ချစ် ကြောက် ရိုသေမျိုးဆက်များ
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
မတ်လကုန်ပိုင်း နေပူပူနေ့တနေ့မှာ
ဖုန်းနဲ့ လှမ်းချိတ်ထားတဲ့အတိုင်း ရှင်လူ့အိမ်ကို ဘိုပီ ရောက်လာခဲ့ပါတယ်။
အကြောင်းကတော့ဘိုပီတို့အသိုင်းအဝိုင်း
တွေထဲက ဂျာနယ်တစောင်ထုတ်မှာမို့
ရှင်လူ့ဆီကသရော်စာတောင်းထားတဲ့ကိစ္စပါ ။စာမူတောင်းကတည်းက စာမူခမရဘူး
ပြောထားလေတော့ ပေါ့လို့မဖြစ်။စာမူမပေး
နိုင်ရင် စာမူခမရလို့ ပေါ့ဆတယ် အဖြစ်မခံ။
ပြီးစလွယ်ကလည်းမရေးတတ်။ဂျာနယ်နာမည်မေးတော့လည်း ဘိုပီက ဘာမှ ရေရေ
လည်လည်မပြောနိုင်။ဒီတော့ရှင်လူလည်း
ဘာရေးလို့ရေးရမှန်းမသိ။စာမူရက်ချိန်းကလည်း တပတ်ကနေနှစ်ပတ်မကဖြစ်
နေချိန် ကံကောင်းထောက်မစွာ fb ပေါ်အမှတ်တမဲ့ ရေးတင်မိတာလေးတခုက
ဘာမှန်းမသိရတဲ့ဂျာနယ်နဲ့အဆင်ပြေ
ကောင်းရဲ့တွေးမိပြီးဘိုပီ့ကိုဖုန်းလိုက်တာပါ။
စာမူပေးလိုက်ပြီးနှစ်ဦးသားအိမ်နားကလက်ဖက်ရည်ဆိုင်ထိုင်မိကြတော့ ဘိုပီ
က သူ့ကျောပိုးအိပ်ထဲက စာအုပ်တအုပ်
ထုတ်လိုက်ပါတယ်။ဒါကျနော်ရထား
တာ အဘအတွက်ယူထားလိုက်ပါ တဲ့။
စာအုပ်ကိုကောက်ကြည့်လိုက်တော့
ပါရီလမ်းမများသို့..တဲ့။ဒီစာအုပ် fb ပေါ်
သူများတွေတင်ထားတာခုတလောတွေ့
တွေ့နေကတည်းကစိတ်ဝင်စားနေခဲ့တာ
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။စာအုပ်ကောက်လှန်လိုက်တော့ကိုယ်နဲ့ရင်းနှီးသူတိုင်းပါဝင်ရေးသားထားတာတွေ့ရတယ်။လတ်တ
လောဒီထဲကရှင်လူတို့နောက်မျိုးဆက်လို့ဆိုရမယ့် ကဗျာဆရာ နေလအောင်ရဲ့
ရဲတိုက်ထဲကရယ်သံ ကဗျာလေးကို အာရုံကျမိတယ်။ နေလအောင်ဆိုတာ
ညီကဗျာဆရာလကျာ်ဝင်းနဲ့ဆက်စပ်ပတ်သက်ခဲ့ရသူလူငယ်(အင်း၄၀ ဝန်းကျင်
ထင်ရဲ့) သင်္ဘောသားအရာရှိ Second mate
ဆိုလားThird mateဆိုလား၊သူတို့ရာထူး
တွေတော့ရှင်လူမခေါ်တတ်။မကြာခင်နှစ်ကမင်္ဂလာဆောင်ဖိတ်လို့သွားခဲ့ရသေးတယ်။သဘောသကာယပြည့်ဝပြီး စကားနည်းနည်း နှစ်လိုဖွယ်အပြုံးနဲ့ ယုန်ကလေးလိုအေးအေးဆေးဆေးသမား။
သူ့ပုံပန်းနဲ့သူ့ကဗျာလိုက်ဖက်ရဲ့လားတွေး
ရင်းရဲတိုက်ထဲကရယ်သံကိုဖတ်နေမိတယ်။
♕ရဲတိုက်ထဲက ရယ်သံ♕
စောစောထ
သော့ခလောက်ကိုဖွင့်
မိုးသံ
လေသံတွေကြား
ခြေကိုဖွဖွနင်းကာ
ကျားတွေဟာ
လှောင်အိမ်တွေထဲက ထွက်လာကြတယ်။
ရှေ့တိုးတယ်
နောက်ဆုတ်တယ်
လေထုထဲစိမ့်ဝင်နေတဲ့ ကြောက်စိတ်ကို
ရှိုက်သွင်းရင်း
မာန်ဖီကြတယ်။
တကောင်နဲ့တကောင်
ကိုက်ဖဲ့ရင်း
ကျားဖြစ်ကြောင်းသက်သေပြကြတယ်။
တခါတရံ
စင်ပေါ်တက်ပြီး
တဝေါင်းဝေါင်းနဲ့
လည်ချောင်းရှင်းကြတယ်။
သူတို့ဟာ
အသက်သွင်းထားတဲ့
ကျားသေတွေ မဟုတ်ရကြောင်း
ကမ္ဘာကြီးကို
ဦးတိုက်လျှောက်ထားကြတယ်။
တနေ့တာ ပင်ပန်းမှုတွေအတွက်တော့
ကျားတွေဟာ
ကျားကစားကွင်းတွေ ရှိရာ သွားကြတယ်။
မှောင်လာရင်တော့
ရရာအသားတစ်ကိုကိုက်ဆွဲရင်း
လှောင်အိမ်ရှိရာ ပြန်ကြရတယ်။
နောက်တော့
ကြာပွတ်သံ တရွမ်းရွှမ်းအောက်
``ကိုယ့်ကိုခွင့်လွှတ်ပါ´´လို့
ရှိုက်ကြီးတငင်ငိုကြွေးရင်း
သူတို့သခင်ရဲ့ရင်ခွင်ထဲ
မောမောပန်းပန်းနဲ့ ငြိမ်သက်သွားကြတယ်။
နေလအောင်
ရှင်လူက ကဗျာကိုဖတ်နေရင်း တကိုယ်လုံး
တရွရွနဲ့ ယားယံလာတယ်။
တကောင်နဲ့တကောင်
ကိုက်ဖဲ့ရင်း
ကျားဖြစ်ကြောင်း သကသေပြကြတယ်..တဲ့
ဘုရားဘုရား..။
တခါတခါ
စင်ပေါ်တက်ပြီး
တဝေါင်းဝေါင်းနဲ့
လည်ချောင်းရှင်းကြတယ်...တဲ့။ ဒုက္ခပါပဲ။
နောက်တော့
ကြာပွတ်သံတရွှမ်းရွှမ်းအောက်
``ကိုယ့်ကိုခွင့်လွှတ်ပါ´´လို့
ရှိုက်ကြီးတငင် ငိုကြွေးရင်း
သူတို့သခင်ရဲ့ ရင်ခွင်ထဲ
မောမောပန်းပန်းနဲ့ ငြိမ်သက်သွားကြတယ်...တဲ့။ သူသိသွားပြီ၊
ရှက်လိုက်တာ။ ရှင်လူနှုတ်က ဝေါင်းကနဲ
ဟိန်းဟောက်လိုက်ပြီး နောက်ကျွမ်းပစ်ချလိုက်ချိန်မှာ ရှင်လူဟာ
သမန်းကျားတကောင်ရဲ့ ကျားအသွင်ကို
ရုတ်တရက်ပြောင်းလဲသွားပါတယ်။
နေလအောင်ရဲ့ ရဲတိုက်ထဲက ရယ်သံ
ကဗျာကို နမ်းကြည့်လိုက် နောက်တလှမ်း
နှစ်လှမ်းဆုတ်လိုက်နဲ့ ဒီပုံစံအတိုင်း
အကြိမ်ကြိမ်ပြုလုပ်ပြီးမှ နောက်လှည့်ပြီး
ရိုးမတောနက်ကြီးရှိရာကိုအသားကုန်ပြေးပါတော့တယ်။ အဲဒီ အချိန်ကစပြီး ကျားဖြစ်ရင်တောင် ခေါင်းမပြူဝံ့ပါဘူး ဆိုတဲ့စကားပုံစတင်လာခဲ့တာပါပဲ။
story#observation#shinlhu
No comments:
Post a Comment