နီရှန် (သို့မဟုတ်)
ကဗျာတောမှာ မျောနေသူ
😎👺😂😈👺😎😂😈
ကဗျာဆရာ နီရှန် တယောက် Messenger ပေါ်မှာ ရှင်လူနဲ့ ဆက်သွယ်မိ ပြီးနောက် နေ့တိုင်း လိုလို ရှင်လူ့ဆီ
သတင်းတွေ တွင်တွင် ပို့နေတော့တယ်။တလောက လှကို ဧရာဝတီ စင်တာမှာ
Q ဝင်တာက အစ ပြန်ဆင်းလာတဲ့အထိ။
မဟေသီ အယ်ဒီတာ စာရေးဆရာ ဝင်းသူရ ဆေးရုံတက်ရာက ကွယ်လွန် တဲ့အထိ။
ခုလည်း ကာတွန်း တင်အောင်နီ(ပြာဂလောင် ပြာလချောင်) မကျန်းမာလို မြောက်ဥက္ကလာ ဆေးရုံတက်နေ ရ ပြန် ပြီ တဲ့။
နီရှန့်အကြောင်းက နှစ်ပေါင်းများစွာ
ပေါင်းလာသူမို့ သိတော့သိ ပြီးသားပါ။
သူက ဂျာနယ်လစ်လည်း လုပ်ခဲ့တာမို့
သတင်းမီဒီယာဝါ သနာ အလေ့အကျင့်ဖြစ်နေသူ။
၈ လေးလုံးကာလ တောင်ဥက္ကလာ
၁၂ ရပ်ကွက် (ယခု အထက ၅) ကျောင်း ကြီးထဲမှာ စာပေသမဂ္ဂ ဖွဲ့ကြတော့ ဥက္ကဌကဆရာ ကြီးကွေး(အီ ကြာကွေး) အတွင်းရေးမှုးက နွေလယ်နေ၊ တွဲဘက် အတွင်းရေးမှုး ၁ က ဇေယျဝတီ -မင်းလွင်စိုး(မိမိ) တွဲဘက်အတွင်းရေးမှူး ၂ က
နီရှန်။ ဘာမှ ကြိုတင် စီစဉ်ထားတာမရှိ။
အစည်းအဝေး စခါနီးမှ ကဗျာဆရာ နှင်းခါးမိုးက လာခေါ် ပြီး "စာပေသမဂ္ဂဖွဲ့စည်းရေး အစည်းအဝေးခေါ်ထားတယ်၊အကိုတို့အားလုံးလာ ကြ"ဆိုတာနဲ့ ထလိုက်လာခဲ့ ကြတာ။ဟိုရောက်တော့ အချင်းချင်း တယောက်တ ပြန်အဆိုတင်လိုက် ကြ ပြီး ဥက္ကဌတွေ အတွင်းရေးမှူးတွေ လုပ်လိုက် ကြတာ။နှင်းခါးမိုး ကြိုရေးထားတဲ့ တောင်ဥက္ကလာပ မြို့နယ် စာပေသမဂ္ဂရဲ့သဘောထားကိုဖတ်ကြားအ ပြီး ကြွရောက်လာတဲ့ စာရေးဆရာ ကဗျာ ဆရာများထဲက မေးချင်တာ ရှိရင် မေးကြဖို့ တောင်းဆိုလိုက်တော့ အများစုကစာရွက်လေးတွေပေါ် ရေး ပြီး အမေးလွှာလေးတွေကို နီရှန့်လက်ထဲ ထည့်ကြတယ်။ နီရှန်က ခပ်တည်တည်နဲ့ စာရွက်တွေယူလာ ပြီး ရှေ့ခုံမှာထိုင်နေတဲ့ရှင်လူ့စားပွဲပေါ်ယို့ယို့လေးလာတင်တယ်။ ဘယ်သူဖြေမယ်၊ ဘယ်လိုသဘောထားပေးမယ် ဘာညာညှိနှိုင်းထားတာတခုမှ မရှိ။
ခုတော့ ရှေ့နားထိုင်မိတဲ့ ရှင်လူ့မှာ အလိုလိုနေရင်း ပြောရေးဆိုခွင့်ရှိသူ ဖြစ်သွားတယ်။တချိုု့ မေးခွန်းတွေကလည်း ထောင်
၇ နှစ်လောက် ကျသွားနိုင်တဲ့ မေးခွန်းမျိုး။ ဥမာ။ ။မောင်သုည (ခေါ်)ကိုခင်မောင်မောင် ရဲ့မေးခွန်းက" ကျနော်တို့ စာပေသမဂ္ဂ အနေနဲ့ လိုအပ်ရင် တော်လှန်ဖို့
လက်နက်ကိုင် သင်တန်းတွေ ပေးရန် ပြင်ဆင်ထားမှု ရှိမရှိ"။ဗုဒေါ...။တကယ် ချွေးပြန်ရတဲ့မေးခွန်းပါ၊ ရှင်လူ ဘာ ပြန်ဖြေမလဲ။ ဥက္ကဌဖြစ်သူ ဆရာ အီ ကြာကွေးကလည်း နားစွင့်နေပါတယ်။ပိတ်သတ် ကြီးကလည်း စိတ်ဝင်တစား ရှင်လူ့ကို အာရုံစိုက်နေ ကြပါတယ်၊ ကင်မရာမီးတွေ တဖျပ်ဖျပ် နဲ့ မျက်စိတွေ ပြာလို့။
အဟမ်း ..အဟမ်း။ ဘာပြောရမှန်းမသိတော့ အဟမ်းနဲ့ အင်ထရို ဝင်ရပါတယ်။
" ဆရာ မောင်သုည မေးတဲ့ လက်နက်ကိုင်သင်တန်းပေးမပေးကိစ္စ ကိုဖြေ ကြားရရင်ကျနော် တို့ စာပေသမဂ္ဂ ဆိုတာ နှလုံးရည် အဖွဲ့အစည်းပါ ၊လက်ရုံးရည် အဖွဲ့အစည်း မဟုတ်ပါဘူး၊ တကယ် လို့ ဒီ စာရေးဆရာ များထဲက လက်နက်ကိုင်တော်လှန်ရေး လုပ်ချင်သူ ရှိရင်တော့ မိမိသဘောနဲ့မိမိ လွတ်လပ်စွာလုပ် နိုင်ပါတယ်"
"ဖျောင်း ဖျောင်း ဖျောင်း"
နောက်ပိုင်းမှာ ဆရာကွေးက"ဇေယျဝတီ ကအားကိုးရတယ်လို"့ မှတ်ချက်ပေးပါတယ်။ မိမိတို့ တောင်ဥက္ကလာပ မြို့နယ် တော်လှန်သော စာပေသမဂ္ဂ ကြီး ဖွဲ့စည်းလို့ အောင်မြင်စွာ ပြီးဆုံးလုလုမှာပဲ လွယ်အိတ်ကို ကြိုးထုံးလွယ်ထားတဲ့ ကဗျာဆရာ ဒတ္ထ (ကျောင်းသားခေါင်းဆောင် အောင်ဒင်) ရုတ်တရက်ရောက်လာ ပြီး စစ်ကားတွေ လာနေကြောင်း သတင်းပေးပါတယ်။
ဒီအချိန်မှာပဲ ကျောင်းဝန်းကျင်ကို လေ့လာ
ကြည့်လိုက်တော့ ကုက္ကိုပင် ကြီးတွေနဲ့ ဝါးရုံ တွေ နောက်မှာ စစ်သားတွေ နေရာယူနေ ကြပါ ပြီ။မိမိတို့ သမ ဂ္ဂဝင် အားလုံးလည်း ချက်ချင်းတပ်ဖျောက်လိုက် ကြပါတယ်(တနည်း။ ။လွတ် ရာပြေးပေါက်က
အလျှို အလျှို ထွက် ပြီး ကျောင်းတောင်ဘက် ငမိုးရိပ် ချောင်း လက်တက်လေးကိုကျော် ပြီး ဘေးကင်းရာ နေ ရာ အသီးသီးမှာ ပုန်းခို ကြပေါ့ဗျာ)။
ခုလည်း နီရှန် သတင်းတွေ ပို့နေ ပြန် ပြီ။
(မှတ်ချက်။ ။အရင်နေ့က တင်တဲ့ Post
တွေမှာ သူ့ မူရင်းကလောင်နာမည် နီသျှန်လို့ ရေးခဲ့ပါတယ်။ဒါပေမယ့် ဒီနေ့ဖုန်းဆက်တော့ သူ့ရှေ့အရင်ကရော ခုနောက်ပိုင်း တွေမှာပါ သျှန်ပါတဲ့ ကလောင်တွေ
တွေ့နေလို့ သူက ရှန် ပြောင်းလိုက်ကြောင်း ပြောပါတယ်။ဒါနဲ့ ရှန်လိုက်ပါတယ်။
သူ့ကို ဖုန်းဆက် ပြီး "သူငယ်ချင်း ဓပုံတပုံ
Messenger ကပို့ပေး ဆိုတော့ "ဘာလုပ်မလို့ လဲ"တဲ့။သူငယ်ချင်း အကြောင်းရေးထားလို့ တွဲတင်မလို့ "ဆိုတော့ အိအ ကွိကွ လုပ်နေပါတယ်။ဒါနဲ့ အခုပေးရင်ပေး၊မပေးရင် သေမှ မတင်ချင်ဘူး ဆိုမှ သဘော တူတာပါ။သူသဘောတူ ပြီးခါမှ
ဖုန်းတခါ ထပ်ခေါ် ပြီး" ဓပုံ မပို့နဲ့တော့။
တော် ကြာ ဘာလိုလို ထင်ကုန်မယ်"
ဆိုမှ "ဟာ ဟုတ်တာပေါ့"တဲ့။
တကယ် Post တင်မယ် ကြံတော့ ပုံလေးတခုခု တွဲချင်လာ ပြန်ကရော၊ ဒါနဲ့သူ့
Wall ထဲဝင်ရှာလိုက်တာ သူကိုယ်တိုင်ဆဲလ်ဖီဆွဲ ပြီး တင်ထား တဲ့ပုံ တပုံမှမရှိ။ဒါ ကြောင့် လည်း လူပျို ကြီး ဖြစ်နေတာ။
Wall တခုလုံး ဆေး မြီးတိုတွေချည်း။
နောက်ဆုံး စင် ဖြူရှင် အကောင့် တင်ထားတဲ့ သူ့ ပုံ ကော်ပီ လုပ်ပြီး တင်လိုက်တယ်။ စိတ်ကူးမလွဲ ကြပါနဲ့ နေ့လယ်ကပဲ
သူနဲ့ဖုန်း ပြောခဲ့ပါသေးတယ်)
No comments:
Post a Comment