စိတ်မေးစိတ်ဖြေ
စာမေးပွဲ (၇)
📱🤐👺😌💮🙄😁🌼🍁🍂
ရန်ကုန်ကနေ မော်လမြိုင်အစုံ/အဆန်လေအိတ်တွဲဆိုင်း ရထား ယနေ့စတင်ပြေးဆွဲ။
အောက်တိုဘာ ၁၅ ရက် သတင်းထဲမှာ ကြည့်ရင်းရှင်လူ ကြီးရဲ့စိတ်တွေဟာ လွန်ခဲ့တဲ့ ၆၅ နှစ် ဆိုတဲ့ အတိတ်ကာလဆီ ပြန်ရောက်သွားခဲ့တယ်။
အဲ့တုန်းက ရှင်လူကြီး
၄ နှစ်သားအရွယ်ပေါ့။ အဖေနဲ့အမေတို့က အဖေ့ရဲ့ အလုပ်တာဝန်အရ ရန်ကုန်မှာနေကြ ပြီး ရှင်လူက အဖိုးအဖွားတွေရဲ့မြေးဦးမို့
အဖိုးအဖွားတွေရှိရာ မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကဒူးရင်း ခြံကြီးထဲမှာလိုက်နေရတာ။ တနေ့တော့ ရန်ကုန်အမေတို့ဆီက စာတစောင်ရောက်လာခဲ့တယ်။"သားကိုလည်း လွမ်းလှပြီ၊အမေတို့ မြေးအဖွား ရန်ကုန်ကိုတခေါက်လာခဲ့ပါအုံး" ဆိုတာကြောင့် အဖွားက လိုအပ်တဲ့ပစ္စည်းတွေထုပ်ပိုးပြီး မြေးအဖွားနှစ်ယောက် ရွာကနေ မော်လမြိုင်ကိုဘတ်စ်ကားစီး ၊မော်လမြိုင်ကနေမုတ္တမကို သင်္ဘောစီးပြီးလာခဲ့ကြတယ်။ဟိုတုန်းက အခုဆောက်ထားတဲ့ သံလွင် မြစ်ကူးတံတား(ဘာဆိုလဲ)မရှိသေးတော့ သင်္ဘောနဲ့ကူးရတာ။ ထုံးစံအတိုင်း မုတ္တမဘူတာက လက်မှတ်ဝယ်ပြီးရန်ကုန်ကို ရထားစီးပေါ့။ရထားကလည်း အဲ့ချိန်တုန်းက ဒီဇယ်ခေါင်းတွေမရှိသေး၊ ကျောက်မီးသွေးသုံး စက်ခေါင်းမည်းမည်း ကြီးတွေပဲရှိသေးတာ ။အဲ့ရထားကြီးသံလမ်းပေါ်ပြေးလာရင် လေပေါင်လျော့သံ တရှူးရှူးနဲ့ နွားသိုးရိုင်း ကြီးလိုပဲ။ရှင်လူတို့နားရောက်တုန်း "တူ ဝီး"လို့ဥသြဆွဲလိုက်ရင် ရင်ထဲထိတ်ခနဲ လန့်မိတယ်၊ ပြီးတော့ ပျော်လည်းပျော်မိတယ် ။ရင်ဖိုရတဲ့အရသာခေါ်ရမလားဘဲ။
မုတ္တမဘူတာက ရထားစထွက်ချိန်တော့ မမှတ်မိတော့ဘူး။
မနက်ခင်းပဲထင်ပါတယ်။အဲ့ချိန်က
မုတ္တမ ရန်ကုန် ခရီးဟာ မနက်ထွက် ညရောက်ပါပဲ။
ဒီလိုနဲ့မုတ္တမဘူတာက ရထားကြီး စထွက်လာလိုက်တာ တတူတူနဲ့ပေါ့။ အဲ့ချိန်က ဘူတာတချို့မှာ ရထားခေါင်းတွဲ ရေဖြည့်ဖို့
ရေပိုက် အမြင့် ကြီးတွေထားကြတယ်။ ရေနွေးငွေ့အင်ဂျင်ဆိုတော့
ရေထည့်မောင်းရတာပေါ့လေ။တရွေ့ရွေ့ခုတ်မောင်းလာတဲ့ရထား ကြီးဟာ နှင်းပုလဲ ဘူတာမရောက်ခင်အကြား တနေရာမှာ ထိုးရပ်သွားတယ်(နောက်မှ အဖွားပြောလို့သိရတာက ရထားဟာ မိုင်းမိပြီးလဲပြိုသွားတဲ့ချိန်မှာ ရှင်လူတို့တွဲဟာ နောက်ဆုံးတွဲမို့ တွဲဆက်ပြုတ်ပြီး သံလမ်းပေါ်ဒီတိုင်းကျန်ခဲ့တာတဲ့)။ ပြီးတော့ သံတွဲမို့အဝေးက သေနတ်နဲ့ပစ်တော့ မှန်ပေမယ့် တဒုန်းဒုန်းသာမြည်တယ် အတွဲထဲ ကျည်မဖောက်ဘူး။ စပ်စပ်စုစု ရှင်လူလည်း ဟိုငေးဒီငေးလုပ်နေတာ အဖွားက ခုံပေါ်ကဆွဲချပြီးခုံအောက်ထဲထိုးထည့်လို့အလိုက်သင့် ဝင်သွားရတယ်။ ခုံအောက်ရောက်မှ ကြည့်လိုက်တော့ အဖွားရွာကယူလာတဲ့ကြံစည်းကြီး
နဲ့တောင်းပလုံးတွေရယ်တခြားခုံတွေအောက်မှာ ခရီးသည်အားလုံး သံဗုဒ္ဓေကို သံပြိုင်ရွတ်နေ ကြတယ်။ သီလရှင်ဆရာလေး သုံးလေးပါးပါ ပါတော့ ပိုမြိုင်ဆိုင်သွားတာပေါ့။တွဲထဲက လူလတ်ပိုင်းတယောက် ရထားပေါ်က ခုန်ချဖို့ ပြူတင်းဘောင်ပေါ်ငုတ်တုတ် တက်ထိုင်လိုက်တာ တဖက်ပြူတင်းကဝင်လာတဲ့ကျည်ဆန်မှန်ပြီး ကားခနဲကျသွားတယ်။အဲ့ချိန်ကစပြီး အဖွားက "မကြည့်နဲ့ ငါ့မြေး ၊မကြည့်နဲ့ "ဆိုပြီး ရှင်လူ့မျက်လုံးကို သူ့လက်နဲ့ကွယ်ထားတယ်။ နောက်မှသိရတာက အဲ့ခေတ်တုန်းက ရထားထွက်ရင် ရထားလုံခြုံရေးအတွက်အမ်းမတ်ကား ဆိုလား ၊ရထားသံလမ်းပေါ်မှာ ရှေ့တစီး နောက်တစီး ခြံရံပြီး လိုက်ရသတဲ့။ ခုဖြစ်စဉ်မှာ ရှေ့ကအမ်းမတ်ကားက အတော်ဝေးဝေး ကျော်သွားပြီး နောက်ကအမ်းမတ်ကားက ပြတ်ကျန်နေခိုက်မှာ မိုင်းထိတာဆိုတော့ အသေအပျောက်များတဲ့အပြင်ပစ္စည်း ဆုံးရှုံးမှုလည်း အတော်များသတဲ့။စိတ်ထဲမှတ်မိသလောက်ပြောတာပါ ၊အတိအကျကတော့ အဲ့တုန်းကသတင်းစာမှပဲ ပြောနိုင်တော့မယ်။ မကြာခင်မှာ ကြားရတဲ့သတင်းတွေက ရှေ့ကအမ်းမတ်ကား ကနောက်ပြန်ဆုတ်လာပြီးနောက်ကအမ်းမတ်ကားကလည်းမီလာပြီတဲ့။ ရှင်လူတို့တွဲပေါ်ကလူတွေလည်း ဘေးလွတ်ရာသံလမ်းတဖက်ခြမ်းမှာ နေရာယူထားနိုင်ကြပြီ။ရှင်လူတို့ နားမှာ ရဲတယောက်က သံလမ်းကို ကာဗာယူမှောက်ပြီး သု့လိုင်ဖိုနဲ့ တချက်တချက် ပြန်ပစ်နေတယ်။အဖွားကသူ့ လက်နဲ့ ရှင်လူ့မျက်စိကိုအုပ်ထားတဲ့တိုင် ရှင်လူက အဖွားလက်ချောင်းတွေ ကြားက ရသမျှလိုက်ကြည့်နေတာပါပဲ။တချို့ လူသေအလောင်းနဲ့ဒဏ်ရာရသူတွေကိုသယ်ထုတ်နေတာလည်းတွေ့ပါရဲ့။
"မော်တာပစ်မယ် ၊ကလေးတွေနားပိတ်ထားကြ"ဆိုတော့ အဖွားက ရှင်လူ့နားနှစ်ဖက်ကို သူ့လက်တွေနဲ့ အုပ်ထားပြန်တာပါပဲ။
ဒီလိုနဲ့ တိုက်ပွဲ ငြိမ်သွားတော့ ရတဲ့သတင်းက"ရန်ကုန်ဘက်ကရထားတစင်းရောက်လာမယ် ၊ပြီးတော့ မော်လမြိုင်ဘက်ကလည်းရထားတစင်းရောက်လာမယ်။ရန်ကုန်ဘက် ဆက်သွားချင်တဲ့ခရီးသည်က ရန်ကုန်ရထားပေါ်တက်ပြီး မော်လမြိုင်ဘက်နောက်ကြောင်းပြန်မယ့်လူတွေက မော်လမြိုင်ရထားပေါ်တက်ကြပါ
တဲ့။ ဒီလိုနဲ့ သူရရှင်လူတို့မြေးအဖွားအဲ ဒီနေ့ ရွာကထွက်လာပြီး ရွာကိုကောင်းမွန်စွာ ပြန်ရောက်ခဲ့ပါကြောင်း ပေါ့ဗျာ။
သြော်...ဘယ်အဖွဲ့ကထောင်တဲ့ မိုင်းလဲ မပြောတော့ပါဘူး။ရှင်လူ့စာက မော်လမြိုင် ရန်ကုန်ရထားစီး အတွေ့အကြုံကိုပြန်ရေးပြရုံပါ။ ခုခါ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မကြောင့်မကြ ခရီးသွားရမယ်ဆိုရင်ပဲ ဝမ်းမြောက်လှပါပြီ။၄ နှစ်သားအရွယ်က အတွေ့အကြုံမျိုးတော့
မလိုချင်ပါတော့ပြီ။
No comments:
Post a Comment