Thursday, August 29, 2019

သရော်စာ

SATIRE (သရော်စာ)

"မြင်း ဘောင်းဘီဝတ်ပေးတဲ့ ဒီမိုကရေစီ"
--------------------------------

ရှင်လူ (ဥပဒေ အတင်းပြုသူ)

"စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုတာ ဘာလဲဆရာ"

တပည့်ကျော် ပကိဏ်းလူ ရဲ့ မေးခွန်းကြောင့် ရှင်လူက သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး အကဲခတ်လိုက်မိတယ်။

"ဘာလဲကွ ပကိဏ်းရ၊ မင်း ဘာတွေလေ့လာနေပြန်ပလဲ"

"ဒီလိုပါဆရာ၊ ကျနော် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆိုတာတွေ ဖတ်မိတော့၊ ကျနော်တို့ဆီမှာ သိသာတဲ့အပြောင်းအလဲတွေ မတွေ့ရပဲ ဒုံရင်း ဒုံရင်း ဆိုသလိုဖြစ်နေလို့ ဟိုဆရာကြီးတွေ အော်ခဲ့သလို စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ မဟုတ်လို့လား တွေးမိလို့ပါ"

"အဲလယ်...ငါ့တပည့် သုံးသပ်ချက်တွေက အတော်မြင့်နေပါလား"

"ဆရာပဲ ကျနော့ကို စာများများမဖတ်လို့ဆိုပြီး နှိပ်ကွပ်ခဲ့တာလေ၊ ဒါ့ကြောင့်ကျနော်လည်း ရတတ်သမျှလေးတွေ ရှာဖတ်ရတာပေါ့"

"အေး...မင်းတွေးပုံ ကောင်းပါတယ်၊ မင်းတို့လူငယ်တွေ အဲလိုတွေးတတ်လာတာကပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ အတွက် တွန်းအားတွေဖြစ်လာမှာပါ"

"ဟုတ် ဆရာ၊ ကျနော်တို့ နိုင်ငံဟာ ခုဆို သူများနည်းတူ မဟုတ်တောင်၊ ကိုယ့်ဟာနဲ့ကိုယ် အသင့်အတင့်အဆင်ပြေစပြုသင့်နေပါပြီ၊ ဒါပေမယ့် သဘာဝဘေးဒဏ်အပြင် စစ်ဘေးစစ်ဒဏ် တွေတောင်ပိုများလာပြီး ဆင်းရဲကြပ်တည်းမှုနဲ့ ရာဇဝတ်မှုခင်းတွေပါ ပိုများလာတော့ တခုခုတော့လွဲနေသလား လို့ပါ"

"အင်း...ဆွေးနွေးချက်တွေ ဘေးမချော်သွားရအောင် မင်းသုံးသပ်တဲ့ စည်းကမ်းပြည့်ဝသောဒီိမိုကရေစီက ပြန်စရအောင်"

"ဟုတ်..ဆရာ"

"တကယ်တော့ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ် ကိုယ်တိုင်က ဒီမိုကရေစီရဲ့ စည်းကမ်းတွေကို ဖော်ဆောင်နေတာပဲ လို့ ငါတွေးမိတယ်"

"ဟုတ်ကဲ့"

"လက်ရှိမှာတော့ မင်းရော ငါရော အားလုံးသိနေတဲ့ ဒီမိုကရေစီ ဟာ

Representative Democracy ပဲ။ အဲတော့ ဒီမိုကရေစီကျင့်သုံးပုံနမူနာတွေကို မင်းသိရအောင် ကမ္ဘာ့ထိပ်တန်း ဒီမိုကရေစီ နိုင်ငံကြီးတနိုင်ငံဖြစ်တဲ့ အမေရိကန်ကို ပဲကြည့်ရအောင်"

"ဟုတ်..ဆရာ"

"အမေရိကဟာ နိုင်ငံကြီး ကြီးကျယ်သလောက် Regulation ဆိုတဲ့ ဥပဒေတွေ၊ Restrictions ဆိုတဲ့ သတ်မှတ်ချက်တွေကလည်းပြည်နယ်တခုနဲ့တခု တူတာမဟုတ်ဘူး။ အဲ့လို မတူတော့ ဒီလောက်ပြည်နယ်တွေအများကြီးကဟာကို မင်းအကုန်မသိနိုင်ဘူး၊ အေး..မင်းမသိတော့ ကျူးလွန်မိပြီး ကျနော်မသိလို့ပါ ဆိုပြီးဆင်ခြေပေးလို့မရဘူး။ဥပမာ မင်းက အမေရိကမှာ သစ်ပင်တပင်ပေါ်တက်မိတယ်ဆိုပါတော့၊ Landscaping license ဆိုတဲ့ ပါမစ်ရှိရတယ်။ မရှိရင်လိုင်စင်မဲ့သစ်ပင်ပေါ်တက်မိတဲ့အတွက် ဒဏ်ငွေ ၅၀၀ ပဲ။

"ဗုဒ္ဓေါ.ကျနော်တို့ ထင်ရာစိုင်းဒေသကြီးမှာ ဒါမျိုးတခါမှမကြားဖူးဘူး၊အံသြပ"

"အေး...မင်းမှာ Fishing license မရှိပဲ၊ ငါးသွားဖမ်းရင် လာထား၊ ဒဏ်ငွေ ၈၀၀ပဲ။ဒါပေမယ့် တခြား ပင်လယ်မရှိတဲ့ ပြည်နယ်တခုကျတော့ ဝေလငါးမဖမ်းရတဲ့၊ ကျန်တဲ့ငါး မင်းကြိုက်သလိုဖမ်းခွင့်ရှိတယ်"

"အမ်...တညိုးကြီးနော်"

"နောက်...တို့ဗမာပြည်လို မိုးကောင်းတဲ့ ဖလော်ရီဒါမှာ မိုးရေကို ခံယူစုဆောင်းခွင့်မရှိဘူး"

"ဗျာ...."

"အေး..မိုးရေခံဖို့ rain-harvesting license ဆိုတဲ့ လိုင်စင်ရှိမှခံလို့ရတယ်၊ မိုးရေဆိုတာ အများပြည်သူပိုင်တဲ့ public property ပဲ၊ ခွက်လေး ပုံးလေးနဲ့ သွားခံလို့ကတော့ illegal act ပဲ"

"ဆရာ့ ဒီမိုကရေစီ ဥပဒေတွေ နားထောင်ပြီး ကျနော်တော့ အာဏာရှင်အဘ တွေကို ပြန်တောင်လွမ်းချင်လာပြီ၊ အဘတွေလက်ထက်ကဆို ဆန္ဒပြတာကလွဲရင် အကုန်လုပ်လို့ရတယ်၊ အဲဒါမှ ဒီမိုကရေစီ အစစ်နဲ့တူသေးတော့"

"နောက် ပြည်နယ်တခုမှာတော့ မြင်းကို လမ်းပေါ်ခေါ်လာရင် ဘောင်းဘီ ဝတ်ပေးရမယ် တဲ့"

"ဟားဟား..အတော်နောက်တဲ့လူတွေပဲ"

"နောက်တာမဟုတ်ဘူး ကိုယ့်လူ၊ လူထု အုပ်ချုပ်ရေး အနှစ်သာရက ဒါပဲ၊ အများညီရင် ဤကိုကျွဲဖတ်နိုင်တယ်ကွ၊ အဲ့လိုဥပဒေကို လူထုက သူတို့ဆန္ဒအတိုင်းရေးဆွဲပြီး သူတို့ကိုယ်တိုင် လိုက်နာကျင့်သုံးရတော့ ကမ္ဘာမှာ လတ်တလောခေတ်စားနေတဲ့ ကျောင်းသားဗဟိုပြုပညာရေးနဲ့အံကိုက်ပဲ၊

အေး..တို့ဆီမှာလည်း ဒီမိုကရေစီစံနစ်အသားကျ လာခဲ့ရင် (သြော်..ဥပဒေဆိုတာ ဘယ်အမေ့လင်ကမှ လာလုပ်ထားတာမဟုတ်ဘဲ ငါတို့ ကိုယ်တိုင်လုပ်ထားတာပါလားလို့ နားလည်လာလိမ့်မယ်)"

"အဲ့လိုတွေးတော့လည်း ကြေနပ်စရာပဲဆရာရေ၊လွှတ်တော်ထဲက ဥပဒေတွေဟာ ငါတို့ကိုယ်တိုင်လုပ်ထားတဲ့ ဥပဒေတွေပဲဆိုတဲ့ ယုံကြည်စိတ်တွေဖြစ်လာလိမ့်မယ်"

"ဟုတ်ပ ပကိဏ်းရာ၊ ဥပမာအားဖြင့်ပေါ့ကွာ ဤလွှ တ်တော်သို့တက်ရောက်လာကြကုန်သော ကိုယ်စားလှယ်တော်ကြီးများ အားလုံးသည် ဥပဒေအရ ခွင့်ပြုထားသောသတ်မှတ်ဝတ်စုံမှတပါး ဘောင်းဘီ၊ စကတ်စသည်တို့ကို ဝတ်ဆင်ခြင်းမရှိစေရ"

"အမ် ! ဘာဆိုင်လို့လဲဆရာရဲ့"

"ဆိုင်တာပေါ့ တပည့်ရာ၊ မြင်းတောင်ဘောင်းဘီဝတ်ပေးနိုင်သေးရင်၊ လူတွေဘောင်းဘီချွတ်ဖို့ ဥပဒေဆိုတာလည်း စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ပေါ့ကွာ။

ရှင်လူ
story#observation#shinlhu

Tuesday, August 27, 2019

သရော်စာ

(SATIRE)

ဂွင်ဝေးဒုက္ခသည်ကြီးများ

🗽🎠🗽🎭🗿

ရှင်လူ(အထူးအကြံပေးပုဂ္ဂိုလ်)

ဟောဒီ ဗလုံးရှုပ်ထွေး ကမ္ဘာကြီးပေါ်မှာ ရှင်လူတို့ ထင်ရာစိုင်းဒေသကြီး ကလည်း ဇာတ်လမ်းဇာတ်ကွက်တွေ တနေ့တမျိုးနဲ့ ပုံမှန် ချီတက်နေပေါ့။

နေ့စဉ် သတင်းစာတွေ စားပွဲပေါ်ရောက်လာတိုင်း ဒီနေ့ ဘာတွေများ ဖြစ်အုံးမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှင်လူ့ရင်ထဲမှာ တထိတ်ထိတ်နဲ့ရယ်။မွန်ပြည်နယ်မှာ ရေကြီး မြေပြိုဖြစ်ပြီး လူအသေအပျောက်သတင်းတွေ ကြားလို့မှ မဆုံးသေး ပြင်ဦးလွင် နောင်ချို တဝိုက် ပြည်ထောင်စု လမ်းမကြီး ခမျာလည်း တံတားတွေပျက် ချိုင့်ခွက်တွေပေါ် နဲ့ ရှောင်တခင်တိုက်ပွဲများကြောင့် သေကြေဒဏ်ရာရကြ၊ စစ်ပြေးဒုက္ခသည်တွေဖြစ်ကြရ၊ မီးခိုးမဆုံးမိုးမဆုံး မျက်ရည်နဲ့သွေး စတေးခဲ့ကြရပြီ။

ဒီကြားထဲ မကြာခင်ရက်များအတွင်း လျှပ်စစ်ဝန်ကြီးကို အဂတိလိုက်စားမှုကော်မရှင်ကစစ်တယ် ဆိုတဲ့သတင်းလည်းကြားလိုက်ရသေးတယ်။ အစကတော့ တိုင်သူရှိလို့ စစ်တာ စစ်ပေါ့ ၊စစ်လေကောင်းလေ၊ဒါမှ ပွင့်လင်းမြင်သာမှာမဟုတ်လား။

ဖြစ်စဉ်ကိုလေ့လာလိုက်တော့ တိုင်တာက ဦးပိုင် ၊အတိုင်ခံရတာက လျှပ်စစ်ဝန်ကြီး။ တင်ဒါကိစ္စနဲ့ မကျေမနပ်ဖြစ်ပြီး အဂတိလိုက်​စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ ဝန်ကြီးကိုတို့လိုက်တာက မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်။ ဦးပိုင်ဟာဆယ်စုနှစ်နဲ့ချီပြီး သူတို့ရနေကျ အထူးအခွင့်အရေးတွေမရတော့ဘဲ အများနဲ့တန်းတူ ယှဉ်ပြိုင်ရချိန်မှာ တိုင်းပြည်ဘဏ္ဍာကို အရင်လိုအလွယ်တကူ ဂျင်းထည့်လို့မရတော့တဲ့အခါ သူ့အလုပ်သူမှန်မှန်ကန်ကန်လုပ်တဲ့ ဝန်ကြီးဌာနကို ချောက်တွန်းတော့တာပဲ။ လျှပ်စစ်ဝန်ကြီးဌာနက ကိုင်တွယ်တဲ့တင်ဒါကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး အဂတိလိုက်စားမှုကော်မရှင်ဆီကို တို့လိုက်တယ်။

ဖြစ်စဉ်က ဝန်ကြီးဌာနကရွေးထားတဲ့ မီတာဘောက်တွေတင်သွင်းရမယ့်ကုမ္ပဏီက ပြိုင်တဲ့တင်ဒါက ဦးပိုင်ကအဆိုပြုထားတဲ့ဈေးနှုန်းပမာဏထက် ၂၅ ရာခိုင်နှုန်းလောက် ပိုနည်းတယ်။ procurement စည်းမျဉ်း အခြေခံသဘောအရ ဝယ်ယူမယ့် အဖွဲ့အစည်းက ဝယ်လိုတဲ့ပစ္စည်းအတွက် ကြိုတင်သတ်မှတ်ထားပြီးသား specifications နဲ့ကိုက်ညီတဲ့ suppliers တွေရှိနေရင် သက်သာတဲ့နှုန်းထားနဲ့ အဆိုပြုတဲ့ supplier ကိုရွေးရတာသဘာဝပဲ။

အရင်ကရပ်ကွက်တွေထဲက ဓာတ်တိုင်တွေမှာ တပ်ဆင်ရမယ့် ဒစ်ဂျစ်တယ်မီတာဘောက်စ်တွေကို လျှပ်စစ်ဝန်ကြီးဌာနဆီတင်သွင်းခွင့်ရတာက ဦးပိုင်လေ။ခုတော့ ဦးပိုင်တို့ ဂွင်ဝေးပြီမဟုတ်လား။

"ဆရာရေ ဆရာရှိလား၊ ဘာတွေလုပ်"

ရှင်လူ စာငုံ့ရေးနေတုန်း တပည်ကျော် ပကိဏ်းလူတယောက် ငွေဖလားကြီးနဲ့ ဝင်လာပါတယ်။

"ဟယောင် ဘာတွေလုပ်နေပြန်ပလဲ"

"လူမှုကူညီရေးပေါ့ဆရာရယ်၊ ရေကြီးမြေပြိုဖြစ်ပြီး လူတွေအတိဒုက္ခရောက်နေကြတာမဟုတ်လား၊ အာ့ကြောင့် ကျနော်တို့ ဖြူဖွေးပရဟိတလူငယ်များအဖွဲ့ ရေဘေးအလှူခံနေတာ၊ ဆရာရောထည့်အုံးမလား၊ ငွေမှမဟုတ်ဘူး ဆန်ဆီ၊ အဝတ်အထည်ကအစ လှူလို့ရတယ်"

"ပိုက်ဆံ ငါးထောင်ပဲလှူလိုက်ပါမယ်ကွာ၊ အဝတ်တွေက မလျှော်ရသေးလို့ နောက်မှပဲလှူတော့မယ်"

"သာဓုပါ ဆရာ၊ သာဓုပါ၊ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ပါစေ"

"တော်စမ်းပကိဏ်းရာ၊ ဒီ ခေါက်ရိုးကျိုးနေတဲ့ ဆုတောင်းစာကြီးရွတ်မနေစမ်းပါနဲ့၊နားခါးလွန်းလို့၊ ဒါနဲ့..ကြုံတုန်းမင်းကို တခုမှာလိုက်ရအုံးမယ် ပကိဏ်းရေ"

"ဗျာ ဘာများလဲ ဆရာ"

"သြော် မင်းတို့ ရေဘေးအလှူခံပြီးရင် နောက်အလှူခံတခု ဆက်ထွက်ဖို့ပါ"

"ဘာအတွက်လဲ ဆရာရဲ့"

"အင်း စစ်ဘေး၊ ရေဘေးပြီးရင်၊ သူဋ္ဌေးသင်္ဘောမှောက်တဲ့ဘေး ကျန်သေးတယ်ကွ၊ တို့ဆီက ခရိုနီကြီးတွေ ဘဝပျက်နေကြပြီ၊ တချိန် က လယ်သမားတွေဆီကမြေကို တဧက သုံးသိန်းလောက်နဲ့ ဧကထောင်ချီဝယ်ပြီး စက်ရုံထောင်ချင်တဲ့လူတွေကို တဧက သိန်းသုံးထောင်လောက်နဲ့ရောင်းပြီး စီးပွားဖြစ်လာခဲ့ကြတဲ့ ခရိုနီကြီးတွေဟာ ခု NLD အစိုးရ စီးပွားရေးနားမလည်တော့ အလုပ်အကိုင်တွေ မကောင်းလို့ ညညဆို အိပ်လို့တောင်မပျော်နိုင်ရှာပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေရရှာပြီ။ ပြည့်ဝမ်းကိုမဖောက်ရာ ဆိုတဲ့စကားပုံရှိတယ်ကွာ။ သူတို့ဆင်းရဲကုန်ရင် တိုင်းပြည်ပျက်မှာကွ၊ ဒီတော့ခုချိန်မှာ စစ်ပြေးဒုက္ခသည် ဘေး၊ ရေဘေး၊ မြေပြိုတဲ့ဘေးတွေထက် ခရိုနီဒုက္ခဘေးက ပိုကြီးသကွ။ သူတိုအတွက် ဆန် ဆီ ဆား ငါးခြောက်ငါးခြမ်းလေး၊ ကြက်သွန်လေးအစ မင်းတို့ဖြူဖွေးပရဟိတလူငယ်လေးတွေ ဝိုင်းဝန်း ကယ်တင်ကြပါအုံး လို့"

"အာ ဆရာကလည်း အဟုတ်မှတ်လို့ နားထောင်နေတာ၊ လာနောက်နေသေးတယ်၊ သူတို့ဖာသာ ဂွင်ဝေးလို့ ငိုနေတာ၊ငိုပစေ၊ တော်ကြာငိုလို့ အကျိုးရှိမှန်းသိသွားရင် နောက်လိုက်နောက်ပါတွေနဲ့ အငို အော်ခတ်စထရာသံစုံ တီးဝိုင်းကြီးတွေ ထထောင်နေအုံးမယ်"

"ဟား ဟား ငါ့တပည့် စကားလုံးတွေက ဒီတခါတော့ အမိုက်စားပဲဟေ့ "

ရှင်လူ
story#observation #shinlhu

Saturday, August 17, 2019

ကဗျာ

လိပဲ..ငါမူးနေပြီ
🗽🎠🗽🎭🗿

တခါတလေ
အဲဒီ အထီးကျန်မှုထဲ
ဘီယာ ပုလင်းတွေလည်း အချိုးကျပါခဲ့
ကြက်ကြော် တထောင်ဖိုးကတော့
ကလေးတွေက တဖဲ့စီ
ကိုယ်က တဖဲ့စီနဲ့ ကုန်ပေါ့...
စစ်ပွဲတွေဆီက 
ဝိဥာဉ်တွေလည်း သတိရမိပါရဲ့
တပ်မတော်သားလား
သူပုန်သူကန်လား
တော်လှန်ရေးသမားလား
ငါကတော့ ဘသူ့ကို့မှမခွဲခြား
လာကြ ကလေးတို့
ညီအကိုတို့
မြန်မာဘီယာ သောက်ကြစို့...

ညိုမြသွေး
poem#observation #shinlhu

Thursday, August 15, 2019

သရော်စာ

SATIRE (သရော်စာ)

သင့်ကို ဘုရားသခင်များမှ အလိုရှိသည်

= = = = = = = = = = = = = = = = = = =
ရှင်လူ (လူသစ်စုဆောင်းရေးအရာရှိ)

ရှင်လူစာဖတ်နေတုန်း ရုတ်တရက် ပြောက်ကျား စစ်ယူနီဖောင်းနဲ့ လူတယောက်ဝင်လာတာတွေ့လိုက်တော့ ရင်ထဲ ထိတ်ခနဲဖြစ်ပြီးမော့ကြည့်မိတယ်။

"အာ...ကမ္ဘာစစ်များဖြစ်နေလားလို့၊ လန့်လိုက်တာပကိဏ်းရယ်"

တပည့်ကျော် ပကိဏ်းလူက သူ့ ကွန်မန်ဒိုဦးထုပ်ကိုချွတ်၊ စားပွဲပေါ်ပစ်တင်လိုက်ရင်း
"ဘာလဲ..ဆရာက ကိုယ့်တပည့်တောင်မမှတ်မိတော့ဘူးလား"

"ဘယ် မှတ်မိပါ့မလဲကွ၊ မင်းဟာက အမြဲတမ်း ရှော့ပင်န်နဲ့ တီရှပ်နဲ့နေတဲ့ကောင်က ဒီပြောက်ကျားယူနီဖောင်းပွယောင်းယောင်းကြီးနဲ့ဆိုတော့"

"မစိုးရိမ်ပါနဲ့ဆရာရယ်၊ ဒါ ဘေထုပ်တန်းမှာ မနည်းရွေးပြီး ဝယ်ထားရတာ၊ ဖစ်ဆိုဒ်တော့ဘယ်ရမလဲ"

"ဘာရောဂါဝင်နေပြန်လဲ ပကိဏ်းရာ.."

"Performance လေ ဆရာရဲ့"

"ဟေ လုပ်စမ်းပါအုံး ၊ဘာ Performance လဲ"

"ဆရာ သတင်း Vedio တွေ မကြည့်ဘူးလား၊ ဘုလက်တို့ အမျိုးသားရေးထောက်ခံပွဲတွေလုပ်နေတာ"

"အေးလေ..အမျိုးသားရေး ထောက်ခံတာနဲ့ ဒီယူနီဖောင်းနဲ့က ဘာဆိုင်လို့လဲ"

"ဆိုင်တာပေါ့ ဆရာရယ်၊ ဒီလို အမျိုးသားရေးပွဲလာတဲ့ လူအတော်များများက Performance ကို အမျိုးမျိုးထွင်ကြရတာဗျ၊ တချို့ကောင်မလေးတွေဆို ပါးမှာ စတစ်ကာတွေကပ်လို့ ချစ်ခြာလေးဒေ ဆရာရဲ့၊ ဘုလက်ကိုယ်တိုင်လည်း ကျော်ဟိန်း စတိုင်နဲ့ စင်ပေါ်တက်လာတာ"

"ကျော်ဟိန်းက ခု ဦးကိတ္တိသာရဖြစ်နေပါပြီကွာ"

"အာ့ကြောင့် Performance ဘုန်းဘုန်းတွေလည်း ပါလာတာပေါ့"

"ဟေ..."

"ဘုန်းဘုန်း တပါးကဆို ကျနော်တို့ ဗုဒ္ဓသာသနာဟာ တိုက်စစ်မရှိဘဲ ခံစစ်နဲ့သာသွားနေရင် ရင်လေးစရာလို့ ပြောသွားတယ်ဗျ"

"မော်ရင်ဟိုလို ကောင်တာဆော့နေတာပါ..အမ်..ငါတောင် ယောင်တောင်တောင် ဖြစ်လာပြီ၊ ဗုဒ္ဓသာသနာနဲ့ ခံစစ် တိုက်စစ်နဲ့ကဘာဆိုင်လို့လဲဟ"

"အာ..ဆရာကလည်း ဒုန်းဝေးပြန်ပြီ၊ ကျနော်တို့ ပုဂံ ဘုရားတွေတောင် UNESCO ကသိမ်းတော့မတဲ့၊ အဲဒါ အကောင်းဆုံးခံစစ်သည် အကောင်းဆုံးတိုက်စစ်လို့ မော်ရင်ဟိုပြောခဲ့ဘူးတာပဲ"

"အင်း.မင်းတို့ဆရာတွေနဲ့ မင်းတို့ဒကာတွေကတော့ လိုက်ဖက်ပါ့ကွာ"

"ပြီးတော့ US သံရုံး Face book page မှာ ဗုဒ္ဓဘာသာကို စော်ကားတဲ့ ဘုရားပုံပန်းချီကားတင်လို့ အမျိုးသားရေးဆရာတော်က သံအမတ်ကိုပါ တရားစွဲတာ ဆိုင်ရာက စွဲခွင့်မပေးဘူးလေ"

"ဟုတ်လား..ပန်းချီကားက ဘယ်သူဆွဲတာလဲ"

"မြန်မာ မိန်းကလေးတယောက်ပဲ...တဲ့"

"အင်း...သူကဘယ်လိုစော်ကားလဲ"

"ဘုရားပုံတော်ကို အသက်ရှူကိရိယာ Mask တပ်ပေးထားသတဲ့"

"သြော် တိပိဋကဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ နေမကောင်းတုန်းကလည်း အောက်ဆီဂျင်ပိုက်တွေတပ်ရတာပဲလေ"

"ဒါပေမယ့် ဒါက ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်တော်အနန္တနဲ့ပြည့်စုံတော်မူသော သမ္မာသဗ္မုဒ္ဓဘုရားလေ"

"အင်းလေ..ဒါပေမယ့် ခန္ဓာရှိရင် ဝေဒနာရှိတာပဲ၊ ဘုရားရှင်ဟာ ဝက်ပျိုသားစားမိလို့ ဝမ်းတော်လားခဲ့ရတာမဟုတ်လား၊ ခုခေတ်လို စက်ရုံအလုပ်ရုံတွေကြောင့် လေထုညစ်ညမ်းလာတဲ့ဒဏ်ကို ဘုရားရှင်သာရှိသေးရင် ဘုရားလည်းထိခိုက်တဲ့ထဲပါမှာပဲ"

"အာ. ရုပ်ပွားတော်တွေပဲရှိတော့တဲ့ဥစ္စာ၊ ဆရာကလဲ"

"အေး.ပုဂံငလျှင်ကြောင့် ပြိုကျ ပျက်စီးခဲ့တာ ရုပ်ပွားစေတီတွေပဲမဟုတ်လား"

"အင်း...ဒါတော့"

"ပြီးတော့ ကြည်လင်းတို့လို ဘုရားသူခိုးတွေ ခိုးပြီး နိုင်ငံခြားရောင်းစားခံရတာလည်းဒီရုပ်ပွားတော်တွေပဲ မဟုတ်လား"

"ဆရာက..ကပ်ဖဲ့ပြောနေပြန်ပြီ၊အမျိုးသားစိတ်ခေါင်းပါးလိုက်တာ"

"ဟားဟား မင်းအထင်မှားနေပြီ ပကိဏ်းရ၊ အမျိုးသားရေး မဟာဗျူဟာကို ချမှတ်တဲ့အခါ လိုရင်းကို နားလည်မှ National intrest ကိုသဲသဲကွဲကွဲဖြစ်မှာကွ၊ ကျန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက် အမျိုးသားရင်ကြားစေ့ရေး ခြေဥ ပြင်ဖို့ကိစ္စတွေအသာထားအုံး၊ လောလောဆယ် မင်းတို့အမျိုးသားရေးသမားတွေလုပ်ရမှာက မြန်မာပြည်အရပ်ရပ်က ဘုရားစေတီပုထိုးတွေမှာ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့တွေဖွဲ့ပြီး အလှည့်ကျ ကင်းစောင့်ကြဖို့ပဲ"

"ဘာဆိုင်လို့လဲ ဆရာရဲ့"

"ဆိုင်တာပေါ့ကွ။ ငါတို့လူမျိုးတွေက ဘုရားတွေတည်ရင် အဖိုးတန်ရတနာတွေကိုဋ္ဌာပနာထည့်ကြတာ၊ အဲဒါ လုံခြုံတဲ့အစောင့်မရှိတော့ ဘီလူးတွေ နဂါးတွေ ခြင်္သေ့ရုပ်တွေလောက်နဲ့တာဝန်ချထား။ ကြည်လင်းတို့လိုလူမျိုးက အဲ့လောက်ကိုဂရုမစိုက်ဘူးကွ၊ စွယ်တော်မြတ်စေတီကွာ မျက်နှာကျက်ကကြိုးနဲ့ဆင်းပြီး ဝင်ခိုးခံရတယ်၊ မြန်မာပြည်အရပ်ရပ်က ဘုရားစေတီတွေ ဋ္ဌာပနာတိုက်အဖောက်ခံရတာ၊ စိန်ဖူးတော်အခိုးခံရတာ၊ ရှေးခေါင်းလောင်းကြီးတွေအခိုးခံရတာ မင်းတို့ဘယ်လိုကာကွယ်မလဲ၊ ဦးစံလင်းဆယ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းတောင် ဒီဘရစ်တိုက အမြောက်သွန်းဖို့တက်ဖြုတ်တာကွ။ တို့အားလုံးက သံသရာအတွက်ပဲစဉ်းစားတာ သူခိုး ဓမြ နယ်ချဲ့  ကိုလိုနီဆိုတာက တဘဝစာပဲစဉ်းစားတာ။ ဒီတော့ တို့နိုင်ငံမှာရှိတဲ့ စေတီပုထိုးအားလုံးဟာ အကာအကွယ်မဲ့တဲ့အဖြစ်ကိုရောက်နေပြီ၊ မင်းတို့အမျိုးသားရေးသမားတွေပဲ အားကိုးရမှာပဲ"

"အာ..ဆရာရယ် ၊တောင်ကုန်းမှန်ရင် စေတီရှိနေတဲ့နိုင်ငံမှာ ဒီလောက်များတဲ့ ဘုရားတွေ ဘယ်သူကအလုပ်ပျက်အကိုင်ပျက်ခံပြီး စောင့်ရှောက်နိုင်မလဲဗျ"

"ဟ...မင်းတို့ပဲ..အမျိုးဘာသာထိရင် မချိအောင်နာနေကြတာ၊ လက်တွေ့ကာကွယ်ဖို့ကျ တာဝန်မယူချင်တော့ဘူးလား"

"ဒီလိုတော့ မကပ်နဲ့ဆရာရယ်"

"မကပ်ပါဘူး တပည့်ရာ၊ လောလောဆယ် မင်းနဲ့ဘူးလက်ကတော့ ယူနီဖောင်းရှိပြီ၊ ကျန်တဲ့လူတွေအတွက် အလှူခံရှာပြီး ဝယ်ပေးရုံပေါ့၊ ဒါမျိုးဆို သိန်းသုံးလေးရာအလှူရှင် မရှားပါဘူး"

"တော်ပါတော့ ဆရာရယ်"

"အေး..နောက်တခါဆို Performance လုပ်ရင် ထမီသာပြောင်းဝတ်ခဲ့တော့ဟေ့။ ဟဟပဲ"

ရှင်လူ
story#observation #shinlhu