အပါယ်ဘုံသား အခန်းဖော်
🐁🐁🐁🐁🐁🐁🐁
ခုတလော မိမိအိပ်ရေးပျက်နေတာ တပတ်လောက်ရှိသွားပြီ။ မိမိအိပ်ခန်းဟာ အတန်သင့်ကျယ်ဝန်းပေမယ့် ရုံးစာဖိုင်တွဲတွေနဲ့ အချို့ပစ္စည်း ပစ္စယ တွေကြောင့် အိပ်ယာနဲ့ စားအိုးစားခွက်တွေပါ ပေါင်းထည့်လိုက်တော့ နေရာလွတ်သိတ်မကျန်။ အဲဒါ ညဘက် အိပ်ချိန် မှေးခနဲ
ဖြစ်သွားတာနဲ့ ကြွက်တကောင်ရဲ့ တတောက်တောက် တဖောက်ဖောက် ကိုက်သံက ပုံမှန်ပေါ်လာ နေတယ်။ ဒီတော့ ပင်ပန်းနွမ်းလျနေတဲ့ ကြားက ဆက်အိပ်မရတော့ဘဲ ခြင်ထောင်ပြင်ထွက်၊ စက္ကူပုန်းတွေကို တဘုန်းဘုန်းထု ပြီး
ကြွက်မောင်းရတယ်။ စာရွက်စာတမ်းတွေကိုက်သွားမှာလည်း စိုးရ ၊သူ့အသိုက် ကြီးထွားလာမှာလည်းစိုးရနဲ့။ နောက်တခါ အိပ်ပျော်မယ့်ဆဲဆဲ မှေးခနဲ ရှိသေး တဖျောက်ဖျောက် ဖြတ်ပြေးသံကြောင့် မျက်လုံးတွေ ကျယ်လာရ ပြန်တယ်။ ဒီကောင် ဘယ်လိုအကောင်လဲ သိရအောင် အသံ ကြားရာ လက်နှိပ်မီးနဲ့ထိုး ကြည့်လိုက်တော့ ခပ်သေးသေး ကြွက်ဖလောင်းလေးတကောင်။"ဒီလောက်သေးတဲ့ အကောင်က
ဒုက္ခ အ ကြီး ကြီးတွေပေးနေပါလား" ။မိမိ အသက်အရွယ် အရ အိပ်ရေးပျက်တာမကောင်း။ဒီ ကြားထဲ အဲ့ကောင်အပေါ် ဒေါသ ထပ်ဖြစ်ရရင်လည်းတပမ်းရှုံးနေ ပြန်မယ်။ဒီလိုနဲ့ နှစ်ညလောက်နေတော့ တွေးမိတယ်။"မီးထွန်းအိပ်ရင်
ဒီကောင် ငြိမ်သွားမလား"ပေါ့။ အမှန်တော့မိမိက ညအိပ်ယာဝင်ရင် မီးမှိတ်အိပ်လေ့ရှိတယ်။အလင်းရောင်နဲ့အိပ်လေ့မရှိ။ဒါပေမယ့် ဘာတတ်နိုင်မလဲ၊ ပြဿနာက ဖြေရှင်းရတော့မှာ။
ဖြစ်နိုင်တဲ့ နည်းလမ်းကို အသုံး ပြုရတော့မှာပေါ့။ ဒီလိုနဲ့ပဲ အခန်းမီးကို တိုက်ရိုက်မသုံးပဲ ခြေရင်း Toilet ခန်းထဲက LED မီးလုံးလေးကို ထွန်းထားလိုက်တယ်။ အတွေး မှန်သွားတယ်ဆိုရမယ် ၊မီးရောင်ကြောင့် ဒီကောင် ငြိမ်သွားတယ်။
အဲဒါ တရေးနိုး Toilet ထဲ အပေါ့သွားဖို့ ဝင်သွားတော့ Toilet အပေါ်တန်းက ဒီကောင်က ရှင်လူ့ကို ကြည့်နေတယ်။ဒီကောင် ဘာ ကြံစည်နေသလဲ။ ကိုင်းခွက်ထဲ ရေနည်းနည်းခပ်ပြီး လှမ်းပက်လိုက်တော့ သူ့ကိုထိ ပြီး ပြုတ်ကျလာတယ်။ အမှန်တော့ သူ လန့် ပြီး လေဝင်ပေါက်ကတဆင့် တဖက်ခြံထဲက ဗာဒံပင်ပေါ်တက် ပြီး ထွက်သွားစေချင်တာ။ အောက်ထပ်မှာ ကြွက်ထောင်ချောက် သံညှပ်တွေရှိနေပေမယ့် ရှင်လူက သူ့ကိုမသတ်ချင်။လွတ်ရာကျွတ်ရာကိုသာ ထွက်သွားစေချင်တယ်။ တောင်ဒဂုံက မိတ်ဆွေ ညစောင့် ကြီးကတော့ သူ့ ကိုနှောင့်ယှက်တဲ့ မြေ ကြွက် ကြီးတွေကို သံညှပ်နဲ့
နေ့တိုင်း ထောင်ဖမ်းတာ ကုန်သလောက်ဖြစ်နေ ပြီတဲ့။ ရန်ကုန်လိုနေရာမှာ ကြွက်သေ လွှင့်ပစ်ဖို့ ကလည်း အခက်အခဲတွေရှိနေတော့ ၊"ခင်ဗျား အဲ့ ကြွက်သေတွေ ဘယ်လိုစွန့်ပစ်လဲ"မေးတော့"လွယ်လွယ်လေး ကျီးကန်းတွေကိုပစ်ကြွေးပလိုက်တယ်၊ စားရတော့ ကျီးကန်းတွေက နေ့တိုင်းလာစောင့်နေတယ်"တဲ့။အင်း တခါတခါတော့လည်း ကျေးလက်သားတွေရဲ့ ရိုးရာနည်းတွေက သိတ်မဆိုးဘူးဘဲ။ရှင်လူတို့တောင်ဥက္ကလာ သံသုမာတဝိုက် ၊လမ်းအ ရှေ့ခြမ်း
ဇီဇဝါ ဘက်က လူတယောက်ကတော့ ကြွက်အရှင်မိထားတဲ့ ထောင်ချောက် ကို ကားလမ်းကူးယူလာ ပြီး ၅ ရပ်ကွက် အ ခြမ်းမှာ လာလွှတ်လေ့ရှိတယ်။ သူတော်ကောင်း ကြီးနဲ့ တနေ့
နေ့တော့ ပက်ပင်း ကြုံချင်သေးတယ်။
ဒီနေ့မနက်တော့ အိမ်မှုံ စုံဝါးနဲ့ အပေါ့သွားချင်လို့ Toilet ထဲဝင်လာ ပြီး ထိုင်မယ်လုပ်တုန်း
ဘိုထိုင်ထဲမှာ အခန်းဖော်ကိုတွေ့လိုက်ရတယ်။
ရေတွေစိုလို့ ကြွေသားနံရံကို ကပ်နေတယ်။
ချောနေတာရော အဖုံးကြောင့်ပါ သူထွက်လို့မရ ဖြစ်နေပုံပဲ။ အင်း ..ရှင်လူလည်း ကြမ်းတိုက်တံ ကြီးယူ ပြီး ကြွေခွက်ထဲ ချပေးလိုက်တော့ သူခဏ စဉ်းစား ပြီး ကြမ်းတိုက်တံ ဘားပေါ် တက်လာတယ်။ အသာမ ပြီး အောက်ချပေးလိုက်တော့ ခြေဦးတည့်ရာ ကိုထွက်ပြေးရှာတယ်။ အချိန်အတိုင်းအတာ တခုအထိတော့ မင်းနဲ့ ငါ ဒီအခန်းထဲမှာ အတူနေ ကြရအုံးမှာပဲလေ။
No comments:
Post a Comment