Thursday, January 1, 2026

story

2026 အတွက်မင်္ဂလာတပါး😥🌞🎉🎂☃️😄🤣🤕🎃😍😓🎵🎶👍
"မနက်ဖြန် Workshop မှာ new year party လုပ်မှာ မနက်ကနေ ညအထိပါ
Shop 1 မှာ မနက် ၇နာရီ စုရပ်ပါ
အစားအသောက်နဲ့ကံစမ်းမဲအစီအစဉ်တွေ ရှိတာမို့ 
ဦးလဲ လိုက်ခဲ့လို့ရပါတယ်"
         မန်နေဂျာ အမရဲ့ msg ထဲက massageကိုကြည့်ပြီးရှင်လူကြီး ချက်ချင်းဆုံးဖြတ်ချက်ချလိုက်တယ်။
စိတ်အခြေအနေကတော့ခပ်မှိုင်းမှိုင်းပဲ၊ ဒီလိုပါတီပွဲမျိုး မိမိနဲ့သင့်တော်လှတယ်မမြင်။ဒါပေမယ့်"အစား
အသောက်နဲ့ ကံစမ်းမဲ အစီအစဉ်"ဆိုတာတော့ မျက်လုံးကကျယ်သွားတယ်။ကံစမ်းမဲဆိုတာက ခုလို2025 ရဲ့နှစ်ကုန်ရက် December 31 ရက်မှာ လူတိုင်းမျှော်လင့်ချင်ကြတာပဲ။အစားအသောက် ဆိုတော့လည်း အမြဲ ကြုံသလို ဖြစ်သလို စားသောက်နေရတဲ့ တကိုယ်ရေသမားရှင်လူ့အဖို့ မက်လောက်စရာ။ဒါနဲ့ပဲ နှစ်ကူး Staff party ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။အဲ. .party လုပ်မယ့်နေရာ Work Shop ကိုရောက်တော့ မနေ့ညနေထဲကကြိုတင်စီစဉ်နေကြတဲ့ ရှင်လူတို့ ဆိုင်Shop 1 ကမော်ဒယ်တွေက လှီးချွတ် ပြင်ဆင်ချက်ပြုတ်နေကြပြီ။Workshop က ကောင်လေးတွေကလည်း မီးသွေးအိတ်သယ်တဲ့သူကသယ်၊ရေခဲအိတ် ရေခဲပုံးပြင်သူကပြင် ဘီယာကဒ်တွေ အချိုရည်နဲ့ ဝိုင်ပုလင်းတွေ ရေခဲစိမ်သူကစိမ်နဲ့ ပျားပန်းခပ်နေရဲ့။ခဏနေတော့ ကောင်လေးတဖွဲ့ ကစတီးစားပွဲနဲ့ခုံတွေကိုနေရာချ။မယ်တော်တချို့က ပလပ်စတစ်စားပွဲခင်းအသစ်တွေဖောက်ပြီးခင်း၊ပူပေါင်းတွေမှုတ်ပြီးကြိုးတန်းအလှဆင်။မကြာခင်မှာ တယောက်က နန်းကြီးသုပ် ပန်းကန်တွေ စားပွဲပေါ် စီချလာတယ်။ကောင်လေးတယောက်က"စားလို့ရပြီအဘ"လို့ပြောလာတော့ မနက်ကရပ်ကွက်ထဲစားနေကျ ထမင်းကြော်ဆိုင်က ထမင်းကြော်တပွဲစားထားတဲ့တိုင် ဘိုက်ထဲကဟာတာတာမို့ (အင်း ဆီးချိုသမား ခဏခဏဆာတတ်တယ်ဆိုတာအမှန်)စားပွဲမှာဝင်ထိုင်ပြီးဝါးတီးကိုစဖွင့်လိုက်တယ်။Shop1 ကမော်ဒယ်တွေလက်ရာမဆိုး၊ ပဲမှုန့်များများ ချဉ်ငံစပ် အနေတော် ဆိမ့်ဆိမ့်လေးမို့ တပွဲကုန်အောင်တီးလိုက်တယ်။နန်းကြီးသုပ်စားအပြီးမှာ ကောင်လေးတချို့ Tiger ဘီယာဘူးရှည်လေးတွေကစ်နေတာတွေ့လို့ ရှင်လူလည်း တဘူး တောင်းယူပြီး ဖွင့်လိုက်တယ်။တလောတုန်းကပဲ သွေးတိုးအပေါ်သွေး နှစ်ရာတိုးထားလို့ "ကောင်းဆေးခန်း" ရက်ခြားနှစ်ခါသွားလိုက်တာ နှစ်သောင်းခွဲလောက်ကုန်ထားတာ။အဲတော့ တအားကစ်လို့တော့မဖြစ်။တစိမ့်စိမ့်ပဲငုံမှဖြစ်မယ်။
ကိုယ့်သတိသမ္ပဇဉ်နဲ့ကိုယ် ဘီယာတဘူးနဲ့တနေကုန်ဆိုပါတော့။ဒီလိုနဲ့ ကာရာအိုကေ အော်ဆိုနေတဲ့ကလေးတွေက အတင်းလာဆွဲ ပြီးမိုက်ထိုးပေးလို့ အင်တင်တင်နဲ့ပဲ အငဲရဲ့ "မျှော်လင့်ခြင်းကွင်းပြင်" တပုဒ်ဆိုပေးလိုက်ရတယ်။တော်သေးရဲ့ ကိုယ်က ကီးမြင့်မြင့်တွေအော်နိုင်သေးလို့။ဒီလိုနဲ့ Tiger အရှည်နောက်တဘူးနဲ့ ABC အတိုတဘူးထပ်ကုန်သွားတယ်။MD က ဧည့်သည်တွေနဲ့ Black Label ပုလင်းဖွင့်ရင်း "အကိုကြီး အရက်သောက်အုံးမလား"မေးတော့ "မသောက်တော့ပါဘူး"ငြင်းလိုက်တယ်။ဟုတ်တယ်လေ ဘီယာလောက်သောက်ထားပြီပဲ။ဩဝါဒပါတိမောက်မှာ အာဟာရရဲ့အတိုင်းအရှည်ကိုသိရမယ်ဆုံးမထားတာ။ကိုယ့်ကျန်းမာရေး ကိုယ်ချိန်ဆရမပေါ့။ဒီလိုနဲ့ MDတို့စုံတွဲကအစ ပွဲတောင်းသူတွေကတောင်းလို့ ကာရာအိုကေဝင်ဆိုနေကြရတယ်။တဖြည်းဖြည်းအချိန်လင့်လာတော့ အနွေးထည်ပါးပါးလေးသာပါတဲ့ရှင်လူကြီးချမ်းစိမ့်စိမ့်ဖြစ်လာတယ်။မဖြစ်သေးပါဘူး ဝိုင်းထဲ Black ပုလင်းကြီးကိုင်ထားတဲ့ အငယ်လေး(MD ညီငယ်)ကိုတွေ့တာနဲ့ "အငယ်လေး ရှင်လူ့အတွက်နည်းနည်းငှဲ့လိုက်ကွာ ချမ်းလာပြီ ၊မရတော့ဘူး"ဆိုတော့ အငယ်လေးက လက်နှစ်လုံးလောက်ငှည့်ပြီး ရေသန့်နဲ့တခါထဲစပ်ပေးတယ်။အဲဒါ ကွကိုယ်ရေခဲသုံးတုံးလောက်ညှပ်နဲ့ထည့်ခလောက်ပြီးတငုံချင်းငုံရတယ်။ဒီအချိန်မှာပဲ အခန်းအနားအစီအစဉ် စတော့မယ်ဆိုပြီး New year & Staff party ဗီနိုင်းရှေ့မှာခုံတွေစီပြီးစုဝေးကြလေရဲ့။ရှင်လူလည်း လက်ထဲ အရက်ခွက်ကြီးနဲ့မို့ ချိုမီဇင်က "အဘ ရှေ့တန်းလာလေ"ဆိုတာတောင်"ငါ့မှာ ခွက်ကြီးနဲ့မို့ "ဆိုပြီးနောက်မှာပဲထိုင်နေခဲ့တယ်။ဒါပေမယ့် MD က ဝန်ထမ်းတွေကိုနှစ်သစ်ကူးနှုတ်ခွန်းဆက်စကားပြောကြားပေးပါရန် ဆိုတဲ့ Announcer နန္ဒာရဲ့စကားနဲ့အတူ MD က ရှေ့ထွက်လာတယ်။သူဘာစပြောမလဲကြည့်နေတုန်း "ပဌမဆုံး ကိုကြီးရှင်လူက ကလေးတွေကို ၃၈ဖြာ မင်္ဂလာတရားအကြောင်းပြောပြပါလိမ့်မယ်၊ကိုကြီးရှင်လူကြွပါ"တဲ့။
"ဟိုက် ဗုဒ္ဓေါ၊ ဆိုင်းမဆင့်ဗုံမဆင့်၊ဒါမျိုးက စာပေဟောပြောပွဲတွေမှာတောင် အကြောင်းအရာ ခေါင်းစဉ်ရွေးပြီးနုတ်တွေဘာတွေထုတ် ကြိုတင်ပြင်ဆင်လာရတာ။ခုဟာက ဘာမှလဲကြိုတင်ပြောမထား ၊အသိပေးမထားပဲ ၃၈ဖြာမင်္ဂလာ‌ပြောပြ
ပါဆိုတော့ကာ....
ဟယ် ဘာဖြစ်ဖြစ် တစောက်ကန်းရှင်လူ့အကျင့်အတိုင်းပရိတ်သတ်ရှေ့ခပ်တည်တည်နဲ့ထွက်လိုက်တယ်။ကုမ္ပဏီဝန်ထမ်းကလေးတွေကိုရော ဧည့်ပရိတ်သတ်ကိုပါတချက်ဝေ့ကြည့်လိုက်ပြီး ၊ဘာရမလဲ "အဟမ်းအဟမ်း
M D က မင်္ဂလာတရား၃၈ပါးပြောပြပါဆိုလို့သာ ထွက်လာတာ တကယ်တော့ အဲဒါ တွေကို ရှင်လူမရပါဘူး၊ မကျက်ထားပါဘူး" ။ကလေးတွေက ရှင်လူ့စကားကိုဘယ်လိုပါလိမ့်ဆိုတဲ့ အမူအရာနဲ့ နားစွင့်နေပါတယ်။ "အဲ...ဒါပေမယ့် အရေးအကြီးဆုံးမင်္ဂလာတပါးကိုတော့ သေချာကျက်ထားပါတယ်။အဲဒါကတော့ လောကုတ္တရာမင်္ဂလာဖြစ်တဲ့
ဖုဌဿ လောက ဓမ္မေဟိ စိတ္တံ ယဿ နကမ္ပတိ အသောကံ ဝိရဇံ ခေမံ ပဲဖြစ်ပါတယ်။၃၈ ဖြာမင်္ဂလာတရားတွေထဲမှာကျန်တာတွေထက် ဒါဟာ အရေးကြီးဆုံးမို့ ဒီတခုပဲ ကျက်ထားပါတယ်၊ကျန်တာတွေမရပါ။ဒါက လောကဓံတရား၈ပါးကို ရင်ဆိုင်ရဲဖို့ပါ။
"အဲဒီ လောကဓံတရား ၈ပါးကိုရှင်းပြပါအုံး"
          ရှင်လူ့စကားကိုMDက ဝင်ထောက်ပြန်တော့
လာဘော  အလာဘော
ယဿော
 အယဿော— နိန္ဒာ ပသန္နာ   သုခံ —ဒုက္ခံ 
၁။ လာဘ (လာဘ်ရခြင်း)
၂။ အလာဘ (လာဘ်မရခြင်း)
၃။ ယသ (အခြံအရံ/ကျော်စောမှုရှိခြင်း)
၄။ အယသ (အခြံအရံ/ကျော်စောမှုမရှိခြင်း)
၅။ နိန္ဒာ (ကဲ့ရဲ့ခံရခြင်း)
၆။ ပသံသာ (ချီးမွမ်းခံရခြင်း)
၇။ သုခ (ချမ်းသာခြင်း)
၈။ ဒုက္ခ (ဆင်းရဲခြင်း)
ဤလောကဓမ္မတရား (၈)ပါးဟာ လောကလူသားတိုင်း ကြုံတွေ့ရမြဲဖြစ်တဲ့ သဘာဝဓမ္မများဖြစ်ပြီး၊ 
ဒီအရာတို့ရဲ့အတက်-အကျကို မတုန်မလှုပ် စိတ်ထားနဲ့ ရင်ဆိုင်ရင်ဆိုင်ကျော်လွှားနိုင်ဖို့‌ ဟောကြားထားတာဖြစ်တယ်။‌ဒီလိုနဲ့ နှစ်သစ်ကူး Happy New Year ကြပြီး အငယ်လေးကားနဲ့ပြန်ပို့လို့ Shop 1ကို 
1st January,2025_ 1:00AM
လောက်ပြန်ရောက်တော့ ကမန်းကတမ်းအိပ်ယာလေးပြင်ပြီးတန်းအိပ်ပါတယ်။မနက် 8:00 AM လောက် အိပ်ယာကနိုးနိုးချင်း Digital 
စက်ကလေးနဲ့သွေးပေါင်ချိန်လိုက်တာ 127/79 ဆိုတော့တော်သေးရဲ့။
အမှန်တော့ညက ရှင်လူကြီး ဆက်ရွှီးမယ်ဆို အသေဝနာစ ဗာလနံကစပြီး ပတိရူပတို့ ညာတကာနဉ္စတို့ တပေါစ တို့ အစဉ်လိုက်မဟုတ်တောင် အင်းအဲနဲ့ပြောစရာတွေအများသား။ဒါပေမယ့် မူးပြီး ဆိုချင် ကချင် ကံစမ်းမဲနှိုက်ချင်နေတဲ့ပရိတ်သတ်အတွက်ကတော့မင်္ဂလာ တပါးနဲ့တင်လုံလောက်ပါတယ်လေ။
  နောက်မှ ရှင်လူကြီး ကွကိုယ်တွေးပြီး ဖုဌဿ လောကဓမ္မေဟိ စိတ္တံ ယဿနကမ္ပတိ ကိုအကျဉ်းရုံးဘာသာပြန်လိုက်တော့ "ကိုယ်ဖြစ်ကိုယ်ခံ မတောင်းပန်နဲ့" လို့ပဲ အဓိပ္ပာယ်ရသဗျ။
story #observation#shinlhu


No comments:

Post a Comment