Friday, October 25, 2019

သရော်စာ

ရှင်လူ (အွန်လိုင်းမှသင်သည်)
🍃🍃🚶🍃🍃🍃🍃🍃🍃🍃

ခုတလော အကြောင်းကြီးငယ်ရှိလို့ ရှင်လူကြီး ရုံးတွေ ဋ္ဌာနတွေရောက်ခဲ့ရင် ဧည့်ခန်းဆိုဖာပေါ်ထိုင်မနေရဲ။ ထိုင်မယ်ကြံလိုက်တိုင်း Winsdom hill က ဒရိုင်ဘာ ကိုအောင်ကြီး အကြောင်းတွေးမိပြီး စိုးရွံ့နေမိတယ်။ ဒီလိုနဲ့ ဘယ်နေရာမှာမှ ကြာကြာမနေဖြစ်၊ အိမ်တွင်း
ပုန်း လူအိုကြီးကိုဖြစ်လို့။

ခုလည်း အလုပ်ကအပြန် အိမ်နားက ကလေးတွေ "ရှင်လူကြီး မုန့်ဝယ်ကြွေး" ဆိုတဲ့ ပူဆာသံကိုသတိရပြီး Convenience Store
ထဲဝင်ပြီးမှ ဘာဝယ်ရမှန်းမသိ၊ ဖေ့စဖုတ်ထဲဖတ်ရသမျှ ကျန်းမာရေးအတွက် စိတ်ချရတဲ့အစားအစာ စဉ်းစားရတာ ခေါင်းခြောက်လာတယ်။ ကျေးဇူးရှင်လေးတွေကလည်း ပေါင်မုန့် ကိတ်မုန့်ထက် ပီကေတို့ သကြားလုံးတို့လို ရောင်စုံ အရုပ် ဘူးခွက်လေးတွေနဲ့ထုပ်ပိုးထားတဲ့အထူးအဆန်းကိုမှ ကြိုက်ချင်တယ်။ ဒီကြားထဲ အဆိုတော်ဖြိုးပြည့်စုံတို့သတင်း တွေးမိပြီး ကျောချမ်းသွားတာနဲ့ ကောက်ကိုင်မိတဲ့ သကြားလုံး ဘူးလေး ပြန်ချလိုက်မိတယ်။

"ဝှူး…မလွယ်ဝူး.."

ဘယ်တုန်းကမှ အကြောက်အလန့်မရှိခဲ့တဲ့ရှင်လူ ခုတလော ဘာဖြစ်နေမှန်းမသိ၊ အရာရာကြောက်တတ်နေတယ်။
ခုတလော ဆိုင်ထမင်းဆိုင်ဟင်း တွေစားရတာ ခံတွင်းသိပ်မတွေ့တာနဲ့ တခုခုချက်စားဖို့ဈေးထဲ ဝင်လာခဲ့တယ်။

"အင်း..အိမ်မှာဆီကုန်နေပြီ၊ ဆီပါဝယ်ရမယ်"

ကိုယ့်အတွေးနဲ့ကိုယ် ချင့်တွက်ရင်း တဈေးလုံး ခေါက်တုန့်ခေါက်ပြန်ပတ်ရင်း ကုန်ဆိုင်ကဆီသည်တွေ မျက်နှာကို မသင်ကာ ပုဒ်မတပ်ပြီး ခိုးကြည့်နေမိတယ်၊ ဆီတဆယ်သားလောက်ဝယ်ဖို့ကို အချိန်ကုန် ဒူးညောင်းခံရတာ မတန်သလိုပဲ။ ဖေ့စဖုတ်ထဲမှာ ဆီလုပ်ငန်းရှင် တယောက်ရင်ဖွင့်ထားတဲ့ ဆီလုပ်ငန်းတွေမှာ အနံ့တုထည့်တဲ့အကြောင်းဖတ်မိကတည်းက ဘယ်ဆီသည်ကိုမှ ယုံကြည်လို့မရတော့။ နောက်ဆုံး အသင့်ဘူးသွင်းပြီးသား Pure Oil ဆိုတာတဘူး စွန့်စားပြီးဝယ်လိုက်ရတယ်။ ဘူးကအသေပိတ်ထားတော့ အတုအစစ် အနံခံဖို့မလိုတော့။ ဆီပြီးတော့ လိုအပ်တဲ့ ငရုတ်သီးမှုန့်၊ ကြက်သွန်၊ ချင်း တိုတိုထွာထွာတွေလိုက်ဝယ်။ ဒါတောင်မှိုတက်ငရုတ်သီး၊ အရောင်တင်ဆိုးဆေးတွေအကြောင်း ကခေါင်းထဲဝင်လာသေး။ သစ်သီးတန်းဖက်ရောက်လာတော့ အခြမ်းလိုက်စိတ်ရောင်းနေတဲ့ ဖရဲသီးတွေကြည့်ပြီး ရေငတ်သလို ရင်ပူလာလို့ တံတွေးကို ဂလုခနဲမြိုချလိုက်ရတယ်။အသီးအနှံတွေလည်း စားလို့မဖြစ်သေး။ ဆားလင်းကြီးဖက်က ဖရဲစိုက်ခင်းထဲမှာ မှတ်ပုံတင်မထားတဲ့ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးနေတာတွေ့ရသတဲ့။ ဒီလိုနဲ့ ငါးသည်တန်းကိုရောက်လာပြီး ငါးသည်တွေကို မသင်ကာ ၅၄ မျက်လုံးနဲ့ကြည့်ရပြန်တယ်။

နောက်ဆုံးတော့ မယုံတဝက်၊ မယုံတခြမ်းနဲ့ပဲ ငါးကြင်းခုတ်သား ဝယ်လိုက်ရတယ်။ ရှင်လူတို့ ထင်ရာစိုင်းဒေသကြီးထဲမှာ ငါးပုစွန်မွေးမြူရေးကန်တွေကို ထောင်ကဲတွေက အများစုလာလုပ်ကိုင်နေကြသတဲ့။သူတို့က ငါးကန်ပုစွန်ကန်ပေါ်မှာ ကြက်ခြံနဲ့ ဝက်ခြံတွေဆောက်၊ အဲ့ ကြက်ချေး၊ ဝက်ချေးတွေကို ကန်ထဲကငါးပုစွန်တွေကစား…ဝေါ့။ အင်းရရှိထားတဲ့သတင်းတွေအရဆို စားဖို့မပြောနဲ့ လက်ရှိရပ်နေရတဲ့မြေကြီးတောင်မသေချာ၊
နောင်တချိန်မှာ ရန်ကုန်မြို့အပါအဝင် ကမ္ဘာပေါ်ကမြို့ကြီးငါးမြို့ ရေအောက်ကိုရောက်ရှိသွားမတဲ့။ ကဲ…။

ရှင်လူအိမ်ပြန်ရောက်ရောက်ချင်း ငါးကိုအသေအချာ ကိုင်ပြီး အိုးထဲထည့် ရေတခွက်ထည့်ပြီးစိမ်ထား။ တတ်နိုင်ဘူးလေ ဖော်မလင်တို့ ဘာတို့ပါလည်း ရေကြာကြာစိမ်ထားရင် ရတယ်ဆိုပဲ။ ငါးကြင်းအချဉ်ဆီပြန်ချက်မှာဆိုတော့ မန်ကျည်းသီးမှည့်ကို ပန်းကန်လုံးလေးထဲဖဲ့ထည့်ပြီး ရေစိမ်၊ ချင်း၊ ကြက်သွန်ဖြူနီ အခွံနွှာ လှီးချွတ်။ ဂက်စ်မီးဖိုလေးထုတ်၊ သတ္တု ဒယ်အိုးလေးနဲ့ တဖက်ကလျှပ်စစ်ဟင်းအိုးထဲလောင်းထည့်၊ကြက်သွန်ဆီသတ်ပြီး  မီးပလပ်ထိုး။

"ဟိုက်. ငါ့ဟင်းအိုးက ဘာလို့ရေတွေပြည့်နေတာလဲ၊ မန်က်ျးမှည့်ရေတောင်မခပ်ရသေး"
ပြည့်လျှံနေတဲ့ ငါးဟင်းအိုးကိုငေးနေရင်း
"အမ်….ဖော်မလင်ကြောက်လို့စိမ်ထားတဲ့ရေတွေ သွန်ဖို့မေ့သွားတာကိုး"
ကဲ..တတ်နိုင်ဘူးငါးကြင်းစွပ်ပြုတ်ချဉ်ရည်ဆီပြန်ဟင်းကြီးကို မာစတာချက်ရှင်လူ ပန်းကန်လုံးတွေနဲ့ထည့်ပြီးအိမ်နီးချင်း ရူပါတို့ ငမိုးရိပ်တို့ကို ကျန်းမာရေးရေလုံပြုတ် ဟင်းတခွက်စီ အဖြစ်မျှဝေ
လိုက်ရင် ကုသိုလ်လည်းရ၊ တကယ်လို့ သူတို့က ရှင်လူမသိအောင်ဟင်းခွက်တွေကို အလစ်သွန်ပစ်ကြရင် သုံးဆယ့်တဘုံသားများ စားကြရသဖြင့် ထပ်ဆင့်ကုသိုလ်ပွားကြစေကုန်သတည်း.။

ရှင်လူ

story#observation#shinlhu

Thursday, October 17, 2019

ကဗျာ

အောက်တိုဘာ (၁၈) ညဦး
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ 
မုန်တိုင်းနောက်က
ကိုယ်ယောင်ဖျောက် ရင်း
ခိုးချောင်ခိုးဝှက် အေးသက်ညှင်းညှင်း
မင်းဝင်လာတာ♪
ငါသိပါတယ်  မြောက်ပြန်လေ♬ ♬ 
တိမ်စင်နက်ပြာ အာကာပြိုးပြက်
မလင်းတချက် လင်းတချက်နဲ့
စိန်စက်ကြယ်စင် ခရီးနှင်သလို
ငါ့ကိုလှည်းစား မင်းဝင်သွားပေါ့
မလေးရှားပိတောက်ကိုင်း
ဆိုင်းဆိုင်းတွေကြား ပုန်းကစားရင်း
မင်းပျော်နေလား ပိုးစုန်းငယ်...

ညစောင့်အဖိုးကြီး ရှင်လူ
​poem#observation#shinlhu

Thursday, October 10, 2019

သရော်စာ

"တခါက နှစ်ဘဝ
🍃🍃🚶🍃🍃

ရှင်လူ

(ခပ်​​ကြောင်ကြောင်တွေးသည်)

" ဘူကြီး... ဒါ စားကျက်မြေပါ၊
အသုံးပြုလို့မရပါဘူး"
ဆာဂျင် ပကိဏ်းလူ စကားကြောင့် ဗိုလ်ကြီး ရှင်လူ နားထဲ ကန့်လန့်ကြီးဖြစ်သွားပါတယ်။
တိုင်းရင်းသာ ရဲဘော်မို့ စကားဝဲ ပြီး ဗိုလ်ကြီးကို ဘူကြီးခေါ်တာ သည်းခံနိုင်ပေမယ့်၊ အထက်အမိန့်ကို စောဒက တက်တာကျ သည်းမခံချင်
"ဟယောင်...မင်းမှ စာတတ်တာမဟုတ်ဘူး၊ ငါရောရင်းမှူးကြီး
ရောစာတတ်တဲ့လူတွေချည်းပဲ၊
ကိုလိုနီခေတ်ကစပြီး ခေတ်အဆက်ဆက် စားကျက်မြေဥပဒေရှိခဲ့တာ နားလည်တယ်၊
ဒါ အမိန့်ပဲ၊ ရေဘူးပေါက်တာမ
လိုချင်ဘူး၊ ရေပါဖို့ပဲလိုတယ်၊
ဆက်လုပ်"
"ဟုတ်..ဘူကြီး"
ပကိဏ်း ဆလုရိုက်ပြီးထွက်သွားမှပဲ ဗိုလ်ကြီး ရှင်လူလည်း
သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတယ်။ခုတလော
ရှင်လူတို့ တပ်ရင်းကံမကောင်း၊ သက်သာချောင်ချိရေးအတွက် မွေးမြူရေး တပ်ခွဲမှာမွေးထားတဲဲ့ ဘတ်ရှိုင်းယား
ဝက်တွေလည်း အာဖရိက ဝက်တုပ်ကွေးကြောင့်ဂိကုန်ပြီ။
တပ်ကလည်း အမြဲလို ရှေ့တန်းထွက်နေရတဲ့တပ်မို့ နောက်တန်းကိစ္စ တွေမှာဟာကွက်တွေကများလှပေါ့။
အာ့ကြောင့် ဟာကွက်တွေထေမိအောင် ရင်းမှူးကြီးရဲ့ညွှန်ကြားချက်အတိုင်း စားကျက်မြေမှာ ပုစွန်ကန်လုပ်ဖို့စီစဥ်နေခြင်းပါ။ဆာဂျင်ပကိဏ်းပြောသလို ဥပဒေနဲ့မညီတာ တွေဘာတွေ မစဥ်းစားအား၊စစ်တပ်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်း၊စစ်သည်နဲ့ ရဲမေတွေငတ်ကုန်ရင် ဖြစ်လာမယ့်ပြဿနာတွေက မတွေးရဲစရာ။

ဒန်..တန်တန့်...တန်....
ဥတုရာသီတွေ အလီလီပြောင်း
ခဲ့ပြီ....
စားကျက်မြေများကို နောက်ပိုင်းမှာ ကျွန်တော်တို့တွေ့ရတာက အာဏာပိုင်တချို့ဟာ ဒါတွေကို  သီးစားတွေချထားပါတယ်။ ပုဇွန်မွေးမြူရေးစတာတွေ ချထားပါတယ်။ အဲလိုလုပ်တဲ့အတွက် စားကျက်မြေများဟာ တဖြည်းဖြည်းနဲ့လျော့နည်းလာပါတယ်။ စားကျက်မရှိလျှင် ကျွဲ၊ နွားများဟာ စိုက်ပျိုးတဲ့လယ်ယာဥယျာဉ်များကို အတင်းဝင်ပြီးတော့ အစာရှာဖွေစားနိုင်ပါတယ်။ အဲဒီတော့ စိုက်ပျိုးထားတဲ့ဥယျာဉ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လယ်သမား၊ ယာသမားတွေအချင်းချင်း ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ ကျေးရွာတစ်ရွာနှင့် တစ်ရွာလည်း တုတ်တပြက်၊ ဓားတပြက်ခိုက်ရန်ဖြစ်နိုင်ကြပါတယ်၊​ဖြစ်လည်းဖြစ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်တာဟာ ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။ 
 ယင်းသို့တိရစ္ဆာန် ကျွဲ၊ နွား စားကျက်မြေများတွင် သီးစားချခွင့်ပြုပေးခဲ့သော မြေများအနက် ငါး၊ ပုဇွန်မွေးမြူ‌ရေးခွင့်ပြုခဲ့သောမြေများကို တောင်သူလယ်သမားများ ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်ကျွဲ၊ နွားများဘဝအသက်ရှင်ရပ်တည်နိုင်ရေး အတွက်လည်းကောင်း‌ ဆောလျင်စွာရုပ်သိမ်းပေးနိုင်ပါသလား။ ထိုသို့ မရုပ်သိမ်းပေးနိုင်ပါက အဘယ်ကြောင့်ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဒီတပတ် လွှတ်တော်နားခိုက်
တပ်ကိုခေတ္တပြန်လာရင်း 
လွှတ်တော်ထဲမှာ မိမိကိုယ်တိုင်မေးခဲ့တဲ့ မေးခွန်းတွေကို သတင်းစာထဲ ပြန်ရှာဖတ်နေမိတုန်း တပည့်ကျော် အရာခံဗိုလ် ပကိဏ်း လူ ရောက်လာပါတယ်
"ဘူမူး...ပြန်ရောက်နေတယ်ကြားလို့"
ရှင်လူ့ကို ဆလုရိုက်ရင်းနှုတ်ခွန်းဆက်လာတဲ့ ပကိဏ်းကို ခေါင်းညိတ်ပြလိုက်ရင်း
"ထိုင်ကွာ၊မိသားစုတွေနေကောင်းရဲ့လား"
"ကောင်းပါတယ်ဘူမူး..."
ပကိဏ်းက ရှင်လူ့အမေးကိုပြန်ဖြေရင်း ရှင်လူ့မျက်နှာကို စူးစမ်းသလို စိုက်ကြည့်နေပါတယ်"
"ဘာလဲ.. ပကိဏ်းရ၊ငါ့ကိုဘာ​​
ဖြစ်လို့၊ဒီလောက်တောင်စိုက်ကြည့်နေတာလဲ"
"သြော်...ဟိုဒင်း...ဟို...ဟို...
တနေ့က လွှတ်တော်ချန်နယ်ထဲမှာ ဘူမူးမေးတဲ့မေးခွန်း နားထောင်ပြီ ကျနော်မရှင်းမရှင်း ဖြစ်နေလို့ပါ"
"ဟား..ဟား..ဒါများ အထူးအဆန်းလုပ်လို့ ပကိဏ်းရာ၊ mission ချင်းမတူတော့ဘူးလေ၊ ဘာပဲဖြစ်ဖြစ် ရေဘူးပေါက်ချင်ပေါက်ပါစေ ၊ရေပါဖို့ကအဓိကပဲ၊ငါတို့အဖို့ mission
Impossibleဆိုတာ မရှိဘူးကွ"
"တိန်...!!"

ရှင်လူ
story#observation#shinlhu

သရော်စာတခါက နှစ်ဘဝ 🍃🍃🚶🍃🍃 ရှင်လူ (ခပ်​​ကြောင်ကြောင်တွေးသည်) ” ဘူကြီး... ဒါ စားကျက်မြေပါ၊ အသုံးပြုလို့မရပါဘူး” ဆာဂျင် ပကိဏ်းလူ စကားကြောင့် ဗိုလ်ကြီး ရှင်လူ နားထဲ ကန့်လန့်ကြီးဖြစ်သွားပါတယ်။ တိုင်းရင်းသာ ရဲဘော်မို့ စကားဝဲ ပြီး ဗိုလ်ကြီးကို ဘူကြီးခေါ်တာ သည်းခံနိုင်ပေမယ့်၊ အထက်အမိန့်ကို စောဒက တက်တာကျ သည်းမခံချင် ”ဟယောင်...မင်းမှ စာတတ်တာမဟုတ်ဘူး၊ ငါရောရင်းမှူး�

Friday, October 4, 2019

သရော်စာ

 

 

 

 

ချာချီ အောင်ဆန်းနဲ့ ရှင်လူ
👑🎩👑🎩👑🎩✨
🎶😁😁😁😁😁😁🎶
ရှင်လူ (ဟောကိန်းထုတ်သည်)

"ဆရာရေ ဒီနေ့ ရုပ်ရှင်သွားကြည့်ရအောင်"
"ဟ ပကိဏ်းရ ၊ စောစောစီးစီး ကွာ၊ မင်းကလည်း အားအားယားယား"
"အာ…ဆရာကလည်း ဒိတ်အောက်လိုက်တာ၊ ခုတင်တဲ့ကားက မြန်မာ့ပဋ္ဌမ ဆုံး 3D ရုပ်ရှင်ဗျ"
"ကားနာမည်က ဘာတဲ့လဲ"
"ကြီးမြတ်သော မြန်မာ..တဲ့"
"တော်ပါပြီကွာ ၊3D ဆိုလို့ စိတ်တော့ဝင်စားသား၊ ဒါပေမယ့် ကားနာမည်ကြားတာနဲ့ မကြည့်ချင်တော့ဘူး"
"အာ…ဆရာကလည်း ဇာတိမာန် ခေါင်းပါးလိုက်တာ"
"ဟ့ေယာင် သည်းခံနေလို့ ရောင့်တက်မလာနဲ့၊ ဇာတိမာန်ဆိုတာ အပ်တူဒိတ် ဖြစ်မှ အသုံးဝင်တာ၊ မင်းတို့ ဓားတွေ လှံတွေ လေးမြားတွေနဲ့ ဆင်တွေ မြင်းတွေငှါးပြီး ဝေးဟေးဟေး အော်ပြနေရုံနဲ့မပြီးဘူး"
"လုပ်လာပြီ…ဆရာကလဲ၊ရှေးဘိုးဘေးတွေ အဲ့လို အော်ခဲ့လို့ ခု ဆရာ ဘုံမပျောက်သေးတာ"
"ဟ့ေယာင်..တရုတ်ပြေးမင်းဆိုတာကြားဘူးလား…"
"လာပြီ…အဆိုးမြင်ဝါဒ"
"ဟ့ေယာင်…သမိုင်းဆိုတာ အဆိုးမြင်၊ အကောင်းမြင်ဆိုတဲ့ အစွဲတွေနဲ့ သုံးသပ်လို့မရဘူးကွ၊ အရှိကိုအရှိအတိုင်း အမှန်မြင်အောင် သင်ယူလေ့လာတတ်ရတယ်၊ ဒါမှ လူအ မဖြစ်မှာ၊ ဂျပန်မှာဆို ကျောင်းသားတွေဟာ သူတို့ဘိုးဘေးတွေလုပ်ခဲ့တဲ့ ဖက်ဆစ်ဝါဒရဲ့ အမှားတွေကို အရှိအတိုင်းနားလည်ခဲ့ကြတယ်၊ ဒါကြောင့် သူတို့လက်ထက်မှာ နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ အဆင်ပြေအောင် ဘယ်လိုအနေအထားနဲ့ဆက်ဆံရမလဲဆိုတာ သိကြတယ်"
"ဒါတော့ ဒါပေါ့ဆရာရယ်၊ ခုလို ခရီးသွားလုပ်ငန်းတွေ မြှင့်တင်ဖို့ လုပ်နေချိန်မှာ ကြော်ငြာသဘော ပရိုမိုးရှင်းလည်း လုပ်သင့်သမို့လား"
"မလုပ်ရဘူး မပြောပါဘူး၊ ရုပ်ရှင်အနုပညာဆိုတာ Soft Power တခုပါပဲ၊ Entertainment, Edutainment, Travelogue စတာတွေလည်း လုပ်လို့ရပါတယ်၊ ဒါပေမယ့် ဦးတည်ချက်ကို နက်နဲသိမ်မွေ့အောင်လုပ်တတ်ဖို့လိုတာပါ။ မလုပ်တတ်ရင် Dogmatism ဆိုတဲ့ တရားသေ အစွန်းရောက် အယူအဆတွေဝင်သွားနိုင်တယ်ကွ။ တကယ်တော့ ငါပြောနေကျအတိုင်း ငါတို့ထင်ရာစိုင်းဒေသကြီးအကြောင်းကို တချိန်က ချာချီတို့ ဗိုလ်ချုပ်အောင်ဆန်းတို့လည်း ပြောခဲ့ဖူးတယ်
လေ"
"ဘာတွေများပြောခဲ့လဲ ဆရာရယ်"
"မစ္စတာချာချီကြီးဟာ မြန်မာ့လွတ်လပ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ဟောကိန်းထုတ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့က
မြန်မာ့လွတ်လပ်ရေးစီမံကိန်းရေးဆွဲလာတဲ့ စာတမ်းကို ဆုတ်ဖြဲပစ်ပြီး " မြန်မာပြည်ကို လွတ်လပ်ရေးမပေးနဲ့သွေးချောင်းစီး လိမ့်မယ်တဲ့။ အဲဒီတုန်းကတော့ ချာချီကြီးရဲ့စကားကို မြန်မာတွေက လက်မခံကြပါဘူး။ ချာချီကြီးဟာ နယ်ချဲ့ဝါဒီကြီးမိုလို့မြန်မာပြည်ကို လွတ်လပ်ရေးမပေးချင်လို့ပြောတာဆိုပြီး ထင်မြင်ခဲ့ကြတယ်။
ပြည်တွင်းစစ် အခုအနှစ် ၇၀ ကျော်ပြီ မရပ်စဲနိုင်သေးဘူး။ လွတ်လပ်ရေးကို ရအောင်ယူပေးခဲ့တဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်ကြီးတွေကစပြီးစီးဆင်းခဲ့တဲ့ သွေးတွေအခုထိ ချောင်းစီးနေတုန်းပဲ။
"ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ မိန့်ခွန်းတခုမှာ ဟိုလူ့မြင်မျက်နှာချိုသွေးရ၊ ဒီလူ့မြင်မျက်နှာချိုသွေးရနဲ့၊ ဒီတိုင်းဆို ဖာသယ်လိုနိုင်ငံကြီးဖြစ်သွားမယ် ဆိုတာလေ၊ ချာချီရော ဗိုလ်ချုပ်အောင်ဆန်းရော ပြောခဲ့သမျှတွေဟာ သမိုင်းအထောက်ထားအရ လက်တွေ့မှာ မှန်ကန်နေတော့၊ မင်းတို့ငါတို့ ထင်ရာစိုင်းဒေသကြီးက ဘယ်နေရာတွေမှာ 
ဘယ်လိုကြီးမြတ်နေလဲဆိုတာထင်ရှားပါတယ်"
"အင်း…ဒီလိုတော့လည်း စိတ်ပျက်စရာပဲ"
"ဟားဟား…ငါ့တပည့်ကလည်း အားငယ်တတ်လိုက်တာ"
"ကြားသမျှ တွေ့သမျှတွေက မှန်နေတာပဲလေ"
"အင်း…ချာချီတို့ အောင်ဆန်းတို့ပြီးရင် ရှင်လူပြောရမယ့် အလှည့်လေ၊ အားတင်းထားစမ်းပါတပည့်ရာ"
"ဘာတွေများ နိမိတ်ဖတ်အုံးမလို့လဲ ဆရာရယ်"
"ဟ့ေယာင်…ဘယ်အရာမှ မမြဲဘူးကွ၊ ခုဆို တို့ ထင်ရာစိုင်းဒေသကြီးမှာ အချင်းချင်းချနေကြတာ နှစ်ပေါင်း ၇၀ ကျော်ပြီကွ။ အားလုံးလည်း လက်ပန်းကျ နေကြပြီ။ ဒီလူတွေ အားလုံး မသာပေါ်ကုန်ရင်
ငြိမ်းချမ်းရေးရပြီပေါ့ကွာ"

"တိန်..!"

ရှင်လူ

story#observation#shinlhu