Saturday, January 31, 2026

story

ပါးစပ်ဟတိုင်းကောင်းတယ်မထင်နဲ့🥱🙊🤧🤠🥸😎
ရှင်လူက မနက်ဘက် ရွှေနဂါး-၃ လက်ဖက်ရည်ဝိုင်းကို
"ရွှေနဂါး-၃ လေသိုင်းအဖွဲ့"လို့
တင်စားလေ့ရှိပါတယ်။ဒီအဖွဲ့လေးမှာ အသက်အားဖြင့် ငါးဆယ်ကျော်ကစပြီး ခြောက်ဆယ်ကျော် ခွန်နှစ်ဆယ်ကျော် ရှစ်ဆယ်ကျော်တွေထိပါသလို လူပျိုကြီးတွေ မုဆိုးဖိုတွေနဲ့ လက်ရှိအိမ်ထောင်သည်တွေလည်းပါကြပါတယ်။တခုထူးခြားတာက ဒီအဖွဲ့ဝင်အားလုံးလိုလိုဟာ လွတ်လပ်ပွင့်လင်းကြတဲ့အတွက် Open Society လေးတခု ဆိုရင်မမှားဘူးပေါ့ဗျာ။နေ့စဉ် မနက်၉နာရီလောက်ဆို စက်ဘီးလေးတွေနဲ့ ဖြစ်စေ လမ်းလျောက်ရင်းဖြစ်စေ ရွှေနဂါး -၃ ကိုရောက်လာလေ့ရှိကြပါတယ်။ဘဝတွေကလည်းအမျိုးမျိုးပေါ့ ဝန်ထမ်း အငြိမ်းစားတွေပါသလို တက္ကစီဆရာ ဆိုက်တွဲဆရာကအစ ရွှေဆိုင်ပိုင်ရှင်အထိပါကြပါတယ်။တနေ့တနေ့ ဆွေးနွေးကြတဲ့အကြောင်းအရာတွေကလည်း အမျိုးစုံလှတယ်။နိဗ္ဗာန်ကအစ တောင်ကြာပန်းတို့ မြဟင်္သာတို့အထိ။အသက်အကြီးဆုံး ရှစ်ဆယ်ကျော်ပုဂ္ဂိုလ်က "နိဗ္ဗာန်ဆိုတာ နိဝါန ၊လွတ်မြောက်တာကိုခေါ်တာ"ဆိုတဲ့အပြောမျိုးကလည်း နေ့စဉ် မကြားချင်အဆုံး။သူနိဗ္ဗာန်အကြောင်းပြောနေတုန်း တယောက်က တောင်ကြာပန်းအကြောင်းဝင်ထောက်လိုက်ပြန်တော့လည်း အဲဒီအဘက သူ့မှာ သားသမီး ခွန်နှစ်ယောက်မို့ လုပ်သားမောင်ဖြစ်ကြောင်းဂုဏ်ယူဝင့်ကြွားပြန်တယ်။ရှင်လူကြီးလည်း နဂါး-၃ ဝိုင်းသားပြီပြီ တခါတခါတော့ ဝင်ပြောမိတာပေါ့။အဲဒါ ဒီနေ့တော့ မျက်နှားချင်းဆိုင်ထိုင်နေတဲ့ ကိုမျိုးက "အကို့ ပါးစပ်ကအနံ့ကလည်း ဒီကတောင်နံတယ်"တဲ့။ "ဗုဒ္ဓေါ..."
"ဟုတ်တယ် ၊ကျနော်လည်းပြောမလို့ အားနာလို့"တဲ့။ဘေးချင်းယှဉ်ထိုင်နေတဲ့ ကိုကွန့်က ဝင်ထောက်ခံတယ်။သူတို့ပြောတာမှန်နေတော့လည်း
ရှင်လူကြီးအားနာနာနဲ့ ပါးစပ်ကိုပိတ်ပြီးငြိမ်‌နေလိုက်ရတယ်။       
       တခါက မော်စီတုံးရဲ့ဆရာဝန်လေးကမော်စီတုန်းကို"ဥက္ကဌကြီးခင်ဗျာ ၊ကျန်းမာရေးအတွက်သွားကိုမှန်မှန်တိုက်ဖို့လိုပါတယ်"လို့ပြောတော့ မော်က"ဟ..ကျားတွေကသွားမတိုက်ပေမယ့်သူတို့သွားတွေကချွန်ထက်နေတာပဲ"လို့ပြန်ပြောသတဲ့။
မော်စီတုံးဆိုတာ Lin Biao နဲ့ Confucius ကို ဆန့်ကျင်ခဲ့သလို ဘာသာရေးကိုဘိန်းလို့ဝေဖန်ခဲ့တဲ့ တော်လှန်ရေးသမားပဲ။နည်းနည်းနောနောပုဂ္ဂိုလ်မှမဟုတ်တာ။ရှင်လူဆိုတဲ့ကောင်ကလည်း "ဘဝကို တယုတယဝိုင်ခွက်လိုမုန်းတယ်၊ထန်းတောထဲကဝါးဆစ်ခွက်လိုသောက်ပြီးလွှင့်ပစ်ချင်တယ်"လို့ ကဗျာရေးခဲ့ဖူးတယ်။ဥဒိစ္စဝင်နေတဲ့ကောင်။သွားတိုက်ရမှာပျင်းလို့ မော်စီတုံးလမ်းစဉ်လိုက်ခဲ့တာ။ခုတော့ Open Society (ပွင့်လင်းလူ့ဘောင်)ကလက်မခံဘူး။ကိုမျိုးရဲ့ကန့်ကွက်အဆိုကို ကိုကွန့်ရဲ့ထောက်ခံချက်နဲ့ ရှင်လူကြီးသွားပြန်တိုက်နေရပြီ။အင်းလေ ပါးစပ်ပုပ်ကြီးတွေအတွက်ဆင်ခြင်စရာပေါ့။
story #observation#shinlhu


No comments:

Post a Comment