ဘယ်လိုမှ ထင်မှတ်မထားတဲ့ဖြစ်ရပ်ကတော့
အမှန်တရားဟာ ဖအေ မပေါ်ဘဲမွေးခဲ့တယ်
အရပ်စကားဆိုတာမျိုးက
အတင်းအဖျင်းလည်းပါ ၊ ကောလာဟာလလည်းပါ
တဦးက နောက်တဦး စကားတွေကော်ပီကူးခဲ့ကြ
ဘာတဲ့ နက်ဝပ် ဆိုလား
ဝက်ဘဆိုက် ဆိုလား ၊ အင်တာနက်ထဲကအစ
like တွေအများကြီးရကုန်သတဲ့
ဒီ ဥမမယ် စာမမြောက်အမှန်တရားကို
ဘယ်သူကျောင်းထားပေးမလဲ
ဘယ်သူအဝတ်ဆင်မလဲ
ဘယ်သူကျွေးမွေးသုတ်သင်မလဲ
တချို့က အမှန်တရား လူလားမြောက်လာမှ
သူကလည်းအဖေတော်ချင် ငါကလည်းအဖေတော်ချင် ဖအေတော်ချင်သူတွေများ သမှ အမှန်တရားခမျာ
ဘယ်သူ့အဖေခေါ်ရမှန်းတောင်သိမှာမဟုတ်ဘူး
ဒါပေမယ့် ခုနေခါတော့
ဆွေမရှိ မျိုးမရှိ လင်ပစ်မသား ဖတဆိုးဘဝ
အမှန်တရားခမျာ မျက်နှာငယ်
လူများစု ဆန္ဒကတော့
တာဝန်မယူဘဲ ခိုင်းစားရုံခိုင်းစားချင်တဲ့ပထွေးမျိုးလက်ထဲ
အမှန်တရားကို မအပ်ချင်ပါ
ဖြစ်မှဖြစ်ရလေဗျာ
လင်ကောင်မပေါ်ဘဲ မွေးဖွားလာတဲ့
ဟောဒီ အမှန်တရားအတွက် ငါတို့ကဗျာဆရာတွေက
လှည်းကျိုးဝင်ထမ်းချင်ခဲ့ရုံပါ
ညိုမြသွေး
No comments:
Post a Comment