Wednesday, September 4, 2019

သရော်စာ

"နေစမ်း ပါအုံး ပကိဏ်းရဲ့၊ အဲဒီပုဂ္ဂလိက
ဘဏ်တွေကရော ဘယ်သူတွေတည်ထောင်ထားတာလဲ..."
********************************************
ဘူးသီးဘောဂဗေဒ
====================
"ဆရာရေ ၊ ဘူးသီးပြဿနာကတော့
ပိုကြီး လာပြီ"
တပည့်ကျော် ပကိဏ်းလူတယောက် 
အိမ်ထဲဝင်လာရင်း ပြောလိုက်တဲ့စကားကြောင့် ရှင်လူ ခေါင်းစားသွားမိပေါ့။
"ဘာလဲဟ ဘူးသီးပြဿနာ၊ ဘူးသီးတွေ
ဗိုင်းရပ်စ် ပါတာလား၊ ဈေးတွေတက်သွားတာလား၊ရှင်းရှင်း ပြောစမ်းပါ ပကိဏ်းရာ"
"အာ..ဆရာကလဲ၊ ဟို ဘူးသီးလောက်မျက်ရည်ပေါက်ကြီးတွေ ကျပြတဲ့ ခရိုနီ တိုင်ကွန်ကြီးတွေပြဿနာကိုပြောတာဗျ"
"မင်းနှယ်ကွာ၊ ခရိုနီဆိုလဲ ခရိုနီ တိုင်ကွန်ဆိုလဲ တိုင်ကွန်၊ ရှင်းရှင်းပြောစမ်းပါ၊
ခု ဘာဖြစ်နေလို့လဲ"
"အဲ့ ဘူးသီးတွေက ဘဏ်တွေကချေးယူထားတဲ့ငွေတွေကို ၂နှစ်၃ နှစ် ကြာတာတောင်ပြန်မဆပ်နိုင်ဘူးဆိုတော့
ဘဏ်တွေသာ တစ်ခုခုဖြစ်ကြရင် ပြည်သူတွေအများကြီး ထိခိုက်စေလိမ့်မယ်တဲ့။နိုင်ငံရဲ့ စီးပွားရေး ပြိုလဲသွားမယ်ဆိုတော့ နိုင်ငံတော်ကြီးက ဘာတွေဖြစ်ကုန်မလဲ၊ဘာတွေ ဖြစ်လာနိုင်မလဲ ဆရာရေ"
"နေစမ်း ပါအုံး ပကိဏ်းရဲ့၊ အဲဒီပုဂ္ဂလိက
ဘဏ်တွေကရော ဘယ်သူတွေတည်ထောင်ထားတာလဲ..."
"အင်း...အဲ..."
"ဒါဖြင့်.. အဲ့ဘဏ်တွေ ကချေးယူပြီး
၂နှစ် ၃ နှစ်ကြာအောင် ပြန်မဆပ်နိုင်တဲ့သူတွေကရော ဘယ်သူတွေလဲ"
"အမ်...."
"အေး.. ငါပြောမယ်၊ သေချာနားထောင်၊
အဲ့ ဘဏ်တွေထဲ ဘယ်သူတွေငွေအပ်ငွေချေးကြလဲ ဆိုတာကိုလေ့လာကြည့်ရ
အောင်"
"ဟုတ်"
"၂၀၁၈ခုနှစ်က တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဘဏ်တွေရဲ့ အချက်အလက် ကိန်းဂဏန်းကို ကြည့်လိုက်ရင် အစိုးရဆီမှာရော၊ပုဂ္ဂလိက ဆီမှာရော အပ်နှံကြတဲ့  ပြည်သူတွေရဲ့ ဘဏ်အပ်နှံမှုငွေက ငွေကျပ်ဘီလီယံပေါင်း ၃သောင်းကျော် ရှိတယ်လို့ သိရတယ်။
ပုဂ္ဂလိက ဘဏ်တွေထဲ အပ်နှံမှုက ရာခိုင်နှုန်း ၆၆ရာခိုင်နှုန်းရှိတယ်လို့လည်း သိရတယ်။
အဲ့ထဲက ဘဏ်စာရင်းမဖွင့်နိုင်တဲ့ ပြည်သူ အရေအတွက်က ၇၀ရာခိုင်နှုန်းနီးပါးရှိနေတယ်လို့ တာဝန်ရှိသူတွေ ထုတ်ပြောဖူးတာ ရှိတော့ အခုအပ်နှံငွေတွေဟာ ပြည်သူ ၃၀ရာခိုင်နှုန်း ရဲ့ ငွေတွေလို့ မှတ်ယူလို့ ရနိုင်လောက်ပါတယ်။
ဒီကြားထဲ တန်ခိုးကြီး စေတီတော်ကြီးတွေရဲ့ ဘီလီယံချီ အပ်နှံငွေတွေလည်း ပါနေသေးတော့ ဘဏ်ထဲ ငွေထားနိုင်တဲ့  နိုင်ငံ လူဦးရေ ရာခိုင်နှုန်းကမပြောပလောက်တော့ဘူး၊အခြေခံပြည်သူတွေ၊အလတ်တန်းစားပြည်သူတွေက ဘဏ်အပ်နိုင်တာ
လွန်ရော၊ကျွံရော အပ်နိုင်မှ ငွေကျပ် သိန်းဂဏန်းပါ။အများဆုံး ရာဂဏန်းပေါ့။ဒီထက်ပိုအပ် နိုင်မယ် ဆိုလည်း ရာခိုင်နှုန်းက အတော်နည်းမှာကွ။ဒီတော့ ဘဏ်တွေထဲ များပြားလှတဲ့ ငွေတွေ အပ် နှံနိုင်သူက တစ်နိုင်ငံလုံးအတိုင်းအတာ နဲ့ ကြည့်ရင် ရာခိုင်နှုန်းက သိပ်များလောက်မယ်မထင်ပါဘူး။
ကဲ.. ဒီငွေတွေကို အများဆုံးချေးယူကြသူတွေကရော ဘယ်သူတွေလဲဆိုတော့ခုဖြစ်နေတဲ့ ကိစ္စအရဆိုရင် ကြွေးပြန်မဆပ်နိုင်ကြတာတွေက လုပ်ငန်းရှင်ကြီးတွေအများဆုံးဆိုတော့ သူတို့တွေကပဲ အများဆုံးချေးတယ်ဆိုတာ သေချာသွားပါပြီ။ဗဟိုဘဏ် ဒုတိယဥက္ကဌ ပြောပုံအရဆိုရင် ၂နှစ် ၃နှစ်အထိ တောင် စောင့်ဆိုင်းပြီးပြီ ဆိုတော့ အတော်လေးတောင် လွန်နေကြပါပြီ။
ဗဟိုဘဏ်ဒုဥက္ကဌက ဘဏ်တွေအနေနဲ့ အကြွေးတွေကို ခုလို ပြန်တောင်းရတယ်ဆိုတာက ဒီငွေတွေဟာ  ပြည်သူတွေရဲ့ ပိုက်ဆံမို့လို့ပါလို့ လွှတ်တော်ထဲ ဖြေရှင်းချက်ပေးထားတော့ ဒီနေရာမှာ ဗဟိုဘဏ်ကလည်း ဒါတွေဟာ ပြည်သူ့ ပိုက်ဆံ၊ တစ်ဖက်ကလုပ်ငန်းရှင်ကြီးတွေကလည်း ကြွေးသာဆပ်ရရင် သူတို့ကို မှီခိုနေတဲ့သူတွေ ဒုက္ခရောက်ကြပါပြီ၊ဘဏ်တွေ ပြိုလဲနိုင်ပါတယ်ဆိုတော့"
"အာ့လာပြောတာပေါ့ ကျနော်စိုးရိမ်တာ"
ရှင်လူက တပည့်ကျော် ပကိဏ်း မျက်နှာကို စေ့စေ့ကြည့်ရင်းပြုံးလိုက်မိတယ်။
"အဲ့ဒါပေါ့ကွ၊ အိုးကမပူ စလောင်းကပူတယ်ဆိုတာ"
"ဗျာ...."
"ဟယောင် အရူးရဲ့ ၊ဘဏ်တွေမှာ မင်းအပ်ထားတဲ့ ငွေက ဘီလျှံဘယ်လောက်ရှိလို့လဲ"
"အမ်...၊ ဒါပေမယ့် တိုင်းပြည်အတွက်တော့ပူရတာပေါ့ဆရာရယ်"
"မပူပါနဲ့ တပည့်ရာ၊ ဘဏ်စာရင်းမဖွင့်
နိုင်တဲ့ ပြည်သူ ၇၀ ရာခိုင်နှုန်းထဲမှာ မင်းရောငါရောပါပြီး၊ တကယ် ဘီလျှံနဲ့ချီပြီး စာရင်းဖွင့်နိုင်တာက တန်ခိုးကြီးဘုရားတွေနဲ့တန်ခိုးကြီးပုဂ္ဂိုလ်တွေပါ"
"နောက်ပြီးတော့ ကမ္ဘာနဲ့ချီပြီး မားကက်အီကော်နော်မီ အတွေ့အကြုံ ရှိပြီးသား
ဘဏ်လုပ်ငန်းတွေအဖို့ ဒီကိစ္စလောက်ကို
အလွယ်လေး ရှင်းနိုင်ပါတယ်"
"အမ်..ဆရာကတော့ ပြောလိုက်ရင် အလွယ်လေးပဲ ၊တကယ့်စီးပွားရေးပညာရှင်တွေတောင် ခေါင်းခဲနေတဲ့ကိစ္စကြီးကို"
"အေး...နားတွေ၊မျက်စိတွေ ဖွင့်ထားဖို့ပဲ
လိုတာကွ၊ ဒီမှာ..ငါပြောပြမယ်နားထောင်၊
အခု ငါတို့ ဒူးတင်ပေါင်တင်ရပ်ကွက်ထဲမှာ
Micro finance ဆိုတဲ့အသေးစား ချေးငွေလုပ်ငန်းတွေ မှိုလိုပေါက်လာတာ မင်းတွေ့လား"
"တွေ့တယ်လေ "
"အေး...သူတို့ငွေချေးထားပြီး ပြန်မပေးနိုင်ရင် ဘာလုပ်တယ် ထင်သလဲ"
"အင်း...ဒါတော့သိဝူး"
"ငါနဲ့သိတဲ့ အမျိုးသမီးတယောက်၊ အဲဒီ
Micro finance ကငွေကို ချေးပြီး ပုံမှန်ပြန်မဆပ်နိုင်ပဲ ဘူးသီးမျက်ရည်တွေကျပြနေတော့၊ Micro ကဝန်ထမ်းမမလေးတွေက မျက်ရည်တောင်သုတ်ပေးလိုက်သေးတယ်"
"အယ့်လယ်...တယ်ဟုတ်ပါလား"
"အေး...ပြီးတော့မှ၊ အကြွေးဆပ်နိုင်အောင်၊
အဆင်ပြေသွားအောင် သူတို့ကူညီပါ့မယ်တဲ့"
"အင်း..သာဓု..သာဓု"
"သူတို့မှာ ပွဲစားနဲ့လည်း ချိတ်ထားပြီးသားအဆင်သင့်ဆိုတော့ အဲဒီ ကံဆိုးမလေးကို
အိမ်ဖော်အလုပ်တခု ရှာပေးလိုက်တယ်၊
ပြီးမှ အိမ်ဖော်လစာထဲက သူတို့ချေးငွေကို လတိုင်းဖြတ်ယူတယ်"
"အမ်..."
"မအမ်နဲ့ ပကိဏ်းရေ၊နန်းမတော်မယ်နုကို
ဆရာတော် ဦးဗုဒ်ပြောသလိုပဲ (သူ့ကြွေးယူထားရင် ဆပ်လိုက်ပေါ့)နော်"
🏃🚄💨💨💨
ရှင်လူ (အကျန်ပေးသည်)
story#observation#shinlhu

No comments:

Post a Comment