(SATIRE)
ဂွင်ဝေးဒုက္ခသည်ကြီးများ
🗽🎠🗽🎭🗿
ရှင်လူ(အထူးအကြံပေးပုဂ္ဂိုလ်)
ဟောဒီ ဗလုံးရှုပ်ထွေး ကမ္ဘာကြီးပေါ်မှာ ရှင်လူတို့ ထင်ရာစိုင်းဒေသကြီး ကလည်း ဇာတ်လမ်းဇာတ်ကွက်တွေ တနေ့တမျိုးနဲ့ ပုံမှန် ချီတက်နေပေါ့။
နေ့စဉ် သတင်းစာတွေ စားပွဲပေါ်ရောက်လာတိုင်း ဒီနေ့ ဘာတွေများ ဖြစ်အုံးမလဲ ဆိုတဲ့ စိုးရိမ်စိတ်ကလည်း ရှင်လူ့ရင်ထဲမှာ တထိတ်ထိတ်နဲ့ရယ်။မွန်ပြည်နယ်မှာ ရေကြီး မြေပြိုဖြစ်ပြီး လူအသေအပျောက်သတင်းတွေ ကြားလို့မှ မဆုံးသေး ပြင်ဦးလွင် နောင်ချို တဝိုက် ပြည်ထောင်စု လမ်းမကြီး ခမျာလည်း တံတားတွေပျက် ချိုင့်ခွက်တွေပေါ် နဲ့ ရှောင်တခင်တိုက်ပွဲများကြောင့် သေကြေဒဏ်ရာရကြ၊ စစ်ပြေးဒုက္ခသည်တွေဖြစ်ကြရ၊ မီးခိုးမဆုံးမိုးမဆုံး မျက်ရည်နဲ့သွေး စတေးခဲ့ကြရပြီ။
ဒီကြားထဲ မကြာခင်ရက်များအတွင်း လျှပ်စစ်ဝန်ကြီးကို အဂတိလိုက်စားမှုကော်မရှင်ကစစ်တယ် ဆိုတဲ့သတင်းလည်းကြားလိုက်ရသေးတယ်။ အစကတော့ တိုင်သူရှိလို့ စစ်တာ စစ်ပေါ့ ၊စစ်လေကောင်းလေ၊ဒါမှ ပွင့်လင်းမြင်သာမှာမဟုတ်လား။
ဖြစ်စဉ်ကိုလေ့လာလိုက်တော့ တိုင်တာက ဦးပိုင် ၊အတိုင်ခံရတာက လျှပ်စစ်ဝန်ကြီး။ တင်ဒါကိစ္စနဲ့ မကျေမနပ်ဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ ဝန်ကြီးကိုတို့လိုက်တာက မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်။ ဦးပိုင်ဟာဆယ်စုနှစ်နဲ့ချီပြီး သူတို့ရနေကျ အထူးအခွင့်အရေးတွေမရတော့ဘဲ အများနဲ့တန်းတူ ယှဉ်ပြိုင်ရချိန်မှာ တိုင်းပြည်ဘဏ္ဍာကို အရင်လိုအလွယ်တကူ ဂျင်းထည့်လို့မရတော့တဲ့အခါ သူ့အလုပ်သူမှန်မှန်ကန်ကန်လုပ်တဲ့ ဝန်ကြီးဌာနကို ချောက်တွန်းတော့တာပဲ။ လျှပ်စစ်ဝန်ကြီးဌာနက ကိုင်တွယ်တဲ့တင်ဒါကိစ္စ ပွင့်လင်းမြင်သာမှုမရှိဘူးဆိုပြီး အဂတိလိုက်စားမှုကော်မရှင်ဆီကို တို့လိုက်တယ်။
ဖြစ်စဉ်က ဝန်ကြီးဌာနကရွေးထားတဲ့ မီတာဘောက်တွေတင်သွင်းရမယ့်ကုမ္ပဏီက ပြိုင်တဲ့တင်ဒါက ဦးပိုင်ကအဆိုပြုထားတဲ့ဈေးနှုန်းပမာဏထက် ၂၅ ရာခိုင်နှုန်းလောက် ပိုနည်းတယ်။ procurement စည်းမျဉ်း အခြေခံသဘောအရ ဝယ်ယူမယ့် အဖွဲ့အစည်းက ဝယ်လိုတဲ့ပစ္စည်းအတွက် ကြိုတင်သတ်မှတ်ထားပြီးသား specifications နဲ့ကိုက်ညီတဲ့ suppliers တွေရှိနေရင် သက်သာတဲ့နှုန်းထားနဲ့ အဆိုပြုတဲ့ supplier ကိုရွေးရတာသဘာဝပဲ။
အရင်ကရပ်ကွက်တွေထဲက ဓာတ်တိုင်တွေမှာ တပ်ဆင်ရမယ့် ဒစ်ဂျစ်တယ်မီတာဘောက်စ်တွေကို လျှပ်စစ်ဝန်ကြီးဌာနဆီတင်သွင်းခွင့်ရတာက ဦးပိုင်လေ။ခုတော့ ဦးပိုင်တို့ ဂွင်ဝေးပြီမဟုတ်လား။
"ဆရာရေ ဆရာရှိလား၊ ဘာတွေလုပ်"
ရှင်လူ စာငုံ့ရေးနေတုန်း တပည်ကျော် ပကိဏ်းလူတယောက် ငွေဖလားကြီးနဲ့ ဝင်လာပါတယ်။
"ဟယောင် ဘာတွေလုပ်နေပြန်ပလဲ"
"လူမှုကူညီရေးပေါ့ဆရာရယ်၊ ရေကြီးမြေပြိုဖြစ်ပြီး လူတွေအတိဒုက္ခရောက်နေကြတာမဟုတ်လား၊ အာ့ကြောင့် ကျနော်တို့ ဖြူဖွေးပရဟိတလူငယ်များအဖွဲ့ ရေဘေးအလှူခံနေတာ၊ ဆရာရောထည့်အုံးမလား၊ ငွေမှမဟုတ်ဘူး ဆန်ဆီ၊ အဝတ်အထည်ကအစ လှူလို့ရတယ်"
"ပိုက်ဆံ ငါးထောင်ပဲလှူလိုက်ပါမယ်ကွာ၊ အဝတ်တွေက မလျှော်ရသေးလို့ နောက်မှပဲလှူတော့မယ်"
"သာဓုပါ ဆရာ၊ သာဓုပါ၊ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက်ပါစေ"
"တော်စမ်းပကိဏ်းရာ၊ ဒီ ခေါက်ရိုးကျိုးနေတဲ့ ဆုတောင်းစာကြီးရွတ်မနေစမ်းပါနဲ့၊နားခါးလွန်းလို့၊ ဒါနဲ့..ကြုံတုန်းမင်းကို တခုမှာလိုက်ရအုံးမယ် ပကိဏ်းရေ"
"ဗျာ ဘာများလဲ ဆရာ"
"သြော် မင်းတို့ ရေဘေးအလှူခံပြီးရင် နောက်အလှူခံတခု ဆက်ထွက်ဖို့ပါ"
"ဘာအတွက်လဲ ဆရာရဲ့"
"အင်း စစ်ဘေး၊ ရေဘေးပြီးရင်၊ သူဋ္ဌေးသင်္ဘောမှောက်တဲ့ဘေး ကျန်သေးတယ်ကွ၊ တို့ဆီက ခရိုနီကြီးတွေ ဘဝပျက်နေကြပြီ၊ တချိန် က လယ်သမားတွေဆီကမြေကို တဧက သုံးသိန်းလောက်နဲ့ ဧကထောင်ချီဝယ်ပြီး စက်ရုံထောင်ချင်တဲ့လူတွေကို တဧက သိန်းသုံးထောင်လောက်နဲ့ရောင်းပြီး စီးပွားဖြစ်လာခဲ့ကြတဲ့ ခရိုနီကြီးတွေဟာ ခု NLD အစိုးရ စီးပွားရေးနားမလည်တော့ အလုပ်အကိုင်တွေ မကောင်းလို့ ညညဆို အိပ်လို့တောင်မပျော်နိုင်ရှာပဲ မျက်ရည်ဖြိုင်ဖြိုင်ကျနေရရှာပြီ။ ပြည့်ဝမ်းကိုမဖောက်ရာ ဆိုတဲ့စကားပုံရှိတယ်ကွာ။ သူတို့ဆင်းရဲကုန်ရင် တိုင်းပြည်ပျက်မှာကွ၊ ဒီတော့ခုချိန်မှာ စစ်ပြေးဒုက္ခသည် ဘေး၊ ရေဘေး၊ မြေပြိုတဲ့ဘေးတွေထက် ခရိုနီဒုက္ခဘေးက ပိုကြီးသကွ။ သူတိုအတွက် ဆန် ဆီ ဆား ငါးခြောက်ငါးခြမ်းလေး၊ ကြက်သွန်လေးအစ မင်းတို့ဖြူဖွေးပရဟိတလူငယ်လေးတွေ ဝိုင်းဝန်း ကယ်တင်ကြပါအုံး လို့"
"အာ ဆရာကလည်း အဟုတ်မှတ်လို့ နားထောင်နေတာ၊ လာနောက်နေသေးတယ်၊ သူတို့ဖာသာ ဂွင်ဝေးလို့ ငိုနေတာ၊ငိုပစေ၊ တော်ကြာငိုလို့ အကျိုးရှိမှန်းသိသွားရင် နောက်လိုက်နောက်ပါတွေနဲ့ အငို အော်ခတ်စထရာသံစုံ တီးဝိုင်းကြီးတွေ ထထောင်နေအုံးမယ်"
"ဟား ဟား ငါ့တပည့် စကားလုံးတွေက ဒီတခါတော့ အမိုက်စားပဲဟေ့ "
ရှင်လူ
story#observation #shinlhu
No comments:
Post a Comment