Tuesday, September 23, 2014
ချစ်သောရထား
ရထားလမ်းနဲ့
ရထား အချိန်စာရင်းနဲ့
ရထားက
သူ့လမ်းပေါ်မှာ သူ့အချိန်နဲ့သူ
ဘယ်သူတက် ၊ ဘယ်သူဆင်း
ရထား မငြင်းခဲ့
ရထားဟာ
သူ့လမ်းပေါ်မှာ ကန့်လန့်ပြုလာသူမှန်သမျှ
ကြီးကြီး သေးသေး အမှုမထာဘူး
ဝင်ဆောင့်ရမယ့်တာဝန်ဟာ
ရထားရဲ့ တာဝန်
ရထားထက်ပါဝါသာရင်
ရထားမှောက်မယ်
ရထားထက်ပါဝါနည်းရင်
သေဖို့သာပြင်
ရထား ရထား
ရထားရဲ့ အတွေ့အကြုံတွေက
ဘူတာပေါင်းစုံခဲ့ပြီ
ရထား
ညိုမြသွေး
#poem #observation
ရုပ်တု
အိပ်တန်းပြန်ငှက်တို့ နှုတ်ဆက်ခွဲခွါသွားခဲ့ကြ
ဟိုး မိုးကုပ်နံရံထက်မှာ
ရာသီ ပြက္ခဒိန်ချပ်
တဖျတ်ဖျတ် လွင့်ပျံ
လေတိုက်သံ နှင်းပွင့်သံ ရွက်ကြွေသံ
စတဲ့အသံတွေ တစစမှုန်ဝါး
ကုန်စင်ခန်းခြောက်သွားချင် သွားပေလိမ့်မယ်
ငါ့ဆန္ဒတွေနဲ့ အမှတ်တရ ထုလုပ်ထားခဲ့
စောင့်နေတဲ့ ရုပ်တု
သူ့ရဲ့စောင့်ဆိုင်းမှုတွေကသာ
ထာဝရရှင်သန်
မနက်ဖြန်ကို တွေ့ရှိပေလိမ့်မယ်
ညိုမြသွေး
**လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က - ရွှေဝတ်မှုန်
မဂ္ဂဇင်းတွင်ရွေးချယ်ဖေါ်ပြခဲ့ပြီး ၊ စာပေစိစစ်ရေး
အဖွဲ့မှပယ်ဖျက်ဆုတ်ဖြဲ ခံခဲ့ရတဲ့ကဗျာ **
#poem #observation
Sunday, September 21, 2014
အဖြူရောင်စိတ်ကူးများ
ရင်ခေါင်းထဲမှာတိုက်ပွဲဝင်တံဆိပ်တွေအတန်းလိုက်ရှိ
တယ်။
ကဗျာဆရာတွေဟာX man တွေ....
တခြားကောင်တွေ မြောက်ကြွမြောက်ကြွလုပ်သလို
ကဗျာဆရာတွေလည်းလုပ်ခွင့်ရှိတယ်။
ချိုးရင်အုပ်လေးတွေကော့ထားလော့။
ကဏန်းလက်မလေးတွေ ထောင်ထားလော့။
ပုံ *ရှင်လူ *
ဒူးတင်ပေါင်တင်ရပ်ကွက်
ခေတ္တ **မြန်မာပြည်**
#idea#observation#
Thursday, September 18, 2014
ဇနပုဒ်နေငတေ နှင့်ဖေ့စ်ဘွတ်ဖရင်းများ
သိထားသင့်တာပဲ
အယုံမလွယ်ဖို့ အယူမသည်းဖို့
အရူးမဖြစ်ဖို့
အီဖယ်လ်မျှော်စင်နားမှာလိုက်ရှာလို့
အဲလ်ဘတ်ကမူးကိုတွေ့မှာမဟုတ်ဘူး
အော်ဒီကလုန်းကိုတွေ့ချင်တွေ့မယ်
အသင့်စားနိုင်တဲ့ သွားရည်စာတွေတွေ့မယ်
ဖောက်သည်ရှာနေတဲ့လိင်ဈေးသည်တွေတွေ့မယ်
တကယ်ရောက်ဖူးလို့ပြောနေတာတော့မဟုတ်ဘူး
ပန်းဆိုးတန်းဂုံးတံတား တို့ ကီလီတို့ သာကေတတို့
စသဖြင့်ပေါ့လေ အရင် အနှစ်သုံးဆယ်လောက်က
ကြားဖူးခဲ့တာ
ခုတော့ဆီဒိုးနား တို့ ထရိတ်ဒါးတို့ ဘတ်တာဖလိုင်းတို့
အရမ်းတိုးတက်နေပြီဆိုတော့ကာ
အခွင့်သင့်ရင်တော့ ရှောင်ဇေလီစေးလမ်းမကြီးတို့
မန်ဟတ်တန်ရပ်ကွက်တို့ လော့အင်ဂျလိစ်တို့
အရောက်သွားချင်ပါသေးရဲ့
ဒီကောင်တွေ ဖေ့စ်ဘွတ်ပေါ်မှာ ကြွားကြွားနေတာ
မယုံလို့
ဖူးခက်ကတော့တို့တောင်ဥက္ကလာနဲ့သိတ်မဝေးဘူး
ကုန်းကြောင်းလျှောက်ရင်ရလောက်တယ်
ငါကိုယ်တိုင်တောင်ရွှေတိဂုံ ဘုရားပေါ်ခန ခနတက်ပြီး
ဗုဒ္ဓနဲ့ မတွေ့ခဲ့တာ
ပြောတိုင်းယုံတဲ့ပုတ်သင်ညိုရေ
ညိုမြသွေး
#poem#observation#
Monday, September 15, 2014
ခရီးဆုံးဘူတာ
က ။
မိုးစက်လေးတွေက ရေတင်နေသောလမ်းပေါ်
တဖွဲဖွဲကြဲပက်လိုက်တော့မိုးစက်မိုးပေါက်တွေနှင့်ရေ
မျက်နှာပြင်ထိတိုက်မိချိန်မှာ မိုးပွက်ကလေးတွေ ထောင်
သောင်းချီကာခုန်ပျံထကြွလာနေပေါ့။
စိတ်က ငယ်စဉ်ကလေးဘဝတုန်းကကြည့်ခဲ့ဖူး
သောအိန္ဒိယရုပ်ရှင်ကားတခုဆီသို့ပြန်ရောက်သွားခဲ့
သည်။ဇာတ်ကားနာမည်နှင့်ဇာတ်လမ်းတခုလုံးကိုမမှတ်မိ
တော့ ။ သို့တိုင် အဲဒီ မိုးပွက်ကလေးတွေကိုတော့
ကောင်းစွာမှတ်မိနေသေးသည်။ စစ်ရှုံးနေသောမင်းသား
အခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေပြီ ၊ ရန်သူ့ခေါဘဏီတပ်ကြီးကဒဏ်ရာဗလပွနှင့်မင်းသားရဲ့
တပ်ကိုဗျူဟာမြောက်ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီ။ လက်နက်ချမလား အသေခံမလား ၊ တဖက်က
စစ်သူကြီးက ရာဇသံပေးနေပြီ။ ပရိတ်သတ်ကိုယ်တိုင်
စစ်မြေပြင်ရောက်နေသလို အကြပ်အတည်းကြုံနေကြရ
သည်။မင်းသားဘက်က အားပေး ခံစားထားမိကြတော့ ခံပေါ့။
အားလုံး ရဲ့စိတ် တွေထွက်ပေါက်ပိတ်မိနေခိုက်
မိုးကရုတ်တရက်ဝေါခနဲသွန်းပြီးရွာချလိုက်သည်။
ဘယ်လိုမှထင်မှတ်မထားသောအဖြစ်က ထူးဆန်းစွာဖြစ်
ပေါ်လာခဲ့သည်။ မရေတွက်နိုင်တဲ့ မိုးပွက်ကလေးတွေ
တခုချင်းစီက ချပ်ဝတ်တန်းဆာအပြည့်အစုံဖြင့်စစ်သည်
များအသွင်ပြောင်းကာစစ်ကူများအဖြစ်ရောက်ရှိလာခဲ့
သည် ။ သူတော်ကောင်း နတ်ကောင်းမဆိုသလို အမှန်တရားကအနိုင်ရခဲ့ပြီ၊ရန်သူ့တပ်တို့ကစင့်ကလျား
ဆုတ်ခွာပြေးလွှားကြရပြီ။
ခ ။
မိမိ အသက်အရွယ်က ၆၀ ကျော်ခဲ့ပြီဖြစ်သည်။သို့တိုင် မိုးရေစက်ကလေးတွေမြင်မိရုံဖြင့် ရှစ်ခေါဘ
ဏီတပ်ကြီးအထိပြေးမြင်တုန်း။ ငယ်စဉ်ကတည်းကစာလေးကဗျာလေးကလည်းဝါသနာပါခဲ့လေတော့ စိတ်ကူးယဉ်အကျင့်ကအရိုးစွဲနေခဲ့ပြီ ။စိတ်ကူးဆိုသည်ကလည်းပစ္စုပ္ပာန်ချည်တိုင်ကိုမေ့လျော့ကာအတိတ်ကိုပြေးလိုက် အနာဂတ်ကိုကြံလိုက်
ဖြင့် ယောက်ယက်ခတ်နေတတ်တာမျိုး ။ ထိုအတွေးစိတ်များက လောဘ ဒေါသ မောဟ တရားကအများသား။အမှန်တော့ မိမိတို့ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွင်အတင်းအကြပ် ဥပဒေအဖြစ်
ပြဌာန်းမထားသော်ငြားလည်းအများလက္ခံထားကြသောအစဉ်အလာတခုရှိနေသည်။ အသက်အရွယ်အတန်သင့်ရလာပြီဆိုတာနှင့်သေဖို့
နီးလာပြီ ၊အသေကောင်းအောင်လုပ်သင့်ပြီဟု သူဦးသူ
ကိုယ်ဦးကိုယ် ၊ အခွင့်သင့်တိုင်း စေတနာစကားဖြင့်
သတိပေးတတ်ကြသည်။ ငယ်သူတွေတရားအားမထုတ်
ရဘူးလား ဆိုတော့လည်းမဟုတ် ။ထုတ်လို့ရသည်
သို့တိုင်ငယ်သူတွေ အလေလိုက်နေတာကိုသဘာဝဟု
လက္ခံထားလိုက်သော်ငြား အသက်လေးငါးဆယ်အရွယ် အပြစ်သားကြီးများကိုမူ နာနာနှက်လေ့ရှိသည်။အမှန်တော့ တရားကျင့်ခိုင်းခြင်းဖြစ်သည်။တရားကျင့်ရာတွင်လည်း
သမထတော့မလုပ်နှင့် သံသရာလည်မည် ၊ဝဋ်သုံးပါးက
လွတ်ဖို့က ဝိပဿနာကျင့်မှ။ မှတ်မှတ်ရရမိုးကုတ် ဆရာတော်ဘုရားကြီးကနာနာနှက်(ဆုမ္မ)ခဲ့ဖူးသည်။ဆရာတော်ဘုရားကြီးဆုမ္မချက်ကသွေးထွက်အောင်
မှန်သည် (ဒီလိုပဲကောက်ချက်ချရမည်)။ သူ့တပည့်ရင်းတွေက အပြောတော့နိဗ္ဗာန်လိုချင်သည် ပြောပြီး လုပ်နေကြတာကတလွဲဆိုတော့ ဆရာတော်ဘုရားကြီးက လမ်းစဉ်နှင့်လုပ်ရပ်မှန်အောင်ခပ်ငေါက်ငေါက်
ကလေးဆုမ္မခဲ့တာဖြစ်သည်။ အဲဒီတရားခွေများကိုသူလို
ကိုယ်လိုအကုသိုလ်ကောင်များက နားစွန်နားဖျားလေသံ
ကြားဖမ်းတရားနာပြီးအချင်းချင်းမတွေ့လိုက်နှင့် "သေဘက် နီးနေပြီ တရားအားထုတ်တော့'ဆိုသောလက်
သုံးစကားဖြင့်ဘယ်အချိန်ကထားခဲ့မှန်းမသိသော
အာဃာတကို တရားပြလေသည်။ အမှန်တော့ ဒီကောင်လောဘကြီးလွန်းသည်၊ ကြုံတုန်းကြုံခိုက်နှိပ်
ကွပ်လိုက်ဦးမှဟုတွေးသူကများသည်။ သူလိုကိုယ်လို
အကုသိုလ်ကောင်များဟု ပြောခဲ့မိသဖြင့် စိတ်ဆိုးကြ
လည်းမတတ်နိုင် ။ အမှန်တော့ပုထုဇနောဥမ္မတကော
ဟု ဘုရားဟောထားလေတော့ ပုထုဇဉ်မှန်လျှင် ငါ
သူတပါး ယောက်ျား မိန်းမ ဟူသမျှ အကုသိုလ်ကောင်
တွေချည်းပင် ။ သောတာပန် သက္ကဒါဂါမ် စသည်ဖြစ်မှ
သေက္ခပုဂ္ဂိုလ်ခေါ်အရိယာနွယ်ဝင်ဖြစ်လေသည်။
ဂ။
အမေရိကန်လူမျိုးကမ္မဋ္ဌာန်းနည်းပြဆရာဂျိုးဇက်
ဂိုးလ်စတိန်း(Joseph Goldstein)ရေးသားသော
(The Experience of Insight; A Natural
Unfolding) ကိုယ်တွေ့ဝိပဿနာထဲမှစာပိုဒ်တခုကို
သတိရမိသည်။
လူမှာ နေရာဒေသ အစွဲအလမ်းကြီးသလိုအချိန်
ကာလနှင့် ပတ်သက်သော ဥပါဒါန်အစွဲလည်းကြီးပါ
သည်။ ကာလပညတ်တို့တွင် လူသည် အတိတ် ဟူ
သောပညတ်ကိုလည်းကောင်း၊ အနာဂတ် ဆိုသော
ပညတ်ကိုလည်းကောင်း ၊အလွန်အစွဲကြီးပါသည်။
ကျွန်ုပ်တို့က အချိန် (ကာလ)ဟုခေါ်သောအရာသည် ဘာလဲ။ ပစ္စုပ္ပန်တွင်ဖြစ်ပေါ်သောအတွေးများ ကျွန်ုပ်တို့
မှာရှိပါသည်။ ပြန်လည်သတိရအောက်မေ့ခြင်း ၊ ပြန်၍
တွေးတောဆင်ခြင်ခြင်း ၊ သုံးသပ်ခြင်းစသည်တို့ဖြစ်၏။
ထိုကဲ့သို့ ဖြစ်ပြီးသည်ကိုပြန်တွေးခြင်း၊ ပြန်၍အောက်
မေ့ခြင်းစသည့်စိတ်ကူးများအားလုံးကိုပေါင်းပြီး
ကျွန်ုပ်တို့က အတိတ်ဟူသောတံဆိပ်ကိုကပ်ပါတော့
သည်။ ထို့နောက်၎င်းကို ကျွန်ုပ်တို့၏ပစ္စုပ္ပန်ကိုကျော်
လွန်သောတနေရာသို့ပို့ထားလိုက်ကြလေသည် တဲ့။
ဂိုးလ်းစတိန်း က အတိတ်မပြန် အနာဂတ်ကို
လည်းမကြံဘဲ ဒိဋ္ဌေဒိဋ္ဌမတ္တံ သတိပဋ္ဌာန်ကျင့်နည်း
အတွေ့အကြုံများကို သူ့စာထဲတွင်ရေးပြခဲ့လေသည်။
ဒီအတိုင်းသာဆိုလျှင် မိမိနှင့်တကွသော
စာရေးဆရာ ကဗျာဆရာအပေါင်းတို့မှာ ဒုက္ခနှင့်
လှလှကြီးတွေ့ကြရုံသာရှိတော့သည်ဟု တွေးမိ ရေးမိ
ပြန်လျှင် အားလုံးကဝိုင်းဆဲတာခံရနိုင်သည်။ သို့တည်းမဟုတ် စာနယ်ဇင်း ဥပဒေနှင့်များငြိစွန်းလေ
မလား သောကတော့အပွားမိသား။
တခုတော့တွေးမိတာရှိသည် ။ မိမိလို အထီးကျန် တကောင်ကြွက် ဆွေမရှိ မျိုးမရှိ ကောင်
အဖို့ ပဋာစာရီလိုအဝတ်မကပ်အောင်ရူးသွပ် နေသူ
တောင်တရားရသွားတဲ့သာဓကရှိသည်။ ဘော့မာလေး
တို့ ဂျွန်လင်နွန်တို့ အီးဂဲလ်တို့ သဘိတဲလ်တို့သိတ်
ကြိုက်တတ်သည့် ကဗျာဆရာ စေတ တယောက်
အတောင်နှစ်ဆယ်မြင့်သည့်ဝါးလုံးပေါ်မှာ ကပြဖျော်ဖြေ
ရင်းတရားရသွားတဲ့ ဥု ဂ္ဃသေနသူဋ္ဌေးသားလို တရားရ
နိုင်သည်။ ညနေညနေဆိုရင် ရမ်နှစ်ပက်လောက်တော့
သောက်သေးတယ် ဟု ဆိုလာသော သူငယ်ချင်း
ကဗျာဆရာနွေလယ်နေတယောက် အမူးလွန်ရင်းတရား
ရသွားသူ သန္တတိအမတ်ကြီးကို စံနမူနာယူနိုင်သည်။
တသဲသဲစွေနေသောမိုးက ရုတ်ချည်း ရပ်တံ့သွား
ခဲ့သည် ။ စိမ်းလန်းစိုလဲ့နေသောမြက်ခင်းတခွင်လုံး
နေရောင်ခြည်ဖျန်းပက်လိုက်သောအခါမှာ................
ညိုမြသွေး
ကဗျာဆရာကျင့်ထုံးဥပဒေ
ဘယ်လိုမှ ထင်မှတ်မထားတဲ့ဖြစ်ရပ်ကတော့
အမှန်တရားဟာ ဖအေ မပေါ်ဘဲမွေးခဲ့တယ်
အရပ်စကားဆိုတာမျိုးက
အတင်းအဖျင်းလည်းပါ ၊ ကောလာဟာလလည်းပါ
တဦးက နောက်တဦး စကားတွေကော်ပီကူးခဲ့ကြ
ဘာတဲ့ နက်ဝပ် ဆိုလား
ဝက်ဘဆိုက် ဆိုလား ၊ အင်တာနက်ထဲကအစ
like တွေအများကြီးရကုန်သတဲ့
ဒီ ဥမမယ် စာမမြောက်အမှန်တရားကို
ဘယ်သူကျောင်းထားပေးမလဲ
ဘယ်သူအဝတ်ဆင်မလဲ
ဘယ်သူကျွေးမွေးသုတ်သင်မလဲ
တချို့က အမှန်တရား လူလားမြောက်လာမှ
သူကလည်းအဖေတော်ချင် ငါကလည်းအဖေတော်ချင် ဖအေတော်ချင်သူတွေများ သမှ အမှန်တရားခမျာ
ဘယ်သူ့အဖေခေါ်ရမှန်းတောင်သိမှာမဟုတ်ဘူး
ဒါပေမယ့် ခုနေခါတော့
ဆွေမရှိ မျိုးမရှိ လင်ပစ်မသား ဖတဆိုးဘဝ
အမှန်တရားခမျာ မျက်နှာငယ်
လူများစု ဆန္ဒကတော့
တာဝန်မယူဘဲ ခိုင်းစားရုံခိုင်းစားချင်တဲ့ပထွေးမျိုးလက်ထဲ
အမှန်တရားကို မအပ်ချင်ပါ
ဖြစ်မှဖြစ်ရလေဗျာ
လင်ကောင်မပေါ်ဘဲ မွေးဖွားလာတဲ့
ဟောဒီ အမှန်တရားအတွက် ငါတို့ကဗျာဆရာတွေက
လှည်းကျိုးဝင်ထမ်းချင်ခဲ့ရုံပါ
ညိုမြသွေး
#TT NOTE#မျက်ရည်စစ်စစ် (ရောင်းရန်မဟုတ်ပါ)
နှင်းဆီဖြူမဂ္ဂဇင်း စာအုပ်မိတ်ဆက်ပွဲကို ဇွန်လ ၁၄ ရက်နေ့က အလုံလမ်းပြည်သူ့ဥယျာဉ်ဝင်းMy Garden မှာလုပ်သည်။ ကိုယ်နေထိုင်ရာတောင်ဥက္ကလာနှင့်ပွဲကျင်းပရာနေရာက အတန်ငယ်အလှမ်းဝေးတာကတကြောင်း ခုတလော အလုပ်ကြွေးတွေပိနေတာကတကြောင်းကြောင့်မသွားပဲနေလိုက်ဖို့စဉ်းစားပြီးကာမှညီတော်နှင်းခါးမိုးမျက်နှာကို စိတ်ထဲမြင်ယောင်လာပြန်သည်။ "အကိုဘာစိတ်ကောက်နေပြန်ပြီလဲ"လို့သူတွေးသွားနိုင်သည်။ မိမိကိုယ် မိမိ ပြန်သုံးသပ်လိုက်ပြန်တော့လည်း စိတ်တော့မကောက်တတ် ။ ဒါပေမယ့်စိတ်ကခပ်နုနု။အပြောင်းအလဲမြန်တတ်သည်။ခုပဲ မသွားဘူးဟု
တွေးပြီးကာရှိသေး နှင်းခါးမိုး မျက်နှာကြီးကစိတ်ထဲမြင်
နေပြန်သည်။
ဒီကြားထဲ သူငယ်ချင်းနွေလယ်နေ နှင့်ဦးဝင်းတင်
English for All ကိုပါစုသွားကြဖို့ကြိုတင်ချိတ်
ဆက်ထားခဲ့လေတော့ခုမှဖျက်ဖို့မသင့်ပြန် ။ နောက်ဆုံတော့မိမိတသက်လုံးလုပ်နေကျမူအတိုင်းစိတ်ကိုပြန်ပြောင်းလိုက်ပြီး သွား ဖို့ဆုံးဖြတ်လိုက်သည်။ စုရပ်လုပ်ထားတဲ့နွေလယ်နေ့ရုံးခန်းရှိရာလင်းစဒေါင်း
ကို ကိုဝင်းတင်နှင့်အတူ မွန်းလွဲ ၁ နာရီမထိုးမီ
ရောက်သွားတော့ နွေလယ်နေကအဝတ်စားတောင်
မလဲရသေး စွပ်ကျယ်နှင့်ပဲရှိသေးသည်။ "စောပါသေးတယ်လက္ဘက်ရည်ဆိုင်ထိုင်ကြတာပေါ့"ဆိုတာနှင့်သူ့ရုံးရှေ့ကဆိုင်မှာထိုင်ပြီးလက္ဘက်ရည်သောက်
ကြသည်။ ဘိုက်ထဲဟာသလိုလိုမို့ဘဲသားမုန့်မှာပြီးတခုကောက်စားလိုက်သည်။ မကြာခင်မှာ မောင်သူပါရောက်လာသည်။
မောင်သူနှင့် မတွေ့တာလည်းကြာပြီမို့ စကားမရှိ
စကားရှာ ကာ ယုဇနမှာသူဝယ်ထားသောအိမ်
အကြောင်းမေးမိသည်။
"ခုဆို ခင်ဗျားအိမ်ဈေးတက်နေပြီပေါ့ "ဆိုတော့ မောင်သူကဒေါသတကြီးလေသံဖြင့် "လူတိုင်း ဒါပဲပြောနေကြတယ် မဝယ်လို့ဖြစ်မလားဗျ လက်ထဲ
ပိုက်ဆံကိုင်ထားရင် ကုန်သွားမှာပေါ့"မောင်သူ့ပုံစံက ဆိုက်ကိုရုပ်ရှင်ကားထဲမှထူးဆန်းသောဇာတ်ရုပ်တခုခု
နှင့်တူနေသည်။ကိုဝင်းတင်ကတော့မောင်သူ့အပြုအမူကို သိတ်အမှုထားပုံမပေါ်။သူတို့နှစ်ဦးလုံးဝါရင့်ကျောင်းဆရာဟောင်းများဖြစ်ကြသည်။ မိမိကပဲပဋိသန္ဓာရစကားမပြောတတ်တာလား မောင်သူကပဲဆေးစားမှားလာသလားမသိတော့။သို့ပေမယ့် ခုတလောအဘိဓမ္မာသင်တန်းကိုရက်မှန်မှန်တက်ဖြစ်နေသဖြင့်မိမိရဲ့ခန္တီစိတ်တွေ မေတ္တာစိတ်တွေ အားကောင်းနေပုံရသည် သူ့ကိုပြန်ပြီးဘုမတောဖြစ်တော့။
ခ ။
မိမိတို့ My Garden ခန်းမထဲရောက်တော့ ပရိတ်သတ်က အတန်သင့်စုံနေပြီ ။ လွတ်ရာစားပွဲတခုမှာဝင်ထိုင်လိုက်ကြပြီး ဘေးဘီကို
ဝေ့ကြည့် လိုက်တော့ကိုယ်သိသူသိတ်မရှိလှ။ကိုအောင်ချိမ့်ရောက်လာတာတွေ့လိုက်ရသည်။ နှင်းဆီဖြူအယ်ဒီတာ များလည်း
ဧည့်သည်များကိုကြိုဆိုနှုတ်ခွန်းဆက်နေကြသည် ။ အထူးသဖြင့် ကဗျာဆရာပရိတ်သတ်နှင့် မီဒီယာသမားများအပြင်ဦးထွန်းလွင်လိုမိုးလေဝသပညာ
ရှင်ကိုပါတွေ့လိုက်ရသည်။မိမိအကျင့်အတိုင်းဖုန်းဖြင့် ဓါတ်ပုံအချို့ရိုက်နေလိုက်သည်။မထင်မှတ်ပဲမနော်ဟရီကိုတွေ့လိုက်တော့ ညီတော်
တာရာမင်းဝေ ( ရွှေဘုန်းလူ )ကိုလွမ်းမိပြန်သည်။ ခေတ်နေတယောက် လူလားမြောက်ရောပေါ့ ။ "နန်းထိုက်တော်ဝင်" လက္ဘက်ရည်ဆိုင်မှာ ဟိုဘက် ဒီဘက်စားပွဲနှစ်ခု ကပ်ဆုံခဲ့စဉ်က သူတို့သားအမိသားအဖသုံးယောက်ထဲမှာ ခေတ်နေက
၂ နှစ်သားလောက်ပဲရှိဦးမည်ထင်သည် ။ အတွေးကောင်းနေစဉ်မှာပဲ လူလတ်ပိုင်းတယောက်
မနော်ဟရီကို လာနှုတ်ဆက်နေတာတွေ့ရသည် ။
သူ့ကိုရင်းရင်းနှီးနှီးသိဖူးတာအမှတ်ရသည် ။နာမည်ကိုတွေးမရ ။အရင်တခါသူနှင့်ဆုံခဲ့တာ၂၀၀၇ ခုနှစ်တုန်းက တာရာမင်းဝေ ရက်လည်မှာ။ ထိုစဉ်ကလည်းသူ့ကို ကောင်းကောင်းမမှတ်မိ ။ မိမိကိုပြုံး၍နှုတ်ဆက်ရင်း "၈၈၈၈ တုန်းက
ကိုရွှေဘုန်းနဲ့အတူပါလာဖူးတယ်လေ "ဟုအစဖေါ်ပေးမှ
သူ့မျက်နှာကိုကျက်မိသွားခဲ့သည်။ ထိုစဉ်က
ရွှေဘုန်းလူနှင့်အတူ အကသ မှကလေးများပါလာ
တတ်တာသတိရသွားသည်။ပြုံးစစနှင့်စကားပြောတတ်သောသူ့ကိုလည်းမှတ်မိသွားသည် ။ ၈၈ မှ ၂၀၀၇ ဆိုတော့ ၁၉ နှစ်တောင်ကြာခဲ့ပြီ။
"ခုဘာလုပ်နေလဲ" မေးလိုက်တော့စင်္ကာပူမှာအလုပ်
သွားလုပ် ပြီးပြန်ရောက်လာတာသိတ်မကြာသေးကြောင်း
ပြန်ဖြေသည်။ သည်လိုနှင့်ဆက်စပ်မိသွားကြပြီးလတ်တလောနိုင်ငံရေးကိစ္စများဆီစကားလမ်းကြောင်းရောက်သွားသည်။အဲဒီအချိန်က မိမိရင်ထဲ ထိရှနေသောအကြောင်းအရာက
မန္တလေးအကျဉ်းထောင်တွင်သေဆုံးခဲ့သောသက်ဝင်းအောင် ။ သက်ဝင်းအောင်ကိုသတင်းတွေထဲပါလို့သိရသလောက်သာမိမိကစိတ်ဝင်တစားပြောနေတော့ သူက "သက်ဝင်း
အောင်လည်း ကိုရွှေဘုန်းနဲ့အတူ အကို့အိမ်ကိုပါလာ
ဖူးတယ်လေ" ဆိုမှ မိမိရင်ထဲ လှပ်ခနဲဖြစ်သွား မိသည်။
"ဟင်
ဟိုခေါင်းတုံးနဲ့လည်ပင်းမှာပုတီးစေ့လေး၂လုံးဆွဲထား
တဲ့ကောင်လေးလား" ။ မိမိအတွေးများ က ၈၈၈၈
ကာလဆီသို့ပြန်လည်ရောက်ရှိသွားခဲ့သည်။ ထိုစဉ်က
မိမိအသက်က ၃၅ နှစ် ရွှေဘုန်းလူက ၂၂နှစ် သက်ဝင်းအောင်တို့ အကသ ကလေးများက ၁၇
နှစ်ဝန်းကျင်များ ။အခြားအခြား ကလေးတွေတော့ အမည်တွေမမှတ်မိတော့ ။ ကိုယ့်အရွယ်နှင့်နှိုင်းယဉ်၍
သူတို့ကို ဘာမျှအတွေ့အကြုံမရှိသေးသော ပီဘိ ကလေးငယ်များအဖြစ်သာထင်မြင်ခဲ့သည် ။ခုလို သက်ဝင်းအောင်တယောက် မန္တလေးအကျဉ်းထောင်မှာထောင်ဒဏ် ၆၉ နှစ်ကျခံရင်း
ရင့်မာနိုင်ငံရေးသမား ကြီးဖြစ်ကာယုံကြည်ချက်အတွက်
အသက်ကိုပေးဆက် သွားခဲ့သူတယောက်ဖြစ်လာခဲ့
မည်ကို မိမိကြိုတင်မတွက်ဆနိုင်ခဲ့ပါ။ သူ၏ အမှတ်ထင်ထင်ပြန်လည်ပြောပြမှုများကြောင့်သာသက်ဝင်းအောင်နှင့်မိမိတို့ပါတ်သက်ခဲ့ဖူးကြောင်းသိခဲ့ရသည်။ထိုသို့ သက္ကရာဇ် ၂၀၀၇ မှ ယခု ၂၀၁၄ တိုင် ၇ နှစ်ကြာခဲ့ပြီးမှ သူ့ကိုခုလို ထပ်မံတွေ့ဆုံခွင့်ရခြင်းပင်။
"မင်းငါ့ကိုသိလား" မိမိမေးခွန်းကခုလိုအသိုင်းဝိုင်းကြားတွင်အတန်ငယ်
ရိုင်းပျသလိုဖြစ်သွားမှန်းသိလိုက်ပါသည်။သို့သော်သူတို့အပေါ်ဖြစ်ခဲ့ဖူးသောအချစ်ကြောင့်ရောသားသမီးမရှိ ဆွေမျိုးမရှိ စာပေနှင့်နိုင်ငံရေးအသိုင်းဝိုင်း
ကိုသာဆွေမျိုးလုပ်ထားခဲ့သော မိမိအကျင့်ကယဉ်ကျေး
ဖွယ်ရာဆက်ဆံရေးမျိုးထက် ရဲဘော်ရဲဘက်ဆက်ဆံရေး
မျိုး ကျင့်သားရနေလေသည်။ သူကသူ့မူဟန်အတိုင်း
နှစ်လိုဖွယ်အပြုံးနှင့် "ကျနော် နန်းနွယ်လေ "ဆိုကာမှ
စိတ်ထဲလင်းကနဲပြန်ဖြစ်သွားကာ တဦးနှင့်တဦး
ပဋိသန္ဓာရစကားများဆိုဖြစ်လေသည်။
"အမကြီးနေကောင်းလား " ။ မိမိတို့လင်မယား
ကို ရွှေဘုန်း ခေါ်တဲ့အတိုင်း သူတို့ကလည်းအကိုကြီး အမကြီးပင်ခေါ်ကြသည်။ အမှန်တော့ မိမိထက် ၁၆ နှစ်ပိုကြီးသောဇနီးသည်မှာ သူတို့နှင့်ဆို အဖွားအရွယ်
ပင်။ "အမကြီးဆုံးသွားတာ ၅ နှစ်ကျော်သွားပြီ ၂၀၀၉
ဇနါနဝါရီ ၉ ရက်ကဆုံးတာ ခု ကိုယ်တယောက်ထဲနေ
တယ် " ။ သူ စိတ်မကောင်းဖြစ်သွားပုံရသည်။"တယောက်ထဲ အထီးကျန်မှာပေါ့နော် ကျနော်လည်း ကိုရွှေဘုန်း
လဲမရှိ ကိုအောင်ဒင်ကလည်းနိုင်ငံခြားမှာဆိုတော့
တွဲစရာမရှိတော့ဘူး " ။ "ခုကျနော် Gallery ဖွင့်ထားတယ် "။ သူကပြောပြောဆိုဆိုပင် သူဖွင့်လှစ်ထားတဲ့ "Ahla Thit Art Gallery"
ကတ်တလောက် ၂ ခုလှမ်းပေးလာသဖြင့်ယူထားလိုက်
ပြီး နှစ်ယောက်သား ဖုန်းနံပါတ်ချင်းဖလှယ်လိုက်ကြ
သည်။ "အေးကွာ မင်းနဲ့တွေ့ရတာ အတော်ပဲ ငါ
သက်ဝင်းအောင်အကြောင်းရေးချင်နေတာ confirm
လုပ်နိုင်ဖို့က မင်းပဲရှိတာ Galleryကိုလာခဲ့ပါဦးမယ်"အခန်းနားအစီအစဉ်
ကြေငြာနေပြီမို့ နှစ်ဦးသားကိုယ့်စားပွဲမှာကိုယ်ပြန်ထိုင်လိုက်ကြသည်။
ဂ။
Nature is our mother, who is always ready to share her peace to
all of us. But sometimes we happen
to neglect her love and her existence
.Now , it is time for us to ask ourselves : do we really love nature ?
Ko Nan Nwe
Curator and organizer
ကိုနန်းနွယ်ပေးလိုက်သော RETURN TO NATURE ကတ်တလောက် ကိုဖွင့်လိုက်တော့
ပထမ စာမျက်နှာ မှာရေးထားတဲ့ဖွင့်ဆိုချက်ကို
အရင်ဖတ်လိုက်မိသည် ။ လှပတဲ့ ဖွင့်ဆိုချက်ပါပဲ။
အရာရာကို ရင့်ကျက်တဲ့ အမြင် ရင့်ကျက်တဲ့ ဒဿန
တွေနဲ့လူသားတို့ဖွင့်ဆိုခဲ့ကြတဲ့လူ့သမိုင်းမှာ အငြင်းပွားဖွယ်ကိစ္စအသွယ်သွယ်က အတွေ့အကြုံ နဲ့
ခံစားချက်ချင်း မတူကွဲပြားရာကနေပြီးပေါ်ပေါက်လာစမြဲ
ပင်။ ခု ဒီလှပတဲ့ ဖွင့်ဆိုချက်ကိုဖတ်ပြီးသဘာဝမိခင်ရဲ့ငြိမ်းချမ်းတဲ့ရင်ခွင်ကိုဝင်စားနားခိုရမယ့်အစား ဥပါဒါန်တရားတွေက မီး၁၁
ပါးလောင်ကျွမ်းခဲ့ရာ ဆီသို့ ......
"သေနတ်မှန်ပြီးသေသွားတဲ့ ကျနော့သူငယ်ချင်း
ရဲ့အလောင်းကိုကျနော်ထမ်းလာတာမြင်တော့ အမေက
ငါ့သားဒီကောင်တွေမတရားလုပ်တာမခံနဲ့ " ဆိုပြီးလက်ထဲကိုတုတ်တချောင်းလာထည့်ပေးတယ်" ။
ရွှေဘုန်းလူက သူ့မိခင်အကြောင်းကိုတအံ့တသြပြော
ပြဖူးခဲ့။ "အဖြစ်ဆိုးလှချည်းလားသားရယ်" ၆၉ နှစ်ဆိုတဲ့ မတရားထောင်ဒဏ်ကိုကျခံတိုက်ပွဲဝင်ရင်းအသက်စွန့်သွားတဲ့ သက်ဝင်းအောင်အတွက်မျက်ရည်ပင်လယ်ဝေခဲ့ရတဲ့
မိခင် ။ "သက်ဝင်းအောင်က သူ့ရောဂါနဲ့ သူသေသွားခဲ့တာပါ ။ကျနော်တို့ကြောင့်သေတယ်ဆိုတာလုံးဝမဟုတ်ပါဘူး"
အဲဒီအချိန်ကတာဝန်ရှိသူတဦးရဲ့ အကျောက်အကန်
သတင်းစာရှင်းလင်းပွဲ ။ ရွှေဝါရောင်ကာလအတွင်း အော်တိုမက်တစ်ရိုင်ဖယ်များအတွဲလိုက်ပစ်ခတ်သံများအစဲမှာ အထက ၁ က ၁၀ တန်းကျောင်းသားလေးသေသွားပြီတဲ့။အခါတိုင်းမျက်ရည်ကျချင်လာလျှင် ဂါထာတပုဒ်လိုရွတ်ဆိုနေကျ ကဗျာဆရာအောင်ချိမ့်၏
ကဗျာတပိုင်းတစက စိတ်ထဲပေါ်လာနေကျ ။
အတွေ့အကြုံနုနယ်စဉ်
မျက်ရည်ဆိုသောအသင်
လူမသိခင် ခုန်ဆင်းသွားရဲ့
သစ္စာဖောက်တယောက် အမူအကျင့်နဲ့
အမြဲတမ်းအစွမ်းထက်ခဲ့သောကဗျာပါ ။ခုတော့
မိမိရင်ထဲမှာရောပါးပြင်ပေါ်မှာပါ ထိုသစ္စာဖောက်လား
သစ္စာရှင်လားမသိရတဲ့မျက်ရည်တွေကျဆင်းခဲ့ပါပြီ။
ကိုနန်းနွယ်ရေ လူအများသဘာဝမိခင်ရဲ့ငြိမ်း
ချမ်းတဲ့ရင်ခွင်မှာခိုနားနိုင်ဖို့လူအချို့ကတော့ ငြင်းပယ်
ကျောခိုင်းသွားခဲ့ရပါပြီ ။အဲဒီထဲမှာ ပြန်လည်အစားထိုးလို့မရနိုင်တဲ့ ကိုနန်းနွယ်ရဲ့အကသ
သူငယ်ချင်း သက်ဝင်းအောင်လို သက်ဝင်းအောင်တွေ
အများကြီးရှိခဲ့တယ်ဆိုတာအတည်ပြုပေးပါ။ ခုတော့
အဲဒီမျက်ရည်တွေကို စုဆောင်းထားရှိခဲ့ပါတယ်။
၈၈၈၈ ကာလတုန်းက ရှားရှားပါးပါးရေးဖြစ်ခဲ့တဲ့
တပိုင်းတစကဗျာလေးပါ ။
ငါတို့ရဲ့ သွေးနဲ့ မျက်ရည်တွေဟာ
ယုံကြည်ရဲတိုက်ရှေ့မှာ
ကျုံးရေအဖြစ်ရှိနေမယ်......
ညိုမြသွေး
28.6.2014 Sat
2:57pm
**August,2014 နှင်းဆီဖြူမဂ္ဂဇင်းတွင်ပါပြီး
ထပ်ခ်စီးဒို မရှိသူများ
လေထီးခုန်သလို ငါတို့ ခုန်ချလိုက်ရုံပဲ
သုံးဆယ့်တစ်ဘုံ ချိတ်ချင်ရာမှာ ချိတ်
တသက်လုံးစောခဲ့တဲ့ဇောတွေက
ဖက်ဆစ် ကိုလိုနီ ကိုဆန့်ကျင်
စစ်ခရိုနီကို ဆန့်ကျင်
နောက်ထပ် ဘာတွေဆန့်ကျင်ရဦးမလဲ
ခံတွင်းမကောင်းခါမှ
အနိစ္စ တရားကိုလည်း မဆင်ခြင်လိုတော့ပါ
သံတမန်ဗီဇာမရှိသူအတွက်
ညစာစားပွဲဆိုတာလည်းရှိလာမှာမဟုတ်ဘူး
tuxedo = dinner jacket.
ညိုမြသွေး