Thursday, August 29, 2019

သရော်စာ

SATIRE (သရော်စာ)

"မြင်း ဘောင်းဘီဝတ်ပေးတဲ့ ဒီမိုကရေစီ"
--------------------------------

ရှင်လူ (ဥပဒေ အတင်းပြုသူ)

"စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာ ဘာလဲဆရာ"

တပည့်ကျော် ပကိဏ်းလူ ရဲ့ မေးခွန်းကြောင့် ရှင်လူက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး အကဲခတ်လိုက်မိတယ်။

"ဘာလဲကွ ပကိဏ်းရ၊ မင်း ဘာတွေလေ့လာနေပြန်ပလဲ"

"ဒီလိုပါဆရာ၊ ကျနော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတာတွေ ဖတ်မိတော့၊ ကျနော်တို့ဆီမှာ သိသာတဲ့အပြောင်းအလဲတွေ မတွေ့ရပဲ ဒုံရင်း ဒုံရင်း ဆိုသလိုဖြစ်နေလို့ ဟိုဆရာကြီးတွေ အော်ခဲ့သလို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မဟုတ်လို့လား တွေးမိလို့ပါ"

"အဲလယ်...ငါ့တပည့် သုံးသပ်ချက်တွေက အတော်မြင့်နေပါလား"

"ဆရာပဲ ကျနော့ကို စာများများမဖတ်လို့ဆိုပြီး နှိပ်ကွပ်ခဲ့တာလေ၊ ဒါ့ကြောင့်ကျနော်လည်း ရတတ်သမျှလေးတွေ ရှာဖတ်ရတာပေါ့"

"အေး...မင်းတွေးပုံ ကောင်းပါတယ်၊ မင်းတို့လူငယ်တွေ အဲလိုတွေးတတ်လာတာကပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အတွက် တွန်းအားတွေဖြစ်လာမှာပါ"

"ဟုတ် ဆရာ၊ ကျနော်တို့ နိုင်ငံဟာ ခုဆို သူများနည်းတူ မဟုတ်တောင်၊ ကိုယ့်ဟာနဲ့ကိုယ် အသင့်အတင့်အဆင်ပြေစပြုသင့်နေပါပြီ၊ ဒါပေမယ့် သဘာဝဘေးဒဏ်အပြင် စစ်ဘေးစစ်ဒဏ် တွေတောင်ပိုများလာပြီး ဆင်းရဲကြပ်တည်းမှုနဲ့ ရာဇဝတ်မှုခင်းတွေပါ ပိုများလာတော့ တခုခုတော့လွဲနေသလား လို့ပါ"

"အင်း...ဆွေးနွေးချက်တွေ ဘေးမချော်သွားရအောင် မင်းသုံးသပ်တဲ့ စည်းကမ်းပြည့်ဝသောဒီိမိုကရေစီက ပြန်စရအောင်"

"ဟုတ်..ဆရာ"

"တကယ်တော့ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ် ကိုယ်တိုင်က ဒီမိုကရေစီရဲ့ စည်းကမ်းတွေကို ဖော်ဆောင်နေတာပဲ လို့ ငါတွေးမိတယ်"

"ဟုတ်ကဲ့"

"လက်ရှိမှာတော့ မင်းရော ငါရော အားလုံးသိနေတဲ့ ဒီမိုကရေစီ ဟာ

Representative Democracy ပဲ။ အဲတော့ ဒီမိုကရေစီကျင့်သုံးပုံနမူနာတွေကို မင်းသိရအောင် ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်ကို ပဲကြည့်ရအောင်"

"ဟုတ်..ဆရာ"

"အမေရိကဟာ နိုင်ငံကြီး ကြီးကျယ်သလောက် Regulation ဆိုတဲ့ ဥပဒေတွေ၊ Restrictions ဆိုတဲ့ သတ်မှတ်ချက်တွေကလည်းပြည်နယ်တခုနဲ့တခု တူတာမဟုတ်ဘူး။ အဲ့လို မတူတော့ ဒီလောက်ပြည်နယ်တွေအများကြီးကဟာကို မင်းအကုန်မသိနိုင်ဘူး၊ အေး..မင်းမသိတော့ ကျူးလွန်မိပြီး ကျနော်မသိလို့ပါ ဆိုပြီးဆင်ခြေပေးလို့မရဘူး။ဥပမာ မင်းက အမေရိကမှာ သစ်ပင်တပင်ပေါ်တက်မိတယ်ဆိုပါတော့၊ Landscaping license ဆိုတဲ့ ပါမစ်ရှိရတယ်။ မရှိရင်လိုင်စင်မဲ့သစ်ပင်ပေါ်တက်မိတဲ့အတွက် ဒဏ်ငွေ ၅၀၀ ပဲ။

"ဗုဒ္ဓေါ.ကျနော်တို့ ထင်ရာစိုင်းဒေသကြီးမှာ ဒါမျိုးတခါမှမကြားဖူးဘူး၊အံသြပ"

"အေး...မင်းမှာ Fishing license မရှိပဲ၊ ငါးသွားဖမ်းရင် လာထား၊ ဒဏ်ငွေ ၈၀၀ပဲ။ဒါပေမယ့် တခြား ပင်လယ်မရှိတဲ့ ပြည်နယ်တခုကျတော့ ဝေလငါးမဖမ်းရတဲ့၊ ကျန်တဲ့ငါး မင်းကြိုက်သလိုဖမ်းခွင့်ရှိတယ်"

"အမ်...တညိုးကြီးနော်"

"နောက်...တို့ဗမာပြည်လို မိုးကောင်းတဲ့ ဖလော်ရီဒါမှာ မိုးရေကို ခံယူစုဆောင်းခွင့်မရှိဘူး"

"ဗျာ...."

"အေး..မိုးရေခံဖို့ rain-harvesting license ဆိုတဲ့ လိုင်စင်ရှိမှခံလို့ရတယ်၊ မိုးရေဆိုတာ အများပြည်သူပိုင်တဲ့ public property ပဲ၊ ခွက်လေး ပုံးလေးနဲ့ သွားခံလို့ကတော့ illegal act ပဲ"

"ဆရာ့ ဒီမိုကရေစီ ဥပဒေတွေ နားထောင်ပြီး ကျနော်တော့ အာဏာရှင်အဘ တွေကို ပြန်တောင်လွမ်းချင်လာပြီ၊ အဘတွေလက်ထက်ကဆို ဆန္ဒပြတာကလွဲရင် အကုန်လုပ်လို့ရတယ်၊ အဲဒါမှ ဒီမိုကရေစီ အစစ်နဲ့တူသေးတော့"

"နောက် ပြည်နယ်တခုမှာတော့ မြင်းကို လမ်းပေါ်ခေါ်လာရင် ဘောင်းဘီ ဝတ်ပေးရမယ် တဲ့"

"ဟားဟား..အတော်နောက်တဲ့လူတွေပဲ"

"နောက်တာမဟုတ်ဘူး ကိုယ့်လူ၊ လူထု အုပ်ချုပ်ရေး အနှစ်သာရက ဒါပဲ၊ အများညီရင် ဤကိုကျွဲဖတ်နိုင်တယ်ကွ၊ အဲ့လိုဥပဒေကို လူထုက သူတို့ဆန္ဒအတိုင်းရေးဆွဲပြီး သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးရတော့ ကမ္ဘာမှာ လတ်တလောခေတ်စားနေတဲ့ ကျောင်းသားဗဟိုပြုပညာရေးနဲ့အံကိုက်ပဲ၊

အေး..တို့ဆီမှာလည်း ဒီမိုကရေစီစံနစ်အသားကျ လာခဲ့ရင် (သြော်..ဥပဒေဆိုတာ ဘယ်အမေ့လင်ကမှ လာလုပ်ထားတာမဟုတ်ဘဲ ငါတို့ ကိုယ်တိုင်လုပ်ထားတာပါလားလို့ နားလည်လာလိမ့်မယ်)"

"အဲ့လိုတွေးတော့လည်း ကြေနပ်စရာပဲဆရာရေ၊လွှတ်တော်ထဲက ဥပဒေတွေဟာ ငါတို့ကိုယ်တိုင်လုပ်ထားတဲ့ ဥပဒေတွေပဲဆိုတဲ့ ယုံကြည်စိတ်တွေဖြစ်လာလိမ့်မယ်"

"ဟုတ်ပ ပကိဏ်းရာ၊ ဥပမာအားဖြင့်ပေါ့ကွာ ဤလွှ တ်တော်သို့တက်ရောက်လာကြကုန်သော ကိုယ်စားလှယ်တော်ကြီးများ အားလုံးသည် ဥပဒေအရ ခွင့်ပြုထားသောသတ်မှတ်ဝတ်စုံမှတပါး ဘောင်းဘီ၊ စကတ်စသည်တို့ကို ဝတ်ဆင်ခြင်းမရှိစေရ"

"အမ် ! ဘာဆိုင်လို့လဲဆရာရဲ့"

"ဆိုင်တာပေါ့ တပည့်ရာ၊ မြင်းတောင်ဘောင်းဘီဝတ်ပေးနိုင်သေးရင်၊ လူတွေဘောင်းဘီချွတ်ဖို့ ဥပဒေဆိုတာလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ပေါ့ကွာ။

ရှင်လူ
story#observation#shinlhu

No comments:

Post a Comment