ပေါက်ပင်ဘာကြောင့်ကိုင်း
ကိုင်းချင်လို့ကိုင်း
🌱😁🤓😎😂😅🥸
"ရှင်လူ့စာတွေ ကနေ ဒဿနတွေရတယ်" တဲ့။ လက်ဖက်ရည်ဆိုင်ထိုင်ဘက်
မိတ်ဆွေတယောက်ရဲ့ မှတ်ချက်ကြောင့် ရှင်လူပြုံးမိတယ်။ အမှန်တော့ ရှင်လူက
ဒဿန ကိုအယုံအကြည်မဲ့သူ။ဘာကြောင့်အယုံအကြည်မဲ့ရသလဲ ဆိုတော့ သာဓကတခုအနေနဲ့ပြရရင် "အချိန်နဲ့ဒီရေသည် လူကိုမစောင့်"တဲ့။လူတွေကို အချိန်မဆိုင်းလုပ်ဆောင်ကြဖို့ နှိုးဆော်ထားတာ။ဒါပေမယ့်ဒီရေအတက်အကျ အချိန်ကိုတော့လူကစောင့်ရမယ့်သဘော။ဘာမဆို ကိုယ်လုပ်ချင်တိုင်းထလုပ်လို့မရတဲ့သဘော။တခါကနိုဘယ်လ်ဆုရစာရေးဆရာကြီးတယောက်ကပြောဖူးတယ်။"မနက်ဖြန်မှလုပ်ရမယ့်အလုပ်ကို ဒီနေ့မလုပ်ပါနဲ့"တဲ့။အမ်...သူ့ဟာကြီးက ဘယ့်နှာကြီးလဲ။တကယ်အလေးအနက်တွေးကြည့်တော့ မရင့်မှည့်သေးတဲ့စပါးတွေကို ရိတ်သိမ်းလို့မရသေးလို့ သဘောပေါက်ရတယ်။မွေးချိန်မစေ့သေးတဲ့ကလေးကို အချိန်စောင့်ရမယ်လို့သဘောပေါက်ရပြန်တယ်။
ဒဿနနယ်ပယ်မှာ ဒီလိုတခုနဲ့တခု Conflict ဖြစ်နေတာတွေအများအပြား။လူတယောက်ဟာ တခုခုကိုအသေဆုပ်လိုက်တာနဲ့ အစွန်းရောက်သွားတော့တာပဲ။အမှန်တော့လူဟာ ယောနိသောမနသိကာရဆိုတဲ့နှလုံးသွင်းမှန်ဖို့လိုတယ်။အသင့်အတင့်နှလုံးသွင်းတတ်မှလည်း Flexible ဖြစ်မယ်။ပြုလွယ်ပြင်လွယ် ဆွေးနွေးညှိနှိုင်းလွယ်မယ်။လူ့ဘောင်လောကနဲ့ သဟဇာတဖြစ်မယ်။ဒီနေရာမှာစကားစပ်လို့ ရှင်လူကြီးတို့လင်မယားအကြောင်းနည်းနည်းထည့်ပြောရအုံးမယ်။ရှင်လူကြီးအိမ်ထောင်ကျစကအသက်လည်း ၂၀ ကျော်ဆိုတော့ အချစ်ဒဿန ကလည်းအားကောင်းတဲ့အချိန်။တနေ့တော့ "မောင်ရှေ့ကိုတည့်တည့်လျှောက်ရင် မေလည်းနောက်ကလိုက်ကာလျှောက်မယ် မောင်ရေ" ဆိုတဲ့ သီချင်းစာသားလေးဇနီးသည်ကိုဆိုပြရင်း ရိုတာပေါ့ဗျာ။အဲ့ခါ ဇနီးသည်က "ဘာလို့နောက်ကလိုက်လျှောက်ရမှာလည်း ၊ကိုယ်လျှောက်ချင်သလိုလျှောက်မှာပေါ့"ဆိုတော့ မိန်းမကိုစိတ်ကောက်ပြီး ထမင်းနှစ်နပ်လောက်မစားပဲ Hunger Strike လုပ်ခဲ့သေးတယ်။ဒီနေ့ခေတ်စားနေတဲ့ Feminism ပြောရမလားပဲ။All genders having equal rights and opportunities. တဲ့။ကျားမမရွေးလွတ်လပ်စွာဆုံးဖြတ်နိုင်တဲ့အခွင့်အရေးပဲ။
ဒါကိုရှင်လူကြီးက Heart ထိပြီးထမင်းနှစ်နပ်အငတ်ခံလိုက်တော့ အမျိုးသမီးအခွင့်အရေးကို ကိုယ့်အခွင့်အရေးလုပ်နိုင်တာကို ဂုဏ်ယူလိုက်သေး။
တကယ်တော့ ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ကဗျာလိုပဲ....ပေါက်ပင်ဘာကြောင့်ကိုင်းရတယ် ၊ဗျိုင်းနားလို့ကိုင်းရတယ်၊ ဗျိုင်းဘာကြောင့်နားရတယ်၊ငါးပေါ်လို့ နားရတယ်၊ငါးဘာလို့ပေါ်ရတယ်၊ကျွဲလူးလို့ပေါ်ရတယ်၊ကျွဲဘာလို့လူးရတယ်၊ဖြုတ်ကိုက်လို့လူးရတယ်...တဲ့။ သူ့အကြောင်းပြချက်နဲ့သူဟုတ်နေကြတာ။နောက်မှာဆက်စပ်နေတဲ့အရာတွေ၊ဆင်ခြင်တွေးတောရမယ့်အရာတွေအများကြီးရှိတယ်။ဗျိုင်းနားငါးပေါ် ကျွဲလူး ဖြုတ်ကိုက် စတဲ့ သူ့ဆင်ခြေနဲ့သူမှန်နေတိုင်း ပဋိပက္ခတွေဖြစ်နေလို့ကတော့နောက်ဆက်တွဲ မိုးရွာ ဖားအော် မြွေကိုက်တွေကလည်းတရစပ်မပြီးနိုင်မစီးနိုင်
လိုက်နေမှာပဲ။
လက်ဖက်ရည်ဆိုင်က
မိတ်ဆွေ စကားကြောင့် အတွေးတွေပွားပြီး ပေါက်ပင်ပါကိုင်းသွားလိုက်တာ မဆုံးနိုင်တော့။
နိဂုံးစကားတခွန်းတော့ပြောချင်ပါတယ်"အယူမသည်းကြပါနဲ့"လို့။
story#observation#shinlhu
No comments:
Post a Comment