Sunday, May 24, 2020

story

Respect (သို့မဟုတ်)ဂါရဝေါစ
နိဝါတောစ
🍃🍃🚶🍃🍃🍃🍃🍃

ခုလော ခေါင်းထဲမှာ Respect ဆိုတဲ့ ဝေါဟာရလေးတခုကို မကြာမကြာ တွေးမိနေသည်။
အင်္ဂလိပ်မြန်မာ အဘိဓာန်တွေထဲ ရိုက်ရှာတော့လည်း Cambridge English Dictionaryတို့
Merriam -Webster တို့ကအစ
လေးစားမှု ရိုသေမှု သဘောအဓိပ္ပါယ်မျိုးဖွင့်ဆိုကြ၏။
မိမိတို့ နိုင်ငံမှာ ထင်ရှားပြီးလူသိများတဲ့မင်္ဂလသုတ် ထဲမှာ
ဂါရဝေါစ နိဝါတောစ သန္တုဌိစ
ကတညုတာ ကာလေန ဓမ္မဿဝနံ ဧတံမင်္ဂလမုတ္တမံ ဆိုတဲ့အပိုဒ်က
အသက်ဂုဏ်ဝါ ကိုယ့်ထက်ကြီးက ဆည်းကပ်ခစား ရိုသေလေ။မာနတံခွန်ဂုဏ်မကြွနဲ့၊ ကိုယ့်ကို နှိမ့်ချအမြဲနေ။လောဘအပို လိုမလိုက်နဲ့၊ ကိုယ်ထိုက်တာနဲ့ ကျေနပ်လေ။ကိုယ့်ပေါ်ပြုဖူး သူ့ကျေးဇူး အထူးသိတတ်စေ။ကောင်းကျိုးဆင့်ပွား မြတ်တရား နာကြားမပြတ်ပေ။အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့ မင်္ဂလာတွေ လို့ဆိုထားလေတော့ Dictionary
တွေကပေးတဲ့အနက်အတိုင်းပဲ
အသက် ဂုဏ်ဝါ ကိုယ့်ထက်ကြီးသူများအပေါ် လေးစားရိုသေ ဂါရဝပြုထိုက်တဲ့သဘောသာ အထင်းအရှားတွေ့ကြရသည်။ဒါကြောင့်
ဒီနေရာမှာ စာတွေ့နဲ့ ငါတွေ့
ခြားနားပုံလေးကို ပြောပြလိုသည်။အမှန်တော့ ဂါရဝေါစ နိဝါတောစ ၏မူရင်းအနက်အဓိပ္ပါယ်သည် မူရင်းမင်္ဂလသုတ်ကိုဟောတော်မူခဲ့သည့် ဘုရားရှင်သာသက်တော်ထင်ရှားရှိသေးလျှင် ဆင့်ပွားမေးလျှောက်စရာတွေ အနန္တလို့ ဆိုနိုင်ပါသည်။
မိမိတို့ငယ်စဥ်တောင်ကျေး ကလေးဘဝက တောရွာမှာနေခဲ့ဖူးသည်။တောရွာဆိုတဲ့အတိုင်း ရွာမှထွက်လျှင်တော၊တောမှထွက်လျှင်ရွာ ၊တောနှင့်ရွာကတစပ်တည်းဖြစ်ခဲ့သည်။မိမိတို့ကလေးတသိုက် ရွာပြင်ထွက် ထင်းခုတ်၊မျှစ်ချိုး၊အင်ဥကောက်စတဲ့ တောအလုပ်မျိုးတွေလည်း အသက်အရွယ်အလိုက် ကူလုပ်ခဲ့ကြရသည်။
မိမိတို့ တောတိုးတဲ့အခါတိုင်းလိုလို ဘိုးဘွားမိဘတွေက အထူးတလည် မှာကြားတတ်သည်မှာ "သစ်ကိုင်း သစ်ခက်တွေကို အကြောင်းမဲ့မချိုးရဘူး၊ ရုက္ခစိုးနတ် ကိုင်တတ်တယ်"ဟူ၍ဖြစ်ပါသည်။မိမိတို့မှာ ကလေးသဘာဝအရ
သစ်ရွက်သစ်ကိုင်းတွေိကို ဆော့ကစားရင်း တခါတရံ အမှုမဲ့အမှတ်မဲ့ ချိုးဖဲ့မိတတ်ကြသော်လည်း သတိရသူက
"သစ်ရွက်တွေကို မခူးကောင်းဘူး၊ရုက္ခစိုးကိုင်လိမ့်မယ်"ဟုသတိပေးလျှင် လက်တွန့်သွားတတ်စမြဲ။ယ္ခု အိုကြီးအိုမ အရွယ်ရောက်မှ ဒီအကြောင်းတွေပြန်တွေးမိတိုင်း ဘိုးဘွားမိဘတွေရဲ့ ဆုံးမစကားအကြောင်းကိုပြန်တွေးမိသည်။ရုက္ခစိုးနတ်ကိုင်မကိုင်တော့မသိ၊ သေခြာတာက တော့ သစ်ပင်သစ်တောဟူသည်
ဂါရဝနိဝါတတရားထားအပ်၊ရိုသေစောင့်ရှောက်အပ်သောအရာအဖြစ်နားလည်လာသည်။မိမိတို့ အဘိုးအရွယ် အဘအရွယ် ကွယ်လွန်သူစာရေးဆရာ၊ကဗျာဆရာကြီးဆရာဇော်ဂျီရဲ့ ကဗျာလေးတပုဒ်ကိုသတိရမိသည်။
သစ်ပင်ကို တော်တော်ခုတ်ကြပါ
တောပြုတ်လိမ့်နောက်နောင်
တောခုတ်လို့တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
မိုးခေါင်လို့ရေမကြွယ် 
သဲပင်လယ်ဖြစ်လိမ့်မလွဲ...။
ဆရာဇော်ဂျီ၏ကဗျာလေးမှာသတိပေးထားသည့်တိုင်း
တောခုတ်လို့တောပြောင်လျှင်
မိုးခေါင်တော့မှာပဲ။
 မိုးခေါင်လို့ရေမကြွယ် သဲပင်လယ်ဖြစ်လိမ့်မလွဲ...။
ဆိုတဲ့အပိုဒ်လေးသည် ဘိုးဘွားများပြောပြခဲ့သည့် ရုက္ခစိုးနတ် ကိုင်လိမ့်မယ်ဆိုတဲ့အပိုဒ်နဲ့တဆက်တစပ်ထဲတွေးရမလိုဖြစ်နေ​ ချေပြီ။
သစ်ပင် သစ်တောများ၊ ချောင်း၊ မြစ်၊ ပင်လယ်သမုဒ္ဒရာများ၊ တိရိစ္ဆာန် များ (ကုန်း၊ ရေ၊ လေ)၊ မြေအောက်သယံဇာတများ အကျုံးဝင်သည်။ ထင်းအတွက်ဖြစ်စေ၊ နေအိမ် အဆောက်အအုံနှင့် အသုံးအဆောင်ပရိဘောဂအတွက် ဖြစ်စေ သစ်ပင်များခုတ်ယူကြရ၏။ လူဦးရေတိုးလာသည်နှင့်အမျှ သစ်ပင်များ လျော့နည်းပြုန်းတီးလျက်ရှိ၏။  တောင်ယာခုတ်မီးရှို့မှု၊ တောမီးလောင်မှုများကြောင့်လည်း တောပြုန်းရုံသာမက လေထုညစ်ညမ်းမှုပါ ဖြစ်စေသည်။ ဖမ်းဆီးသတ်ဖြတ်စားသောက်ကြသဖြင့် တိရိစ္ဆာန် အရေအတွက် (မွေးမြူရေးမပါ)လည်း လျော့နည်းလာ၏။ အချို့တိရိစ္ဆာန်များ မျိုးစိတ်ပျောက်ကွယ်လု မတတ်အခြေအနေရှိသည်။ ထုတ်ယူသုံးစွဲမှုများသဖြင့် မြေအောက်သယံဇာတများ လျော့နည်းလာသည်။ ''အိမ်လာ ယာဆုတ်''ဆိုသလို မြို့ပြတိုးချဲ့မှုကြောင့် လည်းကောင်း၊ လမ်းဖောက်၊ စက်ရုံဆောက်သဖြင့် လည်းကောင်း လယ်ယာစိုက်ပျိုးရေးမြေများ လျော့ပါးသွား၏။
စီးပွားရေးဖွံ့ဖြိုးအောင် စက်ရုံတွေဆောက်လေ မော်တော်ကားတွေ၊ ရထားတွေတိုးလာလေ ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနော့ဆိုက်ဓာတ်ငွေ့များကြောင့်  လေထုညစ်ညမ်းစေသည်။ စက်ရုံစွန့်ပစ္စည်းရေဆိုးများ စီးဝင်သဖြင့် ရေထုညစ်ညမ်းမှုဖြစ်စေပြန်၏။
ကာဗွန်ဒိုင်အောက်ဆိုက်စသော ဓာတ်ငွေ့များကြောင့် ဖန်လုံအိမ်အာနိသင်ဖြစ်ပေါ်စေပြီး ကမ္ဘာကြီးပူနွေးစေသည်။ သစ်တောများ ပြုန်းတီးမှု၊ အိုဇုန်းလွှာပေါက်သဖြင့် နေမှ ကမ္ဘာမြေသို့ ခရမ်းလွန်ရောင်ခြည်များ တိုက်ရိုက်ကျရောက်မှုတို့ကလည်း ကမ္ဘာကြီးပူနွေးလာမှုကို မီးလောင်ရာလေပင့်သလို ဖြစ်စေ၏။ ဝင်ရိုးစွန်း အအေးပိုင်းဒေသ ရေခဲပြင်ကြီးများ အရည်ပျော်ပြီး ပင်လယ်ရေမြင့်တက်သည်။ ရာသီဥတုဖောက်ပြန်လျက်ရှိ၏။
သစ်တောပြုန်းတီးမှုဆိုလျှင် အလွန်သိသာသည်။ ရန်ကုန်-မန္တလေး ရထားစီးစီး၊ ကားစီးစီး အမြဲစိမ်းလန်း နေသည့်  ရိုးမတောင်တန်းတစ်လျှောက် သွေ့ခြောက် တောင်ကတုံးဘဝ ရောက်နေပြီ။ ကချင်ပြည်နယ်နှင့်ရှမ်း ပြည်နယ်(မြောက်ပိုင်း) နယ်စပ်တစ်လျှောက် ဥပဒေချိုးဖောက် သစ်ခိုးထုတ်မှုမျိုးကို ထိရောက်စွာ အရေးယူမှု အားနည်းသည်။ သစ်တစ်ပင်ခုတ် အချုပ်သုံးလ စာတန်းများ ချိတ်ထားသော်လည်း တစ်တောလုံးပြုတ်အောင်ခုတ်သူများ သူဌေးဖြစ်နေကြပြီ။ ဆန်ခိုးမမိ ဖွဲခိုးမိကိန်း ဆိုက်နေပြီ။
မိမိတို့ ငယ်စဥ်ကသစ်ရွက်သစ်ကိုင်းလေးတွေကအစ ဂါရဝနိဝါတပြုခဲ့ကြပေမယ့် တဏှာ မာန ဒိဌိတရားတွေနဲ့ အဂါရဝပြုသူတွေကြောင့် ကမ္ဘာကြီးတခုလုံး
အကျည်းတန်အရုပ်ဆိုး ပြီး
သဘာဝဘေးအန္တရာယ်တွေမကြာခဏကျရောက်နေခဲ့လေပြီ။
မြတ်စွာဘုရားရှင်သာရှိသေးလျှင် မင်္ဂလသုတ်ထဲက ဂါရဝေါစ နိဝါတောစအပိုဒ်ကိုထပ်မံအကျယ့်ချဲ့ရှင်းပြပေးပါရန် အသနားခံ လျှောက်ထားမေးမြန်းလိုပါသေးသည်။

story#observation #shinlhu
 

No comments:

Post a Comment