SATIRE(သရော်စာ)
"အာလူးပူရီ နိုင်ငံရေး"
--------------------
- ရှင်လူ ( သွေးပူလေ့ကျင့်ခန်းလုပ်သည်)
"ဆရာရေ ခုတပတ်တော့ ကမ္ဘောဒီးယားက မုန့်ဟင်းခါးနိုင်ငံရေးအကြောင်း ကျနော်မရှင်းတာလေးတွေ ဆရာ့ကိုမေးချင်တယ်"
တပည့်ကျော်ပကိဏ်းလူက ရောက်ရောက်ချင်း မဆိုင်းမတွ မေးလာတဲ့မေးခွန်းကြောင့် ရှင်လူ ခေါင်းနည်းနည်းစားသွားပါတယ်။ သတင်းတွေ ဖတ်တုန်းကတော့ အမှုမဲ့အမှတ်မဲ့ ဖတ်ခဲ့ပြီး သူမေးမှပဲ
ဒီအကြောင်းအသေးစိတ်ကို ပြန်စဉ်းစားရပါတော့တယ်။
"အင်း မင်းမေးမှပဲ ဒီအကြောင်းကို ငါလည်း ပြန်စဉ်းစားမိတော့တယ် ပကိဏ်းရ၊တကယ်တော့ ကမ္ဘောဒီးယားဆိုတာ တချိန်က ခမာနီတွေလက်ထက် ၁၉၇၅ ကနေ ၁၉၇၉ အတွင်း မြို့တော်ဖနွမ်ပင်ကနေပြီး လူတွေကို အစုလိုက်အပြုံလိုက်မောင်းထုတ်ပြီး နှိပ်စက်သတ်ဖြတ်ခဲ့တဲ့ကိစ္စက ကမ္ဘာကျော်ခဲ့တယ်။ ပိုပေါ့ခေါင်းဆောင်တဲ့ ခမာနီတွေရဲ့ နိုင်ငံရေးအယူအဆအရ အဲ့ဒီ လူနှစ်သန်းကျော် အသတ်ခံခဲ့ရတဲ့အကြောင်းကို စာအုပ်တွေ ရေးကြပြုကြနဲ့ Killing Fields ဆိုပြီး ရုပ်ရှင်တောင်ရိုက်ခဲ့သေးတယ်။ ထားပါတော့လေ သမိုင်းကြောင်းအကျဉ်းကို မင်းသိအောင်ပြောတာ။ အဲ့နောက်ပိုင်း နိုင်ငံရေးအပြောင်းအလဲတွေမှာလည်း အစဉ်အလာလိုဖြစ်နေ တာကတော့ သဘောထားကွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေပဲပေါ့ကွာ။ ခုလက်ရှိ ဝန်ကြီးချုပ်ဖြစ်နေတဲ့ ဟွန်ဆန်နဲ့ အတိုက်အခံခေါင်းဆောင်
ဆမ်ရမ်စီတို့က ပြောရရင်တော့ နိုင်ငံရေးအရ တကျက်ကျက်ဆိုပါတော့။ ဆမ်ရမ်စီတို့ရဲ့ CNRP ပါတီဟာ ဟွန်ဆမ်အစိုးရကိုဒီမိုကရေစီရေး လူ့အခွင်အရေး ကိစ္စတွေမှာ ပြင်းပြင်းထန်ထန်ဝေဖန်တာကြောင့်
ကမ္ဘောဒီးယားနိုင်ငံတော်တရားရုံးချုပ်က CNRP ပါတီကို ဖျက်သိမ်းလိုက်ပြီး အတိုက်အခံအမတ် ၁၁၈ ဦးကိုလည်း လွှတ်တော်တက်ခွင့်မပေးတော့ပဲ နိုင်ငံရေးလုပ်ပိုင်ခွင့် ၅ နှစ် တားမြစ်ခဲ့တယ်ကွ။
အဲဒီအချိန်မှာ နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာနေတဲ့ CNRP ပါတီရဲ့အကြီးအကဲတယောက်ဟာ နိုင်ငံရေးမလုပ်ရတော့ မုန့်ဟင်းခါးဆိုင်လေးတဆိုင် ဖွင့်တယ်ပေါ့ကွာ။ အဲ့ဆိုင်မှာ သူတို့ပါတီဝင်တွေဟာ မုန့်ဟင်းခါးစားရင်း ပုံမှန်စုဝေးကြတယ်ပေါ့၊ အဲ့လိုစုမိကြတော့လည်း နိုင်ငံရေးကိစ္စတွေ ပြောမိ ဆိုမိ ဆွေးနွေမိကြတာပေါ့ကွာ။ ပြီးတော့ သူတို့ဆွေးနွေးချက်တွေကိုလည်း ငါတို့လိုပဲ ဖေ့စ်ဘုတ်ပေါ်တင်ကြတာပေါ့။ ဒါကို အစိုးရကသိသွားပြီး ဆိုင်ရှင်အမျိုးသမီးကြီးနဲ့ လူ သုံးဒါဇင်လောက်ကို တရားရုံးကဆင့်ခေါ်ပြီး မုန့်ဟင်းခါးဆိုင်မှာ ပြောခဲ့တာတွေဟာ တားမြစ်ထားတဲ့ နိုင်ငံရေးလုပ်ခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ စီရင်ချက်ချခဲ့
ကြတယ်ကွ။ ဒီကိစ္စကို CNRP က ခေါင်းဆောင်တွေ သိသွားတော့ ပါတီဝင်ဟောင်းတွေအားလုံး သွေးစည်းတဲ့အနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မုန့်ဟင်းခါးစုစားကြဖို့ ဆော်သြခဲ့တယ်လေ
"သြော်...ဒါကြောင့်မုန့်ဟင်းခါး နိုင်ငံရေးလို့
ပြောတာကိုး"
"အေး ဟုတ်တယ်၊ အဲ့လို ဆမ်ရမ်စီတို့
မုန့်ဟင်းခါးနိုင်ငံရေး လုပ်တာကို ဝန်ကြီးချုပ် ဟွန်ဆမ် ကသိတော့ သူ့ပါတီဝင်တွေကိုလည်း အိမ်နီးချင်းတွေနဲ့ မုန့်ဟင်းခါးအတူစားကြဖို့ နှိုးဆော်ပြန်တယ်။ ဒါကို ပြင်သစ်နိုင်ငံမှာခိုလှုံနေတဲ့ CNRP ပါတီ ခေါင်းဆောင် ဆမ်ရမ်စီက ဝန်ကြီးချုပ်ဟာ ကျနော့်လူတွေ မုန်ဟင်းခါးစားတာကို မကန့်ကွက်တဲ့အပြင် သူပါလိုက်လုပ်ပါတယ်၊ ဒါဟာ ကျနော့အတွက်တော့ အောင်မြင်မှုပါပဲ တဲ့"
"စိတ်ဝမ်းကွဲနေတဲ့ ထိပ်တန်းပါတီကြီးနှစ်ခု မုန့်ဟင်းခါးစားရင်း အပြန်အလှန် အသိမှတ်ပြုကြတာပေါ့နော်။မတူကွဲပြားတာတွေ ရှောင်ပြီး တူရာတွဲလုပ်တာပဲပေါ့"
"အင်း ဟက်တက်ကွဲနေတဲ့ ဒဏ်ရာကို
တွေ့ရာ ပုဆိုးစုတ်နဲ့ ကောက်စီးသလိုပေါ့ကွာ"
"လုပ်ပြီ..ဆရာကတော့"
"အေးလေ ဟွန်ဆမ်ဆိုတဲ့ လူက ချက်စ်ထိုးတဲ့နေရာ သိတ်တော်သတဲ့၊ သူဘာအကွက်ရွှေ့လိုက်မှန်း ငါတို့ သိနိုင်တာမှ မဟုတ်ပဲ"
"အင်း..ဆရာပြောတာလည်း ဟုတ်တာပဲ၊
ကမ္ဘောဒီးယားပြည်သူတွေကတော့ ပျော်ပျော်ပါးပါး မုန့်ဟင်းခါးစားနေလိုက်ကြတာ အားရစရာပဲ..၊ဒါနဲ့ဆရာရေ..ကျနော်တို့ဆီမှာရော.."
"တို့ ဆီမှာ ဘာဖြစ်နေလို့လဲ"
"တလောက အတိုက်အခံပါတီတွေ နိုင်ငံတော်အတိုင်ပင်ခံဆီနဲ့ သမတဆီ အိတ်ဖွင့်ပေးစာပို့တဲ့ကိစ္စ ဟိုဘက်က မတုန့်ပြန်လို့တဲ့ ၂၄ ပါတီကိုယ်စားဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ပါတီနှစ်ခုက နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ လုပ်သတဲ့။ အဲ့မှာ တယောက်ပြောသွားတာ တော်တော်စုံတယ။် CIAလည်းပါတယ်၊ ဝံသာနုလည်းပါတယ်၊ ကွန်ဖြူးရှပ်လည်းပါတယ်၊ဘူခါခြုံတာလည်းပါတယ်"
"ဘာတွေလဲ ပကိဏ်းရာ၊ လိုရင်း တိုရှင်း ပြောစမ်းပါ"
"ပြော ပြောပါ့မယ်ဆရာရယ်။ မငေါက်ပါနဲ့
ဆရာကလည်း ၊ ဆရာ့တပည့်က မသိလို့မေးတာပါ၊ လိုရင်းတိုရှင်းပြောရရင်တော့ အဲ့ဒီ အတိုက်အခံတွေက ခုလို သဘောထားကွဲနေတာတွေ ပြေလည်သွားအောင် ကမ္ဘောဒီးယားမှာလို
မုန့်ဟင်းခါးနိုင်ငံရေး လုပ်ကြရင် မကောင်းလား လို့"
"တယ်လေ..ဒီကောင်.. ငါအကြမ်းပန်းကန်နဲ့ ကောက်ထုလိုက်ရ"
"ကျနော်..ဘာမှားလို့လည်းဆရာရဲ့"
"ဟယောင်ရ..ငါတို့နိုင်ငံမှာ မုန့်ဟင်းခါးကြွေးတာ ဘယ်အခါလဲ"
"ရက်လည်.,ရက်လည် အယ် ဟုတ်သား၊
ဒါဆို ဘာပြောင်းစားကြရင် ကောင်းမယ်ထင်လဲ ဆရာ"
"အင်း..အာလူးပူရီလေး ဘာလေးပေါ့ကွာ"
ရှင်လူ
story#observation #shinlhu
No comments:
Post a Comment