က ။
မိုးစက်လေးတွေက ရေတင်နေသောလမ်းပေါ်
တဖွဲဖွဲကြဲပက်လိုက်တော့မိုးစက်မိုးပေါက်တွေနှင့်ရေ
မျက်နှာပြင်ထိတိုက်မိချိန်မှာ မိုးပွက်ကလေးတွေ ထောင်
သောင်းချီကာခုန်ပျံထကြွလာနေပေါ့။
စိတ်က ငယ်စဉ်ကလေးဘဝတုန်းကကြည့်ခဲ့ဖူး
သောအိန္ဒိယရုပ်ရှင်ကားတခုဆီသို့ပြန်ရောက်သွားခဲ့
သည်။ဇာတ်ကားနာမည်နှင့်ဇာတ်လမ်းတခုလုံးကိုမမှတ်မိ
တော့ ။ သို့တိုင် အဲဒီ မိုးပွက်ကလေးတွေကိုတော့
ကောင်းစွာမှတ်မိနေသေးသည်။ စစ်ရှုံးနေသောမင်းသား
အခြေအနေက မျှော်လင့်ချက်ကင်းမဲ့နေပြီ ၊ ရန်သူ့ခေါဘဏီတပ်ကြီးကဒဏ်ရာဗလပွနှင့်မင်းသားရဲ့
တပ်ကိုဗျူဟာမြောက်ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီ။ လက်နက်ချမလား အသေခံမလား ၊ တဖက်က
စစ်သူကြီးက ရာဇသံပေးနေပြီ။ ပရိတ်သတ်ကိုယ်တိုင်
စစ်မြေပြင်ရောက်နေသလို အကြပ်အတည်းကြုံနေကြရ
သည်။မင်းသားဘက်က အားပေး ခံစားထားမိကြတော့ ခံပေါ့။
အားလုံး ရဲ့စိတ် တွေထွက်ပေါက်ပိတ်မိနေခိုက်
မိုးကရုတ်တရက်ဝေါခနဲသွန်းပြီးရွာချလိုက်သည်။
ဘယ်လိုမှထင်မှတ်မထားသောအဖြစ်က ထူးဆန်းစွာဖြစ်
ပေါ်လာခဲ့သည်။ မရေတွက်နိုင်တဲ့ မိုးပွက်ကလေးတွေ
တခုချင်းစီက ချပ်ဝတ်တန်းဆာအပြည့်အစုံဖြင့်စစ်သည်
များအသွင်ပြောင်းကာစစ်ကူများအဖြစ်ရောက်ရှိလာခဲ့
သည် ။ သူတော်ကောင်း နတ်ကောင်းမဆိုသလို အမှန်တရားကအနိုင်ရခဲ့ပြီ၊ရန်သူ့တပ်တို့ကစင့်ကလျား
ဆုတ်ခွာပြေးလွှားကြရပြီ။
ခ ။
မိမိ အသက်အရွယ်က ၆၀ ကျော်ခဲ့ပြီဖြစ်သည်။သို့တိုင် မိုးရေစက်ကလေးတွေမြင်မိရုံဖြင့် ရှစ်ခေါဘ
ဏီတပ်ကြီးအထိပြေးမြင်တုန်း။ ငယ်စဉ်ကတည်းကစာလေးကဗျာလေးကလည်းဝါသနာပါခဲ့လေတော့ စိတ်ကူးယဉ်အကျင့်ကအရိုးစွဲနေခဲ့ပြီ ။စိတ်ကူးဆိုသည်ကလည်းပစ္စုပ္ပာန်ချည်တိုင်ကိုမေ့လျော့ကာအတိတ်ကိုပြေးလိုက် အနာဂတ်ကိုကြံလိုက်
ဖြင့် ယောက်ယက်ခတ်နေတတ်တာမျိုး ။ ထိုအတွေးစိတ်များက လောဘ ဒေါသ မောဟ တရားကအများသား။အမှန်တော့ မိမိတို့ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းတွင်အတင်းအကြပ် ဥပဒေအဖြစ်
ပြဌာန်းမထားသော်ငြားလည်းအများလက္ခံထားကြသောအစဉ်အလာတခုရှိနေသည်။ အသက်အရွယ်အတန်သင့်ရလာပြီဆိုတာနှင့်သေဖို့
နီးလာပြီ ၊အသေကောင်းအောင်လုပ်သင့်ပြီဟု သူဦးသူ
ကိုယ်ဦးကိုယ် ၊ အခွင့်သင့်တိုင်း စေတနာစကားဖြင့်
သတိပေးတတ်ကြသည်။ ငယ်သူတွေတရားအားမထုတ်
ရဘူးလား ဆိုတော့လည်းမဟုတ် ။ထုတ်လို့ရသည်
သို့တိုင်ငယ်သူတွေ အလေလိုက်နေတာကိုသဘာဝဟု
လက္ခံထားလိုက်သော်ငြား အသက်လေးငါးဆယ်အရွယ် အပြစ်သားကြီးများကိုမူ နာနာနှက်လေ့ရှိသည်။အမှန်တော့ တရားကျင့်ခိုင်းခြင်းဖြစ်သည်။တရားကျင့်ရာတွင်လည်း
သမထတော့မလုပ်နှင့် သံသရာလည်မည် ၊ဝဋ်သုံးပါးက
လွတ်ဖို့က ဝိပဿနာကျင့်မှ။ မှတ်မှတ်ရရမိုးကုတ် ဆရာတော်ဘုရားကြီးကနာနာနှက်(ဆုမ္မ)ခဲ့ဖူးသည်။ဆရာတော်ဘုရားကြီးဆုမ္မချက်ကသွေးထွက်အောင်
မှန်သည် (ဒီလိုပဲကောက်ချက်ချရမည်)။ သူ့တပည့်ရင်းတွေက အပြောတော့နိဗ္ဗာန်လိုချင်သည် ပြောပြီး လုပ်နေကြတာကတလွဲဆိုတော့ ဆရာတော်ဘုရားကြီးက လမ်းစဉ်နှင့်လုပ်ရပ်မှန်အောင်ခပ်ငေါက်ငေါက်
ကလေးဆုမ္မခဲ့တာဖြစ်သည်။ အဲဒီတရားခွေများကိုသူလို
ကိုယ်လိုအကုသိုလ်ကောင်များက နားစွန်နားဖျားလေသံ
ကြားဖမ်းတရားနာပြီးအချင်းချင်းမတွေ့လိုက်နှင့် "သေဘက် နီးနေပြီ တရားအားထုတ်တော့'ဆိုသောလက်
သုံးစကားဖြင့်ဘယ်အချိန်ကထားခဲ့မှန်းမသိသော
အာဃာတကို တရားပြလေသည်။ အမှန်တော့ ဒီကောင်လောဘကြီးလွန်းသည်၊ ကြုံတုန်းကြုံခိုက်နှိပ်
ကွပ်လိုက်ဦးမှဟုတွေးသူကများသည်။ သူလိုကိုယ်လို
အကုသိုလ်ကောင်များဟု ပြောခဲ့မိသဖြင့် စိတ်ဆိုးကြ
လည်းမတတ်နိုင် ။ အမှန်တော့ပုထုဇနောဥမ္မတကော
ဟု ဘုရားဟောထားလေတော့ ပုထုဇဉ်မှန်လျှင် ငါ
သူတပါး ယောက်ျား မိန်းမ ဟူသမျှ အကုသိုလ်ကောင်
တွေချည်းပင် ။ သောတာပန် သက္ကဒါဂါမ် စသည်ဖြစ်မှ
သေက္ခပုဂ္ဂိုလ်ခေါ်အရိယာနွယ်ဝင်ဖြစ်လေသည်။
ဂ။
အမေရိကန်လူမျိုးကမ္မဋ္ဌာန်းနည်းပြဆရာဂျိုးဇက်
ဂိုးလ်စတိန်း(Joseph Goldstein)ရေးသားသော
(The Experience of Insight; A Natural
Unfolding) ကိုယ်တွေ့ဝိပဿနာထဲမှစာပိုဒ်တခုကို
သတိရမိသည်။
လူမှာ နေရာဒေသ အစွဲအလမ်းကြီးသလိုအချိန်
ကာလနှင့် ပတ်သက်သော ဥပါဒါန်အစွဲလည်းကြီးပါ
သည်။ ကာလပညတ်တို့တွင် လူသည် အတိတ် ဟူ
သောပညတ်ကိုလည်းကောင်း၊ အနာဂတ် ဆိုသော
ပညတ်ကိုလည်းကောင်း ၊အလွန်အစွဲကြီးပါသည်။
ကျွန်ုပ်တို့က အချိန် (ကာလ)ဟုခေါ်သောအရာသည် ဘာလဲ။ ပစ္စုပ္ပန်တွင်ဖြစ်ပေါ်သောအတွေးများ ကျွန်ုပ်တို့
မှာရှိပါသည်။ ပြန်လည်သတိရအောက်မေ့ခြင်း ၊ ပြန်၍
တွေးတောဆင်ခြင်ခြင်း ၊ သုံးသပ်ခြင်းစသည်တို့ဖြစ်၏။
ထိုကဲ့သို့ ဖြစ်ပြီးသည်ကိုပြန်တွေးခြင်း၊ ပြန်၍အောက်
မေ့ခြင်းစသည့်စိတ်ကူးများအားလုံးကိုပေါင်းပြီး
ကျွန်ုပ်တို့က အတိတ်ဟူသောတံဆိပ်ကိုကပ်ပါတော့
သည်။ ထို့နောက်၎င်းကို ကျွန်ုပ်တို့၏ပစ္စုပ္ပန်ကိုကျော်
လွန်သောတနေရာသို့ပို့ထားလိုက်ကြလေသည် တဲ့။
ဂိုးလ်းစတိန်း က အတိတ်မပြန် အနာဂတ်ကို
လည်းမကြံဘဲ ဒိဋ္ဌေဒိဋ္ဌမတ္တံ သတိပဋ္ဌာန်ကျင့်နည်း
အတွေ့အကြုံများကို သူ့စာထဲတွင်ရေးပြခဲ့လေသည်။
ဒီအတိုင်းသာဆိုလျှင် မိမိနှင့်တကွသော
စာရေးဆရာ ကဗျာဆရာအပေါင်းတို့မှာ ဒုက္ခနှင့်
လှလှကြီးတွေ့ကြရုံသာရှိတော့သည်ဟု တွေးမိ ရေးမိ
ပြန်လျှင် အားလုံးကဝိုင်းဆဲတာခံရနိုင်သည်။ သို့တည်းမဟုတ် စာနယ်ဇင်း ဥပဒေနှင့်များငြိစွန်းလေ
မလား သောကတော့အပွားမိသား။
တခုတော့တွေးမိတာရှိသည် ။ မိမိလို အထီးကျန် တကောင်ကြွက် ဆွေမရှိ မျိုးမရှိ ကောင်
အဖို့ ပဋာစာရီလိုအဝတ်မကပ်အောင်ရူးသွပ် နေသူ
တောင်တရားရသွားတဲ့သာဓကရှိသည်။ ဘော့မာလေး
တို့ ဂျွန်လင်နွန်တို့ အီးဂဲလ်တို့ သဘိတဲလ်တို့သိတ်
ကြိုက်တတ်သည့် ကဗျာဆရာ စေတ တယောက်
အတောင်နှစ်ဆယ်မြင့်သည့်ဝါးလုံးပေါ်မှာ ကပြဖျော်ဖြေ
ရင်းတရားရသွားတဲ့ ဥု ဂ္ဃသေနသူဋ္ဌေးသားလို တရားရ
နိုင်သည်။ ညနေညနေဆိုရင် ရမ်နှစ်ပက်လောက်တော့
သောက်သေးတယ် ဟု ဆိုလာသော သူငယ်ချင်း
ကဗျာဆရာနွေလယ်နေတယောက် အမူးလွန်ရင်းတရား
ရသွားသူ သန္တတိအမတ်ကြီးကို စံနမူနာယူနိုင်သည်။
တသဲသဲစွေနေသောမိုးက ရုတ်ချည်း ရပ်တံ့သွား
ခဲ့သည် ။ စိမ်းလန်းစိုလဲ့နေသောမြက်ခင်းတခွင်လုံး
နေရောင်ခြည်ဖျန်းပက်လိုက်သောအခါမှာ................
ညိုမြသွေး
No comments:
Post a Comment