Saturday, December 6, 2025

story

ဖွေးဖွေးသိမ့် စာတတ်ပြီ
          👧👧👧👧👧👧
       ခုတလော ရှင်လူ ကြီး စာရေးချင်စိတ်သိတ်မရှိ။ ဒါမျိုး မဆလ ခေတ်နဲ့ နောက်ပိုင်း
နဝတ/နအဖ ခေတ်တွေတုန်းကလည်း မ ကြာ
မ ကြာ ဖြစ်ခဲ့ဖူးတယ်။ အမှန်တော့ Freedom of expression ပဲ။လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ်ခွင့် မရှိပဲ ဟိုရှောင် ဒီကွေ့
အမရာဝိ ‌က္ခေပ (အမရာ ငါးလို လိမ်ဖယ်ဖယ်)အဖမ်းခက်အောင် ရှောင်ရေးနေရတာ 
အဂတိ တရားမို့ မရေးတာကမှ အကုသိုလ်ကင်းတယ်ထင်မိတယ်။ တခါ သခင် ခင်ညွန့် ‌မြေးမင်္ဂလာဆောင် မှာ မောင်မောက်-ဥက္ကလာ (ကွယ်လွန်)နဲ့အမှတ်မထင်ဆုံမိ ကြတော့ "ဘယ်လိုလဲ ၊ဒီမိုကရေစီ ရမှ စာရေးမှာလား"လို့ အားမလိုအားမရ ထေ့သွားခဲ့ဖူးတယ်။
         ၁၆ နှစ်သားက ကဗျာစရေးခဲ့ ပေမယ့်
သက္ကရာဇ် ၂၀၁၅ လောက်ရောက်မှ fB နဲ့
ကိုယ်ပိုင် Blog ပေါ်မှာ ကဗျာနဲ့ စာအတိုအထွာ အတန်အသင့် ရေး ဖြစ်ခဲ့တယ်။ ဒါတောင်
ဆန္ဒ  ‌ဒေါသ  မောဟ ဘယာစွဲ ‌တွေ နည်းနိုင်သမျှနည်းအောင် သတိထားရေးခဲ့တယ်။
မိမိက ရဟန္တာမဟုတ်တော့ အားလုံး အ ပြစ်ကင်းတယ်တော့ မဆိုသာ။
          မိမိ စိတ်ပျက် ပြီးစာမရေးဘဲ နေ ပြန်တော့လည်း အနားက ကလေးတွေ ရဲ့ ချစ်စရာ
အ ပြုအမူလေးတွေ‌က လှုံ့ဆော်လာလို့ ထရေးမိ ပြန်တယ်။ မနေ့က ဖွေးဖွေးသိမ့် ဖုန်းပွတ်နေတဲ့အနား သွားကပ်မိတော့ ဖွေးက စိပ်ရှုပ် ပြီးရှင်လူ့ကို "သွား...လာမရှုပ်နဲ့"ဆို ပြီးအော်ထုတ်တယ်။ ဒါနဲ့ရှင်လူ လည်း "အေး ငါက
ချစ်လို့ အနားလာတာကို အော်ချက်ထုတ်တယ်၊
တော် ပြီ နင့်ကို မချစ်တော့ဘူး ၊ဘဒိတ် ‌မောက် ပြီ"ဆို ပြီး ကိုယ့်အခန်းကိုယ် ပြန်လာခဲ့တယ်။ ဖွေး ၂ နှစ်သမီးလောက်ကတည်းက ရှင်လူ ‌ပြောတဲ့ "သပိတ်မှောက်"ဆိုတဲ့ စကားကို
ဖွေးက သူ့နား အမှတ်မှားတဲ့အတိုင်း "ဘဒိတ်မှောက်"ဆို ပြီး မှတ်ထားလို့ ခုထိ ဖွေးရော
ရှင်လူပါ "သပိတ်မှောက်"ကို "ဘဒိတ်မှောက်"လို့ပဲ ဆက်သုံးနေ ကြတာ။ အဲဒါ ရှင်လူ ကြီး ဖွေး ကို ပညာပေးချင်တာနဲ့ ကပ်ပြားတခုမှာ "ဖွေးဖွေး ကို ဘဒိတ်မှောက် P" လို့ရေး ပြီး သူ့ကို ထောင် ပြလိုက်တယ်။သူကတချက်လှည့် ကြည့် ပြီး ဂရုမစိုက်သလို မျက်နှာလွှဲသွားတယ်။
          မနေ့က သူ့အိမ်ဖုန်းကို ဆက်တော့ ထင်တဲ့အတိုင်းပဲ ဖွေးကဖုန်းကိုင်တယ်။
          "ဟယို..."ဆိုတဲ့ ဖွေးအသံ ကြားတာနဲ့"
          "အေး နင်နဲ့ဆို မ‌ပြောတော့ဘူး" ဆိုတော့ ပါးနပ်တဲ့ဖွေးက
           "မှားပါတယ် ဆရာရယ်"တဲ့။
           "အေး မှားပါတယ်ဆို ခွင့်လွှတ်လိုက် ပြီ"
            ရှင်လူနဲ့ ဖွေး နားလည်မှုယူထားတဲ့အတိုင်း မှားတဲ့လူက "မှားပါတယ်ဆရာရယ်"ဆိုရင် ချက်ချင်း ခွင့်လွှတ်ရတယ်။
             အဲဒါ ဒီမနက် ဖွေးတယောက် ရှင်လူ့အခန်း ဘက်လာ ပြီး ဟိုရှာ ဒီရှာ လုပ်နေတာတွေ့လို့ ရှင်လူက ရိမ်မိ ပြီး
              "နင် ဘာရှာနေတာလဲ"ဆိုတော့
              "ရှင်လူ့ကပ် ပြား"တဲ့။ 
              ဒါနဲ့ရှင်လူလည်း မဂ္ဂဇင်းအထူ ကြီးတွေအောက်ဖိထားတဲ့ ဘဒိတ်မှောက် ကပ်ပြား ယူပေးလိုက်တယ်။ ဖွေးက ကပ် ပြားရတော့ ပြုံးစေ့ စေ့ လုပ်ပြီး ကပ်ပြားကို သူ့အခန်းဘက်ယူသွားတယ်။ ခဏ နေတော့ သူ့ဗလာစာအုပ်ပါယူလာ ပြီး ခုံပေါ်မှာ ရေးနေတယ်။
            "ဒဏ် ကို ဘယ်လို‌ရေးသလဲ"
            "ဒန်အိုး ဒန်ခွက်လား ၊ပြစ်ဒဏ်လား"
            "ဒဏ်ပေးတာ....."
            "အဲဒါ ဆိုရင်တော့ ဒဒွေး ဏ ကြီးသတ် ဒဏ် ပဲ"
            ဖွေး ကအ ပြီးသတ်ရေး ပြီး သူ့စာရွက်ကို ရှင်လူ့အခန်းရှေ့စက္ကူပန်းကိုင်းမှာ ဖောက် ပြီး ချိတ်ထားလိုက်တယ်။ ထွက်ဖတ်လိုက်တော့ "ရှင်လူ့ကို ဘဒိတ်မှောက် P" တဲ့။
           အမ်မယ် အောက်က တ‌ကြောင်းပိုလိုက်သေးတယ်။
           ဦးရှင်လူ ဘဒိတ်မှောက်တယ် 
            လူဒေ/ ဒဏ်ငွေ ငါးထောင် ဆိုပဲ
story#observation#shinlhu

ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲရဲ့ "တကမ္ဘာမခြားသေးပါဘူးကွယ်"



         ရှင်လူ့မိတ်ဆွေတွေထဲမှာ သူ့ကို ရှင်လူ အထူးကြောက်ရပါတယ်။လူဆိုးလူမိုက်ကြီးမို့ ကြောက်ရတာမျိုးတော့မဟုတ်ပါ။‌အမြဲတမ်းပွင့်ပွင့်လင်းလင်းနဲ့ ဟောဟောဒိုင်းဒိုင်းမို့ ပေါင်းရသင်းရတာလည်းအဆင်ပြေပြီးခင်မင်စရာ ကောင်းသူပါ။
          ဒါဆို ဘာ့ကြောင့်သူ့ကိုကြောက်ရသလဲဆိုရင် သူ့ရဲ့ ဝါသနာက "ဓမ္မမုန်တိုင်းဗိုလ် မိုက်ခဲ"ဖြစ်နေလို့ပါပဲ။သူ့ရဲ့ Professional က "ပိုးဇာ -စံပု"ဆိုတဲ့ ဆေးဆိုးပန်းရိုက်လုပ်ငန်းပါ။
သူ့လုပ်ငန်းနဲ့ပါတ်သက်လို့ ပြောရရင် Rhino ဘောပင် ပေါ်က တံဆိပ်ကအစ ဂေါက်သီးပေါ်ကတံဆိပ်ထိ သူရိုက်နိုင်ပါတယ်။
အသင်းအဖွဲ့ တီရှပ် ဒီဇိုင်း တံဆိပ်များကအစ မြွေရေခွံအိတ်ပေါ်က ဓါတ်မြေဩဇာ ကုမ္ပဏီ စတာတွေထိ။သာသနာ့အလံ အသင်းအဖွဲ့အလံတွေအထိ၊ သူမလုပ်ဖူးတာမရှိ။ ငယ်စဉ် ဘဝအတွေ့အကြုံကလည်း စုံသူမို့ အပေါင်းအသင်းလည်း ဆန့်သူပါ။ အဲ...သူ့ဝါသနာကတော့ သူများနဲ့မတူ ဘာသာ သာသနာရေးနဲ့ပါတ်သက်လာရင် အချိန်မရွေး လာထားပါပဲ။ရပ်ကွက် သာရေးနာရေးကအစ အခါကြီးရက်ကြီး ဓမ္မသဘင် တရားပွဲတွေကျင်းပရာမှာလည်း သူပဲဦးဆောင်လေ့ရှိပါတယ်။အဲ့ကိစ္စမျိုးမှာ သူဘယ်လောက် ကျွမ်းကျင်လဲဆိုရင် ဓမ္မကထိက ဘုန်းကြီးမှန်ရင် သူနဲ့မခင်သူရှားပါတယ်။သူကလည်း အဲ့ဘုန်းကြီးတွေအကြောင်းဆိုရင်အချက်အလက်နဲ့တကွသိပါတယ်။နာမည်ကြီးဓမ္မကထိကဆရာတော်တပါးဆိုရင် သူလိုချင်တဲ့ အချက်မရတာနဲ့"နောက်နောင် ဘယ်တော့မှလာမပင့်နဲ့"လို့
နှင်ထုတ်တာလည်းခံဘူးရဲ့။
ဆရာတော်တပါးကဆို လေရှည်နေတဲ့ တရားထောက်ပုဂ္ဂိုလ် ကိုစံပုကို "ဒကာကြီးပဲ ဆက်ဟောလိုက်တော့ ကျုပ်မဟောတော့ဘူး"လို့ ထောပနာပြုခံရတယ်။
ဆရာတော်တပါးကတော့ "အဲဒီအလှူရှင်စာရင်းတွေ ရွတ်မနေနဲ့တော့ ရေစက်အမြန်ချမယ်"ဆိုဘူးရဲ့။
          အဲတော့ "ဟယ်လို...မင်္ဂလာပါ"ဆိုတဲ့ ဖုန်းသံဝင်လာရင် တခြားအော်ပရေတာတွေမဟုတ်ပါဘူး ဓမ္မ မုန်တိုင်း ဗိုလ်မိုက်ခဲ စံပုပါ။သူ့ ဖုန်းကို ကိုင်မိလိုက်ရင်
"အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ"တဲ့ "တကယ်တော့ ဥပါဒါနက္ခန္ဓာ ၊ဥပါဒါန်ကိုသိရမယ်....ကစပြီး မရပ်မနား ဓမ္မမုန်တိုင်းကိုလွှင့်တော့တာပါပဲ။သူဖုန်းစခေါ်လို့ သူ့ဖုန်းဘေလ်အကုန်ခံပြောတာတောင် နားထောင်ရတဲ့သူအဖို့မသက်သာလှ။
        အမှန်တော့ အဲ့လောက် တက်ကြွလှုပ်ရှားသူကြီး လေဖြတ်ထားတာ ၇ နှစ်ရှိသွားပါပြီ။ရှင်လူကြီးလည်း အရင်လိုကျန်းမာရေးကသိတ်မကောင်းလှသမို့ သူ့ဆီ တော်တော်နဲ့မရောက်ဖြစ်။အထူးသဖြင့်ကတော့ လူရောစိတ်ပါမလန်းရတဲ့အထဲ သူ့ဓမ္မမုန်တိုင်းဒဏ်မခံနိုင်တာ
လည်းပါပါတယ်။ခုတလော သူဖုန်းခဏခဏဆက်နေတော့"အင်း ငါ့မိတ်ဆွေကြီး စကားပြောဖော်မရှိလို့ ပျင်းနေထင်ရဲ့ တခေါက်လောက်တော့ သွားအုံးမှ တွေးမိတိုင်း ဓမ္မမုန်တိုင်းကြောက်စိတ်ကပေါ်ပေါ်လာတယ်။အဲဒါ မနေ့ကတော့ "ဟယ်...ဘာဖြစ်ဖြစ် မိတ်ဆွေဝတ္တရားရှိသေးတယ်၊ သူ့ခမျာ ဘီးတပ်ကုလားထိုင်ပေါ် တနေကုန်ရတာ ၊မိတ်ဆွေဟောင်းတွေကိုသတိရမပေါ့"တွေးပြီး လမ်းဘေးဈေးတန်းဘက်လျောက်တော့ တရုတ်ဆီးသီးလတ်လတ်ဆတ်ဆတ်တွေတွေ့တာနဲ့ သုံးထောင်ဖိုးဝယ်လိုက်တယ်။စက်ဘီးမစီးဘဲ လမ်းလျောက်ချင်တာနဲ့ မာလာကွေ့ထဲကသူ့အိမ်ရောက်တော့ နည်းနည်းတော့အမောသား။ဆီးသီးထုပ်လေးသူ့ဘေးကစားပွဲပေါ်တင်တော့ သူကသူ့မိန်းမမပိုးမွှေးကိုလက်ညိုးညွှန်လိုက်တယ်၊ မပိုးမွှေးက ပလပ်စတစ်ဘူးလေးတဘူးရှင်လူ့ကိုလာပေးတယ်။
           "ကန့်ကလာ၊အေးခဲ၊ လူကြီးတွေနဲ့တည့်တယ်၊မနက် မနက် မန်ကျည်းစေ့တခြမ်းစာသောက်"တဲ့ ။သူက တိုင်းရင်းဆေးလည်းဝါသနာပါသကိုး။အပြန်အလှန် ပဋိသန္ဓာရပြုပြီးကြတော့ ထုံးစံအတိုင်း "အာရုံကိုသိ မကပ်ငြိ လွတ်၏သံသရာ "ကစလာပြီ။ဒါနဲ့ရှင်လူကြီးလည်း သူ့ဘေးကစားပွဲပေါ် tiktok ဖွင့်ထားတဲ့ သူ့ဖုန်းကိုကောက်လိုက်ပြီး shin.lhu -page ကိုသွားလိုက်တယ်။ရှင်လူဆိုထားတဲ့"အချစ်နဲ့စတဲ့ကမ္ဘာ""ဆောင်းရယ်နှင်းရယ် ကိုယ့်ချစ်သူရယ်"အပါအဝင် စုံတွဲ တပုဒ်နှစ်ပုဒ်ပါ ဖွင့်ပြလိုက်တော့။"တယ်ဟုတ်ပါလားဘယ်လိုလုပ်ရလဲ"
"ဒီလိုပဲ ဝင်ဆိုလိုက်တာပဲ"ဆိုတော့ ရုတ်တရက် သူ့မှာဂီတ Mood ဝင်သွားပုံရတယ်။
        "ကျနော်ငယ်ငယ်က လူကြောက်တယ်ဗျ၊အဲဒါ လူမကြောက်အောင် လုပ်မယ်ဆိုပြီး
ကမ္ဘာအေးဘုရားပွဲ ၊သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်တာ၊ ဝင်ကြေး ၆ ကျပ် ပေးရတယ် ၊၁၉၈၀ ကပေါ့ဗျာ.....
            ကိုတင်ဝင်းရဲ့" တကမ္ဘာမခြားသေးပါဘူးကွယ် "ကိုတယောက်ကမယ်ဒလင်တီးပေးတယ်....
        "ဒီလို...ဒီလို...ဗျ
          တယောက်မျက်နှာတယောက်ကြည့်ပြီးတော့ 🎵ချစ်စကားလေးတွေတတွတ်တွတ်ပြောကာ ပြုံးရယ်ရွှင်ပျ ကြည်နူးခဲ့ရတာတွေရယ်🎶 မမေ့နိုင်ပါလားကွယ် မေ့ပျောက်လို့မရပါလားကွယ် ခုလိုမိုးလေးညိုမှချစ်တဲ့သူကိုပိုသတိရတယ်🎶 အကြင်နာဆုံးရယ် မမြင်တာကြာလို့မုန်းပြီထင်တယ်
တကမ္ဘာမခြားသေးပါဘူးကွယ် မတွယ်တာနေစိမ့်လှပါတယ်🎵
        အင်း...လူကြောက်တတ်လို့စင်ပေါ်တက်မိုက်ကိုင်ကျင့်ရင်း
ဓမ္မမုန်တိုင်း ဗိုလ်မိုက်ခဲဖြစ်ခဲ့ရတဲ့သူရဲ့ သီချင်းဆိုသံကြောင့် မီးဖိုထဲအလုပ်ရှုပ်နေတဲ့ မပိုးမွှေးတယောက် အိမ်ရှေ့ခန်းကိုထွက်အလာ..
         "မင်း ကြားလိုက်လား ငါဆိုနေတာ"
          "ကြားပါတယ်"
          သူတို့နှစ်ယောက်ရဲ့ တကမ္ဘာမခြားသေးတဲ့ ချစ်မျက်ဝန်းတွေကိုကြည့်ရင်း ရှင်လူကြီးရဲ့ လူမမာသတင်းမေး Mission အောင်မြင်ကြောင်း ရိပ်မိလိုက်ပါတယ်။
story#observation#shinlhu
 

Sunday, November 30, 2025

vedio

ရှင်လူဒါရိုက်တာလုပ်ပြီးရိုက်ခဲ့တဲ့ ဗွီဒီယို...
vedio#observation#shinlhu

story

ရှင်လူတို့ ကုမ္ပဏီရှေ့ သံသုမာလမ်းမကြီး လင်းပြီ 💡💡💡💡💡💡
           လွန်ခဲ့တဲ့ အပါတ်ကသံသုမာလမ်းမကြီးပေါ်မှာ နေ့နေ့ညည၊ ဖုန်တထောင်းထောင်း စက်ကြီးတွေနဲ့တူးနေတာတွေ့ရတယ်။ပြီးခဲ့တဲ့ ညနေက "ဂလုံ..ဂလောင်"အသံတွေကြားလို့ထွက်ကြည့်လိုက်တော့ လမ်းလယ်မှာ အလုပ်သမားတချို့ ကရိန်းသုံးပြီး မီးတိုင်အမြင့်ကြီးတွေစိုက်ထူနေတာတွေ့ရတယ်။အင်း...ဒီညနေ 5:37 PM အရောက် ရှင်လူကြီးဆိုင်ရှေ့ ထိုင်နေတုန်း လမ်းမီးတိုင်က မီးလုံးအဝါကြီးတွေ ဖြတ်ခနဲ လင်းလာ ပြီးခဏနေတော့ ဖြတ်ခနဲပြန်ငြိမ်းသွားတယ်။မကြာခင်မှာ အားလုံး ပြန်လင်းလာတယ်။မှတ်မှတ်ရရ မနေ့က နိုဝင်္ဘာ၂၉ ရက်ကရှင်လူကြီး ၇၂ နှစ်မြောက် မွေးနေ့ ၊ဘာဖယောင်းတိုင် တတိုင်မှ မထွန်းခဲ့ရဘူး။
             အေးလေ...လမ်းမီးတိုင်ထွန်းလည်း တူတူပါပဲ....။
              နောက်ထပ် ဘယ်နေရာတွေ အမှောင်ခွင်းရအုံးမလဲ....စဉ်းစားလိုက်အုံးမယ်။
story #observation#shinlhu no

story

ဝေဠုဝတီတဲ့လားကွယ်😘🥰😍🤩☃️🎃
ရှင်လူကြီးက ၁၉၅၃ ခုနှစ်
နိုဝင်္ဘာ ၂၉ရက် ညနေ ၈:၄၅မိနစ်မှာမွေးဖွားခဲ့သူမို့မကြာခင်မှာ ၇၂ နှစ်ပြည့်ပါတော့မယ်။
           နှစ်စဉ် နိုဝင်္ဘာ လကုန်ပိုင်း မွေးနေ့အချိန်နီးတိုင်း အရှေ့ဘက်မိုးကောင်းကင်ကိုရှင်လူကြီးငေးနေတတ်ပါတယ်။အေးစိမ့်တဲ့ညချမ်းမှာကောင်းကင်တခုလုံး ပြာလွင်နေပြီးတ ဖျတ်ဖျတ်‌တောက်ပ‌
 နေတဲ့ကြယ်တလုံးသာ ထွန်းလင်းနေတာမို့ အဲ့ဒီအမည်မသိကြယ်လေးကိုခင်မင်နေမိပါတယ်။အရင်
နှစ်တွေကတော့နက္ခတ်ပညာမတတ်တဲ့ရှင်လူကြီးသူ့ကို
အမည်မသိလို့ ပြင်သစ်ကရှင်လူ့မိတ်ဆွေ Jenna နာမည်ကိုအစွဲပြုပြီး Jenna လို့ ခေါ်ခဲ့ပါတယ်။
         ဒီနှစ်မှာတော့ Chatgpt AI တွေပေါ်နေပြီမို့ ရှင်လူ့မိတ်ဆွေ ကြယ်လေးအကြောင်း Deep seek AIကိုမေးကြည့်မိပါတယ်။
ခု နိုဝင်္ဘာလ၂၉ ရက် ၂၂ နာရီအချိန် ရန်ကုန်မြို့ရဲ့ အရှေ့ ၄၅ ဒီဂရီလောက်မှာတောက်ပနေတဲ့ကြယ်တလုံးနာမည်သိချင်တယ် ၊မြန်မာလိုဖြေပါ
ရန်ကုန်မြို့မှ နိုဝင်ဘာလ ၂၉ ရက် ည ၁၀ နာရီအချိန်၊ အရှေ့ဘက် ၄၅ ဒီဂရီ (ခန့်မှန်း) အာရုံခံတွင် တောက်ပနေမည့် ကြယ်မှာ "ဝေဠုဝတီ" (Vega) ဖြစ်နိုင်ခြေအများဆုံးဖြစ်ပါသည်။အသေးစိတ်ဖော်ပြရလျှင် -၁။ ကြယ်နာမည် - ဝေဠုဝတီ (Vega)· ၎င်းသည် ကြယ်တာရာ Lyra မှ အလွန်တောက်ပသော ကြယ်ဖြစ်ပြီး ညပိုင်းကောင်းကင်တွင် အလွယ်တကူမြင်ရသည့် ကြယ်တစ်စင်းဖြစ်သည်။
· မြန်မာလို "ဝေဠုဝတီ" ဟုခေါ်ပြီး "သီဟိုဠ်ကြယ်" ဟူ၍လည်း အချို့က သိကြသည်။
၂။ ဘာကြောင့် Vega ဖြစ်နိုင်ခြေများသလဲ။ ည ၁၀ နာရီခန့်တွင် ဝေဠုဝတီကြယ်သည် မြောက်-အရှေ့ဘက်ကောင်းကင်တွင် မြေပြင်မှ ဒီဂရီ ၄၀ မှ ၅၀ ခန့်အထိ မြင့်တက်နေလေ့ရှိပါသည်။ သင့်မေးခွန်းရှိ "အရှေ့ ၄၅ ဒီဂရီ" နှင့် ကိုက်ညီမှုရှိပါသည်။
· ၎င်းသည် ညနေခင်း ကောင်းကင်ယံ၌ ပထမဆုံးပေါ်လာပြီး မှောင်ချိန်တွင် အလွန်တောက်ပနေတတ်သည်။
၃။ အခြားဖြစ်နိုင်ခြေရှိသော ကြယ်များ
· ဒါးဘရိုက်ဘာ (Aldebaran) ကြယ်လည်း ထိုအချိန်တွင် အရှေ့ဘက်ကောင်းကင်တွင် စတင်ပေါ်လာနိုင်သော်လည်း၊ ၎င်း၏အနေအထားမှာ ဝေဠုဝတီထက် အနည်းငယ်ပိုနိမ့်ပြီး အနီရောင်သမ်းနေမည်ဖြစ်သည်။
· ကာပဲလာ (Capella) ကြယ်သည်လည်း မြောက်-အရှေ့ဘက်တွင် ပေါ်နေနိုင်သော်လည်း ဝေဠုဝတီထက် ပိုမိုမြောက်ဘက်သို့ ရောက်နေတတ်သည်။
သို့သော် သင့်ဖော်ပြချက်နှင့် အလွန်ကိုက်ညီသည်မှာ ဝေဠုဝတီ (Vega) ကြယ် ပင်ဖြစ်သည်။
          ဪ...ရှင်လူနဲ့ဖွားဘက်တော်နက္ခတ်လေးရဲ့နာမည်က ဝေဠုဝတီ တဲ့လားကွယ်၊ ခုမှသိရ....
story #observation#shinlhu

story

ရှင်လူတို့ရဲ့ကမ္ဘာ⛵🦇👻💀🤕🎃☃️။  ( ဝတ္ထုတို)            ရှင်လူ      
"ငွေဆိုတာ**ကုန်ဖလှယ်တန်ဖိုး (Exchange Value)** ပဲရှိပြီး **အသုံးချတန်ဖိုး (Use Value)** မရှိဘူးဗျ..ဥပမာပြောရရင်...."                                 တဘက်ဝိုင်းကစကားသံများကိုနားစွင့်ရင်း ဖန်ခွက်ထဲက လက်နှစ်လုံးစာအရက်ကိုတဖြည်းဖြည်းချင်းစုပ်သောက်လိုက်ပါတယ်။မိမိရောက်နေတဲ့နေရာက သာမာန်အရက်ဖြူဆိုင်လေးတဆိုင်ပါပဲ။ဒါပေမယ့် မြို့ပြနဲ့သိတ်မဝေးတဲ့ ဆင်ခြေဖုံးဒေသမို့ ဒီဆိုင်လေးမှာ လက်လုပ်လက်စားလူတန်းစားတွေရော ပညာတတ်အလွှာလူလတ်တန်းစားတွေ ပင်စင်စားတွေအထိလာထိုင်လေ့ရှိကြပါတယ်။ဆိုင်ရှင်ကလည်းနေ့စဥ် ဖောက်သည်များအတွက် စားပွဲတိုင်းမှာ သံပန်းကန်တချပ်နဲ့ ဆီးဖြူသီးများအခမဲ့ထည့်ပေးထားပြီး ဆားခွက်လေးပါချပေးထားလေတော့ စားသုံးသူ ကာစတာမာများမှာ အမြည်းဖိုးမပါလည်းကိစ္စမရှိ ။ဆိုင်ရှင်ရဲ့စီးပွားရေးအမြင်ကရှင်းရှင်းလေးပါပဲ။ဆီးဖြူသီးပေါချိန်ဆီးဖြူသီး၊သရက်သီးပေါချိန် သရက်သီးစိမ်းများလှီးပြီး အမြည်းမပြတ်အောင်တည်ခင်းပေးရုံပါပဲ။သူ့အဖို့ ကအရက်ဂါလံများများရောင်းရလေလေ ရေများများရောရလေလေမဟုတ်လား။       
"ပီကာဆိုရဲ့ ဂွါယာနီကာ ပန်းချီကားကြီးဆို စပိန်ပြည်တွင်းစစ်ကိုအခြေခံပြီးဆွဲထားတာ​ဗျ"
            "နေစမ်းပါအုံး...ဟိုနားရွက်ဖြတ်တဲ့ ပန်းချီဆရာဗျာ...ဘယ်သူ..ကျုပ်နာမည်မေ့နေလို့...."
     "ဗင်းဆင့်ဗန်းဂိုးပါဗျာ ၊
သူသေပြီးမှသူ့ပန်းချီကားတွေကကမ္ဘာကျော်ခဲ့တာ..သူ့ရဲ့ နေကြာပန်းဆိုတဲ့ ကားကြီးဆိုဒေါ်လာ ၅၃.၃သန်းကျော်နဲ့ရောင်းခဲ့ရတာ...."
        မိမိက လူသစ်တယောက်ပြီပြီ ဆိုင်ရဲ့ထောင့်ကျကျစားပွဲလေးမှာ တယောက်ထဲသောက်လေ့ရှိပါတယ်။ဒေသအသစ်တခုရောက်လေတိုင်း အခြေအနေအရပ်ရပ်သိချင်ရင် ထိုဒေသကအရက်ဆိုင်နဲ့စျေးကိုလေ့လာတာအကောင်းဆုံးပါပဲ။
         မိမိဒီဆိုင်ရောက်စ အစောပိုင်းရက်များမှာတော့ အရာရာတိုင်းဟာ ပုံမှန်ယန္တယားတခုလိုပါပဲ။အရက်ဝိုင်းအသီသီးဟာ တူရာတူရာ အစုလေးတွေနဲ့ ညနေခင်းကို ဖြတ်သန်းနေကြပါတယ်။
စာပေ ဂီတ ပန်းချီ ကအစ ဘောဂဗေဒ ဘာသာရေးမကျန် သန်ရာသန်ရာ
စုဖွဲ့ထိုင်ကြတဲ့ဝိုင်းတွေရှိသလို
စာသိတ်မတတ်ကြတဲ့ လက်လုပ်လက်စား များကလည်း
ဗဟုသုတရလည်းမနည်းဆိုတဲ့သဘောနဲ့နီးစပ်ရာဝိုင်းထဲဝင်ပြီးနားထောင်ကြပေါ့။
            ဒီလိုနဲ့ ရက်ကြာလာတဲ့အခါ ချောင်ကျကျစားပွဲမှာတယောက်ထဲထိုင်လေ့ရှိတဲ့မိမိကိုသူတို့သတိထားမိသွားပါတယ်။
            "ဟိုဆရာကြီး...တယောက်ထဲ မပျင်းဘူးလားဗျ၊ လာလေဗျာ
စကားလေးဘာလေးပြောရအောင်ကျုပ်တို့နဲ့လာဝိုင်းပါ"
            "နေပါစေ ဗျာ၊ခင်ဗျားတို့ဘာသာလွတ်လွတ်လပ်လပ်ဆွေးနွေးကြပါ၊ ကျနော့ကြောင့် အနှာင့်အယှက်ဖြစ်မစိုးလို့ပါ"
              "ဘာအနှောင့်အယှက်မှ မဖြစ်ပါဘူးဗျ၊ဒီမှာက အားလုံးလွတ်လပ်တယ်၊ကိုယ့်အိမ်မှာထက်တောင်လွတ်လပ်သေးတယ်"
           မိမိက သူတို့ဝိုင်းထဲဝင်ရမှာမဝံမရဲဖြစ်နေမိတယ်၊ဒါ့ကြောင့်ဘာမှပြန်မပြောဘဲ အတန်ကြာငြိမ်သက်တုန့်ဆိုင်းနေဆဲ..
            "လာစမ်းပါ ကိုယ့်လူရ၊ဒီမှာအားလုံးဟာ လွတ်လွတ်လပ်လပ်ပဲ၊ တနေ့တနေ့ ဆွေးနွေးကြ ၊ငြင်းခုံံကြ နဲ့ အသိညာဏ်ဖလှယ်နေကြတာ၊ဒါမှလည်း အဓိပ္ပါယ်ရှိတဲ့ယမကာဝိုင်းတွေဖြစ်မပေါ့ဗျာ"
          သူတို့ထဲက ကော်ကိုင်းမျက်မှန်ထူထူနဲ့ အသက် ၆၀ ကျော်လောက် စာပေသမားကြီးရဲ့ဖိတ်ခေါ်ချက်ကြောင့်မိမိမှာမနေသာတော့ဘဲ သောက်လက်စပုလင်းနဲ့ဖန်ခွက်လေးကိုအသာမရင်းဝိုင်းကူးလာခဲ့ပါတယ်။
           တဝိုင်းလုံး လူသစ်တယောက်ကိုကြိုဆိုတဲ့အနေနဲ့ ခွက်အသီးသီးထဲ အရက်ကိုအနေတော်ထည့် ခွက်ချင်းတိုက်ပြီး ချီးယာစ် လုပ်လိုက်ကြပါတယ်။ဒီလိုနဲ့ သွေးပူစပြုနေပြီဖြစ်တဲ့ဝိုင်းကလေးဟာ ပုံမှန်အယူအဆ ကောက်ချက်တွေနဲ့ ပြန်လည်စည်ကားလာခဲ့ပြန်ပါတယ်...
            ဒီဝိုင်းနဲ့ နေ့တိုင်းဆုံဖြစ်ပြီးနေသားကျလာတဲ့အခါမှာတော့ ဝိုင်းထဲကလူတွေ တဦးချင်းအကြောင်း မိမိပိုသိလာရပါတယ်။
             "တကယ်တော့ ကျုပ်ဘဝရဲ့အဖော်မွန်ကတော့ စာအုပ်တွေပါပဲဗျာ၊စာအုပ်တွေကသာကျုပ်ရဲ့ မိတ်ဆွေစစ် မိတ်ဆွေမှန်ပါ" လို့ အမြဲပြောတတ်တဲ့ စာသမားကြီးကို အများကဝိုင်းပြီး
ဦးဘုတ် -U Book (ဆရာတော်ဦးဗုဒ်မဟုတ်)လို့ခေါ်ကြပါတယ်။
               "ဘဝမှာ ပန်းချီအနုပညာသာပဌမ၊စာလုံးတွေ အသံတွေမလိုဘဲ အရောင်တွေ
ကောက်ကြောင်းတွေနဲ့ ဆက်သွယ်နိုင်တယ် "လို့မကြာမကြာဖွင့်ဆိုတတ်ပြီး ဘုရားဈေးတန်းတွေမှာ သစ်ဆွဲဆင်ပုံ၊ရွှေတိဂုံဘုရားပုံတွေ အော်ဒါရှိရင်ရှိသလောက် အများကြီးဆွဲရောင်းနေတဲ့ပန်းချီဆရာကတော့  ဗန်းဂိုးက သူ့နားရွက်ဖြတ်စက္ကူနဲ့ထုပ်ပြီး ပြည့်တန်ဆာကိုလက်ဆောင်ပေးတဲ့အကြောင်းပြောလွန်းလို့သူ့ကို ဗန်းဂိုးလို့ပဲနာမည်ပေးထားကြတယ်။
            ဒီလိုပါပဲ ငွေအကြောင်း
စီးပွားအကြောင်းဒိုင်ခံပြောတဲ့သူကို ဦးဘောဂ ၊ကမ္ဘာ့ဂီတ အကြောင်း အာဘောင်အာရင်းသန်သန်ပြောတတ်ပြီးဗီသိုဘင်တို့ မိုးဇတ်တို့အကြောင်း အမြဲပြောတဲ့ တီးဝိုင်းဆရာကို ဗီသိုဘင်စသဖြင့် သူတို့ရဲ့နာမည်ရင်းကိုမသိပေမယ့် နာမည်ပြောင်တွေကိုတော့ရင်းနှီးခဲ့ပါတယ်။
          "ဒီက လူသစ်ကလည်းတခုခုတော့ပြောအုံးလေဗျာ ၊ဒါမှကျုပ်တို့ဝိုင်းကပိုမြိုင်လာမှာပေါ့"
            တနေ့တနေ့ သူတို့ပြောတာချည်းထိုင်နားထောင်နေတဲ့ မိမိကိုဓမြဆရာ(အမှန်တော့ ဓမ္မအ‌ကြောင်းပြောလွန်းလို့ ဓမ္မဆရာခေါ်ရာက ကြာလာတော့ ဓမြဆရာ)ဖြစ်သွားတာပါ။မိမိလည်းသူတို့တနေ့နေ့ အဆိုပြုလာမှာကို တွေးထားပြီးသားမို့ ဟန်ဆောင်ပန်ဆောင်ငြင်းမနေတော့ဘဲ ပြောရမယ့်အကြောင်းကို အလေးအနက်ချိန်ဆနေပါတယ်။ဒီအချိန်မှာဆိုင်ထဲကတခြားဝိုင်းတွေကပါမိမိပြောမယ့်စကားကိုငြိမ်ပြီးနားစိုက်နေကြပါတယ်။
           "အင်း ခင်ဗျားတို့ကို ကျနော် ပုံပြင်လေးတပုဒ်ပြောပြချင်တယ်။ပုံပြင်ဆိုပေမယ့် တကယ့်ဖြစ်ရပ်မှန်ပုံပြင်ဗျ။ဒီအကြောင်းကိုအရင်ကရုပ်ရှင်ရိုက်ထားတာရှိသလို  စာအုပ်တွေလည်းထုတ်ဖူးတယ်"။
            "တခါတုန်းက ဘေ့စ်ဘောအသင်းတသင်းဟာ ဘေ့စ်ဘောကစားဖို့ လေယာဉ်တစီးနဲ့ခရီးထွက်လာကြတယ်။သူတို့လေယာဉ်ဟာ အင်းဒိစ်တောင်တန်းကြီးကိုကျော်ဖြတ်လာတုန်း ရာသီဥတုဆိုးဝါးတာကြောင့်လေယာဉ်မှူးဟာလေယာဉ်ကိုမထိမ်းနိုင်တော့ဘဲ
တောင်ထိပ်နဲ့တိုက်မိပြီးလေယာဉ်ပျက်ကျခဲ့ရတယ်။လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး လေယာဉ်မှူးကတော့ပွဲချင်းပြီးသေသွားရှာတယ်။ကျန်တဲ့လူတွေကတော့ကံကောင်းထောက်မပြီး ပွန်းပဲ့ဒဏ်ရာလောက်ပဲရကြတယ်။ဒါနဲ့သူတို့ဟာလေယာဉ်မှူးအလောင်းကိုနှင်းတွေအောက်မှာမြှုတ်လိုက်ကြပြီး တပိုင်းပြတ်လေယာဉ်ရှေ့ပိုင်းကို ခရီးဆောင်သေတ္တာတွေ အိတ်တွေနဲအထပ်ထပ်ပိတ်ဆို့လိုက်ပြီးအထဲဝင်နေကြရတယ်။ဆောင်းတွင်းကြီးဆိုတော့တောင်ထွတ်ပေါ်မှာလေကအရမ်းတိုက်ပြီးအရမ်းအေးစက်နေတာကိုး။
ညအချိန်ဆိုအနုတ် ၃၅ ဒီဂရီ စင်တီဂရိတ် (-35°C) အထိ ကျဆင်းနိုင်ပြီးလေကလည်းတဟူးဟူးဆိုတော့ အခန့်မသင့်ရင်အကုန်သေသွားနိုင်တယ်။ဒီလိုနဲ့နောက်ရက်တွေကျတော့ သူတို့နဲ့အတူပါလာတဲ့ရေနဲ့ ဘီစကွတ်တချို့လည်းသိတ်မကျန်တော့။ဒီတော့ တယောက်ကအကြံပေးတယ်"လေယာဉ်အမြီးပိုင်းစတိုခန်းမှာ ရေနဲ့စားစရာရနိုင်တယ်၊
အမြီးပိုင်းရှာတွေ့ရင် ငါတို့ချက်ချင်းမငတ်နိုင်ဘူး"ဆိုတော့ အားလုံးထောက်ခံတာကြောင့်သူတို့ထဲကကျန်းမာသန်စွမ်းတဲ့ လူနှစ်ယောက်လေယာဉ်အမြီးပိုင်းရှာဖို့လွှတ်လိုက်ကြတယ်။ကံကောင်းထောက်မတယ်ဆိုရမှာပဲ သိတ်မဝေးတဲ့ တောင်စောင်းတခုပေါ်မှာလေယာဉ်အမြီးပိုင်းကိုတွေ့ခဲ့ကြတယ်။ဒီလိုနဲ့ သူတို့အတွက် ရေနဲ့ရိက္ခာရက်နည်းနည်းစာပိုရလာတယ်။အားလုံးအသက်ဆက်နိုင်ဖို့ ချွေတာပြီးဝေမျှစားကြပေါ့။ဒီအချိန်မှာလေယာဉ်ပျောက်ရှာဖွေတဲ့ Rescue Team ကလိုက်ရှာနေပေမယ့် ရာသီဥတုကကြမ်း၊ဧရိယာကလည်းကျယ်တဲ့ဟိမဝန္တာတောင်တန်းပေါ်မှာဆိုတော့ ရှာသူတွေလည်းပမ်းနေကြပြီ။ဒီလိုနဲ့ ရက်ကြာလာတော့ သူတို့မှာရှိသမျှရိက္ခာကုန်လို့ငတ်စပြုလာပြီ။အကုန်လုံးအားပြတ်ပြီးစိတ်ဓာတ်တွေလည်းကျစပြုလာပြီ။ပါလာတဲ့ဂစ်တာလေးတလုံးနဲ့တီးခတ်ပြီးဓမ္မသီချင်းလေးတွေဆို အားတင်းကြပေါ့။ဒီလိုနေကြရင်းတယောက်က အကြံရပြီးထပြောတယ်။"ဟေ့ ငါတော့ငတ်ပြီးအသေမခံနိုင်ဘူး ၊တို့လေယာဉ်ပျက်တာ လေယာဉ်မှူးမှာတာဝန်မကင်းဘူး၊ဒီတော့ လေယဉ်မှူးအသားကိုစားကြမယ်"သူ့စကားကြောင့် အားလုံးခေါင်းထောင်လာကြတယ်။ဒါပေမယ့် ကန့်ကွက်သံတချို့ထွက်လာတယ်။သူတို့ထဲက အမြဲဝတ်ပြုဆုတောင်းကျင့်ရှိတဲ့တယောက်ကတော့ "ငါတော့ လုံးဝမစားဘူး၊ဘုရားခွင့်မပြုဘူး ၊အသေသာခံလိုက်မယ်"ဆိုပြီးကန့်ကွက်တယ်။ဒီလိုနဲ့နောက်ပိုင်းကျတော့ သူကလွဲလို့အများစုထောက်ခံလာကြတယ်။သူတို့ဟာ
ရေခဲအောက်မှာမြှုတ်ထားတဲ့လေယာဉ်မှူးအလောင်းကိုပြန်ဖော်ပြီးလှီးဖြတ်စားကြတယ်။မကြာခင်မှာ ဘုရားစကားနားထောင်သူသေတော့လည်းအားလုံးဝိုင်းစားလိုက်ကြတယ်။
ဒီလိုနဲ့ အအေးဒဏ်ကလည်းဆိုးသထက်ဆိုးလာတယ်၊ဒီတိုင်းဆို
နှင်းကိုက်(Snow bite)ပြီးသေနိုင်တယ်။သူတို့လေယဉ်ပျက်ထဲက မီးဆိုက်လို့ရမယ့်ပစ္စည်းအတိုအစတွေရှာပြီးမီးလှုံကြတယ်။ဒါပေမယ့်မကြာခင်မှာမီးဆိုက်လို့ရမယ့်ပစ္စည်းကရှားလာတယ်။သူတို့အဝတ်အိတ်တွေ သေတ္တာတွေထဲကလည်းကုန်သလောက်ရှိပြီ။အဲမှာတယောက်ကဂစ်တာကြီးကိုဆွဲယူလိုက်တယ်၊ဂစ်တာပိုင်ရှင်ကတော့မျက်နှာငယ်လေးနဲ့ပေါ့။ဒီလိုနဲ့ နက်နဲလှတဲ့ဂီတလည်းထင်းဖြစ်တာပဲ။
          "ပိုက်ဆံအိတ်ထဲကဒေါ် လာတွေထုတ်ကြ"။တယောက်ကဆော်ဩလိုက်တော့ လူအသီးသီးသူတို့ဘောင်းဘီအိတ်ထဲကပိုက်ဆံအိတ်တွေထုတ်လိုက်ကြတယ်။ဒေါ်လာတွေအထပ်လိုက်ကိုင်ရင်းတရွက်ချင်းမီးလှုံလိုက်ကြတယ်။ဒီနေရာမှာငွေဟာ ကုန်ဖလှယ်တန်ဖိုး(Exchange Value)မရှိတော့ဘူး၊ဈေးဝယ်စင်တာမှမရှိတာ။အဲ စာအုပ်ထဲမတွေ့ရတဲ့ (Use Value)အသုံးချတန်ဖိုးတော့ရှိတယ်(မီးလှုံရတယ်လေ)။
ခုနေ ဒေါ်လာ ၅၃.၃သန်းတန်တဲ့ဗန်းဂိုးရဲ့နေကြာပန်းပန်းချီကားကြီးပါလာရင် ဘာဖြစ်မယ်ထင်သလဲ၊မတ်တွိန်းရဲ့ဂန္ထဝင်စာအုပ်ကြီးပါလာရင်ကော ဘာဖြစ်မယ်ထင်သလဲ။ဒီလိုနဲ့ Rescue Teamက သူတို့ကိုရှာတွေ့သွားတဲ့ခါဒေါ်လာတွေ၊ဂီတာတွေ မီးလှုံပြီးလူသားစားခဲ့သူတွေအသက်ရှင်လွတ်မြောက်ခဲ့ကြတယ်။
လောကမှာ အသက်ရှင်သန်မှုထက်ဘယ်အရာကမှပိုအရေးမကြီးဘူးဆိုတဲ့ သင်ခန်းစာကိုလက်တွေ့ပြခဲ့ကြတယ်"။
           မိမိစကားအဆုံး ဆိုင်ထဲရှိလူအားလုံးငြိမ်သက်သွားကြတယ်။ 
             နောက်တနေ့ ဆိုင်ထဲကိုမိမိဝင်လာတော့ စောစောက အသံဗလံတွေ ငြိမ်သွားခဲ့ကြပြီး လည်ချောင်းဟန့်သံခပ်အစ်အစ်တချို့သာကြားနေရတယ်။လူအားလုံးဟာ မိမိကို တိုက်ရိုက်မကြည့်ပေမယ့် အာရုံစိုက်နေကြမှန်းသိသာပါတယ်။
           "မနေ့က ခင်ဗျားတို့ကိုမေးစရာတခုကျန်ခဲ့တယ်"
            သူတို့အားလုံးကြက်ခြံထဲကကြက်တွေလန့်သလို လည်ဆန့်လာကြတယ်။
            "ခင်ဗျားတို့အားလုံး အခု ဘယ်မှာရောက်နေလဲ"
အားလုံး ခပ်ကြောင်ကြောင်အမူရာနဲ့မိမိကိုကြည့်နေကြတယ်။
            "ကျနော်မေးတာက ခင်ဗျားတို့ ရေခဲဖုံးနေတဲ့ အင်းဒိစ်တောင်တန်းပေါ်မှာရောက်နေကြသလားလို့"
          "အမ်...မဟုတ်..မဟုတ်ပါဘူး" ။မိမိနဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ဓမြဆရာကထစ်ထစ်ငေါ့ငေါ့အမြန်ဖြေခဲ့တယ်။
            "ဒါဆို..ခင်ဗျားတို့ ပုံမှန်လူ့အဖွဲ့အစည်းထဲမှာ သေရေးရှင်ရေးရွေးချယ်စရာကိစ္စလည်းမရှိဘူးဆိုရင် ခင်ဗျားတို့ပိုင်တဲ့ ငွေတွေ အနုပညာတွေ ယုံကြည်မှုတွေကို မီးရှို့မပြစ်ဘဲ သူ့နေရာနဲ့သူ ဆက်သုံးကြပေါ့ဗျာ"
        အရက်ဖြူဆိုင်ကလေးဟာ ရုတ်တရက် ပြန်ပြီးအသက်ဝင်လာခဲ့ပါတယ်။
ဆိုင်ရှင်က လျော့နေတဲ့ ဆီးဖြူသီးအမြည်းပန်းကန်ကိုဖြည့်ရင်း
            "ကိုလူသစ် နာမည်ခုထိမသိရသေးဘူး၊ဘယ်လိုခေါ်လဲဗျ......"
              "ရှင်လူ"
              ၂၉.၁၁.၂၀၂၅
၇၂ နှစ်မြောက်မွေးနေ့အမှတ်တရ.....
story #observation#shinlhu

No