Saturday, January 12, 2019

ကဗျာ

ကဗျာဆရာ၊စာရေးဆရာ..ဆိုတာ
🐢🐍🦎🦂🦀🦑🕷🐜
ဒီနေ့ဆို ဇနီးသည် မမ ကွယ်လွန်ခဲ့တာ ၁၀နှစ်ပြည့်ခဲ့ပြီ။
၁၉၆၉ မှာချစ်သူတွေဖြစ်ခဲ့ကြပြီး 
၂၀၀၉ မှာကွယ်လွန်တော့နှစ်ပေါင်း ၄၀ ပေါ့နော်။ နှစ်ပေါင်း ၄၀ ဆိုးတူကောင်းဘက် သုခ ဒုက္ခတွေကို အတူတူ လက်တွဲရင်ဆိုင်ခဲ့ကြပြီး
မမတယောက်ရုတ်တရက် လမ်းခွဲထွက်ခွာသွားတော့ ပိယေဟိဝိပ္ပယောဂေါ ဒုက္ခော ၊ ကွေကွင်းရခြင်းဆိုတဲ့ ဝေါဟာရကို ရှင်လူ လက်တွေ့ကျကျ နားလည်လာရတယ်။ အထူးသဖြင့်​က​တော့ ၁၀ နှစ်တိုင်အောင်ကိုယ်​တ​ယောက်​တည်း ရှင်​သန်​​နေခဲ့တဲ့
စံချိန်​ကို လည်းအံသြရဲ့။ မမဆုံးခါစတုန်းက​တော့ အသက်​​တောင်
ဘယ်​လိုရှူရမှန်းမသိ​အောင်​ဖြစ်​ခဲ့တယ်​။
အထူးသဖြင့်​မနက်​ခင်းလက်​ဖက်​ရည်​ဆိုင်​ထိုင်​တဲ့အခါနဲ့ည​နေအလုပ်​နားချိန်​​ရောက်​တိုင်းတ​​ယောက်​ထဲ
ယောင်​ချာချာ ။  မိတ်​​ဆွေသူငယ်​ချင်း​တွေအိမ်​သွားလည်
တော့လည်း သူတို့မိသားစု သမီးသား​မြေး
တွေနဲ့ ​ပျော်​ ရွှင်​ဆူညံ​နေတာမြင်​ပြီး ကိုယ်​က
ငိုချင်​လာတယ်​။မနာလိုစိတ်​​တော့မဟုတ်​ဘူး။ သိမ်​ငယ်​စိတ်​နဲ့တူရဲ့။သွေး​ပေါင်​က
တက်​လိုက်​ ကျလိုက်​။ ​နေ့စဉ်​​ဆေးခန်းပြ
နေရ​တော့ ​ဒေါက်​တာတင့်​​ဆွေ​ဆေးခန်းမှာ 
ဆေးစာအုပ်​နှစ်​အုပ်​တွဲသာချုပ်​လိုက်​ရတယ်​လူက
 ၁၁၃ ​ပေါင်​ပဲကျန်​​တော့တယ်​။တချို့
မိတ်​​ဆွေ​တွေ​နောက်​မှ​ပြောပြလို့သိရတာ
``အဲဒီအချိန်​ ရှင်​လူ့ကို လမ်းမှာ​တွေ့ရင်
နှုတ်​မဆက်​ရဲဘူး´´တဲ့။ရှင်​လူ့မျက်​နှာဟာ
တစုံတခုဖြစ်​​တော့မယ့်​မျက်​နှာမျိုး။
ဒီလိုနဲ့ဘုရားပုထိုး​တွေ​လျှောက်​သွား​တော့လည်းမမအရိပ်​​တွေက​ခြောက်​လှန့်​​နေ
တယ်။နှစ်​​ပေါင်း ၄၀ တိုင်အောင် တတွဲတွဲ။စာ​ပေနယ်​နဲ့နိုင်​ငံ​​ရေးနယ်​က
မိတ်​​ဆွေ​တွေက​ရော ၊အရပ်​ထဲကပါ ရှင်​လူနဲ့
မမကို အတွဲနဲ့မြင်​ကြတာ။ခုထိ ရပ်​​ဝေးကပြန်​လာတဲ့သိ​ဟောင်းကျွမ်း
ဟောင်း​တွေက``အမကြီး​နေ​ကောင်းလား´´
မေးကြတုန်း။စိတ်​​တွေကျ​နေရတဲ့အထဲ 
တီဘီ​ဆေးက​ခြောက်​လ​သောက်​ရ​သေးတယ်​။
မေ့တတ်တာကလည်းလွန်ပါရော။ ကိုယ်အင်မတန်ရင်းနှီးခဲ့သူတွေရဲ့ နာမည်တောင် စဉ်းစားမရအောင်ဖြစ်လာတယ်။တခါတခါ ကိုယ့်ဟာကိုယ်ဆေးသောက်ပြီးပလားဆိုတာတောင်မေ့မေ့နေလို့ အိမ်ခါးပန်းမှာမြေဖြူနဲ့(ဒီနေ့ ဆေးသောက်ပြီးပြီ)လို့ နေ့စွဲနဲ့တကွ ရေးမှတ်ရတယ်။
ဒီလိုနဲ့ ​ယောင်​ချာချာဖြစ်​ရင်း မိမိကိုယ်မိမိ ဘယ်သူမှမမြင်တဲ့ ဝိဥာဉ်တခု လွင့်မျောနေသလို ခံစားခဲ့ရတယ်။ ထမင်းဆိုင်မှာ ထမင်းဝင်စားရင်း
တလုတ်နှစ်လုတ်သာစားဝင်ပြီး ထပြန်ခဲ့ရတဲ့အကြိမ်တွေကလည်းမနည်းလှ။
တနေ့ အမှတ်မထင် စာအုပ်တအုပ်ကောက်လှန်ရင်း အကြမ်းခြစ်ထားတဲ့ ကဗျာတပုဒ် သွားတွေ့တယ်။ကိုယ်ရေးထားတာကိုယ်မမှတ်မိတော့
အသစ်အဆန်းလိုဖြစ်နေတယ်။ဒါ မမဆုံးပြီးမှ
ရေးဖြစ်တဲ့ကဗျာပဲ။"သမုဒယ၏ ဖန်ရှင်များ"
တဲ့။အင်း ဒီကဗျာလေး မဂ္ဂဇင်းတခုခုပို့ရရင်ကောင်းမယ်တွေးမိပြီး ခေါင်းထဲ နန္ဒာမိုးကြယ်ကိုသတိရမိသွားတယ်။နန္ဒာမိုးကြယ်က လာဘ်မိုး
စွေ စာပေတိုက်မှာထိုင်တယ်။သူကိုယ်တိုင်လည်း
ကလောင်နာမည်အမျိုးမျိုးနဲ့စာတွေရေးနေပြီး
မဂ္ဂဇင်းတချို့လည်းတည်းဖြတ်နေတယ်လို့ကြားတယ်။ ရှင်လူ့ကဗျာက ဂမ္ဘီရ လိုင်းတော့မဟုတ်။
ဒါပေမယ့် အသုံးတဲ့ရင်တော့ နန္ဒာမိုးကြယ်သင့်တော်သလိုကြည့်လုပ်လိမ့်မယ်တွေးမိတယ်။
ဒါပေမယ့် နန္ဒာမိုးကြယ်ရှိရာ ရန်ကုန်မြို့ထဲသွားဖို့
ရှင်လူ့အတွက်မလွယ်လှ။ကျန်းမာရေးအခြေအနေကဘတ်စ်ကားစီးရင် ရင်တုန်မူးဝေဖြစ်နေတော့
ဒီကဗျာကို လူကြုံပါးဖို့တွေးမိတယ်။ဒီအချိန်မှာ
ကဗျာဆရာ ဇော်ယုအောင်ဖွင့်ထားတဲ့"ချမ်းမြေ့ဇုံ"လက်ဖက်ရည်ဆိုင်မှာ ကောင်တာထိုင်ပေးနေတဲ့ မောင်မိုးလှိုင်(သစ္စာမြေ)ကိုသွားသတိရတယ်။
မောင်မိုးလှိုင်နဲ့က တရင်းတနှီးမတွဲခဲ့ဘူးပေမယ့်
ရှင်လူတို့ အသက်၃၀ ဝန်းကျင် တောင်ဥက္ကလာ
စာပေလုပ်သားအဖွဲ့မှာ ပါဝင်လှုပ်ရှားခဲ့တုန်းကတည်းက သိဟောင်းကျွမ်းဟောင်းတွေဆိုတော့
တယောက်နဲ့တယောက် အစိမ်းကြီးတော့မဟုတ်။
ခုနှစ်ပိုင်းတွေမှာလည်း ဇော်ယုအောင်ဆိုင်မှာ
မကြာခန တွေ့ဖြစ်နေကြတာ။ သူက တပတ်တခါ"လေအန်ကုန်း"မှာ နန္ဒာမိုးကြယ်နဲ့ဆုံနေကျဆိုတော့ သူနဲ့ပေးလိုက်ရင် အဆင်ပြေဆုံးပဲတွေးမိပြီး ရှင်လူတို့ ၄ ရပ်ကွက် ရုံးနားကပ်ရက်မှာဖွင့်ထားတဲ့"ချမ်းမြေ့ဇုံ"လက်ဖက်ရည်ဆိုင်ကိုလာခဲ့တယ်။အဆင်သင့်ပါပဲ ၊သူ ကောင်တာထိုင်နေတာတွေ့တာနဲ့ သူ့ရှေ့ရပ်ပြီး"ကိုမိုးလှိုင်ကို
တခု အကူအညီတောင်းချင်လို့ဗျာ၊ ဒီအပတ်
လေအန်ကုန်းသွားရင် ကျနော့ကဗျာလေးယူသွားပြီး နန္ဒာမိုးကြယ်ကိုပေး ပေးပါ"ဆိုတော့ မောင်မိုးလှိုင်က ရှင်လူ့ကဗျာကို အစအဆုံးတခေါက်ဖတ်လိုက်ပြီး"ကဗျာက ရှည်လွန်းတယ်ဗျ၊ သုံးမှာမဟုတ်ဘူး"တဲ့။သူ့စကားကြောင့် ရှင်လူအံ့အားသင့်သွားမိတယ်။သူ့ကို ကဗျာလူကြုံပါးတာကို
သူကတခါထဲတည်းဖြတ်နေတော့ တခုခုလွဲနေပြီ။"နန္ဒာမိုးကြယ်လက်ထဲသာထည့်ပေးပါဗျာ၊
သူ့ဟာသူကြည့်လုပ်ပါလိမ့်မယ်"လို့ထပ်ပြောတော့လည်း မောင်မိုးလှိုင်က "ကျနော့ကဗျာတွေတောင်တမျက်နှာပဲရေးရတယ် "ချည်းထပ်ပြောနေတော့ ၊ အင်း..သူမကူညီချင်လို့ပဲလေ"တွေးပြီး၊ အိတ်ထဲထည့်ပြန်လာခဲ့တယ်။ဒီလိုနဲ့ နောက် နှစ်လလား သုံးလလားမမှတ်မိတော့တောင်ဥက္ကလာပ မြို့နယ်စာနယ်ဇင်းရုံးမှာနန္ဒာမိုးကြယ်ပွဲတခုလုပ်မယ်ကြားတယ်။
(စာတမ်းဖတ်ပွဲ)လားဘာလားမမှတ်မိတော့။
ရှင်လူက ၈ လေးလုံးနောက်ပိုင်းဘာစာပေအဖွဲ့အစည်းမှမဝင်တော့ပေမယ့် တချို့ပွဲတွေဘာတွေကြားရင် မိတ်ဟောင်းဆွေဟောင်းတွေနဲ့တွေ့ချင်လို့ သွားတဲ့အခါသွားတတ်တယ်။
မောင်မောက်(ဥက္ကလာ) အမှတ်တရပွဲတုန်းကလည်းတခါသွားခဲ့သေးတယ်။
ဒီလိုနဲ့ စာနယ်ဇင်းရုံးရောက်တော့ စားပွဲမှာဝိုင်းထိုင်နေကြတဲ့ အထဲက နောင်တော်ကြီး မောင်ရွှေစွန်ကသူ့ဘေးကခုံကိုပုတ်ပြီး"ဒီမှာထိုင်"တဲ့။
တဖက်ကစားပွဲထိပ်မှာတော့ နန္ဒာမိုးကြယ်ကသူ့ပွဲအတွက်စာရွက်စာတမ်းတွေလှန်လှောစစ်ဆေးရင်းအလုပ်များနေရာကရှင်လူ့ကိုလှမ်းလက်ပြနေသေးတယ်။ထိုင်ခုံမှာလည်းထိုင်မိရော မောင်ရွှေစွန်က"အခြေအနေဘယ်လိုလဲ "လို့မေးတယ်။မတွေ့ကြတာကြာပြီဆိုတော့ ကျန်းမာရေး၊လူမှုရေး၊အလုပ်အကိုင်စတဲ့ အရာအားလုံးကိုလိုရင်းတိုရှင်းမေးလိုက်တာပါ။ဒီတာ့ ရှင်လူကဘာမှပြန်မပြောနေပဲ အင်္ကျီအိတ်ကပ်ထဲက"သမုဒယရဲ့ဖန်ရှင်များ"ကဗျာကိုထုတ်ပေးလိုက်တယ်။ဆရာမောင်ရွေစွန်က ကဗျာကိုအစအဆုံးဖတ်လိုက်ပြီး
စာရွက်ကိုပြန်ခေါက်လိုက်တယ်။စားပွဲထိပ်မှာအလုပ်ရှုပ်နေတဲ့ နန္ဒာမိုးကြယ်လက်မောင်းကိုလှမ်းပုတ်လိုက်ရင်းစာရွက်ခေါက်လေးချပေးလိုက်တယ်။နန္ဒာမိုးကြယ်က ဘာများလဲလို့စူးစမ်းတဲ့ဟန်နဲ့စာရွက်ခေါက်လေးကိုဖွင့်ပြီး အထက်အောက်ကြည့်၊ ပြန်ခေါက်ပြီးလွယ်အိတ်ထဲကောက်ထည့်လိုက်တယ်။ "သမုဒယ၏ဖန်ရှင်များ"ကဗျာ 
အယ်ဒီတာလက်ထဲ ရောက်သွားပါပြီ။ကျန်တာ
သူ့ကိစ္စပါ။
ဒီလိုနဲ့ လေးငါးခြောက်လတော့ကြာသွားမယ်ထင်ပါတယ်။တယောက်ယောက် အကြောင်းကြားမှ"မနုစာရီ "မဂ္ဂဇင်းမှာ "သမုဒယ၏ ဖန်ရှင်များ"
ကဗျာပါလာခဲ့ပါတယ်။ဒီ"သမုဒယ၏ ဖန်ရှင်များ"
အမည်နဲ့ပဲ နောက်ကဗျာတပုဒ်ရေးဖြစ်လို့ မိတ်ဆွေစာရေးဆရာအုန်းမြင့်ဦးကတဆင့် မဟေသီ
မဂ္ဂဇင်းက တာဝန်ခံအယ်ဒီတာ ဆရာဝင်းသူရ
ဆီပို့ခိုင်းလိုက်တာလည်း မဟေသီမဂ္ဂဇင်း
(နှစ်လ၊ မမှတ်မိ)ကဖော်ပြပေးပါတယ်။
စာရှည်ပြီမို့ ခုတော့ ပထမ မဂ္ဂဇင်း မနုစာရီထဲက
"သမုဒယ၏ဖန်ရှင်များ "ကိုပဲ အောက်မှာ
တင်ပေးလိုက်ပါတယ်။
🚹🚹🚹🚹🚹

သမုဒယ၏ ဖန်ရှင်များ
🚻🚻🚻🚻🚻
ဘာဖြစ်လဲ...
ခေါင်းအုံးလေးကို ဖက်အိပ်တယ်
ခေါင်းအုံးလေးက နွေးတော့နွေးတယ်
ဒါပေမယ့် ငါ့ကို ပြန်ဖက်မထားဘူး
"မောင်ရေ..မောင်ရေ.." မခေါ်ဘူး...။

အားတင်းလိုက် အားပျော့လိုက်
သွေးပေါင်က တက်လိုက် ကျလိုက်
သွေးကျဆေးတွေ အမျိုးမျိုးပြောင်းလိုက်..။

သံယောဇဉ်က ငါ့ကိုပြတ်သွားပေမယ့်
ငါကသံယောဇဉ်ကို မပြတ်
အဝိဇ္ဇာ ထမင်းတွေသာ
တစ်နပ်ပြီး တစ်နပ်ဆက်စား
"မင်းဖျားနေတာ အဝိဇ္ဇာရောဂါ"
ဘုရားရှင်သာရှိသေးရင်
နောက်လူတွေ ဆင်ခြင်စရာ
ဘာဝနာ ဂါထာတပုဒ် တွင်လိမ့်မယ်..။

ရှက်လည်း ရှက်ပါရဲ့..
တရားက ငါ့ကိုရင်ဆိုင်
ငါကတရားကို ရင်မဆိုင်ရဲသေး
အရိယာသွေး နည်းနည်းမှ မပါ
ဇနီးသည်သာ ရှိသေးရင်
"ရှင်ဟာ သတ္တိနည်းနည်းမှမရှိဘူး" ဆိုမယ်..။

အီကြာကွေးတခြမ်းက လွမ်းပြနေမှတော့
ငါကိုယ်တိုင် မျက်ရည်ကျခဲ့..။

ကွက်လပ်များ..ကွက်လပ်များ..
ထိုင်နေကျ သွားနေကျ
ကျောင်းကန်ဘုရား ပန်းခြံ
မိတ်ဆွေသင်္ဂဟတို့၏ နေအိမ်များ
နောက်ဆုံး..
ကိုရီးယားဇာတ်လမ်းတွဲကြည့်ရာတီဗွီရှေ့
ကွက်လပ်တွေဖြည့်မရ...။

အချိန်နဲ့ အာကာသ
ငါ့မှာ ဗုံးပေါလအော
စကားပြောဖော်မရှိတဲ့အခါ
ဆရာဝန်ကို ငွေပေးပြီးစကားပြော
၉၆ ပါးရောဂါ
အာထရာဆောင်း
အီးစီဂျီ
အိပ်စရေး
သွေး ဆီး သလိပ်စစ်
ငါ့ကိုယ်ငါ ဒေါသဖြစ်..။

ထမင်းချိုင့် ကလေးများ
ထီးကလေးများ
အသီးသီး အိမ်ပြန်ခဲ့ကြ
ညနေခင်း အလုပ်သိမ်းချိန်
ငါ့အခန်းရှေ့ကဖြတ်သန်း
တဦးတလေမျှ ငါ့ထံရောက်မလာ...။

ကျန်းမာရေးအတွက်
ကန်စွန်းရွက် ချဉ်ရည်ချက်
ကန်စွန်းရွက်ကလေးများ လှီးသင်ရင်း
ရင်တွင်းမှာ တလှိုက်လှိုက်မော
တော်ပြီ...ဒါလောက်ခက်တဲ့အလုပ်
နောက်နောင်မလုပ်တော့ပြီ...။
(၉.၁.၂၀၀၉သို့)
ဇေယျဝတီ(မင်းလွင်စိုး)

No comments:

Post a Comment