Thursday, June 27, 2019

သရော်စာ

"ဝေါ ဖလူးဖလူးမျိုးချစ်စိတ်"
🏃🚄💨💨💨
ရှင်လူ (ရင်ပူတယ်)

ခုတလော ရှင်လူကြီး သတင်းပလင်းတွေ
ဖတ်ရ ကြည့်ရ နားထောင်ရတာ စိတ်မချမ်းသာ။ ဒီလိုဆိုတော့ အရင်က ဖတ်ခဲ့ရတာတွေက စိတ်ချမ်းသာစရာလား ဆိုတော့လည်းမဟုတ်ပြန်။ အမှန်တော့ ရှင်လူကြီး သက်တမ်းတလျှောက် ၆၆ နှစ်သာ
ရောက်လာတယ် ပျော်စရာ သတင်းစာဆိုလို့ တစောင်တလေမှ ပြစရာ မှတ်မှတ်ရရ
မရှိ။ ဒါတောင် မ ဆ လ အစိုးရခေါ် ဗိုလ်နေဝင်းအစိုးရ ခေတ် (၂၆)နှစ်တာကာလ တခုလုံး သတင်းဆင်ဆာ ပေါ်လီစီ
သုံးပြီး ဖားပင့် ကန်သတင်းတွေချည်းရေးခဲ့တာတောင် ( အစိုးရကိုဖား၊ သူ့လူတွေကိုပင့်၊ မတည့်သူတွေကိုကန်) လက်တွေ့ဘဝနဲ့ကွာခြားတဲ့ လိမ်ဆင်ကြီးတွေမို့ သတင်းကောင်းမထင်ခဲ့။ ၈ လေးလုံးနောက်ပိုင်း နဝတ ၊နအဖ စသဖြင့် ကျန်စစ်သားခေတ်လည်း အမှန်တကယ် သုံးသပ်ရရင်
ခုတိုင် အကင်းမသေသေး။သတင်းမီဒီယာတွေ လွတ်လပ်တာ မလွပ်လပ်တာကတော့ အငြင်းပွားစရာ တပုံတပင်နဲ့ပေမဲ့၊
သတင်းပေါက်ကွဲပုံတွေကဖြင့် သီတင်းကျွတ် တန်ဆောင်တိုင်ပွဲတွေမှာ မီးရှူးတို့
ဗျောက်အိုးတို့ ဖောက်သလို တရှူးရှူး
တဒိုင်းဒိုင်း ပေါက်ကွဲသံ ဆန်းတွေက
အနန္တ။ လမ်းဘေးဈေးရောင်းသူကအစ
ရေသန့်ဗူးခွံကောက်သူအဆုံး မိုဘိုင်းဖုန်းတွေနဲ့ဆိုတော့ ဂလိုဘယ်လိုက်ဇေးရှင်းကြီးက အလိုလိုရောက်လာ။ တကယ်တော့
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ မျိုးချစ်စိတ်နဲ့တော့ ဘာမှမဆိုင်ချေဘူး။ တချို့မျိုးချစ်တွေက ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ
မျိုးချစ်စိတ်ကို ထိပ်ပုတ် ခေါင်းပုတ် လုပ်မယ်ထင်ပြီး ကြောက်နေကြမှာစိုးမလို့ထည့်ပြောတာပါ။ ခုလို ဆိုရှယ်မီဒီယာ
(ဖေ့စဖုတ်၊တွီတာ၊အင်စထာဂရမ်၊ဗွီခေ)
စတာတွေကြောင့် Information democracy ဆိုတာကြီးက ဆူနာမီလို
လှိမ့်ဝင်လာပြီး တကမ္ဘာလုံးကို ဗလုံးရှုပ်ထွေး ဖြစ်သွားစေပါတယ်။ အဲတော့ ရှင်လူကြီးတို့လည်း အုတ်ရောရော ကျောက်ရောရော ဂလိုဘယ်ကြီးထဲမှာ ကာလာဖူး
နယူးစ် တွေ နေ့စဉ်ဖတ်ပြီးသကာလ
Tom & Jerry ကာတွန်းထဲက ကြွက်အနှိပ်စက်ခံရတဲ့ ကြောင်လို မျက်လုံးလေးတွေ ချာချာလည်ပြီး သတိလစ်မတတ်ခံစားနေရတော့တယ်။အရင်ကထက်
အခုပိုဆိုးလာတာက အသက်အရွယ်ရလာပြီလေ၊ ငယ်ငယ်ကလို စိတ်သိတ်မခိုင်ချင်တော့။ တချို့သတင်း ဗွီဒီယိုဖိုင်တွေ
ကြည့်ရင်း ဟတ်ထိချင်လာတယ်။ ဒီအတိုင်းသာဆိုရင် အသက်အရွယ်ကြီးရင့်သူတွေ သတင်းစာဖတ်ခွင့် ပိတ်ပင်ဖို့ လွှတ်တော်မှာ အဆိုတင်သွင်းဖို့တောင်ကောင်းတယ်။ ဒေါ်နွယ်ထွန်း က အမေရိကန် ဂရိတ်ဖြစ်ရမယ်ကြွေးကြော်တာ မဘသ(ခု ဖောင်ဒေးရှင်း) လို မျိုးချစ်စိတ်အခြေခံပဲတဲ့။
Great again ဆိုတဲ့စာအုပ်ကိုရေးပြီး
ဒေါ်နွယ်ထွန်းက အလကားဝေပစ်တာ။
ပြီးတော့ အနီရောင်ဘေ့စဘောဦးထုပ်တွေမှာ Make America Great again စာတန်းထိုးပြီးရောင်းတာ ရောင်းမလောက်ဆိုပဲ။တကယ်တော့ အမေရိကန် မျိုးချစ်စိတ်ဆိုတာ လူမျိုးပေါင်းစုံ ၊ ဘာသာပေါင်းစုံနေထိုင်တဲ့ အမေရိကန်နိုင်ငံအနေနဲ့ ပြောရရင် နိုင်ငံချစ်စိတ်ပါပဲသူ့Constitution ထဲမှာ သီးခြားဝိသေသရှိတဲ့အသိမှတ်ပြု ဘာသာမရှိတဲ့အတွက် မဘသ ဘာညာမရှိပါဘူး။တခုထူးခြားတာက သမ္မတလင်ကွန်းလက်ထက်မှာ
ကျွန်စံနစ်ကိုဖျက်သိမ်းနိုင်ခဲ့တဲ့အတွက်
နီဂရိုးကျွန်တွေဟာ အမေရိကန်နိုင်ငံသားအဖြစ် လွတ်လပ်စွာနေနိုင်ခဲ့ကြပြီး ဘားရက်အိုဘားမားလို နီဂရိုးသွေးစပ်တောင်သမ္မတ ဖြစ်လာခဲ့တာပါ။ အမေရိကန်အချုပ်တန်းဆရာဖေသာရှိလို့ကတော့ မိပစ်လို့ ဘရှောင်သွေ တယ် ဂွကောင်တွေ ခွေးဖြစ်ပေါ့ ဗျိုး တို့၊ စိန်ကြည်နော်စိန်ကြည် လင်ယူပက်စက်သည် တို့၊ဂျစ်လေဒီတို့ စသဖြင့်ပေါ့လေ။တကယ်တော့ အမေရိကန်မျိုးချစ်စိတ်ဆိုတာ အမေရိကန်စိန်ကြည်လုံခြုံရေးကောင်စီ ၊ဒါမှမဟုတ် အမေရိကန်မိန်းကလေးတွေ တိုင်းတပါးသားနဲ့မယူဖို့ကိစ္စဆိုတာမျိုးကို စိတ်မဝင်စားပါဘူး။အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကိုထိပါးလာမယ်ဆိုရင် တမုဟုတ်ချင်းစစ်သင်္ဘောကြီးတွေ၊တိုက်လေယာဉ်တွေနဲ့ စစ်သည်တွေကို ကမ္ဘာအနှံ့ပို့လွှတ်နိုင်တာပါပဲ။ အဲ့လို အရေးပါတဲ့ Super Power နိုင်ငံကြီး အရင်ကလိုဆက်လက်ထူထောင်နိုင်ဖို့ Make
America Great Again ကြွေးကြော်ခဲ့တာပါ။သူများတကာက သမုဒ္ဒရာတွေထဲ 
လေယာဉ်တင်သင်္ဘောကြီးတွေ၊ခေတ်မီလက်နက်ကိရိယာတွေ၊ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်အင်္ဂါခင်းကျင်းနေချိန် ရှင်လူတို့ဆီက essential ဆိုတဲ့၊ အင်မတန်တောင့်တင်း ခိုင်မာပါတယ်ဆိုတဲ့ institution ကြီးက စိန်ကြည်လုံခြုံရေး
နဲ့တင် ဗျူဟာခင်းနေတာတွေ့ရတော့
ရှင်လူ ချက်ချင်း ဆံပင် သုံးရာလောက်ဖြူသွားတယ်ခင်ဗျ။ဒီကြားထဲ ရှင်လူနေ့တိုင်း
ဦးနှိမ်ဝတ်တွားနေတဲ့ ရတနာသုံးပါးထဲက
သံဃာရတနာတပါးကလည်း vedio ဖိုင်တခုထဲမှာ လက်နက်ကိုင် အဖွဲ့ ၄ ဖွဲ့ရဲ့နာယက ဖြစ်တယ်ဆိုပြီး သင်္ကန်းတကားကားနဲ့ကြွေးကြော်နေရဲ့။တဏှာ၊မာန၊ဒိဋ္ဌိစတဲ့ ပပဉ္စတရားတွေဟာ လောကီ
လောကုတ် သံသရာကိုချဲ့ တတ်ကြောင်း
အစဉ်အလာ ဆုံးမသွန်သင်ခဲ့တဲ့ သံဃာရတနာတချို့ကလည်း ဖရုဿဝါစာတင်မက give me the gun ဆိုပြီးကြွေးကြော်နေလေတော့ ခင်ဗျားတို့ ရှင်လူကြီးခမျာ မှာ နိဗ္ဗာန်ရောက်ကြောင်းပဲကျင့်ရမလိုလို၊သားချစ်တဲ့ မေမေကိုခွဲလို့ရယ် ၊အဝေးစစ်မြေတနေရာ ပဲသွားရတော့မလိုလို၊ မြန်မာတိုင်းရင်းဆေးဆရာတွေ
ကောက်ချက်ချသလို ပြောရရင်ဖြင့်
ဝမ်းနဲ့လေနဲ့မကွဲ တဲ့ကိစ္စ....

ရှင်လူ
story#observation #shinlhu

Thursday, June 20, 2019

သရော်စာ

SATIRE(သရော်စာ)

"အာလူးပူရီ နိုင်ငံရေး"
--------------------

- ရှင်လူ ( သွေးပူလေ့ကျင့်ခန်းလုပ်သည်)

"ဆရာရေ ခုတပတ်တော့ ကမ္ဘောဒီးယားက မုန့်ဟင်းခါးနိုင်ငံရေးအကြောင်း ကျနော်မရှင်းတာလေးတွေ ဆရာ့ကိုမေးချင်တယ်"

တပည့်ကျော်ပကိဏ်းလူက ရောက်ရောက်ချင်း မဆိုင်းမတွ မေးလာတဲ့မေးခွန်းကြောင့် ရှင်လူ ခေါင်းနည်းနည်းစားသွားပါတယ်။ သတင်းတွေ ဖတ်တုန်းကတော့ အမှုမဲ့အမှတ်မဲ့ ဖတ်ခဲ့ပြီး သူမေးမှပဲ
ဒီအကြောင်းအသေးစိတ်ကို ပြန်စဉ်းစားရပါတော့တယ်။

"အင်း မင်းမေးမှပဲ ဒီအကြောင်းကို ငါလည်း ပြန်စဉ်းစားမိတော့တယ် ပကိဏ်းရ၊တကယ်တော့ ကမ္ဘောဒီးယားဆိုတာ တချိန်က ခမာနီတွေလက်ထက် ၁၉၇၅ ကနေ ၁၉၇၉ အတွင်း မြို့တော်ဖနွမ်ပင်ကနေပြီး လူတွေကို အစုလိုက်အပြုံလိုက်မောင်းထုတ်ပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ကိစ္စက ကမ္ဘာကျော်ခဲ့တယ်။ ပိုပေါ့ခေါင်းဆောင်တဲ့ ခမာနီတွေရဲ့ နိုင်ငံရေးအယူအဆအရ အဲ့ဒီ လူနှစ်သန်းကျော် အသတ်ခံခဲ့ရတဲ့အကြောင်းကို စာအုပ်တွေ ရေးကြပြုကြနဲ့ Killing Fields ဆိုပြီး ရုပ်ရှင်တောင်ရိုက်ခဲ့သေးတယ်။ ထားပါတော့လေ သမိုင်းကြောင်းအကျဉ်းကို မင်းသိအောင်ပြောတာ။ အဲ့နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေမှာလည်း အစဉ်အလာလိုဖြစ်နေ တာကတော့ သဘောထားကွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေပဲပေါ့ကွာ။ ခုလက်ရှိ ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဟွန်ဆန်နဲ့ အတိုက်အခံခေါင်းဆောင်
ဆမ်ရမ်စီတို့က ပြောရရင်တော့ နိုင်ငံရေးအရ တကျက်ကျက်ဆိုပါတော့။ ဆမ်ရမ်စီတို့ရဲ့ CNRP ပါတီဟာ ဟွန်ဆမ်အစိုးရကိုဒီမိုကရေစီရေး လူ့အခွင်အရေး ကိစ္စတွေမှာ ပြင်းပြင်းထန်ထန်ဝေဖန်တာကြောင့်
ကမ္ဘောဒီးယားနိုင်ငံတော်တရားရုံးချုပ်က CNRP ပါတီကို ဖျက်သိမ်းလိုက်ပြီး အတိုက်အခံအမတ် ၁၁၈ ဦးကိုလည်း လွှတ်တော်တက်ခွင့်မပေးတော့ပဲ နိုင်ငံရေးလုပ်ပိုင်ခွင့် ၅ နှစ် တားမြစ်ခဲ့တယ်ကွ။
အဲဒီအချိန်မှာ နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာနေတဲ့ CNRP ပါတီရဲ့အကြီးအကဲတယောက်ဟာ နိုင်ငံရေးမလုပ်ရတော့ မုန့်ဟင်းခါးဆိုင်လေးတဆိုင် ဖွင့်တယ်ပေါ့ကွာ။ အဲ့ဆိုင်မှာ သူတို့ပါတီဝင်တွေဟာ မုန့်ဟင်းခါးစားရင်း ပုံမှန်စုဝေးကြတယ်ပေါ့၊ အဲ့လိုစုမိကြတော့လည်း နိုင်ငံရေးကိစ္စတွေ ပြောမိ ဆိုမိ ဆွေးနွေမိကြတာပေါ့ကွာ။ ပြီးတော့ သူတို့ဆွေးနွေးချက်တွေကိုလည်း ငါတို့လိုပဲ ဖေ့စ်ဘုတ်ပေါ်တင်ကြတာပေါ့။ ဒါကို အစိုးရကသိသွားပြီး ဆိုင်ရှင်အမျိုးသမီးကြီးနဲ့ လူ သုံးဒါဇင်လောက်ကို တရားရုံးကဆင့်ခေါ်ပြီး မုန့်ဟင်းခါးဆိုင်မှာ ပြောခဲ့တာတွေဟာ တားမြစ်ထားတဲ့ နိုင်ငံရေးလုပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ စီရင်ချက်ချခဲ့
ကြတယ်ကွ။ ဒီကိစ္စကို CNRP က ခေါင်းဆောင်တွေ သိသွားတော့ ပါတီဝင်ဟောင်းတွေအားလုံး သွေးစည်းတဲ့အနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မုန့်ဟင်းခါးစုစားကြဖို့ ဆော်သြခဲ့တယ်လေ

"သြော်...ဒါကြောင့်မုန့်ဟင်းခါး နိုင်ငံရေးလို့
ပြောတာကိုး"

"အေး ဟုတ်တယ်၊ အဲ့လို ဆမ်ရမ်စီတို့
မုန့်ဟင်းခါးနိုင်ငံရေး လုပ်တာကို ဝန်ကြီးချုပ် ဟွန်ဆမ် ကသိတော့ သူ့ပါတီဝင်တွေကိုလည်း အိမ်နီးချင်းတွေနဲ့ မုန့်ဟင်းခါးအတူစားကြဖို့ နှိုးဆော်ပြန်တယ်။ ဒါကို ပြင်သစ်နိုင်ငံမှာခိုလှုံနေတဲ့ CNRP ပါတီ ခေါင်းဆောင် ဆမ်ရမ်စီက ဝန်ကြီးချုပ်ဟာ ကျနော့်လူတွေ မုန်ဟင်းခါးစားတာကို မကန့်ကွက်တဲ့အပြင် သူပါလိုက်လုပ်ပါတယ်၊ ဒါဟာ ကျနော့အတွက်တော့ အောင်မြင်မှုပါပဲ တဲ့"

"စိတ်ဝမ်းကွဲနေတဲ့ ထိပ်တန်းပါတီကြီးနှစ်ခု မုန့်ဟင်းခါးစားရင်း အပြန်အလှန် အသိမှတ်ပြုကြတာပေါ့နော်။မတူကွဲပြားတာတွေ ရှောင်ပြီး တူရာတွဲလုပ်တာပဲပေါ့"

"အင်း ဟက်တက်ကွဲနေတဲ့ ဒဏ်ရာကို
တွေ့ရာ ပုဆိုးစုတ်နဲ့ ကောက်စီးသလိုပေါ့ကွာ"

"လုပ်ပြီ..ဆရာကတော့"

"အေးလေ ဟွန်ဆမ်ဆိုတဲ့ လူက ချက်စ်ထိုးတဲ့နေရာ သိတ်တော်သတဲ့၊ သူဘာအကွက်ရွှေ့လိုက်မှန်း ငါတို့ သိနိုင်တာမှ မဟုတ်ပဲ"

"အင်း..ဆရာပြောတာလည်း ဟုတ်တာပဲ၊
ကမ္ဘောဒီးယားပြည်သူတွေကတော့ ပျော်ပျော်ပါးပါး မုန့်ဟင်းခါးစားနေလိုက်ကြတာ အားရစရာပဲ..၊ဒါနဲ့ဆရာရေ..ကျနော်တို့ဆီမှာရော.."

"တို့ ဆီမှာ ဘာဖြစ်နေလို့လဲ"

"တလောက အတိုက်အခံပါတီတွေ နိုင်ငံတော်အတိုင်ပင်ခံဆီနဲ့ သမတဆီ အိတ်ဖွင့်ပေးစာပို့တဲ့ကိစ္စ ဟိုဘက်က မတုန့်ပြန်လို့တဲ့ ၂၄ ပါတီကိုယ်စားဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ပါတီနှစ်ခုက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်သတဲ့။ အဲ့မှာ တယောက်ပြောသွားတာ တော်တော်စုံတယ။် CIAလည်းပါတယ်၊ ဝံသာနုလည်းပါတယ်၊ ကွန်ဖြူးရှပ်လည်းပါတယ်၊ဘူခါခြုံတာလည်းပါတယ်"

"ဘာတွေလဲ ပကိဏ်းရာ၊ လိုရင်း တိုရှင်း ပြောစမ်းပါ"

"ပြော ပြောပါ့မယ်ဆရာရယ်။ မငေါက်ပါနဲ့
ဆရာကလည်း ၊ ဆရာ့တပည့်က မသိလို့မေးတာပါ၊ လိုရင်းတိုရှင်းပြောရရင်တော့ အဲ့ဒီ အတိုက်အခံတွေက ခုလို သဘောထားကွဲနေတာတွေ ပြေလည်သွားအောင် ကမ္ဘောဒီးယားမှာလို
မုန့်ဟင်းခါးနိုင်ငံရေး လုပ်ကြရင် မကောင်းလား လို့"

"တယ်လေ..ဒီကောင်.. ငါအကြမ်းပန်းကန်နဲ့ ကောက်ထုလိုက်ရ"

"ကျနော်..ဘာမှားလို့လည်းဆရာရဲ့"

"ဟယောင်ရ..ငါတို့နိုင်ငံမှာ မုန့်ဟင်းခါးကြွေးတာ ဘယ်အခါလဲ"

"ရက်လည်.,ရက်လည် အယ် ဟုတ်သား၊
ဒါဆို ဘာပြောင်းစားကြရင် ကောင်းမယ်ထင်လဲ ဆရာ"

"အင်း..အာလူးပူရီလေး ဘာလေးပေါ့ကွာ"

ရှင်လူ
story#observation #shinlhu

Friday, June 14, 2019

သရော်စာ

SATIRE (သရော်စာ)

သမိုင်းအရောင် တပိုင်းကြောင် - ရှင်လူ (စဆရက လုပ်သည်)

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ..၊

"တယောက်ထဲ ဘာတွေရွတ်ဖတ်နေတာလဲဆရာရဲ့"

အိမ်ရှေ့မှာ စက်ဘီးဒေါက်ထောက်ပြီးဝင်လာတဲ့ တပည့်ကျော်ကြီး ပကိဏ်းလူအသံကြောင့် ရှင်လူက သူ့ကိုမော့ကြည့်လိုက်ရင်း

"ဆရာတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာကိုပြန်သတိရလို့ ရွတ်ကြည့်နေတာပါကွာ"

"သြော်..ဆရာက ခုတလော ပူညံပူညံဖြစ်နေတဲ့ မယ်ခွေကဗျာ နဲ့ဆက်စပ်ပြီး ခံစားကြည့်နေတာကိုး"

"အေး..ဟုတ်တယ်ကွ၊ ဆေးလိပ်၊ဆေးရွက်ကြီးစတာတွေက တို့မြန်မာဂန္ထဝင်စာပေထဲမှာလည်း အများသား၊ ဒါတောင် ကိုယ်မသိတာတွေ ရှိနေနိုင်သေးတယ်၊

မွန်လိုခဝီ ခေါ်မည်ထူးခြား ကုလား ခါရူ စာမူ သြသဓ တဲ့၊ နောက်ပြီးခေတ်ဟောင်းမြန်မာရုပ်ရှင်ကားတကားထဲမှာ မင်းသားကြီးမြတ်လေး ရွတ်သွားတာ ဆေးတံတို တညိုလောက် ရော့သောက်လို့ပေး ယူလိုက်က ကြိုက်လို့ထင် မယူလိုက်ပြန်က မိုက်လို့ထင် တဲ့ ငါငယ်ငယ်ကကြည့်ခဲ့ဖူးတာ၊ ဇာတ်ကားနာမည်တောင်မေ့နေပါပြီကွာ"

"ဟုတ်ပါပြီ ၊ဒါတွေခဏထားလိုက်ပါအုံး၊ ဆရာ့ကိုကျနော်မေးချင်တာက ဆရာက ဆေးလိပ်ကြိုက်တဲ့သူဆိုတော့ မယ်ခွေ ကဗျာကို သင်ရိုးကထုတ်လိုက်တာ မကြေနပ်ဖူးပေါ့"

"ဒီလိုတော့လည်း မဟုတ်ဘူး ပကိဏ်းရ၊ ဆေးလိပ်စွဲတာ မကောင်းတဲ့အကျင့်မှန်းတော့ ငါတင်မက သောက်ဖူးတဲ့လူတိုင်း သိကြပါတယ်၊ အမောမခံနိုင်တာတို့၊ ချောင်းဆိုးရင်ကြပ်ဖြစ်ကြတာတို့ ဆေးလိပ်သမားတိုင်း မကြာခဏကြုံဖူးကြပါတယ်၊ ငါဆိုတီဘီဖြစ်လို့ ဆေးတောင် ၆ လသောက်ခဲ့ရသေးတာပဲ"

"ဒါဖြင့်...မယ်ခွေကဗျာ ဖြုတ်တာ ထောက်ခံတယ်ပေါ့"

"ဒီလိုလည်း မဟုတ်ဘူးကွ၊ ကဗျာဆိုတာတိုက်ရိုက်အနက် တခုထဲရှိတာမဟုတ်ဘူး၊ ခု မယ်ခွေ့လေးချိုးကဗျာလေးက သူ့ချစ်သူကို ဘယ်လောက်မြတ်နိုးတန်ဖိုးထားတယ်ဆိုတာကို သိင်္ဂါရရသမြောက်အောင် ဖွဲ့ထားတဲ့အဖွဲ့ပဲ။ ချစ်သူမောင်ကြီးအတွက် ဆေးလိပ်လိပ်ဖို့ မယ်ကိုယ်တိုင် ခူးထားတဲ့ဖက်စိုကို မီးမကူ နေပူမှာမကင်အားလို့ ဆိုတော့ကာ မီးကင် နေလှန်းရင် မိဘတွေရိပ်မိများသွားမှဖြင့်ဆိုတဲ့ စိုးရွံ့မှုကိုတွေ့ရတယ်၊ ဒါကြောင့် ဖက်ကလေး သွေ့သွားအောင်အိပ်ယာအောက်ထားရတယ်ဆိုတော့ မယ့်ကိုယ်ငွေ့လေးနဲ့ ခြောက်သွေ့အောင်လုပ်ရတဲ့သဘောပဲ၊ ခုလို တိုးတိုးတိတ်တိတ် ကြိတ်ပြီးလုပ်နေရတော့ ကပ်ကြေးတွေဘာတွေလည်း ဘယ်ရှာနိုင်မလဲကွာ ဖက်ရဲ့ အညှာနားကို ညီသွားအောင် ရှေ့သွားလေးနဲ့ တိုအောင်ကိုက်ရသတဲ့"

"ဒီလောက်ဆို သဘောပေါက်ပါပြီ ဆရာရယ်၊ ဆရာ့ စကားပြေ နားထောင်ရင်း ကျနော်တောင် ဆေးလိပ်သောက်ချင်လာပြီ၊ ဒါနဲ့ ကဗျာကို သင်ရိုးက ပယ်ဖျက်ချင်တဲ့လူတွေရဲ့ စေတနာကိုရော ဆရာ လက်မခံဘူးလား"

"အင်း...လုပ်လာပြီ..ပကိဏ်းတို့ကတော့ အဆိုရှင်ဘက်က ရှေ့နေလိုက်တော့မယ်"

"အဲ့လို မဟုတ်ဘူးလေ ဆရာရယ်၊ ဆိုက်ဘိုင်ဆိုက် ပေါ့ ၊ဒေါင့်ပေါင်းစုံကကြည့်တော့ ပိုမကောင်းဘူးလား"

"အဲဒါ ပြောနေတာပေါ့ကွ ၊အဆိုရှင်တွေက ဆေးလိပ်မကောင်းတဲ့ အမြင်ဘက်ကချည်းကြည့်တာ၊ thinking ပေါ့ကွာ၊ ဥပမာ စိတ်ကြွရူးသွပ်ဆေး တို့ ဘာတို့လိုဆေးမျိုးကို ချီးမွမ်းဖွဲ့ဆိုတဲ့ စာမျိုး ကျောင်းတွေမှာသင်သလား"

"ဒါတော့ ဘယ်သင်မလဲဆရာ"

"အေး..မသင်တဲ့အပြင်၊ ဆရာဆရာမတွေက ဒါတွေမကောင်းတဲ့အကြောင်း သတိမပေးဘူးလား"

"အင်း သတိပေးတဲ့အပြင် သတင်းမီဒီယာတွေကလည်း အမြဲမပြတ် ရေးပြနေကြတာပဲ"

"အေး...အဲ့လောက်ကြပ်မနေတဲ့ ကြားက ကျောင်းသားတွေကြားမှာ ဒီဆေးတွေ ပြန့်နှံနေတဲ့သတင်းတွေ မကြာခဏဆိုသလိုကြားနေရတယ်၊ ဒီနေ့ ခေတ်လို ဂလိုဘယ်လ် လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ ကလေးတွေကို ဒါပဲကြည့်၊ ဟိုဟာတော့မကြည့်နဲ့လို့ ဆရာဗဟိုပြု သင်လို့ရမယ်ထင်သလား"

"အင်းအဲ့လိုတော့မထင်ပါဘူး၊ ပညာရေးက ကျောင်းသားဗဟိုပြုစနေပြီလေ"

"သူတို့ကို ကိုယ်ကရွေးပေးတာထက်၊ သူတို့ကိုယ်တိုင် အကောင်းအဆိုးရွေးချယ်တတ်အောင် လေ့ကျင့်ပေးရတာ၊ ကမ္ဘာပေါ်မှာပညာရေးထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်တို့ ဘာတို့မှာဆို ကျောင်းစာထက် စာကြည့်တိုက်ကို ပိုအသားပေးလေ့ကျင့်ထားတာ၊ စာကြည့်တိုက်ဆိုလို့ ပြန်ကြားရေးကထုတ်တဲ့စာအုပ်ချည်းမထင်နဲ့ ကမ္ဘာပေါ်က ထွက်သမျှ စာအုပ်တွေ အကုန်နီးပါးတင်ပေးထားတာ၊ ငါ့အထင်
သူတို့စာကြည့်တိုက်တွေမှာ မယ်ခွေရဲ့ "လက်ဆောင်"တို့၊ ဆရာတင်မိုးရဲ့ "ဧည့်သည်ကြီး" ကဗျာတွေတောင် ရှာလို့ရမယ်ထင်တယ်"

"ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ၊ ကိုယ်လည်းရောက်ဖူးတာမဟုတ်ပဲနဲ့"

"အဲဒါပြောတာပေါ့ကွ reasoning ဆိုတာ၊ ယုတ္တိ သဘောနဲ့လည်း ဆင်ခြင်ကြည့်တတ်ရတယ်၊ ခု မယ်ခွေကဗျာ ပယ်တဲ့ပုဂ္ဂိုလ်တွေ က thinking တွေးရုံပဲတွေးတာကွ reasoning မပါဘူး။ သူတို့သာ
ဆင်ခြင်ဉာဏ်ပါရင် ဒီကိစ္စကို ဆရာ မောင်ခင်မင်တို့ သမ္မတဟောင်း ဦးထင်ကျော်တို့ လက်ရှိသမ္မတကြီး ဦးဝင်းမြင့်တို့ ဒေါ်စုတို့တောင် ဝင်သတိပေးစရာမလိုဘူး၊ မှတ်ထား အတွေးအခေါ်ဆိုတာ တဝက်မှန်ရုံနဲ့ အသုံးတည့်တာမဟုတ်ဘူး၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းလောက်တော့ မှန်မှ အသုံးတည့်တာ၊ ဒါကြောင့် မင်းလို တပိုင်းကြောင်ကောင်တွေ သတိကြပ်ကြပ်ထား"

"အင်း..ဆရာတော့ ကျနော့ကို ဗလိုင်းဆော်ပြီ ၊မြန်မြန်လစ်တာပဲကောင်းတယ်"

"ဟား..ဟား"

ရှင်လူ
story#observation #shinlhu

Saturday, June 8, 2019

story

ဒီတခါလေးတော့ တင်ပါရစေ
🗽🎠🗽🎭🗿🗽🎠

တလောက ရှင်လူတို့သယ်ရင်းတွေ ဘီယာဆိုင်မှာ ထုံးစံအတိုင်း ဆုံဖြစ်ခဲ့ကြတယ်။အဲ့လိုဆုံကြရင်း စကားစပ်မိကြတော့ ရှင်လူကြီး fb ပေါ်မှာ status တွေတင်ရာမှာ selfie တွေဆွဲပီး တွဲတင်တဲ့ကိစ္စရောက်သွားတယ်။ အဲဒါ တခါနှစ်ခါဆုံဖူးတဲ့စာရေးဆရာတယောက်ကတော့ ရှင်လူ့မျက်နှာပုံကြီးတွေမြင်ရဖန်များလာတာ့
block လုပ်လိုက်တယ်..တဲ့။ fb ပေါ်မှာလည်း တချို့ ဒီကိစ္စမျိုး တယောက်ရေးတာတွေ့ဖူးတယ်" တချို့က ကဗျာတင်တာ မလုံလောက်သေးဘူးထင်လို့လားမသိဘူး၊ကိုယ့်ဓာတ်ပုံပါတွဲတင်တယ်..."တဲ့။
ရှင်လူ သူ့အယူအဆကို like လုပ်လိုက်ပါတယ်။တကယ်တော့ သူတို့အယူအဆတွေကမမှားပါဘူး။ရှင်လူကိုယ်တိုင်လည်း တချို့ညက်နှာကြီးတွေ မြင်ရဖန်များလာရင်
အင်း  ..ဒါလည်းရောဂါတမျိုးပဲ လို့တွေးမိပါတယ်။ ရှင်လူတို့ ကာလသားအရွယ် အငြိမ့်တွေ ခေတ်ကောင်းတုန်းက အငြိမ့်ကြည့်ရင် စင်ရဲ့ ဘယ်(သို့)ညာဘက်ထောင့်က
မတ်တပ်တိုးကြည့်ကြပါတယ်။ ဒါမှ မင်းသမီးကိုအနီးကပ်မြင်ရမှာကိုး။ အဲ...ဥပမာပြောရရင် သင်္ဘောမှောက်ပြီးကွယ်လွန်သွားရှာတဲ့ "ဆောင်းအငြိမ့်" ခေါင်းဆောင်မင်းသမီး ဝင်းဝင်းအေးဆို တောင့်တောင့်ဖြောင့်ဖြောင့် နဲ့ အဆိုကလည်းကောင်း။
သူ့ခေတ်မှာတော့ ဆောင်းမင်းသမီးလေး
ဝင်းဝင်းအေးလို့ခေါ်ခဲ့ကြတယ်။ အဲဒါ
ဆောင်းမင်းသမီးလေးက စင်ပေါ်မှာတင်ကလေးရမ်းရမ်းပြီး "ချမ်းလို့ဖြင့် ခိုက်ခိုက်တုန် စောင်ခြုံလို့ မနွေးပြီ...အိုးဟို့ဟို့
မောင်ကြီးရေ.."လို့စင်ပေါ်ကဆိုလိုက်ရင်
စင်ဘေးဘယ်ညာက ရှင်လူတို့ကာလသားနှစ်သိုက်က"ဟေ...ဟေ.."လို့သံပြိုင်
ထူးလိုက်သံကြီးက အငြိမ့်စင်ပြိုမကျရုံတမည် ဟိန်းထလို့။ဒီကြားထဲ  စင်ဘေးအမှောင်ထဲက ကိုယ့်မျက်နှာကို မင်းသမီးမြင်ရအောင် မီးခြစ်ခြစ်ပြတဲ့လူက ရှိသေး။စင်ပေါ်မှာဆလိုက်မီးတွေလင်းနေပေမယ့် စင်ဘေးကခပ်မှောင်မှောင်မဟုတ်လား။အင်း..ရောဂါတမျိုးပဲပေါ့ဗျာ။ ၂၀၁၈ ခုနှစ်အတွင်း ရှင်လူရေးတင်ခဲ့တဲ့ "စိတ်၏ရုပ်တုများ"ကဗျာ အပိုင်းတွေအတော်များများမှာ ရှင်လူ့မျက်နှာကြီး အမှုမဲ့ အမှတ်မဲ့တွဲတင်ခဲ့မိတာသတိရတယ်။ ခုမှ ပြောသူကပြော block သူကblock မှ ကွကိုယ်ပြန်စဉ်းစားမိတော့ ငိုတောင်ငိုချင်လာတယ်ဗျ။
ရှင်လူ့မှာ ဖအေစုံမအေစုံ မွေးချင်း ၅ ယောက်ရှိတယ်ခင်ဗျ၊ အားလုံးထဲမှာ ရှင်လူကအကြီးဆုံး။ရှင်လူကြီး အသက်၁၆နှစ်အရွယ်မှာပဲ မိခင်နဲ့ဖခင်တို့အိမ်ထောင်ရေး အကွဲအပြဲဖြစ်ခဲ့တယ်။အဲဒါ ကွာရှင်းခွင့် 
လျှောက်တဲ့ ရှင်လူတို့အမေကိုအဖေက ကပ်ဖဲ့လုပ်ပြီးကလေးတွေသူအုပ်ထိမ်းခွင့်ရမှကွာပေးမယ်လုပ်တော့ အမေက နို့စို့အရွယ် ရင်ခွင်ပိုက် အငယ်ဆုံးညီလေးကိုသာယူထားပြီး ကျန်တာတွေကို အဖေ့ဆန္ဒအတိုင်းပေးခဲ့တယ်။အဲ့မှာ ညီအကိုမောင်နှမတွေ တကွဲ စကွဲတာပဲ။အဲ့ညီအငယ်ဆုံးလေးဟာ အရွယ်ရောက်တော့ ထိုင်းဘက်ထွက်သွားတယ်ကြားပြီး ဒီနေ့အထိ ပြန်မတွေ့ရတော့။ ရှင်လူလည်း ကျန်အငယ်တွေကိုဦးဆောင်ပြီး အဖေ့နောက်လိုက်သွားခဲ့ရတာ နောက်ဆုံးတော့ မိထွေး
လက်အောက်မှာ ခွေးစာကျိုတဲ့အိုးနဲ့ တအိုးထဲချက်စားရတဲ့ဘဝကိုရောက်တော့တာပါပဲ။နောက်ဆုံးတော့ ရှင်လူကြီး ညီလေးညီမလေးတွေ လက်ကိုဆွဲပြီး အိမ်ကထွက်ပြေးပေါ့ဗျာ။ အဲ့မှာ အမေ့ထက်တနှစ်ပဲငယ်တဲ့မမနဲ့စတွေ့တာပါပဲ။အဖေ့ဘက်ကအမျိုးလည်းတော်ပါတယ်။ရှင်လူတို့ညီအကိုမောင်နှမတွေကိုဂရုဏာသက်ပြီး တဘဝလုံးပုံပေးခဲ့တဲ့မမပါ။ရှင်လူလည်းမမကိုခြေကုပ်ရကတည်းက အဖေနဲ့အမေကိုသူပုန်ထပြီး ညီလေးညီမလေးတွေနဲ့ တစင်ထောင်ခဲ့တာပါပဲ။ဒီလိုနဲ့ ညီမလေးက၁၀ တန်းအရောက်မှာ မိခင်မေတ္တာငတ်မွတ်လှချည်ရဲ့ ဆိုပြီး စုံကန်ထွက်သွားလိုက်တာ ရှင်လူလည်းစိတ်နာနာနဲ့ နောင်တချိန် မှာယောက်ျားနဲ့ကွဲပြီးကလေးတယောက်ပိုက်ပြန်လာတဲ့ညီမကိုပြန်လက်မခံတော့။သူက နောက်နောင် ဒီအကိုတွေနဲ့မပတ်သက်တော့ပါလို့ လက်မှတ်ထိုးသွားခဲ့တာလေ။ညီတွေကအကိုကြီးနဲ့အမကြီးကိုတော့ချစ်ကြရိုသေကြပါတယ်။ဒါပေမယ့်
အဲ့ဒီခေတ်က ကျော်ကြားတဲ့"အမိမြေမှသားကောင်းများ"ရုပ်ရှင်ကြည့်ပြီးရှေ့ဆင့်နောက်ဆင့်စစ်ထဲဝင်ကုန်ကြပါတယ်။
သူတို့လူပျိုဘဝနဲ့တုန်းကဆို ရှေ့တန်းကပြန်တိုင်းအိမ်ကိုခွင့်နဲ့ပြန်လာကြပါတယ်။အိမ်ထောင်အသီးသီးနဲ့ဖြစ်တော့လည်း အမလေးတွေပါခေါ်လာကြပါတယ်။နောက် အကောင်လေးတွေပေါက်လာကြတော့လည်းသားသမီးသုံးယောက်မွေးပြီးသုံးယောက်လုံးအဖတ်မတင်တဲ့ရှင်လူကြီးအိမ်ကိုခေါ်လာကြပြန်တယ်။ဒီလိုနဲ့ ရှစ်လေးလုံးကာလနောက်ပိုင်း သူတို့ ရာထူးကိစ္စ သင်တန်းကိစ္စတွေအတွက် ထလရကရှင်လူ့ကို အင်တာလာဗျူးတော့ ရှင်လူစဉ်းစားရတယ်။ငါ့ညီတွေက ငါ့ကို ချစ်တယ်၊ယုံတယ်။ငါပြောနေလုပ်နေတာက စစ်အစိုးရကိုဆန့်ကျင်တဲ့အလုပ်။ငါ့စကားတွေနားဝင်သွားရင်ဒီကောင်တွေ မိသားစုအလိုက်ဒုက္ခရောက်ကုန်မယ်။အဲ့တော့
"မင်းတို့ တပ်ထဲမှာ ကြီးနိုင်ငယ်ညှင်းမလုပ်နဲ့ ၊မဟုတ်မမှန်တာလည်းမလုပ်နဲ့၊ ပြည်သူကိုလည်းမစော်ကားနဲ့"လို့ စကားသုံးခွန်းမှာပြီး "နောက်ဆို ငါ့ဆီလည်းမလာကြနဲ့တော့၊စာအဆက်အသွယ်လည်းမလုပ်ကြနဲ့တော့။ငါတို့ဟာ ယောက်ျားတွေပဲ၊ကိုယ့်အလုပ်ကိုယ်လုပ်ကြ၊ တနေ့ ကံကြုံရင်တော့ ပြန်ဆုံကြမယ်...ဆိုပြီး လမ်းခွဲခဲ့ကြတာ အလတ်ကောင်ကတော့ တပ်ကထွက်ပြီး ဝေါဘက်မှာ ယောက္ခမလယ်ဝင်လုပ်နေရင်း တီဘီရောဂါနဲ ကွယ်လွန်ခဲ့တာ
၁၆ နှစ်ကျော်ခဲ့ပြီ။(ဒါတောင်သူ့မိန်းမက လူကြုံ လွှတ်သတင်းစကားပါးလို့) နောက်တကောင်ကတော့ ဒီနေ့ထိသေလား ရှင်လား ၊ဘယ်ရောက်နေတယ်မသိ။သူတို့ကလေးတွေတောင်အိမ်ထောင်ရက်သား ကျနေကြရောပေါ့။အခုဆို မမကွယ်လွန်သွားတာတောင်၁၀ နှစ်ကျော်ခဲ့ပြီ။
ကိုယ့်အပေါ် ဆွေမျိုးရင်းခြာပမာ မိတ်ဆွေအသိုင်းအဝိုင်းတွေ နဲ့ပဲ တပျော်တပါးနေပါတယ်။ တခုတွေးမိတာကတော့ မမှတ်မိတော့တဲ့ တူတွေ တူမတွေကများ ဒီလူကြီး ငါ့အဖေနဲ့ ရုပ်ချင်းအတော်တူတယ် အမျိုးများ တော်သလားပဲလို့ တွေးမိပြီး messenger က ဆက်သွယ်လာခဲ့သော် ၊
အခု အလုပ်သုံးခုလောက်လုပ်နေတဲ့ ရှင်လူကြီး တူ တူမတွေကို နှုတ်နဲ့ဖြစ်စေ လက်နဲ့ဖြစ်စေ စောင်မခွင့်ကလေးများ ရအုံးမလားလို့။ ရှင်လူကတော့ လိုက်မရှာတော့ပါဘူး။အားကိုးရာမဲ့ မှ လာရှာတယ်ထင်မစိုးလို့။တကယ်တော့ ရှင်လူ့ Selfie ပုံကိုဝေဖန်သူများကိုလည်း ကျေးဇူးတင်ပါတယ်။သူတို့ကြောင့် ရှင်လူလည်းကိုယ့်ရောဂါ ကိုယ်သိခွင့်ရတာပါ။တနည်းအားဖြင့်တွေးကြည့်တော့လည်း ရှင်လူ့ပုံနဲ့ သူတို့ပုံတွေက 
ဒီကက်ပရီယို နဲ့ဗေလုဝလို ဆိုတော့လည်း....
(တမျိုးမထင်နဲ့နော်...အလီဘာဘာဒေါ့ကွန်း တည်ထောင်သူ ဂျက်မားနဲ့တူတယ်လို့ပြောတာ)
story#observation #shinlhu

Tuesday, June 4, 2019

သရော်စာ

SATIRE 
(သရော်စာ)

သတင်းစာအဟောင်းများ
ရှင်လူ ရေးသည်

"ဆရာရေ ဦးဝီရသူ သတင်းတွေ ကြားပြီးပလား"

တပည့်ကျော် ပကိဏ်းလူ ကတော့ ရှင်လူ့ဆီလာတိုင်း ပြဿနာတခုခုကိုယူလာတတ်စမြဲ။ ရှင်လူက ဒီလိုကိစ္စမျိုးကို သိတ်အာရုံမထားတတ်။ ရှင်လူတို့ ထင်ရာစိုင်းရပ်ဝန်းဒေသကြီးမှာ ခုလိုကိစ္စတွေကတကယ်တော့ အဆန်းတကြယ်မဟုတ်။ အားလုံး ဦးတည်ချက်ထားပြီး အသွင်ကူးပြောင်းရေးကြားကာလ (Transitional period)တခုကို
သွားရာမှာ အဟန့်အတားပြုနေတဲ့ ပွဲဆူ လူလှန့် အဟန့်အတား
မီးရှူးမီးပန်းဖောက်နှောင့်ယှက်နေတဲ့ေ ကြးစားလူမိုက်တစုရဲ့ ထွင်လုံးလို့သာယူဆပါတယ်။

"အင်း..ဆိုစမ်းပါအုံး ပကိဏ်းရ၊ ဝီရသူက ဘာများ အကြောင်းထူးလို့လဲ"

"ဖမ်းဝရမ်း အထုတ်ခံထားရလို့ ပုန်းနေရာက သံဃာ့မဟာနာယက ဆရာတော်ကြီးတွေဆီ ဓမ္မစက်နဲ့ အဆုံးအမ ခံယူပါ့မယ်လို့ စာပို့သတဲ့၊ ဆရာတော်ကြီးတွေရဲ့ အဆုံးအမ ခံပြီးမှ သူ့ကားပေါ်မှာ မြို့နယ်အဆင့် ခရိုင်အဆင့် ရဲအရာရှိနှစ်ယောက်တင်ပြီး
ဥပဒေကို ရင်ဆိုင်ဖို့သွားမတဲ့"

"ဒါကတော့ ရှင်းနေတာပဲကွာ ၊ သူ့ကို လူချစ်လူခင်များတော့ သူ့အသက်အန္တရာယ် စိတ်မလုံတဲ့သဘောပေါ့"

"ဆရာတော်ကြီးတွေကရော ဘယ်လိုဆုံးမ သြဝါဒပေးမယ် ထင်သလဲ"

"ဟ..ပကိဏ်းရ ၊ အရင်၂၀၁၇ မတ်လတုန်းက နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဘာသာတခုနဲ့တခုအကြား အမုန်းပွား ဘာသာရေးအဓိကရုဏ်းဖြစ်အောင် hate speech ပြောလို့ဆိုပြီး တရားဟောခွင့်တနှစ်ပိတ်ခဲ့သေးတယ်လေ"

"ဒါဆို ခုရော ဘယ်လိုထင်သလဲ"

"ဟ..ပကိဏ်းရ ဘယ်လိုထင်ရမှာလဲ၊ တို့ဆီက ထေရ်ကြီးဝါကြီးတွေဟာ ကံသုံးပါးအမှုကို အင်မတန် စောင့်စည်းတဲ့ပုဂ္ဂိုလ်ကြီးတွေကွ၊ တဖက်သားကို စွပ်စွဲပုတ်ခတ်ဝေဖန်မှုကိုတော့ လုပ်မှာမဟုတ်ဘူး၊
အလွန်ဆုံး တရားဟောပိတ်တာမျိုးလောက် ဒါမှမဟုတ် ပြဿနာဖြစ်မယ့်တရားမျိုး မဟောဖို့ မေတ္တာရပ်ချင်ရပ်မပေါ့"

"ဒါဆို ဓမ္မစက်ကို ဦးဝီရသူဘယ်ကြောက်မလဲ"

"အင်း..ဒီလိုတော့ပြောမရဘူးကွ၊ သူကြောက်လို့ မဟန ဆီ သနားခံစာပို့တာပေါ့၊ ဘုရား တရားသံဃာရတာနာသုံးပါးဆိုတာ အန္တရာယ် ကြုံရင် ကာဗာယူလို့ရတယ်ဆိုတာလောက်ကတော့ ဝီရသူသိတယ်လေ၊ တကယ်ဆို သူပြောဖူးခဲ့တာပဲ လိုအပ်ရင်သူကိုယ်တိုင်သေနတ်ကိုင်ပါ့မယ်လို့၊ အဲတော့ သေနတ်ကိုင်ချင်ရင် သက္ကင်္န်းချွတ် ၊ စစ်ယူနီဖောင်းဝယ်ဝတ်ပေါ့ကွ၊ ဒါမှ ရဲဘော်ဆိုတဲ့ဂုဏ်ပုဒ်နဲ့လည်းညီမပေါ့၊
ပြီးတော့ သူကြည်ညိုတဲ့လူတွေကို ဘုရားလိုကိုးကွယ်ပြီး သြဝါဒ ခံယူပေါ့ကွ။ ဘုရားလက်ထက်တော်မှာတော့ လက်နက်ကိုင် ဘုန်းကြီးတပ်ရှိခဲ့တာ ငါမကြားဖူးဘူး၊ နောက်ပိုင်း နဝတခေတ်မှာတော့ ရမ်ဘို ဘုန်းကြီးဆိုတဲ့တပါးတော့ကြားဖူးတယ်"

"အင်း..အရင် မဟန က ဓမ္မစက်နဲ့ တရားဟော တနှစ်ပိတ်ခဲ့ပေမယ့်၊ ဆိုင်ရာက အာဏာစက်နဲ့အရေးယူခဲ့တာတော့ မတွေ့ရ ဖူးနော်"

"အေးကွ..တိုင်တဲ့လူမရှိလို့ လား ဘာလားတော့မသိဘူး၊ သူပြောတာတွေကတော့ ခြေဥစိမ်းကြီးကို ချိုးဖောက်နေတာပဲ"

"ဒါနဲ့ ဆရာရယ်၊ သူ့နောက်လိုက်တွေက တနေ့က ရွှေတိဂုံ ဘုရားပေါ်တက်ပြီး သူ့အတွက်ဆုတောင်းပွဲ လုပ်သတဲ့။
ဘာတဲ့..ဗုဒ္ဓသာသနာတော်နဲ့ သံဃာတော်များ ဖိနှိပ်ချုပ်ချယ်ခံရခြင်းက ကင်းဝေးကြပါစေ လို့လည်းဆုတောင်းကြသတဲ့၊
အဲဒါ ဘာအဓိပ္ပါယ်လဲ"

"ဟ..ပကိဏ်းရ.. အဲဒါကတော့ သူတို့ သတင်းစာအဟောင်းတွေ မှားဖတ်မိလို့နေမှာပေါ့ဟ။ တိပိဋက မဟာဂန္ဓာရုံ ဆရာတော်တို့ မဂ္ဂင်ဆရာတော်တို့ ကိုဖမ်းပြီးထောင်ချခဲ့တာက ဗိုလ်ခင်ညွန့်တို့ခေတ်ကလေ"

"အင်း..ဆရာပြောမှပဲ ရှင်းတော့တယ်၊ ဒါနဲ့ မြိတ်တရားပွဲမှာ ဒေါ်စုကိုပြောလို့ ဖမ်းဝရမ်းအထုတ်ခံရတာပေါ့နော်"

"ဟ..သမ္မတရော၊ နိုင်ငံတော်အတိုင်ပင်ခံကပါ နိုင်ငံရေးအရ ဝေဖန်ထောက်ပြတာတွေကြိုဆိုတယ်လို့ သမ္မတရုံးက ထုတ်ပြန်ထားတာ"

"ဒါဆို ဘာလို့တရားစွဲမှာလဲ"

"အေးလေ..နိုင်ငံရေးအရဝေဖန်တာမှမဟုတ်ပဲ ၊ဟောဒီမှာ ဖုန်းထဲမှာ ငါစခရင်ရှော့တ် ရိုက်ထားတယ်၊ မင်းကိုယ်တိုင် အသံထွက်ဖတ်စမ်း..ရော့"

"မိတ်ကပ်လေးလိမ်းဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ ကော့ကော့ ကော့ကော့ လျှောက်သွားဖို့လောက်ပဲတတ်၊ ဒီကြားထဲ
နိုင်ငံခြားသားတွေနဲ့တွေ့ရင် ဖင်ကရမ်းချင်သေးတယ်..တဲ့"

"အေး..တော်ပြီ..အဲ့လောက်ပဲဖတ်..၊ငါမင်းကိုတခုမေးမယ်"

"သူပြောတာ နိုင်ငံအရေး ဝေဖန်ချက်လား"

"အင်း..ဒါတော့မဟုတ်ဘူး"

"ဒါဆို.. ဒေါ်စုကို နိုင်ငံတော်က ပိုင်လား"

"ပိုင်တာပေါ့ ဆရာရဲ့ ၊သူ့ကိုမဲပေးရွေးချယ်ထားတဲ့ ပြည်သူတွေ ပိုင်တာပေါ့"

"ဘယ်အပိုင်းကို ပိုင်တာလဲ"

"ဒါတော့ဆရာရယ်..ပိုင်တယ်ဆိုမှတော့ အကုန်လုံးပေါ့"

"မဟုတ်သေးဘူး ပကိဏ်းရဲ့၊ သူ့ကိုမဲပေးရွေးချယ်ထားတာက နိုင်ငံအရေး ပြည်သူ့အရေးတွေမှာ ကိုယ်စားပြု ဦးဆောင်ဖြေရှင်းပေးဖို့ မဟုတ်ဘူးလား"

"ဟုတ်တယ်လေ"

"ဒါဆို..သူဘာတာဝန်တွေလစ်ဟင်းလဲ၊ အကုန်တော့သူလုပ်ပေးနိုင်မှာမဟုတ်ဘူး၊ အကန့်အသတ်ရှိတယ်၊ ဒါပေမယ့် မင်းကအရေးကြီးတယ်ထင်တဲ့ကိစ္စ ရှိရင် ထောက်ပြဝေဖန်လေ"

"အင်း..ဒါတော့ဟုတ်တယ်"

"မင်း..မဲပေးထားလို့. သူ့ဖင်ကိုမင်းပိုင်တယ်ထင်သလား"

"ဗျာ"

"မဗျာနဲ့လေ..၊သူ့ရဲ့လုပ်ရည် ကိုင်ရည်အစွမ်းအစ တချို့ကိုသာ မင်းတို့က အသုံးချခွင့်ရထားတာ၊ သူ့ဟာသူဖင်ယမ်းတာ မင်းတို့နဲ့ဆိုင်သလား"

"အမ်"

"မအမ် နဲ့၊ မင်းတို့ မဲမပေးခင်ကတည်းက သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် ရမ်းခဲ့လို့ မိုက်ကယ်အဲရစ်နဲ့ ကလေးနှစ်ယောက်ရပြီးသား၊ အခု မဲပေးပြီးမှ ဖင်ရမ်းတာကို အပစ်ရှာတွေ့သလား ၊ မင်းလည်း ဝီရသူတပည့်ပဲ လုပ်ဖို့ကောင်းတယ်၊ ငါ့တပည့်မလုပ်သင့်ဘူး ၊တရေးနိုး သတင်းစာအဟောင်းတွေဖတ်ပြီး ထထ အော်နေတာ။"

ရှင်လူ