Sunday, May 31, 2020

ကဗျာ

အချစ်ကဗျာ
🍃🍃🚶🍃
ညိုမြသွေး

ဖြတ်သွားဖြတ်လာလုပ်မိတိုင်း
သမင်လည်ပြန်ငေးခဲ့ရတဲ့
စာသင်ကျောင်းကလေးကို
ကျနော်က သံယောဇဥ်လို့ ခေါ်ပါတယ်။
ထိုင်ခဲ့ဖူးတဲ့ စားပွဲခုံကလေးနဲ့
ကြိုးထုံးထားတဲ့ လွယ်အိတ်ကလေး၊ သနပ်ခါးအဖွေးသားနဲ့မိတင်လှကိုရော၊နှပ်ချေးတွဲလောင်းနဲ့ ဂျပုခင်မောင်ကြွယ်၊အတန်းပိုင်ဆရာမ ဒေါ်လှသိန်းနဲ့
ကျောင်းတက်ခေါင်းလောင်းထိုးတဲ့ သံချောင်းကြီးပါမကျန်
ကျနော်က သံယောဇဥ်လို့ခေါ်ပါတယ်
နောက်တော့ ကိုယ်လုံးကိုယ်ဖန်
တောင့်တောင့်နဲ့ ခေါင်းမော့ ရင်ကော့လျှောက်တတ်တဲ့မမကို သံယောဇဥ်ခေါ်မိပြန်တယ်။ 
လက်ဖက်ရည်ခွက်ကလေးတွေကိုယ်စီနဲ့ စီးကရက်ဖွာရင်း
ငြင်းကြခုန်ကြ၊ ပုလင်းတလုံးကိုဝိုင်းထိုင်ရင်း သီချင်းတွေဆိုခဲ့ကြတဲ့ 
နုနုငယ်ငယ်ဘဝတွေကနေ ရင့်ရင့်ထော်ထော်တွေဖြစ်လာကြတဲ့ သံယောဇဥ်တွေလည်း ကျနော့မှာ ရှိခဲ့ပါတယ်။
အဲဒီ..သံယောဇဥ်တွေကို ဗုဒ္ဓက
ဒုက္ခလို့ခေါ်ပြီး တချို့တလေက ဝတ္တရားလို့ ခေါ်ပါတယ်၊
အင်းလေ ဘယ်သူတွေက
သမုဒယခေါ်ခေါ် ဒုက္ခခေါ်ခေါ် 
ဝတ္တရားလို့ခေါ်ခေါ်...
ကျနော်ကတော့
အချစ်လို့ခေါ်ပါတယ်...

ညိုမြသွေး

poem#observation#shinlhu

No comments:

Post a Comment