♥ ♥ ♥ ♥
စက်ဘီးလေးက တရိပ်ရိပ်ပြေးတယ်
လမ်းကျယ်လမ်းမကြီးတွေပေါ်
တခါတခါမှာတော့
၆၄ ဟာ လမ်းပေါ်မှာ
အထီးကျန်လွန်းတယ်
ကားတွေ ဆိုင်ကယ်တွေ
ပျောက်ခြင်းမလှပျောက်လို့..
၆၄ ဟာ
အရင်ကထက်
စကားတွေပိုပြောလာတယ်
ပြောသင့်တာပဲလေ
နောက်ဆို ပြောရဖို့မသေချာတော့တာ
ဒါပေမယ့် သူ့စကားတွေက
မျဉ်းကြား ကကူးခဲ့တာချည်း
မီးနီဖြတ်မောင်းသူတွေကတော့
ကြိုက်ချင်မှကြိုက်မယ်
အထူးသဖြင့်ကတော့
ကိုယ့်တပ်ကိုယ်ပြန်နင်းခဲ့ရ...
၆၄ ကွင်းပြင်က
မျှော်လင့်ခြင်းမြက်တွေကိုမွေးတယ်
ကွင်းပြင် ၆၄ က
ခြေရာသေးသေးလေးတွေကိုချစ်တယ်
့မနက်ခင်းလှလှ
အလုပ်ကအပြန်
ရပ်ကွက်အားကစားကွင်းထဲဝင်ပြီး
ဟိုငေး ဒီငေး...
ကွင်းထဲမှာက
ခွေးတကောင်နဲ့
သူတယောက်ထဲ
`` ဒီခွေးက ဒီကွင်းထဲလာပြီး
ဘာလုပ်သလဲ ပေါ့´´
သူတွေးမိတာက
တံတိုင်းမရှိတဲ့ ကွင်းထဲဝင်ပြီး
တောင်ငေးမြောက်ငေးက တော့
ခွေးနဲ့လူနဲ့ အတူတူ
ူ
၆၄ က တရားရှိသူပါ
ကုသိုလ်လည်းတရား
အကုသိုလ်လည်းတရား
ကုသိုလ် အကုသိုလ်မဟုတ်တာလည်း
တရား
တရားမရှိရမှာ ပျင်းစရာ
Net Geo -Wild channel ကြည့်မိတိုင်း
နိုင်ရာစားလောကကို တရားမျှတစေချင်တာ
သူမှားနေပလား အတွေးချောင်ပြီး
နောက်တော့လည်း
မှန်ကန်ကြောင်းထပ် ထပ် အတည်ပြုတယ်
သတ္တဝါမှန်ပေမယ့်
လူလေ...
တိရိစ္ဆာန်တွေမှ မဟုတ်ပဲ
ဘုရားတွေ အများကြီးရှိပြီး
တရားတွေ အသက်မဝင်တာကလွဲလို့ပေါ့
သီလကိစ္စ မှာတော့
သူကမန်နေဂျာပဲ
တခါတခါ ဝိုင်သောက်
တခါတခါ ဝီစကီ သောက်
ကိုယ်ဖြစ်ကိုယ်ခံ လောကဓံကို
လူပြောသူပြော ခေါင်းစဉ်အောက်မှာ
တေးမှတ်မထားနိုင်ဘူးလေ
၆၄ ဟာ အရက်တော့မူးတယ်
ဘဝတော့မမူးဘူး
ဘဝမူးတဲ့သူတွေဆို
သောက်မြင်သိတ်ကပ်တယ်..
ကွင်းပြင် ၆၄ ရေ
အခြေနေအရပ်ရပ်က
နေဝင်ချိန်တိမ်တောက်နေတာမဟုတ်ဘူး
ငြိမ်းခါနီး ဆီမီး ထတောက်တာ
သုတ်သုတ်သွား သုတ်သုတ်ပြန်
သန်းခေါင်ယံ ငှက်ဆိုးမထိုးခင်
နိုးနိုးကြားကြားနေမှသင့်မယ်
ကမ္မဿကတာသမ္မာဓိဋ္ဌိ တဲ့လား
တူသောအကျိုး ပေးမပေးတော့မသိ
မေတ္တာ ဗြဟ္မစိုရ် အောက်ဆီဂျင်နဲ့နေမှ
အသက်ရှူ ရအဆင်ပြေမှန်းတော့
၆၄သိခဲ့...
၆၄ ကွင်ပြင်ကြီးက
လက်ဆွဲနှုတ်ဆက်ဖို့ကြုံတိုင်း
လက်ကဒဏ်ရာကို ပြန်ပြန် သတိရတယ်
ဒီလိုနဲ့ အထီးကျန်မှုဟာ
နေကြပ် လကြပ် နေ့ညများထဲ စမ်းတဝါး
ကိုယ့်မျက်နှာကိုယ်ပြန်မမြင်ရတာပဲ
ခပ်ကောင်းကောင်း ထင်ပြန်ရော
မသောက်တော့ပါဘူး ဆို
ကံစမ်းမဲက ထထ ပေါက်နေတယ်
ဒီလိုပါပဲ...
Market economy နဲ့ Promotion က
၆၄ ကိုမထိတထိလုပ်တယ်
၆၄ ကလည်း မထိတထိပြန်လုပ်တယ်
ရူးတတ်မိုက်တတ်တဲ့အရွယ်မဟုတ်ဘူးလေ
အသေအချာ တွက်ချက်ပြီးမိုက်တဲ့အရွယ်...
၆၄ က
တမလွန်ကို ဖုန်းခေါ်ချင်နေတယ်
ဒီ့ထက်ကောင်းမယ့်
ဘဝ ဇာတ်ညွှန်းများ ရှိနေမလား ပေါ့
မသောက်ချင်တဲ့ အရက်ကိုသောက်ပြီး
မရေးချင်တဲ့ ကဗျာကိုရေးတယ်
ကိုယ့်အတွင်းပိုင်းကိုယ်သိနိုင်ဖို့က
ဒီ တနည်းပဲရှိတာကိုး
အံ့သြပ
သူ့စိတ်က ဒဏ်ရာဗလပွနဲ့
သွေးစက်စက်ယိုတယ်
ဘဝတွေက
ကိန်းကြီးခန်းကြီး နိုင်တယ်..
ပုဆိုး ဘောင်းဘီဝတ်တာအစ
စတိုင်ကျဖို့လိုသတဲ့
ခေါင်းဖီးရတယ်
မှန်ကြည့်ရတယ်
မှန်က ဘာမှမပြောပေမယ့်
မမှန်တာတွေက အမျိုးမျိုးပြောခဲ့ကြ
၆၄ ဟာ
ဘုရားတွေ ထီးခဏခဏတင်ပြီး
တရားတွေနေပူမိနေတဲ့
မွေးဇာတိရွာကလေးကို ငေးရင်းမောရင်း
အဝေးကို ရောက်မှန်းမသိရောက်နေခဲ့
သူကပျော်တတ်တယ်
ပျော်ချင်လွန်းလို့တော့မဟုတ်ဘူး
ငိုစရာပဲရှိတဲ့ ဘဝကို မုန်းလွန်းလို့
အရွဲ့တိုက် ပျော်နေတာ
မသိတဲ့သူတွေက
လူဝါးဝတယ်ထင်တယ်
စော်ကားတယ်ထင်တယ်
သောက်ဆင့်မရှိတဲ့ သိက္ခာထိပါးလို့
မုန်းတဲ့လူက မုန်းတယ်
ရှိပါစေတော့
သင်တို့နှင့်ကျွန်ုပ်
နောက် အနှစ် ၂၀ ပေါင်းသင်းဖို့
ဘာ စာချုပ်မှမရှိ...
၆၄ ကွင်းပြင်ဟာ
တခါတရံမှာ
ပွဲလမ်းသဘင်တွေနဲ့ပျော်တယ်
အားလုံးပြီးဆုံးတဲ့အခါ
အမှိုက်နဲ့ သူပဲကျန်တယ်
အကြွင်းအကျန်ရှာစားတဲ့
ခွေးလေခွေးလင့်တချို့လည်းကျန်သပေါ့
အမှိုက် သိမ်းရပေမယ့်
၆၄ ကပျော်တယ်
သူက ပွဲကြိုက်တာကိုး...
၆၄ ဟာ
သူကိုယ်တိုင်အထူးပြုလုပ်ထားတဲ့ဒုက္ခနဲ့
အတူနေထိုင်သူဖြစ်တယ်
ဒုက္ခနဲ့အတူသွား
ဒုက္ခနဲ့အတူစားပြီး
ဒုက္ခနဲ့ချစ်ကျွမ်းဝင်တယ်
ဒုက္ခကို ပိုးမွေးသလို တယုတယနဲ့ 
ဒုက္ခသီချင်းတွေစုံတွဲဆိုတယ်
တခါတခါ ၆၄ အခက်ကြုံတယ်
ရန်သူ့တောင်ကုန်းကို
အသက်နဲ့ရင်းပြီး သိမ်းပိုက်လို့ရပေမယ့်
ရန်သူ့နှလုံးသားကိုတော့
အသက်နဲ့ရင်းလို့ မရနိုင်ဘူး
ကွင်းပြင် ၆၄ က
တချို့ပြဇာတ်တွေကို ယုတ္တိမျက်လုံးနဲ့ ကြည့်တယ်
``ငါ့ကို လက်နက်ချပါ ငါအသနားခံပါတယ်´´ ဆိုတဲ့ ဇာတ်ဝင်ခန်းကို
ပြုံးတယ်...
၆၄ က အရက်မကြိုက်ဘူး
ဒါပေမယ့်
အခြေအနေအရ သောက်တယ်
လူ့ဘဝ နတ်ဘဝ ဗြဟ္မာဘဝ
တခုမှမကြိုက်ဘူး
အခြေအနေအရ လက္ခံထားရတာ
၆၄ ဟာ
မနက်ကကျန်တဲ့ ပဲကြာဆံကို
Grand Royal နဲ့ မြည်းပလိုက်တယ်
သူ့ကိုစိုက်ကြည့်နေတဲ့ ငါးကြင်းမျက်လုံးကို
အသာလေးကော် ပြီး အရသာခံ စုပ်လိုက်တယ်
တလောကလုံးမှာ
သူနိုင်တာ
ငါးခေါင်းချဉ်ရည်ဟင်းပဲလေ...
၆၄ ဟာ
ကိလေသာကုန်မှာကြောက်လို့
တရားစခန်းက ပြန်ခဲ့တယ်
မရီကြပါနဲ့
သူတွေးသလို
ခင်ဗျားတို့ တွေးဖူးရဲ့လား
ကိလေသာမရှိတော့ရင်
ချစ်သူကို ဘာပြောရမလဲ
အိမ်လခ ဘယ်လိုရှာရမလဲ
ကဗျာတွေ ဘယ်လိုရေးမလဲ
၆၄ ဟာ
တလိမ့်လိမ့် လွန့်လူးရင်း အပိုင်းပိုင်းပြတ်တယ်
တစစီ ပြန်ကောက်ဆက်တော့
၆၄ ဖြစ်တယ်
ဒါပါပဲ
ညိုမြသွေး
Wed,29 Nov 2017
No comments:
Post a Comment