The Art of Cooking
ဆေး ကြော် ငြာ
🚒🚒🚒🚒🚒🚒
ရှင်လူ ကြီး မနေ့ က ကကတစ် အစိတ်သားတကောင်ကို နှစ်ပိုင်း ပိုင်း ချက်စားခဲ့တော့ ဒီနေ့  အ မြီးပိုင်းကျန်ပါတယ်။အဲဒါ နဲ့ တွဲစားဖို့ မနက်က မြင်သာဈေးကနေ ပြီး ခွေးတောက်ရွက်တစည်း တရာနဲ့ ဝယ်လာခဲ့တယ်။ အဲဒါ နေ့ လယ်စာ စားခါနီးမှ ပူပူနွေးနွေး ချက်စားလိုက်တယ်။ အများအား ဖြင့်တော့ ခွေးတောက်နဲ့ ကြက်ရိုးချက်လေ့ရှိ ကြတယ်။ရှင်လူ ကြီးကတော့ ကြက်ရိုး ဝယ်မနေတော့ပဲ ပလပ်စတစ်ဘူးထဲကျန်နေတဲ့ အာ ပြဲခြောက် သုံးလေးပိုင်းလောက် ဖဲ့ထည့် ပြီးချက်လိုက်တယ်။
ဟင်းချက်တာနဲ့ပတ်သက်လို့ တချိန်က
TV မှာ ပြခဲ့ဖူးတဲ့ "ချန်ဂင်"ကိုရီးယားကားကိုသွားသတိရတယ်။အမှန်တော့ အဲဒီ "နန်းတွင်း ရတနာ" ကိုရီးယား ဒရာမာ ဇာတ်ကားဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ လောက်က ဂျိုဆွန်မင်းဆက်ကာလအတွင်း
ပဌမ ဆုံး တော်ဝင် သမားတော် ဖြစ်လာတဲ့ အမျိုးသမီး ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပါ။နန်းတွင်းသမားတော်ဆိုပေမယ့် တော်ဝင်မိသားစုအတွက်
ဟင်းလျာတွေကို ကိုယ်တိုင်ကြီး ကြပ်ချက် ပြုတ်ပြီး မှ တည်ခင်းရတာပါ။ အစာလည်းဆေး ဆေးလည်းအစာ ဆိုသလို
ဓာတ်စာတွေနားလည်ရပါတယ်။ ဒါနဲ့ပတ်သက်လို့ တလောက FB ပေါ်မှာ မြန်မာနန်းတွင်း ဟင်းချက်နည်း စာအုပ် တအုပ်
တယောက်တင်တာတွေ့ လိုက်ပါသေးတယ်။ဝက်တကောင်လုံးကအသားတွေကို
သူ့နေရာနဲ့သူ ခေါ်နည်းအမျိုးမျိုး၊ အသီးအရွက်တွေနဲ့ ရောစပ်ချက်နည်း အမျိုးမျိုးတွေက ကိုယ်တောင် မ ကြားဘူးတာတွေပါ။
တကယ်တော့ အဲဒီ တော်ဝင်ဆိုတဲ့ မင်းမျိုးမင်းနွယ်တွေဟာ ဗမာ ဖြစ်ဖြစ်၊တရုတ်ဖြစ်ဖြစ် ကိုရီးယားဖြစ် ဖြစ် ရသတဏှာ ဇိမ်ခံတာချင်းကတော့ ထူးမ ခြားနားပါပဲ။
ခင်ဗျားတို့ရှင်လူ ကြီးကတော့ တော်မဝင်ပေမယ့် မြန်မာ တိုင်းရင်းဆေးဆရာ သုံးလေးယောက်လောက် မိတ်ဆွေ ဖြစ်ထားခဲ့လေတော့ ခုဆို Messenger ကနေ ပြီး
ဓာတ်စာပေး ကြပါတယ်။ဒီနေ့ ချက်စားတဲ့ခွေးတောက်ဟင်းချိုဟာ ကေတုမာလာထဲက လေ ဖြန်းထားလို့ ဝှီးလ်ချဲ နဲ့ထိုင်နေရတဲ့ ဆရာ ဦးစံပု ပေးထားတဲ့ ဓါတ်စာပါ။သူဖော်ထားတဲ့ဆေးတွေလည်း ရှင်လူ့ ကို ပေးထားတာ ပလပ်စတစ်လေးထောင့်ဘူးနဲ့အ ပြည့်ပါပဲ။ ခန်းတောက်မြစ် တဲ့(အမှုန့်လုပ်ထားတာ)ရေ နွေးနဲ့စိမ်သောက်ရပါတယ်။ပြီးတော့ မက်လင်ချဉ် အမှုန့် (ထန်းလျက်ရည်နဲ့ ဖျော်သောက်ရတာ)၊ဆား
လှော် တဲ့(သွေးမတိုးဘူးဆိုပဲ) ပြီးတော့
လေကွဲလေနှင် ဖေါ်ထား ပြီးပြီ ၊လာယူတဲ့။
တရဆ ဆရာ ကြီးတွေနဲ့ပေါင်းရတော့
ရှင်လူလည်း ဂျိုဆွန် မင်းဆက်နီးနီး ဘဝင်မြင့်စရာပေါ့ဗျာ။နောက်တယောက်ရှိ သေးတယ်၊ ဆရာ မြဆိုတဲ့ပုဂ္ဂိုလ်။ ကိုဗစ်ရောက်မလာခင်က ရှင်လူ့ကိုမေးတယ်"ခွေးလယားစေ့ ဘယ်မှာရမလဲဗျ"တဲ့။"ဘာလုပ်မှာလဲ"မေးတော့ "အားဆေးတမျိုးဖော်မလို့"တဲ့။ဒီလိုနဲ့ နောက်တပတ် သူနဲ့တွေ့ 
တော့ ရှင်လူ့ကို ဆေးတဘူး ပေးတယ်။
"ဘာဆေးလဲ"မေးတော့ "အားဆေးလေဗျာ၊ အသက်၆၀ ကျော်လာရင် ဒီဆေးမှီဝဲပေးရတယ်"တဲ့။ရှင်လူလည်း အားနာတာနဲ့ "ဆေးဖိုး ဘယ်လောက်ပေးရမလဲ"ဆိုတော့ "မလိုပါဘူး၊အချင်းချင်း တွေပဲ၊ယူသွားပါ၊ခင်ဗျား ဖေ့စဖုတ်မှာစာရေးနေတယ်ဆိုတော့ ဆေးကောင်းကြောင်း ကြော်ငြာပေးရင်ပဲ တော်ပါ ပြီ"တဲ့။ဒါနဲ့  ရှင်လူလည်း
ဆေးဘူးလေးယူ ပြန်လာ ပြီး ညစာတွေဘာတွေစားပြီးမှ သတိရတာနဲ့ ဆရာ မြဆေးလေး ကော်စားလိုက်တယ်။မန်ကျည်းမှည့် ပျားရည်စတာတွေနဲ့ တေဆေးလိုလုပ်ထားတော့ စားလို့ အကောင်းသား။ အင်း..အဲ၊ ညကျတော့ မျက်စိကြောင်နေတယ်
။အိပ်လို့ မပျော်ဘူး။အိပ်ယာထဲ ဘယ်လှိမ့်
ညာလှိမ့်နဲ့  တကိုယ်လုံး ဖိန်းတိန်းတိန်း
ရှိန်းတိန်းတိန်း။ ဖျားတာလည်းမဟုတ်ဘူး။
လူက လန်းဆန်း ပြီး ဘာလိုလို ကြီး။
ဟိုဘက် ဒီဘက်လူးလှိမ့်ရင်း "ဘာ ဖြစ်တာလဲ ဟ"ပေါ့။ ဗုဒ္ဓေါ...ကာမစ္ဆန္ဒ နိဝရဏ တွေ သောင်း ကျန်းလာတယ်။ဒါ နဲ့မသင်္ကာလို့ ဆေးဘူးလေးယူ ပြီး စက္ကူပတ်မှာ ဆော့ပင်နဲ့ ရေးထားတဲ့ စာဖတ် ကြည့် လိုက်တော့"ကျားမာန်ဟုန်"အားဆေး ကြီးတဲ့။ တေဘီဆရာ။ ကိုဗစ်ကာကွယ်ဆေး Pfizer တို့ ဘာတို့ကမှ Side effect သိအောင် လက်တွေ့ စမ်းသပ်တာ
အချိန်စောင့် ကြည့်ရအုံးမယ်။ "ကျားမာန်ဟုန်"ဆေးတဘူးပေး ပြီး ရှင်လူနဲ့ လက်တွေ့  စမ်းထည့်လိုက်တာ အံ့ရော။
ဒါပေမယ့် ရှင်လူပဲလေ။ဘာရမလဲ ။၆၇ နှစ်ဆိုပေမယ့် ကလေးဘဝ ကတည်းက
အဖိုးအဖွားတွေ ဘုရားစင်ပေါ် ထပ်ထားတဲ့ တရား(လက်ကမ်းစာစဉ်တွေ) ယူဖတ်ထားတာ၊ သဘာရှိ ပြီးသား။ညာဏစာဂီထဲကလား ဘာလားတော့ မမှတ်မိတော့။
"မီးကို ရေဖျန်း သေရ၏"တဲ့။ မီးက ကြာသာပတေးနံ ဆိုတော့ ၅ ၊ အာရုံငါးပါး
ကိလေသာတရား ။ရေ ကဗုဒ္ဓဟူးနံ ဆိုတော့ ၄ ၊ သစ္စာ၎ပါး နဲ့တိုက်ရမယ်။စာတရားကို ခန္ဓာနဲ့ တိုက်ပေမယ့် ခင်ဗျားတို့ရှင်လူ ကြီးမှာ မီးလောင်မှုက Level 5 ဖြစ်နေ ပြီး ငြိမ်းမရ။ဌာနေကော အရန်ကော
ဗဟိုကော မြို့နယ်အသီးသီးက မီးသတ်ကားတွေ ဖုန်းဆက်ခေါ်ရတော့မလို။
ဘုရား ဘုရား ဂျာနယ်ထဲတော့ ပါတော့မှာပဲ။ ကယ်တော်မူ ကြပါ....
story#observation #shinlhu
No comments:
Post a Comment