"တခါက နှစ်ဘဝ
🍃🍃🚶🍃🍃
ရှင်လူ
(ခပ်ကြောင်ကြောင်တွေးသည်)
" ဘူကြီး... ဒါ စားကျက်မြေပါ၊
အသုံးပြုလို့မရပါဘူး"
ဆာဂျင် ပကိဏ်းလူ စကားကြောင့် ဗိုလ်ကြီး ရှင်လူ နားထဲ ကန့်လန့်ကြီးဖြစ်သွားပါတယ်။
တိုင်းရင်းသာ ရဲဘော်မို့ စကားဝဲ ပြီး ဗိုလ်ကြီးကို ဘူကြီးခေါ်တာ သည်းခံနိုင်ပေမယ့်၊ အထက်အမိန့်ကို စောဒက တက်တာကျ သည်းမခံချင်
"ဟယောင်...မင်းမှ စာတတ်တာမဟုတ်ဘူး၊ ငါရောရင်းမှူးကြီး
ရောစာတတ်တဲ့လူတွေချည်းပဲ၊
ကိုလိုနီခေတ်ကစပြီး ခေတ်အဆက်ဆက် စားကျက်မြေဥပဒေရှိခဲ့တာ နားလည်တယ်၊
ဒါ အမိန့်ပဲ၊ ရေဘူးပေါက်တာမ
လိုချင်ဘူး၊ ရေပါဖို့ပဲလိုတယ်၊
ဆက်လုပ်"
"ဟုတ်..ဘူကြီး"
ပကိဏ်း ဆလုရိုက်ပြီးထွက်သွားမှပဲ ဗိုလ်ကြီး ရှင်လူလည်း
သက်ပြင်း ရှည်ကြီးကို မှုတ်ထုတ်လိုက်ပါတယ်။ခုတလော
ရှင်လူတို့ တပ်ရင်းကံမကောင်း၊ သက်သာချောင်ချိရေးအတွက် မွေးမြူရေး တပ်ခွဲမှာမွေးထားတဲဲ့ ဘတ်ရှိုင်းယား
ဝက်တွေလည်း အာဖရိက ဝက်တုပ်ကွေးကြောင့်ဂိကုန်ပြီ။
တပ်ကလည်း အမြဲလို ရှေ့တန်းထွက်နေရတဲ့တပ်မို့ နောက်တန်းကိစ္စ တွေမှာဟာကွက်တွေကများလှပေါ့။
အာ့ကြောင့် ဟာကွက်တွေထေမိအောင် ရင်းမှူးကြီးရဲ့ညွှန်ကြားချက်အတိုင်း စားကျက်မြေမှာ ပုစွန်ကန်လုပ်ဖို့စီစဥ်နေခြင်းပါ။ဆာဂျင်ပကိဏ်းပြောသလို ဥပဒေနဲ့မညီတာ တွေဘာတွေ မစဥ်းစားအား၊စစ်တပ်ဆိုတာက လက်နက်ကိုင်အဖွဲ့အစည်း၊စစ်သည်နဲ့ ရဲမေတွေငတ်ကုန်ရင် ဖြစ်လာမယ့်ပြဿနာတွေက မတွေးရဲစရာ။
ဒန်..တန်တန့်...တန်....
ဥတုရာသီတွေ အလီလီပြောင်း
ခဲ့ပြီ....
စားကျက်မြေများကို နောက်ပိုင်းမှာ ကျွန်တော်တို့တွေ့ရတာက အာဏာပိုင်တချို့ဟာ ဒါတွေကို သီးစားတွေချထားပါတယ်။ ပုဇွန်မွေးမြူရေးစတာတွေ ချထားပါတယ်။ အဲလိုလုပ်တဲ့အတွက် စားကျက်မြေများဟာ တဖြည်းဖြည်းနဲ့လျော့နည်းလာပါတယ်။ စားကျက်မရှိလျှင် ကျွဲ၊ နွားများဟာ စိုက်ပျိုးတဲ့လယ်ယာဥယျာဉ်များကို အတင်းဝင်ပြီးတော့ အစာရှာဖွေစားနိုင်ပါတယ်။ အဲဒီတော့ စိုက်ပျိုးထားတဲ့ဥယျာဉ်တွေကို ပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် လယ်သမား၊ ယာသမားတွေအချင်းချင်း ပဋိပက္ခတွေဖြစ်နိုင်ပါတယ်။ ကျေးရွာတစ်ရွာနှင့် တစ်ရွာလည်း တုတ်တပြက်၊ ဓားတပြက်ခိုက်ရန်ဖြစ်နိုင်ကြပါတယ်၊ဖြစ်လည်းဖြစ်ခဲ့ကြပါတယ်။ အဲဒါကြောင့် ဒီလိုဖြစ်တာဟာ ရပ်ရွာအေးချမ်းသာယာရေးကိုထိခိုက်ပျက်စီးစေခဲ့ပါတယ်။
ယင်းသို့တိရစ္ဆာန် ကျွဲ၊ နွား စားကျက်မြေများတွင် သီးစားချခွင့်ပြုပေးခဲ့သော မြေများအနက် ငါး၊ ပုဇွန်မွေးမြူရေးခွင့်ပြုခဲ့သောမြေများကို တောင်သူလယ်သမားများ ဆင်းရဲ နွမ်းပါးမှုလျော့ချရေးအတွက်လည်းကောင်း၊ တိရစ္ဆာန်ကျွဲ၊ နွားများဘဝအသက်ရှင်ရပ်တည်နိုင်ရေး အတွက်လည်းကောင်း ဆောလျင်စွာရုပ်သိမ်းပေးနိုင်ပါသလား။ ထိုသို့ မရုပ်သိမ်းပေးနိုင်ပါက အဘယ်ကြောင့်ပါနည်းကို သိလိုပါကြောင်း မေးမြန်းပါသည်။
ဒီတပတ် လွှတ်တော်နားခိုက်
တပ်ကိုခေတ္တပြန်လာရင်း
လွှတ်တော်ထဲမှာ မိမိကိုယ်တိုင်မေးခဲ့တဲ့ မေးခွန်းတွေကို သတင်းစာထဲ ပြန်ရှာဖတ်နေမိတုန်း တပည့်ကျော် အရာခံဗိုလ် ပကိဏ်း လူ ရောက်လာပါတယ်
"ဘူမူး...ပြန်ရောက်နေတယ်ကြားလို့"
ရှင်လူ့ကို ဆလုရိုက်ရင်းနှုတ်ခွန်းဆက်လာတဲ့ ပကိဏ်းကို ခေါင်းညိတ်ပြလိုက်ရင်း
"ထိုင်ကွာ၊မိသားစုတွေနေကောင်းရဲ့လား"
"ကောင်းပါတယ်ဘူမူး..."
ပကိဏ်းက ရှင်လူ့အမေးကိုပြန်ဖြေရင်း ရှင်လူ့မျက်နှာကို စူးစမ်းသလို စိုက်ကြည့်နေပါတယ်"
"ဘာလဲ.. ပကိဏ်းရ၊ငါ့ကိုဘာ
ဖြစ်လို့၊ဒီလောက်တောင်စိုက်ကြည့်နေတာလဲ"
"သြော်...ဟိုဒင်း...ဟို...ဟို...
တနေ့က လွှတ်တော်ချန်နယ်ထဲမှာ ဘူမူးမေးတဲ့မေးခွန်း နားထောင်ပြီ ကျနော်မရှင်းမရှင်း ဖြစ်နေလို့ပါ"
"ဟား..ဟား..ဒါများ အထူးအဆန်းလုပ်လို့ ပကိဏ်းရာ၊ mission ချင်းမတူတော့ဘူးလေ၊ ဘာပဲဖြစ်ဖြစ် ရေဘူးပေါက်ချင်ပေါက်ပါစေ ၊ရေပါဖို့ကအဓိကပဲ၊ငါတို့အဖို့ mission
Impossibleဆိုတာ မရှိဘူးကွ"
"တိန်...!!"
ရှင်လူ
story#observation#shinlhu
No comments:
Post a Comment