Friday, June 14, 2019

သရော်စာ

SATIRE (သရော်စာ)

သမိုင်းအရောင် တပိုင်းကြောင် - ရှင်လူ (စဆရက လုပ်သည်)

ဆေးလိပ်လည်းတို
နေလည်းညိုပြီ
ငါ့ကိုပြန်ပို့ကြပါလေ..၊

"တယောက်ထဲ ဘာတွေရွတ်ဖတ်နေတာလဲဆရာရဲ့"

အိမ်ရှေ့မှာ စက်ဘီးဒေါက်ထောက်ပြီးဝင်လာတဲ့ တပည့်ကျော်ကြီး ပကိဏ်းလူအသံကြောင့် ရှင်လူက သူ့ကိုမော့ကြည့်လိုက်ရင်း

"ဆရာတင်မိုးရဲ့ ဧည့်သည်ကြီးကဗျာကိုပြန်သတိရလို့ ရွတ်ကြည့်နေတာပါကွာ"

"သြော်..ဆရာက ခုတလော ပူညံပူညံဖြစ်နေတဲ့ မယ်ခွေကဗျာ နဲ့ဆက်စပ်ပြီး ခံစားကြည့်နေတာကိုး"

"အေး..ဟုတ်တယ်ကွ၊ ဆေးလိပ်၊ဆေးရွက်ကြီးစတာတွေက တို့မြန်မာဂန္ထဝင်စာပေထဲမှာလည်း အများသား၊ ဒါတောင် ကိုယ်မသိတာတွေ ရှိနေနိုင်သေးတယ်၊

မွန်လိုခဝီ ခေါ်မည်ထူးခြား ကုလား ခါရူ စာမူ သြသဓ တဲ့၊ နောက်ပြီးခေတ်ဟောင်းမြန်မာရုပ်ရှင်ကားတကားထဲမှာ မင်းသားကြီးမြတ်လေး ရွတ်သွားတာ ဆေးတံတို တညိုလောက် ရော့သောက်လို့ပေး ယူလိုက်က ကြိုက်လို့ထင် မယူလိုက်ပြန်က မိုက်လို့ထင် တဲ့ ငါငယ်ငယ်ကကြည့်ခဲ့ဖူးတာ၊ ဇာတ်ကားနာမည်တောင်မေ့နေပါပြီကွာ"

"ဟုတ်ပါပြီ ၊ဒါတွေခဏထားလိုက်ပါအုံး၊ ဆရာ့ကိုကျနော်မေးချင်တာက ဆရာက ဆေးလိပ်ကြိုက်တဲ့သူဆိုတော့ မယ်ခွေ ကဗျာကို သင်ရိုးကထုတ်လိုက်တာ မကြေနပ်ဖူးပေါ့"

"ဒီလိုတော့လည်း မဟုတ်ဘူး ပကိဏ်းရ၊ ဆေးလိပ်စွဲတာ မကောင်းတဲ့အကျင့်မှန်းတော့ ငါတင်မက သောက်ဖူးတဲ့လူတိုင်း သိကြပါတယ်၊ အမောမခံနိုင်တာတို့၊ ချောင်းဆိုးရင်ကြပ်ဖြစ်ကြတာတို့ ဆေးလိပ်သမားတိုင်း မကြာခဏကြုံဖူးကြပါတယ်၊ ငါဆိုတီဘီဖြစ်လို့ ဆေးတောင် ၆ လသောက်ခဲ့ရသေးတာပဲ"

"ဒါဖြင့်...မယ်ခွေကဗျာ ဖြုတ်တာ ထောက်ခံတယ်ပေါ့"

"ဒီလိုလည်း မဟုတ်ဘူးကွ၊ ကဗျာဆိုတာတိုက်ရိုက်အနက် တခုထဲရှိတာမဟုတ်ဘူး၊ ခု မယ်ခွေ့လေးချိုးကဗျာလေးက သူ့ချစ်သူကို ဘယ်လောက်မြတ်နိုးတန်ဖိုးထားတယ်ဆိုတာကို သိင်္ဂါရရသမြောက်အောင် ဖွဲ့ထားတဲ့အဖွဲ့ပဲ။ ချစ်သူမောင်ကြီးအတွက် ဆေးလိပ်လိပ်ဖို့ မယ်ကိုယ်တိုင် ခူးထားတဲ့ဖက်စိုကို မီးမကူ နေပူမှာမကင်အားလို့ ဆိုတော့ကာ မီးကင် နေလှန်းရင် မိဘတွေရိပ်မိများသွားမှဖြင့်ဆိုတဲ့ စိုးရွံ့မှုကိုတွေ့ရတယ်၊ ဒါကြောင့် ဖက်ကလေး သွေ့သွားအောင်အိပ်ယာအောက်ထားရတယ်ဆိုတော့ မယ့်ကိုယ်ငွေ့လေးနဲ့ ခြောက်သွေ့အောင်လုပ်ရတဲ့သဘောပဲ၊ ခုလို တိုးတိုးတိတ်တိတ် ကြိတ်ပြီးလုပ်နေရတော့ ကပ်ကြေးတွေဘာတွေလည်း ဘယ်ရှာနိုင်မလဲကွာ ဖက်ရဲ့ အညှာနားကို ညီသွားအောင် ရှေ့သွားလေးနဲ့ တိုအောင်ကိုက်ရသတဲ့"

"ဒီလောက်ဆို သဘောပေါက်ပါပြီ ဆရာရယ်၊ ဆရာ့ စကားပြေ နားထောင်ရင်း ကျနော်တောင် ဆေးလိပ်သောက်ချင်လာပြီ၊ ဒါနဲ့ ကဗျာကို သင်ရိုးက ပယ်ဖျက်ချင်တဲ့လူတွေရဲ့ စေတနာကိုရော ဆရာ လက်မခံဘူးလား"

"အင်း...လုပ်လာပြီ..ပကိဏ်းတို့ကတော့ အဆိုရှင်ဘက်က ရှေ့နေလိုက်တော့မယ်"

"အဲ့လို မဟုတ်ဘူးလေ ဆရာရယ်၊ ဆိုက်ဘိုင်ဆိုက် ပေါ့ ၊ဒေါင့်ပေါင်းစုံကကြည့်တော့ ပိုမကောင်းဘူးလား"

"အဲဒါ ပြောနေတာပေါ့ကွ ၊အဆိုရှင်တွေက ဆေးလိပ်မကောင်းတဲ့ အမြင်ဘက်ကချည်းကြည့်တာ၊ thinking ပေါ့ကွာ၊ ဥပမာ စိတ်ကြွရူးသွပ်ဆေး တို့ ဘာတို့လိုဆေးမျိုးကို ချီးမွမ်းဖွဲ့ဆိုတဲ့ စာမျိုး ကျောင်းတွေမှာသင်သလား"

"ဒါတော့ ဘယ်သင်မလဲဆရာ"

"အေး..မသင်တဲ့အပြင်၊ ဆရာဆရာမတွေက ဒါတွေမကောင်းတဲ့အကြောင်း သတိမပေးဘူးလား"

"အင်း သတိပေးတဲ့အပြင် သတင်းမီဒီယာတွေကလည်း အမြဲမပြတ် ရေးပြနေကြတာပဲ"

"အေး...အဲ့လောက်ကြပ်မနေတဲ့ ကြားက ကျောင်းသားတွေကြားမှာ ဒီဆေးတွေ ပြန့်နှံနေတဲ့သတင်းတွေ မကြာခဏဆိုသလိုကြားနေရတယ်၊ ဒီနေ့ ခေတ်လို ဂလိုဘယ်လ် လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ ကလေးတွေကို ဒါပဲကြည့်၊ ဟိုဟာတော့မကြည့်နဲ့လို့ ဆရာဗဟိုပြု သင်လို့ရမယ်ထင်သလား"

"အင်းအဲ့လိုတော့မထင်ပါဘူး၊ ပညာရေးက ကျောင်းသားဗဟိုပြုစနေပြီလေ"

"သူတို့ကို ကိုယ်ကရွေးပေးတာထက်၊ သူတို့ကိုယ်တိုင် အကောင်းအဆိုးရွေးချယ်တတ်အောင် လေ့ကျင့်ပေးရတာ၊ ကမ္ဘာပေါ်မှာပညာရေးထိပ်တန်းနိုင်ငံတွေဖြစ်တဲ့ နယ်သာလန်တို့ ဘာတို့မှာဆို ကျောင်းစာထက် စာကြည့်တိုက်ကို ပိုအသားပေးလေ့ကျင့်ထားတာ၊ စာကြည့်တိုက်ဆိုလို့ ပြန်ကြားရေးကထုတ်တဲ့စာအုပ်ချည်းမထင်နဲ့ ကမ္ဘာပေါ်က ထွက်သမျှ စာအုပ်တွေ အကုန်နီးပါးတင်ပေးထားတာ၊ ငါ့အထင်
သူတို့စာကြည့်တိုက်တွေမှာ မယ်ခွေရဲ့ "လက်ဆောင်"တို့၊ ဆရာတင်မိုးရဲ့ "ဧည့်သည်ကြီး" ကဗျာတွေတောင် ရှာလို့ရမယ်ထင်တယ်"

"ဆရာကတော့ လုပ်ချလိုက်ပြန်ပြီ၊ ကိုယ်လည်းရောက်ဖူးတာမဟုတ်ပဲနဲ့"

"အဲဒါပြောတာပေါ့ကွ reasoning ဆိုတာ၊ ယုတ္တိ သဘောနဲ့လည်း ဆင်ခြင်ကြည့်တတ်ရတယ်၊ ခု မယ်ခွေကဗျာ ပယ်တဲ့ပုဂ္ဂိုလ်တွေ က thinking တွေးရုံပဲတွေးတာကွ reasoning မပါဘူး။ သူတို့သာ
ဆင်ခြင်ဉာဏ်ပါရင် ဒီကိစ္စကို ဆရာ မောင်ခင်မင်တို့ သမ္မတဟောင်း ဦးထင်ကျော်တို့ လက်ရှိသမ္မတကြီး ဦးဝင်းမြင့်တို့ ဒေါ်စုတို့တောင် ဝင်သတိပေးစရာမလိုဘူး၊ မှတ်ထား အတွေးအခေါ်ဆိုတာ တဝက်မှန်ရုံနဲ့ အသုံးတည့်တာမဟုတ်ဘူး၊ အနည်းဆုံး ၇၅ ရာခိုင်နှုန်းလောက်တော့ မှန်မှ အသုံးတည့်တာ၊ ဒါကြောင့် မင်းလို တပိုင်းကြောင်ကောင်တွေ သတိကြပ်ကြပ်ထား"

"အင်း..ဆရာတော့ ကျနော့ကို ဗလိုင်းဆော်ပြီ ၊မြန်မြန်လစ်တာပဲကောင်းတယ်"

"ဟား..ဟား"

ရှင်လူ
story#observation #shinlhu

No comments:

Post a Comment