Thursday, January 1, 2026

story

နှစ်သစ်နဲ့ ဘာသီးမှန်းမသိစားချင်နေတဲ့ဖွေး☃️🎂🎉🌞😥
January ,the 1st 2026
         နှစ်သစ်ရဲ့ပဌမဆုံးနေ့။ဒီနေ့ မှတ်မှတ်ရရ ဖွေးဖွေးသိမ့်နဲ့ Selfie တပုံလောက်ဆွဲဖို့တွေးမိတယ်။ဖွေးလည်း အိမ်မှာအဆင်သင့်ရှိနေတာမို့
         "ဖွေးဖွေး ဆယ်လ်ဖီတပုံလောက်ဆွဲကြရအောင်"ဆိုတော့ ဖွေးက "ဟင့်အင်း"ဆိုပြီး အိမ်ရှေ့ခန်း အမှောင်ထောင့်ဘက်ဝင်ထိုင်ပြီး ကာကွယ်ဖို့ ခေါင်းအုံးတလုံးဖက်ထားလိုက်တယ်။အမှန်တော့
ဖွေးတယောက်စမွေးတဲ့နေ့ကတည်းက ကာတိုလိပ်ဆေးရုံပေါ်ဇာအုပ်ဆောင်းကလေးနဲ့ပုံကအစ ရှင်လူကြီးဓပုံရိုက်ပြီးfb ပေါ် မင်းသမီးလေး ဆိုပြီးတင်ခဲ့တာ ၁၂ နှစ်တိုင်ခဲ့ပြီ။နောက်ပိုင်းလမ်း‌လျောက်တတ်တဲ့အရွယ်လောက်ကျတော့ သူ့ကိုဗွီဒီယိုရိုက်ရင် အဲ့ဗီဒီယိုကိုပြန်ကြည့်ပြီး ရှင်လူ့ကိုဖက်ပုခုံးပေါ်မှောက်ခါ ရှိုက်ကြီးတငင်ငိုတတ်တယ်။အဲ့လိုအခါတွေမှာ ရှင်လူလည်းသူ့ကိုသနားပြီးစိတ်မကောင်းဖြစ်ရတယ်။ဒီလိုနဲ့ ဖွေးနဲ့ရှင်လူ သံယောဇဉ်ဖွဲ့ ဓပုံ ဗွီဒီယိုတွေအများကြီးရိုက်ဖြစ်ခဲ့တာ ခု ၁၂နှစ်ထိကြာခဲ့ပေါ့။သူသိတတ်တဲ့အရွယ်ကစပြီးသူ့ကိုဓပုံရိုက်ရင်မကြိုက်။fb တင်တာပိုမကြိုက်။ရှင်လူလည်း သူမကြိုက်တာမလုပ်ချင်ပေမယ့် သူ့ကိုဓပုံရိုက်ပြီး သူ့အကြောင်းမှတ်တမ်းလေးတွေရေးနေရတာအကျင့်ပါနေသမို့ ဒီလိုပဲ မရအရ အလစ်ရိုက်ရ ရိုက်ရ၊ရတဲ့ပုံတွေတင်နေမိတယ်။ခု ဆိုရှယ်မီဒီယာပေါ် ပုံတွေတင်လို့ အန္တရာယ်ဖြစ်တဲ့သတင်းတွေလည်းတနေ့တခြားများများလာတယ်။ဖွေးကို သူ့ လွတ်လပ်တဲ့ဆန္ဒအတိုင်း ဓပုံမရိုက် မတင်တော့ဖို့ရှင်လူဆုံးဖြတ်ထားတယ်။ဒါပေမယ့် ဒီနေ့နှစ်သစ်ရဲ့‌နေ့သစ်ကလေးမှာတော့ ယော်ရွက်ဝါရှင်လူကြီး ဖွေးနဲ့အမှတ်တရဆဲလ်ဖီဆွဲချင်စိတ်တွေတအားဖြစ်နေတယ်။သူ့ဖွားဖွားကြီးကလည်း "အရိုက်ခံလိုက်လေ၊ မုန့်ဖိုးပေးမယ်ပြောနေတာ၊ အရင်ရိုက်ထားလို့ပဲ ပုံတွေပြန်ကြည့်နေရတာ"လို့ ရှင်လူ့ဘက်ကစစ်ကူဝင်လာတယ်။ဟုတ်တယ်လေ ရှင်လူရိုက်တင်ထားလို့ပဲ မွေးစကတည်းကခုထိ အရွယ်အစားစားဖွေးဓပုံတွေ နေ့အလိုက်လအလိုက်အကုန်ရှိနေတာ။Royal မိသားစု‌တွေသာ မိသားစုဓပုံဆရာထားနိုင်တာ၊ဖွေးက ကံတရားပေးတဲ့ ကိုယ်ပိုင်ဓာတ်ဆရာရထားတာ။ခု သူ့အဖွားတိုက်တွန်းလို့သာဖွေးကအရိုက်ခံတယ်။ဒါတောင်ကန်တန်တန်။ပဌမတပုံရတော့ အလုအယက်ရိုက်ရသမို့ သူ့မျက်လုံးတွေမှေးပြီး သူ့အမေငမိုးရိပ်လိုဖြစ်နေတယ်။ငမိုးရိပ်က မွေးရာပါ မျက်စိအားနည်းတယ်။ဖုန်းကြည့်ရင်တောင်မျက်စိနားကပ်ပြီးကြည့်နေရတာ။ဒီလိုနဲ့ နောက်တပုံရအောင်မနည်းချော့မော့ယူရတယ်။ပြီးတော့ တညင်းသီးအခွံလို အခွံတမျိုးပြပြီး "အဲ့အသီးဝယ်ကြွေး ကိုးထောင်"ဆိုလား။တညင်းသီးလိုတော့မပြားဘူး၊ခပ်ဝိုင်းဝိုင်းရယ်။အခွံခွာထားတာတော့ ခပ်လုံးလုံးပုံ။ကဲ တတ်နိုင်ဘူး
"ငါ ထီထိုးထားတယ်၊ သိန်းတထောင်ပေါက်ရင်တော့ နင့်ကိုအိတ်လိုက်ဝယ်ကြွေးမယ်"လို့။ဘာသီးမှန်းသေခြာမသိတာလည်း သူမို့စားချင်တတ်တယ်။
story #observation#shinlhu

No comments:

Post a Comment