Wednesday, March 11, 2026

story

မိတ်ဆွေမြို့လေးများဆီသို့တခေါက်🌉🛣️🏡🕍⛪🏯🛕⛱️(ဒုတိယပိုင်း)
           ဖေဖေါ်ဝါရီလ ၂၁ ရက် မနက် ၆ နာရီမှာပန်းတနော်မြို့ကိုဖြတ်သန်းလာပြီး တဖြည်းဖြည်းပန်းတနော်မြို့စွန်တံတားနားရောက်တဲ့အချိန်မှာ အရာရာလင်းလင်းချင်းချင်းဖြစ်နေပါပြီ၊
ဝဲယာလမ်းနှစ်ဘက်မှာ ထန်းပင်တွေလည်းအစီအရီတွေ့ခဲ့ရပြီး
တဖြည်းဖြည်းနဲ့ 
ကျောင်းကုန်းမြို့နယ်ထဲကို ‌ရောက်လာခဲ့ပါတယ်၊နောက် တော့ကန်ကြီးထောင့်ကိုဖြတ်သန်းပြီး မနက်၈နာရီခွဲချိန်မှာပုသိမ်မြို့ကိုစတင်ဆိုက်ရောက်ခဲ့ပါတယ်။ပုသိမ်ကတော့ မိတ်ဆွေမြို့မဟုတ်ပေမယ့် အလုပ်မြို့လို့ပြောရင်ရမယ်ထင်ပါတယ်။ရှင်လူတို့ကားလေးကပုသိမ်တံတားကြီးပေါ်ဖြတ်သန်းလာခိုက်ရှင်လူကြီးက "ပုသိမ် ဆိုင်ခွဲ ဘယ်နားများရှိပါလိမ့်"တွေးရင်း ရော်ရမ်းမှန်းဆနေမိပါတယ်။ရှင်လူကြီးလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ TET - THUTA ENGINEERING & TRADING
COMPANY ရဲ့ ပုသိမ်ဆိုင်ခွဲလိပ်စာက No 230 ,Strand Road,Htone Bo Ward,
Pathen , Terminal ဆီဆိုင်ရှေ့..တဲ့။တာမင်နယ်ဆီဆိုင်ဆိုတာဘယ်ဆီမှန်းမသိ ၊ကားအတွက်ဆီဝင်ထည့်တော့လည်း တခြားဆီဆိုင်တခုသာ။ဘုရားဖူးကားဆိုတော့လည်း ကိုယ်သွားလိုရာသွားနိုင်တဲ့အစီအစဉ်မပါ။ဒီလိုနဲ့ပဲ မနက် ၉ နာရီလောက်မှာ ပုသိမ်မြို့ထဲကစတင်ထွက်ခွါလာခဲ့ကြပါတယ်။နောက်ပိုင်းရှင်လူကြီး Google Map ထောက်ကြည့်တော့ မော်တင်စွန်းဟာ ပုသိမ်နဲ့သိတ်မဝေးလှ။အဖြောင့်အတိုင်းဆို ပုသိမ်အနောက်တောင်ဘက်မိုင်၂၀ သာကွာပေမယ့် တောင်စောင်းတွေကိုကွေ့ပတ်ဖောက်ထားတဲ့လမ်းကမြွေလိမ်မြွေကောက် ရိုလာကိုစတာလမ်းတွေမို့ ၉၆ မိုင်ကျော်ရှိနေပါတယ်။(လမ်းဖောက်တုန်းကပါဝင်ခဲ့တဲ့ Accountant မိတ်ဆွေကြီးပြောပြလို့)။
           ရှင်လူကြီးတို့အဖွဲ့ မနက်၉ နာရီကျော်ကျော်အချိန်မှာပဲ ပုသိမ်မြို့ကစတင်ထွက်ခွာလာခဲ့ကြပါတယ်။ပဌမခရီးစဉ် ရန်ကုန်ပုသိမ် ၁၁၃ မိုင်အပြီးမှာ ပုသိမ် မော်တင်စွန်း ၉၆ မိုင်စတင်ခဲ့ပါပြီ။ရိုလာကိုစတာ ဝင်္ကပါလမ်းကတော့ ငှားလာတဲ့ Hyundai Starex လေးကဆိုဖာတွေညက်ညောလို့သာတော်ပါသေးတယ်။ဒါတောင် နောက်တန်းကလူတွေ ပစ္စည်းထုပ်တွေနောက်ပို့ပြီးအလယ်မှာစုထိုင်ကြရပါတယ်။ကားဆောင့်တဲ့ဒဏ် ခုန်တဲ့ဒဏ်သူတို့ဘယ်ခံနိုင်ပါ့မလဲ။ဒီလိုနဲ့ တတောဝင် တတောင်တက် ခရီးဆက်လာရင်း တောင်ကွေ့တနေရာမှာကားရပ်လိုက်ပြီး မြေခင်းပလပ်စတစ်ဖျာ‌တွေခင်းကျင်းကာ
ရန်ကုန်ကအသင့်ချက်ပြုတ်ယူလာတဲ့ ထမင်းဟင်းတွေနဲ့ နေ့လယ်စာစားလိုက်ကြပါတယ်။အမှန်တော့ ဒီလမ်းဟာ ပုသိမ်ခရိုင် ငပုတောမြို့နယ်ထဲမှာမို့ ငပုတောလမ်းလို့ပဲခေါ်ရမယ်ထင်ပါတယ်။မိမိတို့ထမင်းစားနားပြီးဆက်ထွက်လာခဲ့ကြတာ သိတ်မကြာလိုက်ပါဘူး လှတောသားတွေပြောသလိုပြောရရင် ခရီးလမ်းက ခဲလုံးတွေစားလာရင်တောင်အစာကြေလောက်ပါတယ်။နေ့လယ် 12 နာရီကျော်ကျော်မှာပဲ "လမင်းစန္ဒာ,"မြန်မာထမင်းဆိုင်ကိုရောက်ပါတယ်။လိပ်စာက ဂေါ်ရင်ဂျီလမ်းဆုံအနီး-ငရုတ်ကောင်းတောင်-တဲ့။
                     ဒီလမ်းဆုံက အမှတ်အသား ဘုဒ် တခုကိုဓပုံရိုက်ကြည့်လိုက်တော့
ပုသိမ်ခရိုင် ၊ငရုတ်ကောင်းတောင်-ငရုတ်ကောင်းလမ်း၊
ငရုတ်ကောင်းမြို့အစ၊
(မိုင်-၀/၀) တဲ့။လာပါပြီ ငရုတ်ကောင်းဆိုတဲ့မိတ်ဆွေမြို့ကလေး။ဒီဂေါ်ရင်ဂျီလမ်းဆုံနဲ့ ငရုတ်ကောင်းဆိုတာ ပင်လယ်ချစ်သူ မိတ်ဆွေကြီး သန်းတင့်ရဲ့ ရင်ငွေ့မပျယ်သေးတဲ့ဒေသတွေပေါ့။သန်းတင့်ဆိုတာ ခင်ဖုန်းသက်ဝေဂယ်လာရီရဲ့ပိုင်ရှင် ၊ဆိပ်ကမ်းရေဒီယိုရဲ့ပဲ့ကိုင်ရှင် ကဗျာဆရာ စာရေးဆရာ။လွန်ခဲ့တဲ့ငါးနှစ်ခြောက်နှစ်မကလောက်ကတရုတ်တန်း ၁၃လမ်းညနေတခုမှာ နှင်းခါးမိုးရယ်၊နွေလယ်နေရယ်၊သန်းတင့်ရယ်
တခြားတယောက် -ဒတ္ထထင်ရဲ့(အမှတ်တမဲ့ဖြစ်နေ)ရှင်လူရယ် ယမကာဝိုင်းတခုဆုံခဲ့ဖူးကြတယ်၊ နောက်ပိုင်း တောင်ဥက္ကလာထဲမှာတခါထပ်ဆုံဖြစ်မဆုံဖြစ်တော့ ရေးတေးတေးပဲ။မှတ်မှတ်ရရ COVID 19-Home Stay ကာလ ရှင်လူကြီးအိမ်တွင်းအောင်းနေခိုက် တနေ့မှာ မမျှော်လင့်ထားဘဲ နှင်းခါးမိုးရဲ့ဖုန်းဝင်လာတယ်"အကို အိမ်မှာရှိလား၊ကျနော်တို့လမ်းထိပ်မှာရောက်နေတယ် ၊ထွက်လာခဲ့ပါ ပင်လယ်စာတွေလာယူ"တဲ့။ဘယ်မှသွားသွားလာလာမလုပ်ရချိန်မှာ မိတ်ဆွေသူငယ်ချင်းတွေအသံကြားရတာ ဘယ်လိုပျော်မှန်းမသိ။ဒါနဲ့ ဓမ္မာရုံဘေးကခုံတွေဝါးလုံးတွေနဲ့ပိတ်ကာထားတဲ့အတားအဆီးကိုတိုးထွက်လိုက်တော့ပင်လယ်စာထုပ်တွေကိုင်ထားတဲ့နှင်းခါးမိုးနဲ့အတူ ကိုသန်းတင့်ပါ ပါလာတာတွေ့ရတယ်"ငါးလှေဆိုက်လို့"တဲ့။ကြည့်စမ်း ကိုဗစ်ကပ်ဆိုးကြီးထဲမှာ ဂေါ်ရင်ဂျီကျွန်း ငရုပ်ကောင်းမြို့သား ရေလုပ်ငန်းနဲ့အကျွမ်းဝင်ဆက်စပ်သူ သန်းတင့်။တချိန်ကရုပ်ရှင်မင်းသားစိန်မြင့်လိုပြုံးစစမျက်နှာပေးနဲ့ ရေလုပ်သားကဗျာဆရာ။ခုတော့ ကိုယ့်ဟာကိုယ် ငပုတောလမ်းသမုတ်ခဲ့ပေမယ့် သူ့ဒေသ သူ့အခေါ် "ငရုတ်ကောင်းလမ်း၊ဂေါ်ရင်ဂျီလမ်းဆုံ"တဲ့။ကိုသန်းတင့်ရဲ့နှလုံးသားနဲ့ ခင်းဖြန့်ထားတဲ့လမ်းတွေပေါ် ရှင်လူကြီးရောက်ခဲ့ရပြီ။ကားကလေးကငရုတ်ကောင်းလမ်းကွေ့များအတိုင်း အရှိန်နဲ့ဖြတ်သန်းရင်းမိမိဘေးဘီဝဲယာမြင်ကွင်းတွေကို တမြတ်တနိုး ရသမျှ မှတ်သားနေမိတယ်။ငါးခူချောင်းဖျားတံတား၊ကျောက်ဖျာကျေးရွာ။ရေသောက်အိုင်ရော်ဘာစိုက်ခင်း။မဲဇလီကြိုးဝိုင်းအဆုံး။ငပုတောမြို့နယ်ထင်းချောင်းကျေးရွာ။ငါးပြေမကျေးရွာ။ကညင်ချောင်းကျေးရွာ။ဒီလိုနဲ့ပဲရွာ တွေ တံတားတွေ၊မြေပြင်အမှတ်အသားတွေကိုကျက်မှတ်ရင်းညနေ ၃နရီခွဲ အချိန်မှာမော်တင်စွန်းကိုဆိုက်ရောက်လာခဲ့တယ်။ဘုရားပွဲအချိန်မို့ ရောက်ရောက်ချင်းဟိုတယ်တွေ တည်းခိုခန်းတွေကလူပြည့်နေတော့အခန်းငှားလို့မရ။ဟိုရှာဒီရှာ အားလုံးဒေါင်းတောက်ပြီးမှ ကားသမားလေးလိုက်ပို့လို့ ဘုရားနဲ့မလှမ်းမကမ်းကခြံလေးတခုနဲ့စကားပြောဖြစ်တယ်။ငါးဧကလောက်ကျယ်တဲ့ခြံဝန်းကြီးထဲက သူတို့လက်ရှိနေတဲ့ သုံးပင်အိမ်လေးမှာပေးတည်းတယ်။တည ၁သိန်း၃သောင်း နဲ့နှစ်ညစာ ၂သိန်း၆ သောင်း။ရေချိုးဖို့နဲ့ သန့်စင်ခန်းလည်း မိမိတို့လူဆယ်ယောက်အတွက်အဆင်ပြေသွားတယ်။ဘုရားယင်ပြင်ပေါ်မှာသာအိပ်ရရင်
ရေတခါချိုးနှစ်ထောင်၊ အပေါ့တခါသွားငါးရာ၊ ဒီကြားထဲ တန်းစီရတာကရှိသေး။ခုတော့ ကားလေးနဲ့ဘုရားတက်ဖူးလိုက်ကြ၊ပြန်လာပြီးစားသောက်လိုက်ကြနဲ့ ပင်လယ်လေကိုတဝရှူပြီး ညအိပ်ရတာလည်း နှစ်ပေါင်း ၇၀ လောက်တွင်းမှာ အိပ်ရေးအဝဆုံး ညနှစ်ညလို့ဆိုရမယ်။၂၂ ရက် တနင်္ဂနွေနေ့မှာတော့ မနက်စာဘရိတ်ဖတ်စ်စားသောက်ပြီးပင်လယ်နဲ့ရင်ပေါင်တန်းရင်းသဲသောင်ပြင်ကျယ်တလျောက်ကားလေးကိုတရိပ်ရိပ်ပြေးစေပြီး
ငွေတောင်ကမ်းခြေအရောက်သွားပင်လယ်ရေစိမ်ခဲ့ကြတယ်။ကမ်းခြေအဆင်း ဇီးချိုင်ရွာထဲဖြတ်တော့လည်းမိတ်ဆွေကြီးသန်းတင့်မျက်နှာကိုမြင်ယောင်မိပြန်ရော။ဂေါ်ရင်ဂျီနဲ့ငရုတ်ကောင်းဒေသကို နယ်ချဲ့လာတဲ့ စည်းကမ်းမဲ့ဟိုတယ်မိုတယ်တွေနဲ့ အိပ်မက်မက်တိုင်း ဘုရားထတည်နေတဲ့ဘိုးတော်တွေ ဘုန်းကြီးတွေကိုအစာသိတ်မကြေတဲ့ ငရုတ်ကောင်းချစ်သူ ကဗျာဆရာသန်းတင့်တယောက် တောင်ဥက္ကလာက အညစ်အကြေးတွေ ဂေါ်ရင်ဂျီကမ်းခြေမှာလာသန့်စင်တဲ့ ရှင်လူတို့ အဖွဲ့ကို ခွင့်လွှတ်သည်းခံပေးဖို့တောင်းပန်ရင်း ငရုတ်ကောင်းမြို့ဆိုတဲ့ မိတ်ဆွေမြို့ကလေးကိုလည်းလက်ပြနှုတ်ဆက်ခဲ့ပါတယ်။
story#observation#shinlhu


No comments:

Post a Comment