက်သောက်ချင်စိတ်တောင် ပေါက်လာပြီ"
"ဟားဟား...ငါ့တော့ တရားခံမရှာပါနဲ့ကွာ၊ ဟိုတုန်းက ဆရာသော်တာဆွေတို့ ၊ဆရာမောင်သော်ကတို့လည်း အရက်အကြောင်းတွေရေးလေ့ရှိပါတယ်၊ ငါ့ဆန္ဒကတော့ မဖြစ်မနေ တရားဝင်သောက်သုံးသူတွေ ရှိနေသေးသမျှ ဒီလူတွေ အန္တရာယ်ကင်းအောင်၊ဘေးမသင့်အောင် ကာကွယ်စောင့်ရှောက်ဖို့က လွှတ်တော်မှာလည်း တာဝန်ရှိသမို့လား"
"ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် မေဂျာနဲ့ မိုင်နာဆိုတာ ရှိသေးတယ်လေဆရာရဲ့"
"အင်း...ဒီကောင်တော့ ငါ့လက်စာနဲ့မိတော့မှာပဲ ငတုံးရဲ့၊ All inclusive.ဆိုတာကြားဖူးတယ်မဟုတ်လား၊ ကြောင်းကျိုးဆက်နွှယ်နေတဲ့ လူ့အဖွဲ့စည်းထဲမှာ ဘယ်အရာမဆို အားလုံးပါဝင်နေရမယ်ကွ၊ ခုပဲကြည့် ဟိုလမ်းထိပ်ဓမ္မာရုံက ဥပုသ်နေ့တိုင်း လော်ကြီးနဲ့အော်နေတာ၊ လမ်းအတွင်းမှာနေထိုင်ကြတဲ့ အရိယာနွယ်ဝင် သူတော်စဉ်အပေါင်းတို့ခင်ဗျာ၊ ဘယ်မလဲ အရက်သမား၊ တကယ်ဆို လမ်းသူလမ်းသားအပေါင်းတို့ခင်ဗျာဆိုမှ All inclusive ဖြစ်တော့မပေါ့"
"ကျနော်တော့လစ်ပြီဆရာရေ တာ့တာ"

ရှင်လူ
story#observation #shinlhu

No comments:

Post a Comment