Friday, October 25, 2019

သရော်စာ

ရှင်လူ (အွန်လိုင်းမှသင်သည်)
🍃🍃🚶🍃🍃🍃🍃🍃🍃🍃

ခုတလော အကြောင်းကြီးငယ်ရှိလို့ ရှင်လူကြီး ရုံးတွေ ဋ္ဌာနတွေရောက်ခဲ့ရင် ဧည့်ခန်းဆိုဖာပေါ်ထိုင်မနေရဲ။ ထိုင်မယ်ကြံလိုက်တိုင်း Winsdom hill က ဒရိုင်ဘာ ကိုအောင်ကြီး အကြောင်းတွေးမိပြီး စိုးရွံ့နေမိတယ်။ ဒီလိုနဲ့ ဘယ်နေရာမှာမှ ကြာကြာမနေဖြစ်၊ အိမ်တွင်း
ပုန်း လူအိုကြီးကိုဖြစ်လို့။

ခုလည်း အလုပ်ကအပြန် အိမ်နားက ကလေးတွေ "ရှင်လူကြီး မုန့်ဝယ်ကြွေး" ဆိုတဲ့ ပူဆာသံကိုသတိရပြီး Convenience Store
ထဲဝင်ပြီးမှ ဘာဝယ်ရမှန်းမသိ၊ ဖေ့စဖုတ်ထဲဖတ်ရသမျှ ကျန်းမာရေးအတွက် စိတ်ချရတဲ့အစားအစာ စဉ်းစားရတာ ခေါင်းခြောက်လာတယ်။ ကျေးဇူးရှင်လေးတွေကလည်း ပေါင်မုန့် ကိတ်မုန့်ထက် ပီကေတို့ သကြားလုံးတို့လို ရောင်စုံ အရုပ် ဘူးခွက်လေးတွေနဲ့ထုပ်ပိုးထားတဲ့အထူးအဆန်းကိုမှ ကြိုက်ချင်တယ်။ ဒီကြားထဲ အဆိုတော်ဖြိုးပြည့်စုံတို့သတင်း တွေးမိပြီး ကျောချမ်းသွားတာနဲ့ ကောက်ကိုင်မိတဲ့ သကြားလုံး ဘူးလေး ပြန်ချလိုက်မိတယ်။

"ဝှူး…မလွယ်ဝူး.."

ဘယ်တုန်းကမှ အကြောက်အလန့်မရှိခဲ့တဲ့ရှင်လူ ခုတလော ဘာဖြစ်နေမှန်းမသိ၊ အရာရာကြောက်တတ်နေတယ်။
ခုတလော ဆိုင်ထမင်းဆိုင်ဟင်း တွေစားရတာ ခံတွင်းသိပ်မတွေ့တာနဲ့ တခုခုချက်စားဖို့ဈေးထဲ ဝင်လာခဲ့တယ်။

"အင်း..အိမ်မှာဆီကုန်နေပြီ၊ ဆီပါဝယ်ရမယ်"

ကိုယ့်အတွေးနဲ့ကိုယ် ချင့်တွက်ရင်း တဈေးလုံး ခေါက်တုန့်ခေါက်ပြန်ပတ်ရင်း ကုန်ဆိုင်ကဆီသည်တွေ မျက်နှာကို မသင်ကာ ပုဒ်မတပ်ပြီး ခိုးကြည့်နေမိတယ်၊ ဆီတဆယ်သားလောက်ဝယ်ဖို့ကို အချိန်ကုန် ဒူးညောင်းခံရတာ မတန်သလိုပဲ။ ဖေ့စဖုတ်ထဲမှာ ဆီလုပ်ငန်းရှင် တယောက်ရင်ဖွင့်ထားတဲ့ ဆီလုပ်ငန်းတွေမှာ အနံ့တုထည့်တဲ့အကြောင်းဖတ်မိကတည်းက ဘယ်ဆီသည်ကိုမှ ယုံကြည်လို့မရတော့။ နောက်ဆုံး အသင့်ဘူးသွင်းပြီးသား Pure Oil ဆိုတာတဘူး စွန့်စားပြီးဝယ်လိုက်ရတယ်။ ဘူးကအသေပိတ်ထားတော့ အတုအစစ် အနံခံဖို့မလိုတော့။ ဆီပြီးတော့ လိုအပ်တဲ့ ငရုတ်သီးမှုန့်၊ ကြက်သွန်၊ ချင်း တိုတိုထွာထွာတွေလိုက်ဝယ်။ ဒါတောင်မှိုတက်ငရုတ်သီး၊ အရောင်တင်ဆိုးဆေးတွေအကြောင်း ကခေါင်းထဲဝင်လာသေး။ သစ်သီးတန်းဖက်ရောက်လာတော့ အခြမ်းလိုက်စိတ်ရောင်းနေတဲ့ ဖရဲသီးတွေကြည့်ပြီး ရေငတ်သလို ရင်ပူလာလို့ တံတွေးကို ဂလုခနဲမြိုချလိုက်ရတယ်။အသီးအနှံတွေလည်း စားလို့မဖြစ်သေး။ ဆားလင်းကြီးဖက်က ဖရဲစိုက်ခင်းထဲမှာ မှတ်ပုံတင်မထားတဲ့ အပင်အားဆေး၊ ပိုးသတ်ဆေးနဲ့ဓာတ်မြေဩဇာတွေသုံးနေတာတွေ့ရသတဲ့။ ဒီလိုနဲ့ ငါးသည်တန်းကိုရောက်လာပြီး ငါးသည်တွေကို မသင်ကာ ၅၄ မျက်လုံးနဲ့ကြည့်ရပြန်တယ်။

နောက်ဆုံးတော့ မယုံတဝက်၊ မယုံတခြမ်းနဲ့ပဲ ငါးကြင်းခုတ်သား ဝယ်လိုက်ရတယ်။ ရှင်လူတို့ ထင်ရာစိုင်းဒေသကြီးထဲမှာ ငါးပုစွန်မွေးမြူရေးကန်တွေကို ထောင်ကဲတွေက အများစုလာလုပ်ကိုင်နေကြသတဲ့။သူတို့က ငါးကန်ပုစွန်ကန်ပေါ်မှာ ကြက်ခြံနဲ့ ဝက်ခြံတွေဆောက်၊ အဲ့ ကြက်ချေး၊ ဝက်ချေးတွေကို ကန်ထဲကငါးပုစွန်တွေကစား…ဝေါ့။ အင်းရရှိထားတဲ့သတင်းတွေအရဆို စားဖို့မပြောနဲ့ လက်ရှိရပ်နေရတဲ့မြေကြီးတောင်မသေချာ၊
နောင်တချိန်မှာ ရန်ကုန်မြို့အပါအဝင် ကမ္ဘာပေါ်ကမြို့ကြီးငါးမြို့ ရေအောက်ကိုရောက်ရှိသွားမတဲ့။ ကဲ…။

ရှင်လူအိမ်ပြန်ရောက်ရောက်ချင်း ငါးကိုအသေအချာ ကိုင်ပြီး အိုးထဲထည့် ရေတခွက်ထည့်ပြီးစိမ်ထား။ တတ်နိုင်ဘူးလေ ဖော်မလင်တို့ ဘာတို့ပါလည်း ရေကြာကြာစိမ်ထားရင် ရတယ်ဆိုပဲ။ ငါးကြင်းအချဉ်ဆီပြန်ချက်မှာဆိုတော့ မန်ကျည်းသီးမှည့်ကို ပန်းကန်လုံးလေးထဲဖဲ့ထည့်ပြီး ရေစိမ်၊ ချင်း၊ ကြက်သွန်ဖြူနီ အခွံနွှာ လှီးချွတ်။ ဂက်စ်မီးဖိုလေးထုတ်၊ သတ္တု ဒယ်အိုးလေးနဲ့ တဖက်ကလျှပ်စစ်ဟင်းအိုးထဲလောင်းထည့်၊ကြက်သွန်ဆီသတ်ပြီး  မီးပလပ်ထိုး။

"ဟိုက်. ငါ့ဟင်းအိုးက ဘာလို့ရေတွေပြည့်နေတာလဲ၊ မန်က်ျးမှည့်ရေတောင်မခပ်ရသေး"
ပြည့်လျှံနေတဲ့ ငါးဟင်းအိုးကိုငေးနေရင်း
"အမ်….ဖော်မလင်ကြောက်လို့စိမ်ထားတဲ့ရေတွေ သွန်ဖို့မေ့သွားတာကိုး"
ကဲ..တတ်နိုင်ဘူးငါးကြင်းစွပ်ပြုတ်ချဉ်ရည်ဆီပြန်ဟင်းကြီးကို မာစတာချက်ရှင်လူ ပန်းကန်လုံးတွေနဲ့ထည့်ပြီးအိမ်နီးချင်း ရူပါတို့ ငမိုးရိပ်တို့ကို ကျန်းမာရေးရေလုံပြုတ် ဟင်းတခွက်စီ အဖြစ်မျှဝေ
လိုက်ရင် ကုသိုလ်လည်းရ၊ တကယ်လို့ သူတို့က ရှင်လူမသိအောင်ဟင်းခွက်တွေကို အလစ်သွန်ပစ်ကြရင် သုံးဆယ့်တဘုံသားများ စားကြရသဖြင့် ထပ်ဆင့်ကုသိုလ်ပွားကြစေကုန်သတည်း.။

ရှင်လူ

story#observation#shinlhu

No comments:

Post a Comment